Ch 6
Viewers 3k

🔥 Chapter 6



“ညနေပိုင်း စာကျက်ချိန်ကနေ ငါ ထွက်ပြေးတာက မဆန်းပါဘူး…”


ရှုချန့်က သူ့လက်ထဲရှိ ဗလာဖြစ်နေသော နို့လက်ဖက်ရည်ခွက်ကို လွှင့်ပစ်လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်နှင့် နောက်ဘက်ကို ထောက်ပြီး တစ်ဝက်စောင်းကာ ထိုင်နေသည်။ ညာဘက်လက်ကို ရှန်းယန်ဘက်သို့ ရွယ်လိုက်ပြီး ကျေနပ်သည့် လေသံအနည်းငယ်ဖြင့် ပျင်းရိပေါ့ပါးစွာ နှုတ်ခမ်းသပ်လိုက်သည်။

 “လုပ်စမ်းပါ… မင်းက လက်တုံ့ပြန်နေတာပဲ… ယန်တင်းတင်းက ငါနဲ့ ချိန်းတွေ့ဖို့ သဘောတူခဲ့တာကြောင့် မဟုတ်ဘူးလား…မင်းရဲ့ ပုံစံကို ကြည့်ပါဦး၊ မင်းက ကျောင်းမှာ နံပါတ်တစ် ကျောင်းသား ဖြစ်နေတုန်းပဲလေ…”


ရှန်းယန်၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။

“ယန်တင်းတင်းက မင်းနဲ့ ချိန်းတွေ့ဖို့ သဘောတူလိုက်တာလား…”

  

ဒါရိုက်တာချိုက်ရုန်ရှီး၏ မျက်လုံးများက အံ့ဩမှုဖြင့် တောက်ပသွားသည်။ သရုပ်ဆောင်စစ်ဆေးမည့် ဇာတ်ဝင်ခန်းမှာ အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသော ရှုချန့်နှင့် ရှန်းယန်တို့ နွေရာသီညတစ်ညတွင် တစ်ဦးနှင့်တစ်ဦး ရင်ဖွင့်ကြပြီး သူတို့နှစ်ဦးစလုံး အမျိုးသမီးဇာတ်ဆောင် ယန်တင်းတင်းကို နှစ်သက်ကြောင်း သိရှိလိုက်ရသည့် ဇာတ်ဝင်ခန်း ဖြစ်သည်။ ကျိုးယွီဟယ်က ဤဇာတ်ကွက်ရှေ့တွင် အခြေအနေ အနည်းငယ်ကို ထပ်ထည့်ခဲ့သည်။ ရှန်းယန်က ညနေပိုင်း စာကျက်ချိန်မှ ထွက်ပြေးစဉ် ဖမ်းမိသွားပြီးနောက် ကျောင်းပြင်ဘက်တွင် နို့လက်ဖက်ရည် သောက်လျက် ထွက်ပြေးလာသော ရှုချန့်နှင့် ဆုံမိသည်။ စကားအနည်းငယ်ဖြင့်သာ ဇာတ်လမ်း၏ အကြောင်းနှင့် အကျိုးကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ခဲ့ပြီး နို့လက်ဖက်ရည်ကို ဇာတ်ကောင်ကို ပြသရန်အတွက် အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် သဘာဝကျစွာ အသုံးပြုနိုင်ခဲ့သည်။


ဒီသရုပ်ဆောင်က... အရှိန်အဝါ ရှိရုံတင်မကဘူး တော်တော်လည်း ဉာဏ်ကောင်းတာပဲ…


ဇာတ်ကောင်များနှင့် ဇာတ်ကွက်ကို ကိုင်တွယ်ပုံက အံဝင်ခွင်ကျ ဖြစ်နေသော်လည်း နက်ရှိုင်းစွာ ပုဂ္ဂိုလ်ရေးဆန်နေသည်။


