Ch 10
Viewers 3k

🔥 Chapter 10

ရင်ဆိုင်တွေ့ဆုံမှု ကာလ



လွန်ခဲ့သော သုံးနာရီခန့်က…


သူတို့က မြို့တော် A ၏ ဆင်ခြေဖုံး၌ တည်ရှိသော ရုပ်ရှင်မြို့တော်သို့ ကားဖြင့် သွားခဲ့ကြသည်။


မြို့တော် A ၏ ရုပ်ရှင်မြို့တော်က စီရင်စု B တစ်ခုလုံးတွင် အကြီးဆုံးရုပ်ရှင်မြို့တော် ဖြစ်သည်။ ဤနေရာတွင် မည်သူမဆို ဝင်ရောက်ရိုက်ကူးနိုင်သော်လည်း ရိုက်ကူးသည့် ဇာတ်လမ်းအမျိုးအစားများမှာ သမိုင်းနောက်ခံ ဒရာမာများသာ ဖြစ်သည်။ မကြာသေးမီက ရိုက်ကူးထားသည့် ကုန်ကျစရိတ် သက်သာသော ရုပ်ရှင်ငယ်လေးများ ရှိသော်ငြားလည်း ထိုရုပ်ရှင်များအနက် များစွာသော ရုပ်ရှင်များက ခမ်းနားထည်ဝါသော ရိုက်ကွင်းများ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဆယ်သန်းကျော်မှ သန်းတစ်ရာကျော်အထိပင် ရှိနေပေသည်။


စူးစူးက လမ်းတစ်လျှောက်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ အကြောင်းမှာ သူမက နာမည်ကြီး သရုပ်ဆောင် မြောက်မြားစွာကို တွေ့မြင်နေရသောကြောင့် ဖြစ်သည်။ ဤနေရာရှိ သရုပ်ဆောင်အရေအတွက်မှာ ဆုပေးပွဲ ညစာစားပွဲအချို့ရှိ သရုပ်ဆောင်အရေအတွက်ထက် ပိုမိုများပြားနေသည်မှာ အမှန်ပင်ဖြစ်သည်။


ကားက လူအများဖြင့် စည်ကားနေသော ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။


ထိုရိုက်ကွင်း၏ အရွယ်အစားမှာ အကြီးဆုံး မဟုတ်သော်လည်း ရိုက်ကွင်းပေါ်ရှိ လူတိုင်းက အလွန်အလုပ်ရှုပ်နေကြသည်။ သူတို့က ရှုပ်ထွေးမှု လုံးဝမရှိဘဲ အလုပ်များကို လျင်မြန်စွာနှင့် စနစ်တကျ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ဤအဖွဲ့က ကျွမ်းကျင်ပညာရပ်ဆိုင်ရာ အရည်အသွေး မြင့်မားသော ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည်မှာ ထင်ရှားပေသည်။


ရိုက်ကွင်းပေါ်ရှိ လူတိုင်းက ကိုယ့်အလုပ်ကိုယ် ရှုပ်နေကြ၍ ရောက်ရှိလာသော ဧည့်သည်များကို မည်သူကမျှ အလေးထား ဂရုစိုက်ခြင်း မပြုခဲ့ပေ။ ယန်ယွီက အံ့သြဟန်မပြသည့်အပြင် မည်သူ၏ လမ်းညွှန်မှုကိုမှ မလိုအပ်ခဲ့ပေ။ ထို့ကြောင့် သူက ကျိုးယွီဟယ်နှင့် စူးစူးတို့ကို လူအများစု စုဝေးနေသည့်ဘက်သို့ ဦးဆောင်ခေါ်သွားလေတော့သည်။


ထိုအချိန်တွင် ရိုက်ကူးရန် ပြင်ဆင်နေသည့် ရိုက်ကွင်းတစ်ခု ရှိနေခဲ့သည်။


လူများ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ယန်ယွီက အတင်းရှေ့တိုးဝင်ရောက်ခြင်း မပြုခဲ့ပေ။ သူက ကျိုးယွီဟယ်ကို ခေါ်ဆောင်ကာ ရိုက်ကူးရေးနေရာ၏ အလယ်ဗဟိုကို ကျယ်ကျယ်ပြန့်ပြန့် မြင်ကွင်းရသော(သေချာကြည့်နိုင်သော) နေရာတစ်ခုတွင် ရပ်ခိုင်းလိုက်သည်။


