Chapter1
Viewers 198

အခန်း (၁) သရဲရှာပုံတော် တိုက်ရိုက်ထုတ်လွှင့်မှု "ဝမ်းနည်းကြေကွဲဖွယ် သတင်း! တရုတ်ဖုန်းရွှေအသင်း၏ ဥက္ကဋ္ဌဖြစ်သူ နာမည်ကျော် ဖုန်းရွှေပညာရှင်ကြီး မစ္စတာကျန်းစုန့်ဟာ ပြီးခဲ့သည့်လက အသက် ၇၅ နှစ်အရွယ်တွင် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ပါပြီ” "အမွေကိစ္စကြောင့် ညီအစ်ကိုချင်း ရန်သူများကဲ့သို့ဖြစ်ကာ ရာစုနှစ်ချီ သက်တမ်းရှိသော မိသားစုကြီး ပြိုကွဲမည့်အရေးနှင့် ရင်ဆိုင်နေရ!” "မယုံနိုင်စရာ! လူသူမနီးသော မြေရိုင်းပေါ်တွင် လူနေအိမ်ရာများ ဖော်ဆောင်နေခြင်းမှာ အခြားသော အကြောင်းအရင်းတစ်ခုခု ရှိနေ၍လား?” ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မိုးဖွဲဖွဲနှင့် မြူခိုးများ ဖုံးလွှမ်းနေ၏။ လူသူကင်းမဲ့သော မြို့ပြင်လမ်းမပေါ်၌ မောင်းနှင်နေသည့် ကားတစ်စီး၏ ရှေ့မီးရောင်မှာ မှောင်မိုက်နေသော ကမ္ဘာကို ထိုးဖောက်နေသည့် ကြယ်ပျံနှစ်စင်းကဲ့သို့ တောက်ပနေသည်။ ရှေ့ခန်းတွင် ထိုင်နေသည့် ကောင်လေးမှာမူ ပျင်းရိငြီးငွေ့နေပုံပင်။ တစ်ချက် သမ်းဝေလိုက်ပြီးနောက် ဖုန်းကိုထုတ်၍ အွန်လိုင်း‌ပေါ်တက်ကြည့်လိုက်ရာ အာရုံဖမ်းစားနိုင်‌လောက်သည့် ခေါင်းကြီးပိုင်းသတင်းများကို မြင်လိုက်ရသဖြင့် မျက်လုံးများပင် ပြူးကျယ်ကုန်၏။ "ဟေ့! ဟေ့! ဒါကိုကြည့်စမ်း!" ရွှီနန်က ကားမောင်းနေသည့် သူငယ်ချင်းကို ပြောလိုက်သည်။ "ဒါ ငါတို့ကျောင်းက စီနီယာ ကျန်းကျောတို့ မိသားစုအကြောင်း မဟုတ်လား?” သူပြောသော ထိုစီနီယာမှာ ရာစုနှစ်ချီ သက်တမ်းရှိသည့် ဖုန်းရွှေပညာရှင် မိသားစုကြီးမှ ဆင်းသက်လာသူဖြစ်၏။ ထိုသူ၏အဖိုးဖြစ်သူ ကျန်းစုန့်မှာ မိသားစု၏ အကြီးအကဲဖြစ်ပြီး သတင်းထဲတွင်ပါသည့်အတိုင်း လွန်ခဲ့သော တစ်လကပင် ကွယ်လွန်သွားခဲ့‌လေပြီ။ ပို၍ဆိုးသည်မှာ ကျန်းမိသားစုက အရှုပ်တော်ပုံတစ်ခုတွင် ပါဝင်ပတ်သက်နေခြင်းပင်။ လွန်ခဲ့သော နှစ်နှစ်က ကျန်းကျော ရွေးချယ်ပေးခဲ့သည့် စီးပွားရေး အဆောက်အအုံဝင်း တည်မည့်နေရာက "လမ်းဆုံးမြေ"ဖြစ်နေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုသို့‌သောမြေနေရာတွင် နေထိုင်မိပါက မျိုးဆက်ပြတ်တောက်ပြီး မိသားစု ပျက်စီးတတ်သည်ဟု ဆိုကြ၏။ ယခုအချိန်တွင် ထိုအိမ်ရာဝင်းမှာ ဆောက်လုပ်ပြီးစီး၍ ရောင်းချရန်ပင် ပြင်ဆင်နေပြီ ဖြစ်သည်။ အကယ်၍ ဤသတင်းသာ အမှန်ဖြစ်‌နေပါက အိမ်ခန်းများ မရောင်းရ၍ ငွေကြေးဆုံးရှုံးရရုံသာမက ကျန်းကျော၏ ဘဝပါ ပျက်စီးသွားနိုင်ပေသည်။ ရှောက်ချီက ကားကို အာရုံစိုက်မောင်းနေရင်းပင် ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်၏။ "အင်း... အဲဒီလူအကြောင်း ငါလည်း ကြားဖူးတယ်။ ငါ့ဝမ်းကွဲအစ်မက သူ့ကို လိုက်နေတာလေ။ ဒါပေမဲ့ သူတို့မိသားစုအခြေအနေကတော့ တော်တော်ကြီးကို ရှုပ်ထွေးတာ‌…သတင်းထဲက အတိုင်းတောင် ဟုတ်ချင်မှ ဟုတ်မှာ" သူ ကျန်းကျောနှင့် လူကိုယ်တိုင် မဆုံဖူးသော်လည်း ထိုသခင်လေးမှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်ကြောင်းနှင့် သွေးတစ်ဝက် ညီတစ်ယောက်ရှိကြောင်း