ညကောင်းကင်အောက်က မာနကြီးပြီး တောက်ပနေတဲ့ ဆယ်ကျော်သက်လေး၊ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ စိတ်ခံစားချက်ကို သိသွားတဲ့အခါ ချီတုံချတုံဖြစ်နေတဲ့ပုံ၊ တစ်ဆင့်ပြီးတစ်ဆင့် စူးစမ်းကြည့်နေတဲ့ပုံ၊ နောက်ဆုံးမှာ သူ့ရဲ့ ခံစားချက်တွေ အမြတ်ထုတ်ခံရတယ်ဆိုတာကို သိလိုက်ပေမယ့် လွယ်ကူတဲ့ အပြုံးနဲ့ ဖုံးကွယ်ထားတဲ့ ရင်ကွဲလုမတတ်နာကျင်မှုတွေကို မြင်လိုက်ရသလိုပဲ…


မာန၊ စိတ်သက်သာရာရမှု… 


အရာအားလုံးက ရေခဲပြင်အောက်မှာ နစ်မြုပ်နေတဲ့ ကျောက်တန်းတွေနဲ့ ရေဝဲတွေလိုပဲ…အပြင်ပန်းကတော့ တည်ငြိမ်နေပေမယ့် အတွင်းမှာ လျှို့ဝှက်စီးကြောင်းတွေ ရှိနေတယ်… သာမန် သရုပ်ဆောင်စစ်ဆေးမှု ဇာတ်ဝင်ခန်းတစ်ခုကို ပြဇာတ်နောက်ဆုံးအပိုင်းရဲ့ အထွတ်အထိပ် ရောက်နေသလိုမျိုးကို သရုပ်ဆောင်ပြသွားတယ်…


ဒီလို စကားပြောပုံ… ဒီလို တည်ရှိမှုမျိုးက အံ့မခန်းလို့တောင် မပြောနိုင်ဘူး… မယုံနိုင်စရာပဲ…


သူက လူတိုင်းရဲ့ ရင်ထဲကို ယားယံလာအောင် ဆွပေးသလို ဖြစ်နေတယ်… ဒါသာ ရုပ်ရှင်ရဲ့ previewဖြစ်ရင် ငါက လက်မှတ်ဖိုးကို တုံ့ဆိုင်းမှုမရှိဘဲ ပေးလိုက်မှာပဲ…ဒီဆယ်ကျော်သက်လေးရဲ့ အတိတ်နဲ့ သူ့ရဲ့ အရာအားလုံးကို အမြင်အသစ်နဲ့ ကြည့်ချင်တယ်…


ဒါရိုက်တာချိုက်ရုန်ရှီးက ကျိုးယွီဟယ်ကို အခြားအပိုင်းတစ်ခု ထပ်သရုပ်ဆောင်ခိုင်းရန် စိတ်အားထက်သန်မှုကို ထိန်းချုပ်လိုက်သည်။ စင်ပေါ်တွင် မတ်မတ်ရပ်နေသည့်ဆယ်ကျော်သက်နှစ်ယောက်ကို ကြည့်လျက် သူ့ခန္ဓာကိုယ်ထဲ၌ လစ်ဟာမှု ခံစားချက်တစ်ခု ရုတ်တရက် လွှမ်းမိုးလာသည်။


၎င်းက အမှန်တကယ် ပြီးဆုံးသွားခြင်းဖြစ်သည်။


**


သရုပ်ဆောင်စစ်ဆေးမှု၏ ရလဒ်မှာ သံသယဝင်စရာ မရှိပေ။


ကျိုးယွီဟယ်က ဒါရိုက်တာချိုက်၏ ရက်ရောလှသော အားပေးစကားများနှင့် အတည်ပြုပြောဆိုမှုများကို ခေါင်းငုံ့ နားထောင်ခဲ့ပြီး ပြဇာတ်ရုံတံခါးမှ လျှောက်ထွက်လာချိန်အထိ ပုံရိပ်ယောင် အိပ်မက်ထဲ ရောက်နေသည့် ခံစားချက်က သူ့ကို ပို၍ပို၍ ဖုံးလွှမ်းလာသည်။ ပြတင်းပေါက်မှ နွေဦးနေရောင်က သူ၏ ဖြူစင်သော မျက်နှာပေါ်သို့ ထိုးကျနေသည်။


ရှုချန့်… ငါ့ အရင်ဘဝက လက်လွတ်ဆုံးရှုံးခဲ့တဲ့ ဒီဇာတ်ကောင်...