အမှန်စင်စစ်တွင် ကျိုးယွီဟယ်က "ရုပ်ရှင်မြို့တော်" ဟူသော စကားကို ကြားကတည်းကပင် ခန့်မှန်းခဲ့မိပြီးသား ဖြစ်သည်။


ယန်ယွီ၏ ကြီးကြပ်မှုအောက်တွင် ရှိပြီး သူကိုယ်တိုင် လာရောက်လည်ပတ်ရန် ထိုက်တန်သည့် တစ်ဦးတည်းသော အနုပညာရှင်မှာ ယန်ယင်းယိ ဖြစ်သည်။ ထို့အပြင် ယခုရိုက်ကူးနေသည်မှာ ကြီးမားသော ထုတ်လုပ်ရေးဖြစ်သောကြောင့် ဤနေရာက Intelligence 2 ၏ ရိုက်ကူးရေးနေရာ ဖြစ်ကြောင်း စဉ်းစားရန်ပင် မလိုတော့ပေ။


[ T/N - ရှေ့ပိုင်းမှာကျ Spy 2လို့ရေးပြီး၊ အခုကျ Intelligence 2ဖြစ်သွားလို့ သူ့အတိုင်းပဲ ပြင်ရေးထားပါတယ်🥹 ]


အောင်မြင်ကျော်ကြားခဲ့ပြီးသား ဇာတ်ကားတစ်ကားကို သူဤသို့ လာရောက်ကြည့်ရှုရခြင်းက ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဟန်ဆောင်ပြရဦးမည် ဖြစ်သည်။


Intelligence” အမည်ရှိ ဤဇာတ်လမ်းက တရုတ်-ဂျပန်စစ်ပွဲ ကာလအတွင်း မြေအောက်ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်သည့် ကုဝူရှီးအကြောင်း ဖြစ်ပေသည်။ ကုဝူရှီးက တရုတ်ကွန်မြူနစ်ပါတီ (CPC- Communist Party of China) ၏ မြေအောက်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံတွင် ပညာသင်ယူစဉ်က CPC ဗဟိုကော်မတီ၏ ထောက်လှမ်းရေးဌာန အကြီးအကဲ နှင့် မိတ်ဆွေဖွဲ့ခဲ့သည်။ ထိုနောက် CPC ၏ ထောက်လှမ်းရေးအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ပါတီ၏ တိုက်ရိုက်စေခိုင်းမှုအရ ဝမ် အတုအယောင်အစိုးရထဲသို့ ဝင်ရောက်ခဲ့သည်။ ဤသည်မှာ အက်ကွဲကြောင်းများကြား ၌ ရှင်သန်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် ရှားပါးလှသည့် “လေးမျက်နှာ သူလျှို(four-sided spy)” တစ်ဦး ဖြစ်လာခဲ့သော လူတစ်ဦး၏ ဇာတ်လမ်းပင်ဖြစ်သည်။


ကုဝူရှီးက တရုတ်နှင့် ဂျပန်နှစ်ဖက်လုံး၏ ယုံကြည်မှုကို ရရှိစေရန် နှင့် ရှုပ်ထွေးသွားစေရန်အတွက် ထောက်လှမ်းရေးလုပ်ငန်းနှင့် ထောက်လှမ်းရေးလုပ်ငန်းကို တန်ပြန်သည့် လုပ်ငန်းစဉ်များ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြဇာတ်တစ်ခုကို ဖန်တီးခဲ့သည်။


ဖန်တရာတေနေသည့် ဂျပန်တော်လှန်ရေး ဇာတ်လမ်းများဖြစ်သည့် “အချစ်နှင့် သစ္စာ” တို့အကြောင်းသာ ဖော်ညွှန်းထားခြင်းမျိုး  မဟုတ်ဘဲ၊ “Intelligence” ဇာတ်လမ်းက စစ်မှန်သော ထောက်လှမ်းရေးလုပ်ငန်း အကြောင်းကိုသာ အဓိကထား ဖော်ပြခဲ့သည်။ ၎င်းက ဇာတ်လမ်းဖွဲ့စည်းပုံ ကျစ်လျစ်၍ ရှုပ်ထွေးမှုမရှိဘဲစံနှုန်းမြင့်မားကာ အရည်အသွေးမြင့်မားသော သူလျှိုလုပ်ငန်းဆိုင်ရာ ပြောင်မြောက်သည့်လက်ရာ တစ်ခု ဖြစ်ပေသည်။