သိထား‌သည်။ ယခုအခါ အားကိုးရာ အဖိုးဖြစ်သူလည်း မရှိတော့သဖြင့် ဤအကျပ်အတည်းကို ထိုသူကျော်ဖြတ်နိုင်ပါ့မလား မပြောတတ်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူနှင့်မဆိုင်သော ကိစ္စပင်။ အပြင်တွင် မိုးရွာထားသဖြင့် လမ်းများမှာ ရွှံ့နွံအိုင်များသဖွယ် ဖြစ်နေပြီး ကားမှာလည်း တုန်ခါနေလျက်။ ရှောက်ချီ ယခုအချိန် အလေးထားဆုံးအရာမှာ ဤကဲ့သို့ ရာသီဥတုဆိုးရွားနေချိန်၌ ကျောင်းကို မည်သို့မည်ပုံ ပြန်ရောက်‌အောင် အမြန်မောင်းရမလဲဆိုသည်သာ။ မဟုတ်လျှင် အချိန်မီတော့မည် မဟုတ်… "တကယ်ပါပဲ…” ရွှီနန်လည်း စိတ်ပျက်လက်ပျက်ဖြင့်… "ဒီလမ်းကြီးက သွားရခက်လိုက်တာကွာ။ အမှန်တိုင်းပြောရရင် ဒီလိုအချိန်ကြီး ကျောင်းကိုပြန်သွားရတာကိုက ကံဆိုးတာပဲ။ လူသူမရှိတဲ့ မြို့ပြင်နေရာကြီးမှာကို” "မြို့ပြင်နေရာ" ဟု ပြောလိုက်မိပြီးနောက်တွင် စိတ်ထဲ၌ တစ်မျိုးကြီး မတင်မကျ ဖြစ်သွားရ၍ ကားပြတင်းအပြင်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်မိ၏။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အမှောင်ထုက ထူထဲစွာ ဖုံးလွှမ်းနေပြီး ထိုအမှောင်ထဲတွင် တစ်စုံတစ်ရာ လှုပ်ရှားနေသယောင်။ ထိုစဉ် ရွှီနန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်… အပြင်ဘက်မှာ အဖြူရောင် ဝတ်ထားတဲ့ လူအုပ်တစ်စု ဖြတ်လျှောက်သွားတာကို မြင်လိုက်ရတယ်လို့ ထင်တာပဲ! လူတိုင်းက ထိပ်ချွန်ဦးထုပ်များကို ဆောင်းထားကြပြီး မျက်နှာများမှာလည်း ဖြူဖျော့နေလျက် စိတ်ဝိညာဉ်ခေါ်ဆောင်သည့် အလံများကဲ့သို့သော အရာများကိုပါ ကိုင်ဆောင်ထားကြသည်။ မဟုတ်နိုင်တာ! အဲဒီနေရာက ကျုံးရှိရမဲ့ နေရာကြီးလေ! ခြေဖဝါးမှတစ်ဆင့် ကျောရိုးထဲထိ အအေးဓာတ်များ စိမ့်တက်လာပြီး သွေးများပင် ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ ရွှီနန် တစ်ကိုယ်လုံး တုန်ရီလာပြီး သူငယ်ချင်းဖြစ်သူကိုပါ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်‌ရသည်။ "မင်း... မင်း ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်..." ကားက ရုတ်တရက် ဘရိတ်အုပ်သွား‌လေပြီ။ ရှောက်ချီက သူ့ဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လာပြီးနောက် နှုတ်ခမ်းထောင့်များကို ဖြဲကာ ဖြူဖွေးသော သွားများကို ဖော်ထုတ်၍ ပြုံးပြလာ၏။ ထိုအပြုံးကြီးနှင့်အတူ သူက ရွှီနန်ကို ကြည့်၍ မေးလိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ?” "အား!" ရွှီနန် မအော်ဘဲ မနေနိုင်တော့ပေ။ ချက်ချင်းပင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သော်လည်း တစ်ကိုယ်လုံးရှိ ချွေးပေါက်များပင် ပွင့်ထွက်မတတ် ထိတ်လန့်သွားရ၏။ ထို့နောက်တွင် အေးစက်စက် လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လာသည်။ “လောင်ရွှီ? မင်းဘာဖြစ်နေတာလဲ?” ရွှီနန် တုန်တုန်ရီရီဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။ ပြန်ကြည့်လိုက်သောအခါတွင်မူ ရှောက်ချီက သူ့ကို အံ့အားသင့်ကာ စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူသည်လည်း လန့်သွားပုံရပြီး စောစောက ထူးဆန်းသော အမူအရာမှာလည်း ပျောက်ကွယ်သွား‌လေပြီ။ ရွှီနန်: "မင်း... မင်း…မင်း…” ငါပဲ စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှားဖြစ်နေတာလား? သူ စိတ်ကို ပြန်ထိန်းလိုက်ပြီးမှ… "ဘာလို့ ရုတ်တရက်ကြီး ဘရိတ်အုပ်လိုက်တာလဲကွ? ငါ့ကို လန့်အောင် လာလုပ်‌ေနတယ်!” ရှောက်ချီက ရွှီနန်၏ နောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်၍ ရွှီနန်လည်း လှည့်ကြည့်မိပြီး ထပ်မံ အော်ဟစ်လိုက်မိပြန်သည်။ ကားပြတင်းပေါက် အပြင်ဘက်တွင် လူမျက်နှာတစ်ခု ကပ်နေသောကြောင့်ပင်။ ရှောက်ချီက စိတ်ပျက်လက်ပျက်ဖြင့် ဆို၏။ "ဘာလို့ ဒီလောက် အော်နေတာလဲ? ဟိုလူ့ကားက ပျက်သွားလို့ အကူအညီတောင်းနေတာ။ လမ်းကြုံ ခေါ်သွားပေးလိုက်ရမလား?” ထိုအခါမှ လမ်းတစ်ဖက်ရှိ ရွှံ့နွံထဲတွင် ကားတစ်စီး ထိုးကျနေကြောင်း ရွှီနန် သတိထားမိလိုက်သည်။ ကားမောင်းသူမှာ မတော်တဆ လမ်းချော်သွားသည့်ပုံပင်။ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာမရသွားဘဲ လမ်းကြုံ လိုက်ခွင့်‌ပေးရန်သာ တောင်းဆိုနေခြင်း။ စောစောက ကိစ္စကြောင့် သူ တုန်လှုပ်နေဆဲဖြစ်သဖြင့် ခေါ်မသွားချင်သော်လည်း ဤကဲ့သို့ ညဉ့်နက်သန်းခေါင် မြို့ပြင်ကြီးတွင် လူတစ်ယောက်ကို ပစ်ထားခဲ့ရန်မှာလည်း စိတ်မသက်မသာ ဖြစ်စရာပင်။ ရွှီနန်က ကားမှန်ကို ချလိုက်ပြီး ထိုလူကို အကဲခတ်ကာ မေးလိုက်၏။ "ဒီက…မိတ်ဆွေ ဘယ်ကို သွားမှာလဲ?” သူ မေးခွန်းဆုံးသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ မျက်နှာကိုပါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရ‌တော့သည်။ ရွှီနန်မှာ မိန်းကလေးများကိုသာ ကြိုက်နှစ်သက်သူ ဖြစ်သော်လည်း ဤမျှ ချောမောသည့် မျက်နှာကို မြင်လိုက်ရသောအခါတွင်မူ "လူ‌ချောလေး" ဟုပင် စိတ်ထဲမှ မှတ်ချက်ပြုမိသွား၏။ ထိုလူမှာ အသက် ၂၀ ကျော်ခန့်သာ ရှိ‌သေးပုံရပြီး ရိုးရှင်းသည့် ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားကာ ကျောပိုးအိတ်တစ်လုံးလည်း လွယ်ထားသည်။ နှာတံက စင်းနေပြီး နှုတ်ခမ်းများက ပါးလွှာ၍ ဖြူဖျော့နေ၏။ ကားအတွင်းမှ အလင်းရောင်ဖျော့ဖျော့က မိုးရေစက်များကြားမှတစ်ဆင့် ထိုသူ့မျက်နှာပေါ်သို့ ကျရောက်‌နေလျက်။ သူ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် လှုပ်ခတ်နေပြီး သူ၏ ရုပ်ရည်မှာ အမှောင်ထုထဲတွင်ပင် ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုနှယ်။ ထိုသူ့ပုံစံမှာ သပ်ရပ်စင်ကြယ်နေသော်လည်း တစ်ဖက်တွင်မူ လောကကြီးကို စိတ်မဝင်စားသည့် ဟန်ပန်မျိုးလည်း ရှိနေသဖြင့် ဤကဲ့သို့ စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုထဲမှ ထွက်ပေါ်လာသူနှင့်ပင် မတူပေ။ ထိုလူငယ်လေးက ရွှီနန်ကို ခေါင်းညိတ်ပြပြီး ယဉ်ယဉ်‌ေကျးကျေး ပြောလာသည်။ "ကျွန်တော်က ဟွားချောင် တက္ကသိုလ်က ကျောင်းသားပါ။ ကျောင်းကို ပြန်မလို့…လမ်းကြုံ လိုက်လို့ ရမလားဗျ?” ကျောင်းနေဖက် ဖြစ်ကြောင်း သိလိုက်ရ၍ ရွှီနန်၏ သံသယများ ပျောက်ကွယ်သွား‌တော့၏။ ထိုလူ့ကို ကားပေါ်သို့ တက်ခိုင်းလိုက်ပြီးနောက် ရှောက်ချီက ကားကို ဆက်လက် မောင်းနှင်လာခဲ့သည်။ နောက်ခန်းမှ ခရီးသည်မှာ အလွန်တိတ်ဆိတ်နေလျက်။ သူက ကျေးဇူးတင်စကား ပြောပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းကိုသာ ငုံ့ကြည့်နေ၏။ သူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားအချို့ ပေါ်လာသည်ကား… [မင်္ဂလာပါ…ကမ္ဘာကျော် တိုက်ရိုက်ထုတ်လွှင့်မှုအက်ပ်မှ ကြိုဆိုပါတယ်] [တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်လာခြင်းဟာ ကုသိုလ်ကောင်းမှု စုဆောင်းခြင်းတစ်မျိုးပဲဖြစ်ပြီး ကံမကောင်းတတ်သူများအတွက်တော့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်] [ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု : သူငယ်ချင်းအတု၏ လှည့်စားမှုကို ခံနေရသော အပြစ်ကင်းစင်သည့် လူငယ်လေးကို ကယ်တင်ခြင်း] ဤမိုးသည်း‌နေသော ညဉ့်နက်ချိန်ကြီးတွင် လမ်းကြုံလိုက်လာသည့် လူငယ်မှာ အမှန်စင်စစ် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေခြင်း ဖြစ်ပြီး ရွှီနန်နှင့် ရှောက်ချီတို့မှာလည်း သူ၏ Live ထဲမှ ဇာတ်ကောင်များ ဖြစ်နေကြသည်။ ရွှီနန်ကတော့ ဘာမှ မသိရှာပေ။ သူဟာ ရှောက်ချီနှင့်အတူ ကျန်းမိသားစု အကြောင်းကို ခဏမျှ ပြောဆို‌ေနပြီးနောက် အိပ်ငိုက်လာသဖြင့် မျက်လုံးမှိတ်ကာ အနားယူလိုက်‌ေတာ့၏။ သူ့နောက်မှ လူငယ်‌လေးမှာမူ ဖုန်းမျက်နှာပြင်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ပေါ်နေသည့် စာသားများကိုသာ စိုက်ကြည့်နေဆဲ။ [အခြားကမ္ဘာတစ်ခုနဲ့ ဆက်သွယ်နေပါတယ်…] [အနာဂတ် အာကာသကမ္ဘာနဲ့ ဆက်သွယ်မှု အောင်မြင်သွားပါပြီ။ Live stream မှ ကြိုဆိုပါတယ်!] သူ လမ်းကြုံကားတားပြီး ကားပေါ်သို့ တက်လာသည့် ဖြစ်စဉ်တစ်ခုလုံးကို အခြားကမ္ဘာမှ ပရိသတ်များက မြင်တွေ့နေရပြီး Comment အချို့လည်း တက်လာသည်။ [ဒီ Live အသစ်က တော်တော် ပျင်းဖို့ကောင်းတာပဲ!] [ဒီနေ့ရဲ့ Reality show က "ကားကြုံ ဘယ်လို လိုက်စီးရမလဲ" ဆိုတဲ့ ခေါင်းစဉ်လား? စိတ်လှုပ်ရှားဖို့ မကောင်းလိုက်တာ!] [ပျင်းစရာကြီး…ဒီနေ့တော့ ဒီလောက်ပဲ ထင်တယ်!] ကြည့်ရှုသူမှာ အများအပြား မရှိပေ။ "+1" ဟု ပေးပို့သည့် ကောမန့် အနည်းငယ် တက်လာပြီးနောက် Live ထဲတွင် အားလုံးက စိတ်ဝင်စားမှု လျော့နည်းသွားပုံရ၏။ ကားကြုံလိုက်လာသည့် လူငယ် သို့မဟုတ် Live အစီအစဉ် တင်ဆက်သူမှာလည်း ကောမန့်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုကာ မျက်လုံးမှိတ်၍ အနားယူလိုက်‌တော့သည်။ ကားလေးမှာ လမ်းပေါ်တွင် တိတ်ဆိတ်စွာ ပြေးလွှားနေဆဲ။ အချိန်မည်မျှ ကြာသွားသည်မသိ၊ ရှောက်ချီက ရွှီနန်၏ ပခုံးကို လှုပ်ကာ နှိုးလိုက်၏။ "ဟေ့ ရွှီနန်…ကျောင်းရောက်ပြီ၊ ဆင်းတော့” ရွှီနန် လန့်နိုးလာပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အိပ်ပျော်သွားကြောင်း သတိထားမိလိုက်သည်။ သူက မျက်လုံးကို ပွတ်လိုက်ရင်း ဆို၏။ "အာ... ရောက်‌တောင်‌‌ရောက်ပြီလား? မြန်လိုက်တာ” သူက ထိုင်ခုံခါးပတ်ကို ဖြုတ်၍ နောက်သို့ လှည့်ကြည့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်‌သေး၏။ "ဟို နောက်ခန်းက ကျောင်းနေဖက် သူငယ်ချင်းရော?” ရှောက်ချီက ပြုံးပြီး… "မင်းက အိပ်ပျော်နေတာကိုး၊ နှိုး‌နေတာတောင် တော်တော်ကြာပြီ။ ကျန်တဲ့လူတွေတော့ ကျောင်းထဲ ဝင်ကုန်ပြီ‌ပေါ့ကွ” ဘာကြောင့်မှန်းမသိ၊ ရှောက်ချီ၏ အပြုံးကို မြင်လိုက်ရသောအခါ ရွှီနန်၏ စိတ်ထဲတွင် စောစောက သူမြင်ခဲ့ရသည့် ထူးဆန်းသော သွားဖွေးဖွေးနှင့် အပြုံးကြီးကို သွားသတိရမိသဖြင့် ကြက်သီးပင် ထသွားရပြီး မြန်မြန် ‌ပြောလိုက်တော့သည်။ "အေးအေး…သွားကြစို့၊ ကျောင်းထဲ ဝင်ရအောင်” ဤညက တကယ့်ကို ထူးဆန်းလွန်း၏။ ရွှီနန်မှာ ရှောက်ချီကိုပါ ရုတ်တရက် ကြောက်စိတ်ဝင်လာသဖြင့် ကားပေါ်မှ အလျင်အမြန် ဆင်းလိုက်‌ေတာ့သည်။ ကျောင်းပေါက်ဝရှိ လမ်းမီးတိုင်များကို မြင်လိုက်ရမှသာ စိတ်အေးသွားတော့၏။ ကျောင်းသားများဖြင့် စည်ကားနေသည့် ကျောင်းဝင်းထဲသို့ ရောက်သွားပြီဆိုလျှင် သူ ကြောက်နေစရာ မလိုတော့ပေ။ ရွှီနန်က အလျင်အမြန် ရှေ့မှ သွားနေပြီး ရှောက်ချီကလည်း ကားကို သော့ခတ်ကာ နောက်က လိုက်လာသည်။ ကျောင်းမှာလည်း လက်တစ်ကမ်း အကွာသို့ ရောက်နေ‌လေပြီ။ သို့သော် Live stream ထဲတွင် ပြသနေသည့် မြင်ကွင်းမှာမူ လုံးဝ ခြားနားနေ၏။ မှိန်ပျပျ လမ်းမီးတိုင်များ သို့မဟုတ် ရင်းနှီးသော ကျောင်းဝင်းများကို လုံးဝ မတွေ့ရပေ။ ကားသည်လည်း လူသူကင်းမဲ့သည့် မြို့ပြင်လမ်းဘေးတွင် ရပ်ထားဆဲ။ လမ်းကြုံလိုက်လာသည့် လူငယ် ထွက်သွားပြီဟု ရှောက်ချီက ပြောသော်လည်း ပရိသတ်များ မြင်နေရသည်မှာမူ ထိုလူငယ်မှာ ကားထဲတွင်သာ မျက်လုံးမှိတ်လျက် အနားယူနေဆဲပင်။ ယာဉ်မောင်းထိုင်ခုံနှင့် ဘေးခုံမှာ လွတ်နေသော်လည်း ထိုခုံများ၏ ရှေ့တွင်မူ အဖြူရောင် ပန်းများ ချိတ်ဆွဲထားသည့် နာရေးအမှတ်တရ တိုင်တစ်ခု ရှိနေသည်။ ရွှီနန်နှင့် ရှောက်ချီတို့မှာမူ ဘာကိုမှ သတိမထားမိဘဲ အမှောင်ထုကြီးထဲသို့သာ စကားပြောရင်း လျှောက်လှမ်းသွားနေကြ၏။ သေချာ ကြည့်လိုက်ပါက လျှောက်သွားနေသည့် လူနှစ်ယောက်ထဲမှ တစ်ယောက်မှာ ခြေထောက်က မြေကြီးနှင့် လုံးဝ မထိဘဲ လွင့်နေသည်ကို တွေ့ရမည်ပင်။ မလှမ်းမကမ်းတွင် အဖြူရောင် ဝတ်ဆင်ထားသည့် တစ္ဆေ အုပ်စုကြီးက သူတို့ကို တိတ်တဆိတ် စောင့်ကြိုနေကြလျက်။ ဤကဲ့သို့ မမျှော်လင့်ဘဲ ပြောင်းလဲသွားသော အခြေအနေကြောင့် ပျင်းရိနေကြသည့် ကြည့်ရှုသူများမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။ [ဟိုး... ငါ ဘာတွေ မြင်နေရတာလဲ? ပျင်းစရာ Reality show လို့ပဲ ထင်နေတာ၊ အခုတော့ တော်တော် ကြောက်ဖို့ကောင်းလာပြီ!] [Live လွှင့်တဲ့သူကရော အိပ်ပျော်နေတာလား၊ သေနေတာလား?] [သေစမ်း! ဒါ သရဲဇာတ်လမ်းကြီးပဲဟ! ငါ Supernatural ဘက်ကိုများ မှားရောက်လာမိတာလား???] [အားးးးညကြီးကျမှ ဒါကို ဘာလို့ ဖွင့်ကြည့်မိတာပါလိမ့်?!] [ရှူး... စာသားတွေနဲ့ စခရင်ကို ပိတ်သွားအောင် မလုပ်ကြနဲ့၊ Live လွှင့်တဲ့သူ ကားပေါ်က ဆင်းလာပြီ ဘာလုပ်မလဲ ကြည့်ရအောင်…] စောစောကမှ ပျင်းစရာကောင်းသည်ဟု ကန့်ကွက်နေသူများမှာ ယခုအခါ စိတ်လှုပ်ရှားနေကြလျက်၊ မျက်လုံးအပြူးသားဖြင့်ပင် စောင့်ကြည့်နေကြပြီး ကြည့်ရှုသူ အရေအတွက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ မျက်လုံးမှိတ် အိပ်နေသည့် လူငယ်က ကားတံခါးကို ဖွင့်ပြီး ထိုသူတို့နောက်သို့ တိတ်တဆိတ် လိုက်သွားသည်ကို မြင်လိုက်ရသောအခါ ပရိသတ်များမှာ ရင်တထိတ်ထိတ်ဖြင့် ကောမန့်မန့်ရန်ပင် မေ့လျော့‌ေနကြတော့၏။ ရွှီနန်နဲ့ ရှောက်ချီတို့ ဘာဖြစ်သွားကြတာလဲ? ပြီးတော့ ဒီည လမ်းကြုံလိုက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်လူငယ်ကရော သူတို့ကို ဘယ်လို ကိုင်တွယ်မှာပါလိမ့်? ရွှီနန်ခမျာ ကျောင်းထဲသို့ ရောက်ချင်လှပြီ ဖြစ်သဖြင့် အမြန်လျှောက်နေရှာသည်။ သို့သော် ဆန်းကြယ်သည်မှာ မည်မျှပင် ခြေလှမ်းကျယ်ကျယ်လှမ်း၍ မြန်မြန်လျှောက်စေကာမူ ကျောင်းပေါက်ဝမှ လမ်းမီးတိုင်မှာ နီးမလာဘဲ ဝေးမြဲ ဝေးနေဆဲပင်။ မီတာ ၂၀၀ ပင် မဝေး‌တော့သော ထိုအကွာအဝေးမှာ အလွန် အလှမ်းဝေးနေသေးသကဲ့သို့ ခံစားလာရ၏။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး မြေပြင်ပေါ်မှ ခြေသံများမှာလည်း စည်းချက်မကျဘဲ ပဲ့တင်ထပ်နေသဖြင့် ပို၍ ကြောက်စရာကောင်းနေသည်။ ရွှီနန် တစ်ကိုယ်လုံး အေးစိမ့်လာပြီး ရှေ့သို့ ဇွတ်ပြေးသော်လည်း ထူထပ်‌နေသော မြူခိုးများက သူ့ကို ပင့်ကူအိမ်တစ်ခုနှယ် ဝန်းရံလာသည်ကိုသာ ခံစားလိုက်ရတော့၏။ "ဒါ ဘာတွေ ဖြစ်နေတာလဲ? ကျောင်းက ဘယ်မှာလဲ?!" ရွှီနန် မအော်ဘဲ မနေနိုင်တော့ပေ။ သူ ရှောက်ချီကိုပါ ဆွဲကိုင်လိုက်ပြီး ထိတ်လန့်တကြား မေးလိုက်သည်။ "ဒါ ဘာတွေလဲ!... ရှောက်ချီ၊ မင်း... မင်းက ဘယ်သူလဲ...?” ရှောက်ချီ၏ မျက်လုံးများထဲတွင် ဖော်ပြရခက်သည့် ခံစားချက်များ ပေါ်လာ၏။ သူက ရွှီနန်၏ လက်ကို ဖယ်ထုတ်လိုက်ပြီး "တောင်းပန်ပါတယ်" ဟု တိုးတိုးလေး ပြောလာသည်။ ရွှီနန် ထိတ်လန့်သွား‌လေပြီ။ ပထမဆုံး သူ သတိထားမိသည်မှာ ရှောက်ချီ၏ လက်ချောင်းများမှာ ပုံမှန်မဟုတ်ဘဲ တရားလွန် အေးစက်နေခြင်းပင်။ ထို့နောက်တွင် သူနှင့် ရင်းနှီးသော မျက်နှာမှာပါ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ ဦးခေါင်းထိပ်မှ သွေးများ စီးကျလာပြီး နဖူးတွင် ဒဏ်ရာအကြီးကြီး ဖြစ်‌‌နေကာ မျက်နှာတစ်ခုလုံးလည်း ပုံပျက်‌နေလျက်။ သူ့အသံကြီးမှာလည်း လေထဲတွင် ပဲ့တင်ထပ်နေသည်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်..." "အား!” ရွှီနန် အော်ဟစ်လျက် ထွက်ပြေး‌တော့၏။ သို့သော် လှည့်ကြည့်လိုက်သောအခါတွင်မူ စောစောက သူမြင်ခဲ့သည့် အဖြူရောင်ဝတ် လူအုပ်စုကြီးက လမ်းဘေးတွင် တိတ်ဆိတ်စွာ စောင့်နေကြပြီး သူတို့၏ နောက်တွင် ရှိနေသည်မှာ… ကျုံးကြီးပင်! သူ့ကိုယ်သူ ကျောင်းဆီသို့ လျှောက်သွားနေသည်ဟု ထင်ခဲ့သမျှမှာ လှည့်စားမှုများသာ ဖြစ်‌နေသည်။ အမှန်စင်စစ်တွင် ရွှီနန်သာ ဆက်လျှောက်သွားပါက ကျုံးထဲသို့ ကျကာ ရေနစ်သေဆုံးသွားပေလိမ့်မည်။ ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေတွင် သူ ပိတ်မိနေ‌လေပြီ။ သူ၏ သွားများပင် တုန်ရီနေပြီး ခြေထောက်များမှာလည်း မခိုင်တော့ပေ။ Live ကြည့်နေသူများလည်း စိုးရိမ်တကြီး ဖြစ်နေကြ၏။ [ဘုရားရေ သူ့သူငယ်ချင်းက သရဲပူးနေတာလား?] [ဒါ ကြောက်စရာကြီးပဲ! ဘယ်လိုလုပ်မလဲ? ထွက်ပြေးစရာ လမ်းလည်း မရှိတော့ဘူး!] [Live လွှင့်တဲ့သူ ဘယ်မှာလဲ? ငါတို့ ဒါတွေကို မြင်နေရတယ်ဆိုတော့ သူလည်း ရောက်နေပြီ မဟုတ်လား?! ဝင်ကယ်လို့ မရရင်တောင် ရဲခေါ်ပေးကြပါဦးဟ!] နောက်ဆုံး ကောမန့်တက်လာမှသာ ကြည့်ရှုသူများလည်း Live လွှင့်သည့်လူ ရှိနေသေးကြောင်း သတိရသွားကြသည်။ အဓိကအကြောင်းရင်းမှာ ဤ Live လွှင့်သူက တစ်မျိုးထူးခြားနေခြင်းကြောင့်ပင်။ သူဟာ ဘာကိုမှ ရှင်းပြခြင်း မရှိသလို ကင်မရာရှေ့တွင်လည်း ပေါ်မလာပေ။ ပရိသတ် မြင်တွေ့နေရသမျှမှာ ကံတရားအတိုင်းသာ ဖြစ်၏။ Live တစ်ခုလုံးတွင် "ကြည့်ချင်ကြည့် မကြည့်ချင်နေ" ဆိုသည့် ပုံစံမျိုး ဖြစ်နေသဖြင့် Live လွှင့်သူကိုပင် မေ့နေကြသည်။ ရွှီနန်မှာ ရှေ့သို့ ဆက်မသွားချင်သော်လည်း အဖြူရောင်ဝတ် လူများ၏ ခေါ်ဆောင်မှုကြောင့် သူ၏ ခြေထောက်များမှာ သူနှင့် မဆိုင်‌တော့သကဲ့သို့ ဖြစ်နေပြီး အေးစက်လှသော ကျုံးထဲသို့ တစ်လှမ်းချင်း လျှောက်သွားနေမိ‌တော့၏။ ကျုံးရေမှာ သူ၏ ခြေဖဝါးများကို ကျော်လွန်၍ ခြေသလုံးအထိ ရောက်ရှိလာပြီ ဖြစ်သည်… မျှော်လင့်ချက် ကုန်ဆုံးတော့မည့် အချိန်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ "မိုးကြိုးအလင်း လျှပ်စီးပမာ၊ မကောင်းဆိုးဝါးအပေါင်း ဖယ်ရှားစေ…ဖျက်စမ်း!” ကောင်းကင်ယံသို့ သက်တံရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထူထပ်သော မြူခိုးများက ကွဲအက်ကုန်ပြီး အဖြူရောင် အရိပ်များမှာလည်း လွင့်စင်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် ကြည်လင်သွားခဲ့သည်။ မိုးဖွဲများနှင့် မြူများပင် ခဏတာ ရပ်တန့်သွားသ‌ယောင်။ တစ္ဆေအုပ်စုမှာ အေးစက်စက် အလင်းတန်းတစ်ခု၏ ရိုက်ခတ်မှုကြောင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတော့၏။ ရှောက်ချီမှာ အံ့အားသင့်သွားပြီး နောက်သို့ ဆုတ်၍ ရွှီနန်ရှိရာဘက်သို့ အမြန်ပြေးလာ‌တော့သည်။ အရိပ်တစ်ခုသည်လည်း နောက်မှ လိုက်လာပြီး သစ်ပင်ဆီမှ အရှိန်ကိုယူ၍ ကန်လိုက်ရာ ရှောက်ချီမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။ ရှောက်ချီ လဲကျသွားချိန်တွင် ထိုလူမှာ ရွှီနန်၏ ရှေ့တွင် ရပ်နေပြီး ရွှီနန်ကိုပါ အန္တရာယ်ရှိသော ကျုံးရေထဲမှ ဆွဲထုတ်လိုက်သည်။ လှုပ်ရှားမှုများမှာ သပ်ရပ် မြန်ဆန်လှပြီး တိမ်တိုက်များနှင့် ရေစီးကြောင်းတစ်ခုနှယ် ချောမွေ့‌ေနလျက်။ ရွှီနန်ခမျာ ယိုင်တိယိုင်တိုင်ဖြင့် မနည်း ဟန်ချက် ပြန်ထိန်းလိုက်ရ၏။ သူ မြင်လိုက်ရသည်မှာ မြူခိုးရေငွေ့များနှင့်အတူ လွင့်ပါးနေသည့် အဖြူရောင်အဝတ်စတစ်ခု၏ အနားသတ်ပင်။ လေထုမှာ လန်းဆန်းသွားပြီး မိုးလည်းတိတ်သွားကာ လမင်း၏ အလင်းရောင်ဖျော့ဖျော့က တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်၊ ကျုံးနှင့် မြက်ခင်းများပေါ်သို့ နို့နှစ်ရောင်သဖွယ် လွှမ်းခြုံထားသည်။ နေရာတစ်ခုလုံးမှာ အေးချမ်းလှပနေပြီး စောစောက ထိတ်လန့်စရာများနှင့် ယှဉ်လျှင် ဘဝတစ်ခုစာမျှပင် ခြားနေသယောင်။ ရွှီနန်မှာ သစ်ပင်ကြီးတစ်ပင်ကို မှီလျက် အသက်ကို ပြင်းပြင်းရှူနေရပြီး လရောင်အောက်တွင် ပေါ်လာသည့် ထိုလူ၏ ချောမောသော မျက်နှာကို ကြည့်ရင်း စကားပင် မပြောနိုင်တော့ပေ။ သူ့ကို ကယ်တင်ခဲ့သည့်လူမှာ လမ်းကြုံလိုက်လာသည့် ကျောင်းနေဖက် လူငယ်ပင်။ ထိုလူက ရွှီနန်၏ ရှေ့တွင် လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ၏ လက်ချောင်းထိပ်မှ မီးတောက်ကလေးတစ်ခု ထွက်ပေါ်လာပြီး ဖျတ်ခနဲ ပြန်ငြိမ်းသတ်သွားပြန်သည်။ "သူငယ်ချင်း…သတိပြန်ဝင်လာ‌တော့” ရွှီနန်တစ်ယောက်တည်း အံ့အားသင့်နေသည် မဟုတ်ဘဲ Live ကြည့်နေသည့် ပရိသတ်များလည်း မှင်တက်နေကြ၏။ [ချီး! ဒါ မယုံနိုင်စရာပဲဟေ့!] အံ့အားသင့်မှုများပြီးသွားသည့်နောက်တွင် ကောမန့်တစ်ခု တက်လာပြီး အခြားသူများကလည်း ဝိုင်းဝန်း တုံ့ပြန်ကြတော့သည်။ [ဝါး... ဒီ Live လွှင့်တဲ့သူက တကယ့် ပညာရှင်ပဲဟ! ငါတောင် အထင်မှားသွားမိ‌‌တော့မလို့၊ သူက တကယ့် သိုင်းပညာရှင်ပဲဟေ့!] [ရှေးဟောင်းကမ္ဘာရဲ့ ရိုးရာသိုင်းပညာတွေက တကယ် စိတ်ဝင်စားဖို့ ကောင်းလှချည်လား!] [ရင်တထိတ်ထိတ်နဲ့ပဲဟေ့! စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ! စောစောက ပျင်းစရာကောင်းတယ်လို့ ပြောမိတာ မှားသွားတယ်ဗျို့!] ထို့အပြင် အချို့ကလည်း ဝေဖန်‌နေကြ၏။ [ဗီဒီယို‌ကို အဝေးကချည်း ရိုက်ပြနေတာပဲ! Live လွှင့်တဲ့သူရဲ့ မျက်နှာကိုလည်း အနီးကပ် မြင်ချင်တယ်လို့!] စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်မှာ ကျော်လွန်သွားပြီ ဖြစ်သော်လည်း Live ကြည့်ရှုသူ အရေအတွက်မှာတော့ ဆက်လက် မြင့်တက်နေပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော Live တင်ဆက်သူအပေါ်လည်း အားလုံးက စိတ်ဝင်တစား ရှိနေကြလေသည်။ ________ [Xi's note -ကျန်းကျောရွေးထားတဲ့ လမ်းဆုံးမြေဆိုတာ "လမ်းနဲ့ထိပ်တည့်တည့်မှာရှိတဲ့မြေ၊ဒါမှမဟုတ် အဲဒီမြေက လမ်းရဲ့အဆုံးမှာရှိနေတဲ့မြေမျိုးပါ။တရုတ်ဖုန်းရွှေအရ လမ်းထိပ် တည့်တည့် သို့မဟုတ် လမ်းဆုံးက မြေဟာ "လမ်းထိုး" နေတယ်လို့ ယူဆကြပြီး စွမ်းအင်ဆိုးတွေ စုပုံတတ်တယ်လို့ အယူရှိကြပါတယ်။မြန်မာမှာလည်း အဲ့အယူရှိပါတယ်။ဒါပေမဲ့ အိမ်ဆောက်လို့မရတာ မဟုတ်ပါဘူး။သူ့နည်းလမ်းနဲ့သူဆောက်ရင် ရပါတယ်.... ကျန်းကျောက အခုခေတ်ကပါ။ liveလွှင့်နေတဲ့ဆီကတော့ ကြယ်တာရာခေတ်လိုပုံစံမျိုး အနာဂတ်ကပါ]