တကယ်ပဲ ငါ့လက်ထဲကို ရောက်လာခဲ့တာလား…


သူသည် အချိန်၊ အတိတ်၊ သေဆုံးမှု... စသည့် တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ သူ၏ လက်ဆယ်ချောင်းလုံးကို လှုပ်ယမ်းကြည့်လိုက်သည်။


ဘာမှ မရှိပေ။


ဘဝအသစ်၊ အနာဂတ်အသစ်က ရှေ့တွင်စောင့်ကြိုနေသည်။


သူသည် အတိတ်က ကျိုးယွီဟယ် မဟုတ်တော့ပေ။


လက်ဆယ်ချောင်းလုံးကို တဖြည်းဖြည်းဖြင့် လက်သီးဆုပ်လိုက်သည်။ ကျိုးယွီဟယ်က အဓိပ္ပာယ်ဖော်မရသော ခံစားချက်ဖြင့် ပြဇာတ်ရုံတံခါးများဆီသို့ လျှောက်သွားနေစဉ် သူ၏ ရင်ဘတ်တစ်ခုလုံး စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် ထောင့်ချိုးတစ်ခုအရောက်တွင် တစ်စုံတစ်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် လှမ်းဆွဲလိုက်သည်။


“စန်အန်းလား…”

ကျိုးယွီဟယ်၏ လေသံမှာ အေးစက်ပြီး သူက မျက်မှောင်ကြုတ်ထားသည်။


“မင်းက ရှုချန့်အတွက် သရုပ်ဆောင်ရွေးပွဲဝင်တာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ… မင်း ဘယ်လိုလုပ် ကတိဖျက်ရဲတာလဲ…”

ဤစကားပြောနေစဉ် စန်အန်း၏ လျှာက သူ၏ သွားများကို ဖိကပ်ကာ စကားလုံးများအတင်းအကျပ် ညှစ်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ လွတ်နေသော စင်္ကြံတွင် ဖြစ်ပေါ်လာသည့် ပဲ့တင်သံက အလွန် ရက်စက်ပြီး နက်ရှိုင်းလှသည်။


“ဇာတ်ကောင်တစ်ခု စစ်ဆေးကြည့်တာကို ကတိဖျက်တယ်လို့ ခေါ်တာလား… ဒီ ရှုချန့်က မင်းရဲ့ ဗိုက်ထဲကနေ တွားသွားထွက်လာတာလား… ဒါမှ မင်းတစ်ယောက်ပဲ သရုပ်ဆောင်လို့ရပြီး တခြားသူတွေကို မရဘူးလို့ ပြောတာလား…”

ကျိုးယွီဟယ်က ရယ်စရာတစ်ခုခုကို ကြားလိုက်ရသကဲ့သို့ သူ့နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး သူ့စကားများက ဓားသွားကဲ့သို့ ထက်မြအေးစက်လာသည်။


“လာပါ… ငါ့ကို သင်ပေးပါဦး… ကတိတည်တယ်ဆိုတာ မင်းအတွက် ဘာကို ဆိုလိုတာလဲ… မင်းက ဂေး မဟုတ်ဘဲ ငါ့ရဲ့ ခံစားချက်တွေကို လှည့်ဖြားတာမျိုးလား၊ ဒါမှမဟုတ် ငါ့နောက်ကွယ်မှာ မိန်းမတစ်ယောက် ရှိနေတာမျိုးလား…”


ကျိုးယွီဟယ်၏အသံက နိမ့်သော်လည်း စန်အန်းမှာ သူ့ကိုယ်သူ အမြင့်ပေ ထောင်ပေါင်းများစွာရှိသော နှင်းဖုံးတောင်ထိပ်သို့ ရုတ်တရက် ပစ်ချခံလိုက်ရသည်ဟု ခံစားရသည်။ အောက်ဆီဂျင် မလုံလောက်ခြင်းကဲ့သို့သော တောင့်တင်းမှုက သူ့ဦးနှောက်ကို ဗလာဖြစ်သွားစေသည်။


“မင်း… မင်း လျှောက်ပြောနေတာ… ယွီဟယ် ငါက ဘာလို့ အဲလိုလုပ်ရမှာလဲ… မင်းအပေါ်ထားတဲ့ ငါ့ ခံစားချက်တွေကိုတောင် သံသယဝင်နေတာလား...”