ဤမျှလောက် အဆင့်အတန်းမြင့်မားသော လက်ရာမြောက်ဇာတ်လမ်း၏ နောက်ဆက်တွဲ(sequel)တွင် ယန်ယင်းယိ၏ သူလျှိုတစ်ဦးအဖြစ် စွမ်းဆောင်နိုင်မှု အရည်အချင်းများကို အပြည့်အဝ ဖော်ပြထားပေသည်။


အမှန်တွင် ယန်ယင်းယိ၏ နာမည်ကျော်ကြားမှုနှင့်ဆိုပါက ဤကဲ့သို့သော အဆင့်ရှိ ဇာတ်လမ်းမျိုးတွင် အရေးပါသည့် ဇာတ်ပို့နေရာကို ရရှိနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း ယန်ယွီ၏ အမြင်ထက်မြက်မှုကို ချီးကျူးရပေမည်။ သူက ယန်ယင်းယိအတွက် သေးငယ်သော်လည်း အလွန်အရေးပါသည့် ဇာတ်ကောင်နေရာကို ရရှိအောင် စီစဉ်ပေးနိုင်ခဲ့သည်။ ၎င်းမှာ အီချီရို ဝါတာနာဘဲ ဖြစ်ပြီး ထိုသူက ကုဝူရှီးအား စုံစမ်းရန် အတွက် ဂျပန်ဘက်မှ ဝမ်အတုအယောင်အစိုးရ၏ ထောက်လှမ်းရေးဌာနသို့ စေလွှတ်ထားသည့် ထောက်လှမ်းရေးပါရမီရှင်တစ်ဦးဖြစ်သည်။


“Intelligence 2” ၏ ပထမငါးပိုင်းနီးပါးက ဝါတာနာဘဲ အီချီရိုနှင့် ကုဝူရှီးတို့အကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှုများဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။


သူတို့ ယနေ့ ရိုက်ကူးနေကြသည်မှာ ဝါတာနာဘဲ အီချီရိုနှင့် ကုဝူရှီးတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းနှင့် ပထမဆုံးအကြိမ် ဉာဏ်ချင်းပြိုင် ထိပ်တိုက်ရင်ဆိုင်သည့် မြင်ကွင်းဖြစ်ပေသည်။


ရိုက်ကွင်းပေါ်တွင် စစ်ဝတ်စုံဝတ်ဆင်ထားကာ အရပ်မြင့်မား၊ ခန္ဓာကိုယ်တောင့်ပြီး ရုပ်ရည်ခံ့ညားသည့် ယန်ယင်းယိက ကုဝူရှီး၏stunt doubleနှင့်အတူ တက်ကြွစွာ လေ့ကျင့်မှုများ ပြုလုပ်နေခဲ့သည်။ ယန်ယင်းယိက ယန်ယွီနှင့် ကျိုးယွီဟယ်တို့ကို မြင်သည်နှင့် တစ်ပြိုင်နက် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။


“ယန်ကော…”

ယန်ယင်းယိက ယန်ယွီဘက်သို့ ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ ကျိုးယွီဟယ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှု သုံးဆပိုနေသည့် အမူအရာ ပေါ်လာပြီး မေးလိုက်သည်။

“ယွီဟယ်လား…”


အမှန်တွင် သူတို့နှစ်ဦးက ဖျော်ဖြေရေးနယ်ပယ်သို့ မဝင်မီကတည်းက ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကျိုးယွီဟယ်က ပံ့ပိုးမှုများစွာ ရရှိခဲ့သော်လည်း စွန့်ပစ်ခံခဲ့ရပြီး ယန်ယင်းယိမှာမူ ကျိုးယွီဟယ်အား နင်းပြီး အထက်သို့ တက်လှမ်းသွားသည် ဟု ဆိုနိုင်သောကြောင့် သူတို့၏ ဆက်ဆံရေးသည် သဘာဝအတိုင်းပင် ဝေးကွာသွားခဲ့သည်။


ယနေ့ ယန်ယွီ၏ လုပ်ဆောင်ချက် (ကျိုးယွီဟယ်ကို ခေါ်လာခြင်း) ကို သူ လုံးဝမျှော်လင့်ထားခြင်း မရှိသည်မှာ ထင်ရှားပေသည်။