စန်အန်း၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး အဆက်မပြတ် ငြင်းဆန်တော့သည်။


ကျိုးယွီဟယ်က သူ့ကို အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေသည်။ သူ စကားမပြောသော်လည်း ဤသို့သော သေချာသည့် အမူအရာက အပြစ်ရှိသော စန်အန်းအား ကောင်းကင်မှ ပြုတ်ကျနေသည်ဟု ခံစားရစေရန် လုံလောက်ပေသည်။


“ငါ သိပြီ… မင်းက ငါ့ရဲ့ ဇာတ်ကောင်ကို တမင်သရုပ်ဆောင်တာ… မင်း ငါ့ကို သံသယဝင်နေတာ… ဒါကြောင့် မင်းက အရင် ငါ့အပေါ်  ရေဆိုးရေညစ်တွေ လောင်းချတာပေါ့လေ… ကောင်းပြီ မင်း… ကျိုးယွီဟယ်… မင်း တကယ် အရည်အချင်းရှိတယ်… မင်းက လမ်းခွဲချင်တာလား…”

စန်အန်း၏မျက်နှာက နီရဲလာသည်။ ရိုးသားပြီး မသိနားမလည်သူဟု သူ ထင်ထားသော ကျိုးယွီဟယ်က သူ၏ ညစ်ပတ်သောကိစ္စများကို ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဤသည်မှာ စင်္ကြံ၏ ထောင့်ချိုးဖြစ်သည်ကိုပင် သူ ဂရုမစိုက်တော့ဘဲ သူ့ အသံကို တိုးကျယ်လောင်ပြီး ကြမ်းတမ်းစွာ ခြိမ်းခြောက်လိုက်သည်။


ဘယ်သူသိမှာလဲ-


“ဟုတ်တယ် လမ်းခွဲကြစို့…”

ကျိုးယွီဟယ်က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။


×××××


ကျိုးယွီဟယ်က နေရောင်ခြည်များ ပြည့်နေသော စင်္ကြံတစ်လျှောက် မှိုင်းညှို့သော အမူအရာဖြင့် လျှောက်လှမ်းနေ၏။ သူ့အပေါ် ကျရောက်နေသည့် နွေးထွေးသော နေရောင်ခြည်က သူ့ကို နွေးထွေးမှု မပေးနိုင်ဘဲ သူ့မျက်နှာမှ အေးစက်မှုအမျှင်တန်းတစ်ခုသာ ထွက်ပေါ်နေခဲ့သည်။


သူ့စိတ်ထဲတွင် လွန်ခဲ့သောမိနစ်ပိုင်းက စန်အန်း၏ ကြောက်မက်ဖွယ်မျက်နှာအမူအရာကို မြင်ယောင်နေဆဲပင်။ ထိုသူက မထွက်သွားမီ စကားအနည်းငယ် ချန်ထားခဲ့၏။

"မင်း လုပ်ရဲတယ်ဆိုရင် ပြီးမှ နောင်တမရနဲ့နော်…"


သူ၏ နီရဲနေသောမျက်လုံးများက ဒဏ်ရာကြောင့် ဒေါသထွက်နေသည့် အထီးကျန်ဝံပုလွေတစ်ကောင်နှင့် တူလှသည်။

သို့သော် ၎င်းမှာ "ပုံရိပ်ယောင်" သက်သက်သာ ဖြစ်သည်။


သူ့ကိုယ်ထဲတွင် တကယ်တမ်း၌ ဝံပုလွေတစ်ကောင်ရှိခဲ့လျှင် သူ မပိုင်ဆိုင်သည့် အရင်းအမြစ်များကို ဤမျှကြာအောင်  ပျော်ပျော်ရွှင်ရွှင်ခံစားနေမည် မဟုတ်ပေ။


ကျိုးယွီဟယ်က အေးစက်စွာပြုံးလိုက်သည်။ ထိုနေရာ၌ပင် စန်အန်းကို လက်သီးတစ်လုံးဖြင့် မထိုးပစ်ခဲ့မိသည့်အတွက် ဒေါသဖြစ်မိသည်။ ထိုအစား သူ့အား ပြင်းထန်ကာ အတွေ့အကြုံရင့်ကျက်သော ကစားသမားတစ်ဦးသဖွယ် စကားအရှည်ကြီး ပြောခွင့်ပြုလိုက်ပြီး ခေါင်းလှည့်၍ ထွက်သွားစေခဲ့၏။


ထို့ပြင် သူက ငယ်ရွယ်ပြီး မသိနားမလည်ဘဲ ထိုကဲ့သို့သော အရာမျိုးကို ချစ်ခင်တွယ်တာခဲ့မိသည့်အတွက်လည်း ဒေါသထွက်နေခဲ့သည်။


တခြားကိစ္စတွေလည်း လွဲချော်မှားယွင်းခဲ့သလိုပဲ ဖောက်ပြန်သူအဖြစ် စွပ်စွဲခံရတာကလည်း သူ့အတွက် နစ်နာစေခဲ့တာလား…


သူသာ ပြန်လည်မမွေးဖွားခဲ့ပါက စန်အန်း၏ ပုံစံကြောင့် သူ ယိမ်းယိုင်သွားမည်ဟု စိုးရိမ်ခဲ့မိသည်။


သူ့ယခင်ဘဝတွင် စန်အန်းက ကျိုးယွီဟယ်ကို အသုံးပြု၍ နာမည်ကျော်ကြားလာပြီးနောက် သူ့ကို ကန်ထုတ်ခဲ့သည်။


ကျေးဇူးကန်းခြင်းက ထိုမျှအထိသာ ရှိခဲ့လျှင်ပင် ကျိုးယွီဟယ်ကို ဤမျှ နာကျင်စေမည် မဟုတ်ပေ။


ထိုသူ၏ တဖြည်းဖြည်း ပေါ့တီးပေါ့ဆဖြစ်လာသော အပြုအမူများမှသည် ဖုန်းခေါ်ဆို၍ မရနိုင်သော အခြေအနေများအထိ သူ ဘယ်တော့မှ မမေ့နိုင်ခဲ့ပေ။ သူ အရက်ဆိုင်တစ်ခုတွင် ဝိုင်သောက်နေသော ညတစ်ည၌ ရုတ်တရက် ရုပ်မြင်သံကြားမှတစ်ဆင့် ချစ်သည်းညှာနတ်ဘုရားမဟု လူသိများသော မင်းသမီးတစ်ဦးနှင့်အတူ ဟိုတယ်သို့ အတူဝင်ထွက်နေသော စန်အန်းကို မတော်တဆ တွေ့လိုက်ရ၏။ သူ ပြောခဲ့သလို အလုပ်များပြီး မျက်တွင်းများကျနေသည့်ပုံစံမျိုး လုံးဝ မဟုတ်ဘဲ ရယ်မောပြောဆိုနေသည်ကိုသာ တွေ့ခဲ့ရခြင်းဖြစ်သည်။


ပဋိပက္ခဖြစ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားခြင်းတို့နောက်တွင် အဆိုးရွားဆုံးပုံစံဖြင့် လမ်းခွဲခဲ့ကြသည်။ ထိုဆက်ဆံရေးတွင် ခံစားချက်အရ အလျှော့ပေးခဲ့ရသူ ကျိုးယွီဟယ်သည် ယခင်က မခံစားခဲ့ဖူးသော ထိုးနှက်ချက်ကို ခံစားခဲ့ရ၏။ ထို့ကြောင့် သူက နှစ်နှစ်တိတိ အချစ်ရေးကို စိတ်မဝင်စားဘဲ အချိန်နှင့် စွမ်းအင်အားလုံးကို အလုပ်အကိုင်တွင်သာ နှစ်မြှုပ်ခဲ့သည်။


ရွှေနဂါးဆု၏ အကောင်းဆုံး မျက်နှာသစ်ဆုကို စန်အန်း ဆွတ်ခူးရရှိစဉ်က မဂ္ဂဇင်းက သူ့ကို မည်သို့သော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်ကို ကျိုးယွီဟယ် မမှတ်မိတော့ပေ။


သူ သိသည့်အရာမှာ စန်အန်း ရရှိခဲ့သော အရင်းအမြစ်များ၊ စန်အန်း ရရှိခဲ့သော ဂုဏ်သတင်းနှင့် ကြွယ်ဝမှုတို့က သူ့နှလုံးသားတွင် ဘယ်သောအခါမှ မဖျောက်ဖျက်နိုင်သော ဒဏ်ရာများ ဖြစ်သည်ဟူ၍ပင်။ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်သော ညတိုင်းတွင် ၎င်းဒဏ်ရာများက ရင်ဘတ်ထဲမှ အချိန်မှန် ထွက်ပေါ်လာတတ်ပြီး ဤလူတစ်ဦးအပေါ် သူ၏ကြိုးစားအားထုတ်ခဲ့မှုများမှာ အချည်းနှီး ဖြစ်ခဲ့ကြောင်း လှောင်ပြောင်သည့် အသံများစွာက ပတ်ပတ်လည်မှ တဝဲဝဲလည်နေသကဲ့သို့ ခံစားရသည်။


ထိုနာကျင်မှုများက သူ့နှလုံးသားကို ဆုတ်ဖြဲခဲ့ပြီး အလွန်အမင်း နာကျင်ညှဉ်းပန်းခဲ့သောကြောင့် သူက ပေါ့ဆရဲခြင်းမရှိဘဲ ကြိုးစားပြီး တတ်နိုင်သမျှ ပြင်းပြင်းထန်ထန်သာ ရှေ့သို့ ပြေးလွှားခဲ့ရသည်။


ထိုသူထက် ရှေ့ကို ပြေးနိုင်ခြင်းသည်သာ စန်အန်းက သူ့ကို စွန့်ပစ်ခဲ့ခြင်းသည် မည်မျှ မျက်စိကန်းခဲ့ကြောင်း သက်သေပြနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး သူ မည်မျှ ထက်မြက်ကာ၊ အောင်မြင်သူအဖြစ် ပြန်ပေါ်လာနိုင်ကြောင်း ပြသနိုင်မည်ဟု ထင်မှတ်ခဲ့သည်။


အောင်မြင်ကျော်ကြားသွားပြီးသည့်နောက်တွင် စိတ်လှုပ်ရှားခြင်းလွန်ကဲပြီး ရူးသွပ်သလို ဖြစ်နေခဲ့သည့် ချီတုံချတုံဖြစ်မှုကို ပြန်ပြောင်းတွေးလိုက်သည့်အခါ ထင်ရှားစွာ ခံစားရသည်။


သူ့ကို တကယ်တမ်း စွန့်လွှတ်ရန် ခက်ခဲစေခဲ့သည်မှာ စန်အန်း၏ ဝံပုလွေကဲ့သို့စိတ်ဓာတ် သို့မဟုတ် သူ၏ အမြင်မစူးရှမှုကြောင့် မဟုတ်ဘဲ၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က သစ္စာဖောက်ခံရပြီး နာကျင်ခဲ့ရသည့်နောက်တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိဘဲ တစ်ဖက်လူအတွက် ဆင်ခြေပေးနေဆဲ ဖြစ်ခဲ့သော ကျိုးယွီဟယ်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။


အဲဒီလို မိုက်မဲပြီး၊ သူရဲဘောကြောင်ခဲ့တဲ့ ငါ...


 *****


“ဟေး… တကယ်လို့ စန်ကောသာ ရှုချန့်နေရာအတွက် အရွေးခံရရင် ငါတို့ကို လစာတိုးပေးရမှာပေါ့… ဟုတ်တယ်မလား…”


“အဲ့အကြောင်း မပြောတာ ပိုကောင်းပါတယ်… မျှော်လင့်ချက် ကြီးလေ၊ စိတ်ပျက်ရတာ များလေပဲ… ငါလည်း လစာတိုးတာကို မမျှော်လင့်တော့ပါဘူး…အဲဒီ ကောင်စုတ်လေး ကျိုးယွီဟယ်က ထပ်ပြီး ပြဿနာရှာလို့ ငါ အဆူမခံရဖို့ပဲ လိုတာပါ…”


“မင်းရဲ့ အမူအရာကြီးကို ကြည့်ပါဦး… စန်ကောက အရမ်းကြိုးစားထားတာ… သူသာ သရုပ်မဆောင်နိုင်ရင် ကျိုးယွီဟယ်လို လူမျိုးကရော သရုပ်ဆောင်နိုင်မှာတဲ့လား…”


……..


ကျိုးယွီဟယ်က နာနီကားတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် အတွင်းမှ စကားတီးတိုးပြောနေကြသော လက်ထောက်သုံးယောက်မှာ ခဏတာ တိတ်ဆိတ်သွားကြလေသည်။

 

ကျိုးယွီဟယ်က ထိုသုံးယောက်ကို ကြည့်၍ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ကားထဲသို့ဝင်လာကာ ဖုန်းထုတ်၍ ကစားနေသည်။


ကားထဲရှိလေထုမှာ အနည်းငယ် ထူးခြားသွားသည်။


ကျိုးယွီဟယ်၏ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့်ပုံစံကို လက်ထောက်များက အကျင့်ဖြစ်နေခဲ့ကြသည်မှာ ကြာပြီဖြစ်၍ ပုံမှန်ဆိုလျှင် ကျိုးယွီဟယ်၏ ရှေ့တွင်ပင် စကားများ ပြောဆိုတတ်ကြသည်။ သို့သော် ယနေ့တွင်မူ သူတို့ သုံးယောက်လုံး၌ ဘုရားသခင်ကဲ့သို့သော အလိုလိုသိစိတ်တစ်ခု ရရှိနေကြပြီး ပါးစပ်များကို ပိတ်ထားကြသည်။ မျက်လုံးသုံးစုံတို့က ကျိုးယွီဟယ်၏ သေသပ်လှပပြီး ခပ်တည်တည်ရှိနေသော မျက်နှာပေါ်တွင် ထိန်းမနိုင်သိမ်းမရ လှည့်ပတ်ကြည့်ရှုနေကြသည်။


ထိုကလေးက ယနေ့ ပုံမှန်နှင့် အနည်းငယ် ကွဲပြားနေပုံရသည်။ သူ၏ တိတ်ဆိတ်မှုက လူများကို ဖိအားတစ်မျိုး ခံစားရစေသည်။ ဤကဲ့သို့သော အရှိန်အဝါကို ဖျော်ဖြေရေးလောကမှ နာမည်ကြီး ကြယ်ပွင့်များ သို့မဟုတ် ဂုဏ်သရေရှိ လူကြီးများထံမှသာ သူတို့ မြင်ဖူးခဲ့ကြသည်။


ဟမ်… အရှိန်အဝါတဲ့လား…


လက်ထောက်များက သူတို့နှင့် လုံးဝမသက်ဆိုင်သော စကားလုံးဖြစ်သည့် "အရှိန်အဝါ" ဟူသော ဝေါဟာရကို ကျိုးယွီဟယ်အတွက် အဘယ်ကြောင့် အသုံးပြုခဲ့သည်ကို မသိကြသော်လည်း စကားပြောရန် အချိန်ကောင်းမဟုတ်ဟု ရိုးရိုးရှင်းရှင်း ခံစားမိနေကြသည်။


ကျိုးယွီဟယ်က ဝေ့ပေါ် သို့ ဝင်ပြီးနောက် နှစ်ချက်သာ နှိပ်လိုက်ရသေးသော်လည်း ဖုန်းဘက်ထရီကုန်သွားသောကြောင့် ဖုန်းမှာ စက်ပိတ်သွားသည်။


သူက အနည်းငယ် စိတ်တိုစွာဖြင့် ဖုန်း၏ထောင့်မှဆွဲယူကာ ချိတ်ထားသော ခြေထောက်ရှည်များပေါ်သို့ နှစ်ချက်ခေါက်လိုက်သည်။ ထို့နောက် မိမိကိုယ်ကို စိတ်ငြိမ်သွားစေရန် စောင့်ပြီးမှ နူးညံ့သောအသံဖြင့် ဘေးသို့ လှမ်းပေးလိုက်သည်။

"စူးစူး အားသွင်းပေးပါဦး…"


စူးစူးဟု ခေါ်သော မိန်းကလေးက ဆန့်တန်းလာသော လက်ချောင်းဖြူဖြူသွယ်သွယ်များကို မြင်လိုက်ရသောအခါ ပြင်းထန်စွာ တောင့်တင်းသွားပြီး ခဏတာမျှ တုံ့ပြန်ရန် မေ့လျော့သွားတော့သည်။