ကျိုးယွီဟယ်က သူ့ဘက်သို့ ခေါင်းညိတ်ပြပြီးနောက်တွင်မူ သူတို့နှစ်ဦးက စကားမပြောဘဲ တိတ်ဆိတ်စွာနေရန် သဘောတူလိုက်ကြသည်။


ကိုးရိုးကားယားဖြစ်ဖွယ်အခြေအနေသို့ မရောက်မီမှာပင် ယန်ယွီ၏မျက်နှာတည်ဖြင့် မေးလိုက်သော စကားကို သူ ကြားလိုက်ရသည်။

" အခုထိ ရိုက်ကူးရေးအဆင်မပြေသေးဘူးလား…"


ယန်ယင်းယိက ရိုက်ကွင်းပေါ်မှ ကိုယ်စားသရုပ်ဆောင်(stuntman)ကို ပြန်ကြည့်လိုက်ပြီး စိတ်ပျက်အားငယ်သည့်ပုံစံဖြင့် ပြောလာသည်။

 â€œá€€á€ťá€˝á€”်တ္ဏ် stuntmanနဲ့ လေ့ကျင့်တဲ့အချိန် အားလုံး အဆင်ပြေပါတယ်… ဒါပေမဲ့ တကယ်ရိုက်တဲ့အခါကျတော့ လုံးဝ အဆင်မပြေတော့ဘူး ဘာဖြစ်လို့လဲ မသိဘူး… ယန်ကော ကျွန်တော်တို့ မနေ့က တစ်နေကုန် အချိန်တွေ ကုန်သွားပြီ… ဒီနေ့ ဒီမြင်ကွင်းကို ကောင်းကောင်း မရိုက်နိုင်သေးရင် ကျွန်တော့်နေရာကို အစားထိုးလိုက်တော့မှာလား…” 


သူ့စကားများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး စိတ်အခြေအနေလည်း မကောင်းလှပေ။ သူက ဖိအားများစွာ ခံစားနေရပုံပေါ်သည်။


ယန်ယင်းယိက ပရိသတ်အချစ်တော်တစ်ဦး ဖြစ်နေသည့်အတွက် ပုံမှန်အားဖြင့် ပရိသတ်များ၏ အလိုလိုက်မှုကို ခံရပြီး ရိုက်ကူးရေးအဖွဲ့သားများကလည်း သူ့အပေါ် အလေးထား ဂရုစိုက်မှု ရှိခဲ့ကြသည်။ ဤတစ်ကြိမ်တွင်မူ သူက ကျွမ်းကျင်ပညာရှင်စိတ်ဓာတ် အလွန်အားကောင်းသည့် ရိုက်ကူးရေးအဖွဲ့ထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဒါရိုက်တာမှသည် ဇာတ်ညွှန်းရေးဆရာအထိ အားလုံးက အလုပ်ကို လေပြင်းကဲ့သို့ တိကျမြန်ဆန်၍ တင်းကျပ်သူများ ဖြစ်ကြပြီး သူ၏ ပရိသတ်အင်အားကို ကြည့်ကာ လုံးဝ လျှော့ပေါ့ပေးခြင်း မရှိခဲ့ကြပေ။


အကယ်၍ ညဘက်တွင် ရိုက်ကူးရန် အခြားရိုက်ကွင်းများ မရှိခဲ့လျှင်မူ ဒါရိုက်တာ စိတ်ကျေနပ်သည်အထိ သူ့ကို တစ်ညလုံး ဖိအားပေးကာ မပြီးမချင်း ဆက်လက်ရိုက်ကူးခိုင်းမည်မှာ အသေအချာပင်။


အကယ်၍ အမှန်တကယ် ဆက်လက် မလုပ်ဆောင်နိုင်တော့ပါက ဒါရိုက်တာ၏ စကားတစ်ခွန်းတည်းဖြင့် သူ့ကို အစားထိုးနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤအခန်းက ဝါတာနာဘဲအီချီရို၏ ပထမဆုံးအခန်းသာ ဖြစ်နေသေး၍ သရုပ်ဆောင်ကို ပြောင်းလဲလိုက်လျှင်ပင် ရိုက်ကူးရေးအဖွဲ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိနိုင် သောကြောင့် ဖြစ်သည်။


" အစားမထိုးပါဘူး…"

ယန်ယွီက နှစ်သိမ့်သောအမူအရာဖြင့် ယန်ယင်းယိ၏ပခုံးကို ပုတ်လိုက်သော်လည်း သူ၏မျက်နှာထားမှာ အကောင်းမြင်နေပုံ မရချေ။ ထို့နောက် သူက 

“ဒါပေမဲ့ မင်းက ‘သူ’ နဲ့ အတူ သရုပ်ဆောင်ရတဲ့ ခံစားချက်ကို အသားကျအောင် လုပ်ထားတာ ပိုကောင်းမယ်… မင်းတို့နှစ်ယောက် နောက်ပိုင်းမှာ ရိုက်ရမယ့် အခန်းတွေ အများကြီး ရှိသေးတယ်…” 


ယန်ယင်းယိက နှုတ်ခမ်းကို ဖိကိုက်၍ ခေါင်းညိတ်ပြလိုက်သည်။


ထိုနှစ်ဦးသား ပြောဆိုနေကြသည်မှာ ပဟေဠိဆန်နေသော်လည်း ကျိုးယွီဟယ်က မေးခွန်းများစွာ မမေးတော့ဘဲ ဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့သည်။


အမှန်တွင် သူတို့နှစ်ဦး ပြောနေကြသည့်စကားများကို သူ သိပ်ပြီး စိတ်ဝင်စားခြင်းမရှိပေ။ ဤရိုက်ကူးရေးအဖွဲ့ထဲသို့ ဝင်ရောက်လာချိန်မှစ၍ သူက အာရုံလွင့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။


Intelligence 2ဆိုတော့ 'အဲဒီလူ' လည်း ဒီနေရာမှာ ရှိနေမှာပဲမလား…


ထိုအချိန်တွင် ရိုက်ကူးရေးနေရာ၏ တံခါးပွင့်လာပြီး ရွှေအနားကွပ်မျက်မှန် တပ်ဆင်ကာ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အနုပညာရှင် တစ်ဦး ဝင်ရောက်လာသည်။ သူ့နောက်တွင်မူ စတိုင်လစ်၊ လက်ထောက်၊ ရိုက်ကူးရေးဝန်ဆောင်မှုပေးသူများ စသည့် လူအုပ်စုကြီးက ပါဝင်လာခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ထဲသို့ လူအများအပြား အလုံးအရင်း ဝင်ရောက်လာသဖြင့် ထိုမြင်ကွင်းက ခမ်းနားလွန်းနေခဲ့သည်။


ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ထိုလူငယ်၏ ရုပ်ရည်က နေမင်းထက်ပင် လင်းလက်တောက်ပနေသည်။ သူ့မျက်နှာသွင်ပြင်မှာလည်း ကျောက်စိမ်းကဲ့သို့ ချောမွေ့လှပနေသည်။ မိတ်ကပ် မလိမ်းထားသည့်တိုင်အောင် လူအုပ်ကြားထဲ ရောက်သွားလျှင် လုံးဝ ထင်ရှားပေါ်လွင်နေဦးမည် ဖြစ်သည်။


ရွှေအနားကွပ်မျက်မှန်က သူ့ကို မာကျောတောင့်တင်းသွားစေခြင်း မရှိဘဲ ထိပ်တန်းလူပုဂ္ဂိုလ်တစ်ဦးကဲ့သို့သော ခံစားချက်ကို ပိုမို၍ မြှင့်တင်ပေးလိုက်သည်။ သူ၏ ကိုယ်ဟန်အမူအရာက ပညာတတ်ဆန်ပြီး လူကြီးလူကောင်းပီသကာ နှုတ်ခမ်းထောင့်တွင်လည်း ယဉ်ကျေးသိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော မှိန်ဖျော့ဖျော့အပြုံးတစ်ခုကို ပြုံးထားသည်။


သူ၏ ဝတ်စားဆင်ယင်မှုက တောက်ပနေခြင်းကို မဖုံးကွယ်နိုင်သော်လည်း၊ မည်သူကမျှ သူသည် အထက်စီးဆန်သည်ဟု ထင်မှတ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုသူက လူအများ၏ ချစ်သည်းညှာဖြစ်ရန် မွေးဖွားလာသူတစ်ဦးကဲ့သို့ပင် ထင်ရသည်။


သဘာဝအလျောက် ထွန်းတောက်နေသော ကြယ်တစ်ပွင့်ဖြစ်သည့် ကျိီချန်က ထိုသို့သောသူမျိုး ဖြစ်သည်။