ကျိုးယွီဟယ်က မနှစ်သက်စရာ ကောင်းနေရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ သူ ဖျော်ဖြေရေးလောကသို့ စတင်ဝင်ရောက်စဉ်ကတည်းက တိတ်တိတ်ဆိတ်ဆိတ်သာ နေတတ်ခဲ့ပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံမှုပြုရမည်ကို မလိုလားခဲ့ပေ။


သူ၏ မိသားစုအခြေအနေကို မသိသူများက ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သော ချဉ်းကပ်မှုကို နားလည်နိုင်ခြင်း မရှိကြဘဲ ထိုလူငယ်က အလွန်အမင်း အတုအယောင်ဆန်သည်ဟုသာ ထင်ကြလိမ့်ပေမည်။ ထိုသို့သော စိတ်နေသဘောထားမျိုးက  ဖျော်ဖြေရေးနယ်ပယ်တွင် မဆိုနှင့်၊ ပုံမှန် လူမှုဆက်ဆံရေးများတွင်ပင် အခြားသူများကို အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။


အထူးသဖြင့် ချိုသာသော စန်အန်းကဲ့သို့သောလူနှင့် မန်နေဂျာတစ်ဦး၏ လက်အောက်တွင် တူတူရှိနေသည့်အခါ၊ လက်ထောက်အချို့၏ စန်အန်းအပေါ် ရင်းနှီးမှုက ပို၍ ထင်ရှားနေသည်။


သူမ မှတ်မိသည်မှာ မှန်ကန်ပါက ကျိုးယွီဟယ်အတွက် ဤမျှကာလကြာပြီးနောက် သာမန်အချိန်တွင် ထိုမျှ နူးညံ့သောအသံဖြင့် စကားပြောသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပုံရပေသည်။


“စူးစူး…”

ကျိုးယွီဟယ်က မျက်ခုံးပင့်ကာ နာမည် မှားမှတ်မိလေသလားဟု စဉ်းစားနေစဉ် စူးစူးက ဖုန်းကို လျင်မြန်စွာယူကာ သူမ၏ အိတ်ထဲမှ အားသွင်းကြိုးကိုထုတ်၍ ပလပ်ထိုးလိုက်သည်။


“ကျေးဇူးတင်ပါတယ်…”

ကျိုးယွီဟယ်က ပြုံးလိုက်သည်။


စူးစူးက အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ပြောရလျှင် ကျိုးယွီဟယ်၏ မျက်နှာက ပြုံးလိုက်သည့်အခါ အလွန်အမင်း ဆွဲဆောင်မှုရှိပေသည်။ အထူးသဖြင့် သူ့မျက်နှာက အေးစက်နေကျ ဖြစ်ရာမှ ရုတ်တရက် နွေဦးကဲ့သို့ လန်းဆန်းစွာ ပြုံးလိုက်သောအခါတွင် ပို၍ ဆွဲဆောင်မှု ရှိနေသည်။


စူးစူးက တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကို ချက်ချင်း ဖုံးအုပ်ကာ “ရပါတယ်” ဟု အလျင်အမြန် ပြောလိုက်သဖြင့် ကျန်လက်ထောက်နှစ်ဦးမှာ သူမတို့နှစ်ယောက်ကို သရဲတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။


“ဘာတွေ စောင့်နေကြတာလဲ… မသွားသေးဘူးလား…”

ကားက ကြာရှည်စွာ ရပ်ထားပြီး မောင်းနှင်ရန် အစီအစဉ်မရှိသည်ကို မြင်၍ ကျိုးယွီဟယ်က မေးလိုက်သည်။


“ဟို... စန်ကော မရောက်သေးလို့ပါ…”

ပုံမှန်မဟုတ်သော ဤကျိုးယွီဟယ်ကို ရင်ဆိုင်ရသောအခါ ပုံမှန်အားဖြင့် သူ့ကို ဆိုးဆိုးဝါးဝါး ပြောဆိုနေကျဖြစ်သော အခြားလက်ထောက်ဖြစ်သူ တဝေ့ပင်လျှင် အခြေအနေကြောင့် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားပြီး စည်းကမ်းချိုးဖောက်ကာ သူ့ကို ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။



🔥🔥🔥