ထို့အပြင် သူက "မွေးရာပါ" ကြယ်တစ်ပွင့် ဖြစ်သည်မှာလည်း အမှန်ပင်။


I.S. ဖျော်ဖြေရေးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ သခင်ကြီးကျီ၏ တစ်ဦးတည်းသော မြေးဖြစ်သည့် ကျိီချန်က သီချင်းနတ်ဘုရား ချိုက်ရှု့ သီဆိုသော သားချော့တေးကို နားထောင်လျက် မွေးဖွားခဲ့သည်။ သူက အတန်းဖော်များကို ဂီတပွဲသို့ ဖိတ်ချင်သည်ဟု ကြားသည်နှင့် အာရှတွင် နာမည်အကြီးဆုံး အဖွဲ့ဖြစ်သည့် FOX အဖွဲ့မှ သူ့အား ပထမတန်းစားလက်မှတ်များကို ကိုယ်တိုင် ချက်ချင်း ကမ်းလှမ်းခဲ့ကြသည်။


သူ ပထမဆုံးအကြိမ် တီဗီဖန်သားပြင်ပေါ်တွင် ပေါ်လာသည်မှာလည်း A-class ထုတ်လုပ်ရေးမှ တိုက်ရိုက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၀၀ ကျော်ရှိသည့် “China” အမည်ရှိ ရုပ်ရှင်တွင် ဖြစ်သည်။ သူက တတိယဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ထိုရုပ်ရှင်တွင် အသက်အငယ်ဆုံး ရုပ်ရှင်ဧကရာဇ် ချမ့်ခန်းလည်း ပါဝင်သည်။


သူက “Warsaw” ရုပ်ရှင်ထဲမှ ငယ်ရွယ်သောဧကရာဇ် ဖြစ်သကဲ့သို့ ဖျော်ဖြေရေးလောက၏ စစ်မှန်သော အိမ်ရှေ့စံမင်းသားလေးလည်း ဖြစ်သည်။


လူပေါင်းများစွာ အားကျတောင့်တနေကြသည့် အရင်းအမြစ်များက သူ့ထံသို့ ဘဏ္ဍာများ ဆက်သ, သကဲ့သို့ ဆက်သခံရသည်။ တစ်သက်လုံး ကြိုးစားလုပ်ကိုင်နေသူ အမြောက်အမြားက သူ၏ စမှတ်ကိုပင် လိုက်မမီနိုင်ခဲ့ကြပေ။


ထို့အပြင် မွေးရာပါ အခွင့်ထူးခံဖြစ်သူ ကျိီချန်သည်လည်း လူတိုင်း၏ မျှော်လင့်ချက်များကို မဖျက်ဆီးခဲ့ပေ။ သူ တရားဝင် ပွဲဦးထွက် လိုက်သည်နှင့် တစ်ပြိုင်နက် ဖျော်ဖြေရေးလောကတစ်ခုလုံးကို သိမ်းကျုံး လွှမ်းမိုးသွားခဲ့သည်။


ရုပ်ရည်သွင်ပြင်၊ အားကောင်းသော ကြော်ငြာများနှင့် စစ်မှန်သည့် အိမ်ရှေ့စံမင်းသားဇာစ်မြစ်တို့က သူ့အား လေးနှစ်အတွင်းမှာပင် တရုတ်ပြည်၏ ထိပ်တန်းစူပါစတား တစ်ဦး ဖြစ်လာစေခဲ့သည်။ သူသည် I.S. ဖျော်ဖြေရေးကုမ္ပဏီ၏ ဦးဆောင်အနုပညာရှင်တစ်ဦးဖြစ်ပြီး၊ စိန်ခေါ်မှုများကြားမှ များပြားသော ပရိသတ်အင်အားနှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ တိုးတက်မှုနှုန်းမှာ ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်ပြီး သူ၏ နောက်ခြေလှမ်းမှာ နိုင်ငံတကာနယ်ပယ်သို့ ဝင်ရောက်ကာ ဟောလိဝုဒ်၏ ရုံဝင်အကြီးစားဇာတ်ကား (Hollywood blockbuster) တစ်ခုတွင် အဓိကကျသော နေရာမှ ပါဝင်သရုပ်ဆောင်ရန် ဖြစ်သည်ဟု ပြောဆိုနေကြသည်။


ကျိီချန်က  “Intelligence” နှင့် “Intelligence 2” ကဲ့သို့သော အမျိုးသားဇာတ်လိုက်အဓိက ဇာတ်လမ်းကြီးများတွင် အလွန်ထူးချွန်ပြီး ခက်ခဲသော အမျိုးသားဇာတ်လိုက် ကုဝူရှီးအဖြစ် သရုပ်ဆောင်ခဲ့ရသည်။


ထိုဇာတ်လမ်းတွဲတွင် အချိန်အများစုအတွက် ဝတ်ဆင်ရသော ဝတ်စုံနှင့် ယူနီဖောင်းတို့က ယခုအချိန်တွင် သပ်သပ်ရပ်ရပ် ဖက်ရှင်ကျအောင် ပြင်ဆင်ပြီးသားဖြစ်နေပြီး သူသည်လည်း ရိုက်ကူးရန်အတွက် အသင့်အနေအထားဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။


ဤရုပ်ရှင်၏ဒါရိုက်တာဖြစ်သူ ဒါရိုက်တာလင်းက ရုပ်သံလောကတွင် အမြင့်ဆုံး အဆင့်အတန်းရှိသူဖြစ်သော်လည်း ကျိီချန်ကို မြင်သည့်အခါ မျက်နှာသာပေးရသည်။ ဖက်ရှင်ပြင်ဆင်မှုအတွက် အချိန်ကြာမြင့်ခဲ့ခြင်းကြောင့် သူ့ကို အပြစ်မတင်ဘဲ ရုပ်ရှင်အကြောင်း ပြောဆိုရန် ယဉ်ကျေးစွာ ခေါ်ခဲ့သည်။


ယန်ယင်းယိ ကိုလည်း ခေါ်ခဲ့ရာ၊ သူ၏ မျက်နှာတွင် မချင့်မရဲဖြစ်မှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသည်။


မျှော်လင့်ထားသည့်အတိုင်းပင် ဒါရိုက်တာလင်းက စကားသုံးခွန်းပင် မပြောရသေးခင်မှာပင် ယန်ယင်းယိ၏ ယမန်နေ့က သရုပ်ဆောင်မှုကို ပြင်းပြင်းထန်ထန် ဝေဖန် ရန် စတင်တော့သည်။ ဒါရိုက်တာ၏ ဆုံးမစကားများကို နားထောင်လျက် ယန်ယင်းယိက သူ့ကိုယ်သူ မြေကြီးထဲ တူးမြှုပ်ပစ်ချင်သလို ခံစားရကာ ခေါင်းက တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။


ထိုအချိန်တွင် ကျိီချန်က လက်လှမ်းပြီး ယန်ယင်းယိ၏ ပခုံးကိုကိုင်ကာ အားပေးထောက်ခံသည့် အမူအရာဖြင့် ယန်ယင်းယိ၏ ကိုယ်ခန္ဓာကို မတ်မတ်ပြန်ဖြစ်အောင် ပြုလုပ်ပေးလိုက်သည်။


“ယင်းယိက ဒီလိုမျိုး ခေတ်ဟောင်းဇာတ်လမ်းမျိုးကို ပထမဆုံး သရုပ်ဆောင်ဖူးတာလို့ ကျွန်တော် ကြားပါတယ်… ဒါ့အပြင် ဒါရိုက်တာလင်းလို အဆင့်အတန်းမြင့်တဲ့ ဒါရိုက်တာကြီးနဲ့ ရိုက်ရတာကြောင့် သူ အရမ်း စိတ်လှုပ်ရှားပြီး တစ်ပတ်လုံး ကောင်းကောင်း မအိပ်နိုင် ဖြစ်ခဲ့ရတာပါ… မနေ့ကလည်း သူ အရမ်း စိတ်လှုပ်ရှားလွန်းနေခဲ့တာ… ဒီနေ့တော့ အဆင်ပြေမှာ သေချာပါတယ်… ဒါရိုက်တာလင်း စိတ်လျှော့ပါဦး…”

ကျိီချန်၏ အမူအရာက ရိုးသားပွင့်လင်းနေပြီး သူ့စကားများသည်လည်း ဒါရိုက်တာလင်းကို မလွဲမသွေ မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ဒါရိုက်တာလင်းက စိတ်သက်သာရာရသွားပြီး ယန်ယင်းယိကို လွှတ်ပေးလိုက်ကာ စကားဆက်ပြောနေခဲ့သည်။


ဤသည်မှာ ကျိီချန်၏ ဆွဲဆောင်မှုပင် ဖြစ်သည်။ သူက မွေးရာပါ မြင့်မြတ်သူ ဖြစ်ပြီး ယခုအခါတွင်လည်း အလွန်နာမည်ကြီးနေသော်လည်း မာနမထောင်လွှားခြင်း လုံးဝမရှိဘဲ လူများကို ဖော်ရွေပျူငှာစွာနှင့် ယဉ်ကျေးစွာ ဆက်ဆံတတ်သူဖြစ်သည်။


ဤသို့သော ပညာတတ်ဆန်ပြီး ယဉ်ကျေးသည့် ပုံစံမျိုးကြောင့်ပင် ပရိသတ်အများအပြားက သူ့ကို နှစ်သက်အားပေးကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။ ရိုက်ကူးရေးနေရာရှိ ဝန်ထမ်းအများအပြားသည်ပင် ကျိီချန်၏ ကျဲကျဲfanနှင့် ကောကောfanများ ဖြစ်နေကြသည်။


ထို့အပြင် ယန်ယင်းယိသည်လည်း ကျိီချန်အား အလွန်ကျေးဇူးတင်နေသည်။ သူ့ကြောင့်သာ ကျိီချန်က ပြန်လည်ရိုက်ကူးရန်  လိုက်ပါလာခဲ့ရသော်လည်း ကျိီချန်က သူ့အတွက် ကြားဝင်ပြောဆိုပေးခဲ့ခြင်းပင်။


ကျိီချန်က သူ့အား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည့်အခါတွင်မူ ယန်ယင်းယိ၏ ရင်ထဲရှိ ရှက်ရွံ့မှုက ပို၍ပင် ကြီးမားလာခဲ့သည်။


ရိုက်ကွင်းပေါ်ရှိ လူအားလုံးက အားကျခြင်း၊ လေးစားသဘောကျခြင်း စသည့် မျက်လုံးမျိုးစုံဖြင့် ကျိီချန်ကို ကြည့်ရှုနေကြသည်။ ကျိီချန်က ထိုသို့သော အာရုံစိုက်မှုကို ခံစားရသည်ကို အကျွမ်းတဝင်ရှိနေသော်လည်း၊  အခိုက်အတန့်တစ်ခုတွင် သူ့နှုတ်ခမ်းထောင့်က ရုတ်တရက် တောင့်ခဲသွားပြီး၊ သူ့မျက်လုံးများကလည်း မီးတုတ်ကဲ့သို့ ရိုက်ကူးရေးနေရာ၏ ထောင့်တစ်နေရာဆီသို့ စူးစိုက် ကြည့်လိုက်သည်။


ထိုနေရာတွင် လူငယ်လေးတစ်ဦးက အရိပ်အောက်၌ ရပ်လျက် နံရံကို ပေါ့ပေါ့ပါးပါး မှီထားသည်။ သူက ကျန်လူများနှင့် လုံးဝမတူသည့် ပုံစံမျိုးဖြင့် ကျိီချန်ကို ကြည့်နေသည်။ ထိုအကြည့်များက တည်ငြိမ်ကာ အေးစက်မှု အရိပ်အယောင်နှင့် လေးနက်မှုများ ပါဝင်နေသည်။

ပြီးတော့ အမုန်းတရားတွေ…


အမုန်းလား…


သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော ရှင်းပြမရသည့် ထိုအတွေးကြောင့် သူ တုန်လှုပ်အံ့ဩသွားသည်။


သူ့အမြင်အာရုံက ထိုနေရာသို့ ပြန်လည် စူးစိုက်ကြည့်လိုက်သောအခါ ထိုလူငယ်လေးက ခေါင်းလှည့်၍ အခြားတစ်နေရာသို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် သူ့ မျက်လုံးများတွင်လည်း အပျက်သဘောဆောင်သည့် ခံစားချက်များ ကင်းမဲ့နေပြီး သူ၏ မျက်နှာအမူအရာနှင့် မျက်လုံးများက ရေကဲ့သို့ ငြိမ်သက်အေးချမ်းနေသည်။


ကျီချန်က သူ အမြင်မှားသွားပုံရသည်ဟုတွေးလိုက်သည်။



🔥🔥🔥