Chapter2
Viewers 204

အခန်း (၂) - ကျန်းကျော ထိုအချိန်တွင် စခရင်အပြင်ဘက်ရှိ ရွှီနန်သည်လည်း ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားပြီး တစ်ဖက်လူကို စကားပင် ကောင်းကောင်းမပြောနိုင်တော့ဘဲ တုန်တုန်ယင်ယင်နှင့် ကျေးဇူးတင်စကား ဆိုလေသည်။ "ကျေး... ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ" သူသည် စကားပြောရင်းနှင့် မြေပြင်ပေါ်တွင် သေလူတစ်ယောက်ကဲ့သို့ လဲလျောင်းနေသည့် ရှောက်ချီကို ကြည့်ကာ မေးလိုက်သည်။ "သူ ဘာဖြစ်သွားတာလဲ... မဟုတ်ဘူး... ကျွန်တော် ဆိုလိုတာက ခုနက တကယ်တမ်း ဘာတွေဖြစ်သွားတာလဲ" ဤကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသည့် မြင်ကွင်းများကြောင့် သူသည် အတော်လေး ထိတ်လန့်နေဆဲ ဖြစ်သည်။ သူသိထားသည့် သရဲပုံပြင် အနည်းငယ်ကို ပြန်လည်စဉ်းစားကြည့်ပြီးနောက် ခန့်မှန်းလိုက်သည်။ "ကျွန်တော် သရဲနဲ့ တွေ့နေတာလား။ ကျွန်တော့်သူငယ်ချင်းထဲကို တစ်ခုခု ပူးကပ်နေတာလား..." ထိုလူငယ်သည် ရွှီနန်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပုံရပြီး ရှောက်ချီကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး" ထို့နောက် သူသည် မြေပြင်ပေါ်မှ တြိဂံပုံစံ ခေါက်ထားသည့် အရာတစ်ခုကို ကောက်ယူလိုက်သည်။ ထိုအရာပေါ်တွင် 'အသက်တစ်ခုဖြင့် အသက်ကိုလဲလှယ်ခြင်း၊ သက်တမ်းနှင့် နာမည်ကို ရှည်ကြာစေခြင်း' ဟူသော စာများကို အနီရောင်စာလုံးငယ်များဖြင့် ရေးသားထားသည်ကို တွေ့ရလေသည်။ သေးငယ်သော ထိုစာလုံးအနီလေးများကို ရေးသားထားသည့် လက်ရေးမှာ ကြမ်းတမ်းခက်ထန်လွန်းလှသဖြင့် တြိဂံပုံစံစာရွက်ပေါ်မှ အချိန်မရွေး ခုန်ထွက်လာတော့မည့်အတိုင်း ထင်မှတ်ရသည်။ ရွှီနန်သည် ထိုအရာများကို နားမလည်သော်လည်း စိတ်ထဲတွင်မူ အလိုလိုနေရင်း ကြောက်ရွံ့ထိတ်လန့်လာကာ မေးမြန်းလိုက်သည်။ "ဒါက ဘာလဲ" ထိုလူငယ်သည် လက်ထဲမှ အရာကို အလေးချိန်ဆသလို လုပ်ကြည့်ရင်း ပြောလိုက်သည်။ "ဒါကို အသက်ဆက်လက်ဖွဲ့လို့ ခေါ်တယ်။ မင်းရဲ့သူငယ်ချင်းက တကယ်တော့ သေပြီးသားပဲ...သူက မင်းရဲ့အသက်ကိုသုံးပြီး သူ့အသက်ကို ဆက်ဖို့အတွက် မင်းကို အစားထိုးအဖြစ် သတ်မှတ်ထားတာ" "အစားထိုး ဟုတ်လား... အသက်ဆက်လက်ဖွဲ့..." ရွှီနန်သည် ရှောက်ချီကို ကြောင်စီစီဖြင့် ကြည့်နေမိပြီး ထိုပညာရှင်ပြောသည့် စကားများကို နားမလည်နိုင်အောင် ဖြစ်နေသည်။ "ဟင်..." ရွှီနန်၏ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် ထိုလူငယ်က မျက်မှောင်တစ်ချက်ကြုတ်ကာ "ရှောက်ချီ" ဟု ခေါ်လိုက်သည်။ "လေတွေတိုက်နေပြီး အေးလည်းအေးတယ် ဒီနေရာမှာ ရပ်ပြီး အချိန်ဖြုန်းမနေချင်တော့ဘူး" သူက မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည့် ရှောက်ချီကို ပြောလိုက်သည်။ "ဘာဆက်ဖြစ်မလဲဆိုတာကို လူတွေကို ခန့်မှန်းခိုင်းမနေဘဲ ရှင်းရှင်းလင်းလင်းလုပ်ကြရအောင် ဟုတ်ပြီလား" ထိုသို့သောအခြေအနေတွင် ရှောက်ချီ၌ဝန်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ရှင်းပြချက်များအပြီးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ တကယ်တမ်းတွင် ရှောက်ချီသည် ရွှီနန်ထံသို့ ကျောင်းသွားရန် လာရောက်ခေါ်ဆောင်သည့်နေ့ မတိုင်မီ တစ်ရက်ကပင် မထင်မှတ်ဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူ၏မိသားစုက အယူသည်းမှုများ မရှိကြသဖြင့် ရှောက်ချီ၏ ဝိညာဉ်ကို ပြန်ခေါ်ပေးရန် ဆရာတစ်ယောက်ကို ငှားရမ်းခဲ့သည်။ ထိုဆရာမှာ အကျင့်ပျက်သူဖြစ်ပြီး ဤအသက်ဆက်လက်ဖွဲ့ကို ထုတ်ယူကာ ရှောက်ချီ၏ ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲတွင် အတင်းအကျပ် ပိတ်လှောင်ထားခဲ့သည်။ ထို့နောက် သူ့အသက်ကို ဆက်လက်ရှင်သန်စေရန်အတွက် ရင်းနှီးသည့်ဆွေမျိုးသားချင်းတစ်ဦး၏ သက်တမ်းကို အတင်းအဓမ္မ လုယူခိုင်းခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ရှောက်ချီသည် ရုတ်တရက် ဘရိတ်အုပ်ခဲ့ခြင်းမှာ လမ်းဘေးရှိ ကျောင်းသားကို တင်ဆောင်ရန် မဟုတ်ခဲ့ပေ။ သူသည် မူလက ထိုနေရာတွင် ရွှီနန်ကို လုပ်ကြံရန် ရည်ရွယ်ထားခဲ့သော်လည်း အခြားလူတစ်ယောက်က ကားစီးလိုသည်ဟု တောင်းဆိုလာသဖြင့် ရှေ့သို့ အနည်းငယ် ဆက်မောင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ခြင်း ဖြစ်သည်။ မိမိနှင့်အတူ သုံးနှစ်ပတ်လုံး နှစ်ထပ်ကုတင်တစ်ခုတည်းတွင် အတူအိပ်ခဲ့သည့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူက မိမိကို ရန်မူလိမ့်မည်ဟု ရွှီနန် တစ်ခါမျှ မတွေးခဲ့ဖူးသလို၊ မတော်တဆ ကားကြုံတင်ပေးရန် သဘောတူခဲ့မိသူက မိမိအသက်ကို ကယ်တင်ပေးလိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ပေ။ သူ၏ ခံစားချက်များ မည်မျှအထိ ရှုပ်ထွေးနေမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ သူသည် ရှောက်ချီဘက်သို့ လှည့်ကာ "မင်းက ငါ့ကို ဒုက္ခပေးမယ့်သူ ဖြစ်လာလိမ့်မယ်လို့ ငါ တကယ် မထင်ခဲ့ဘူး။ ငါ သေလုနီးပါး ဖြစ်နေတာတောင် မင်းကို တစ်ခုခု ပူးကပ်နေတာလို့ပဲ ထင်နေခဲ့တာ... ရှောက်ချီ မင်းကတော့..." ရွှီနန်သည် အံကိုကြိတ်လျက် ပြောလိုက်သည်။ "မင်း တကယ်ကို အံ့သြဖို့ကောင်းတာပဲ" ရှောက်ချီသည် ခေါင်းမဖော်နိုင်ဘဲ တုန်ရီနေသော အသံဖြင့် "ဒါဆို ငါ့ကို ဘာလုပ်စေချင်လဲ။ ငါ ရှင်သန်ချင်တာလေ... ငါက... ငါက မင်းကို နာကျင်အောင် လုပ်ချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ ရှင်သန်ချင်လို့ပါ..." ရွှီနန်၏ မျက်ဝန်းများမှာ နီရဲလာပြီး အော်ဟစ်လိုက်သည်။ "ဒါဆို ငါကရော သေသင့်လို့လား" ရှောက်ချီသည် အမှားလုပ်ထားမိသဖြင့် ပျာယာခတ်သွားပြီး စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ပေ။ သူငယ်ချင်းအချင်းချင်း ရန်မူနေကြသည့် ထိုမြင်ကွင်းမှာ အတော်လေး တုန်လှုပ်စရာကောင်းသော်လည်း သူ၏ဘေးတွင် ရပ်နေသည့် လူငယ်မှာမူ စိတ်ဝင်စားမှု လုံးဝမရှိပေ။ သူသည် ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီးဖြစ်ရာ လူ့အသက်သေဆုံးခြင်းမှာ ငြီးငွေ့ဖွယ်ကောင်းသော ရုပ်ရှင်ဟောင်းတစ်ကားကို ကြည့်နေရသည့်အလား ဖြစ်နေသဖြင့် သူ၏စိတ်လှုပ်ရှားမှုကို နှိုးဆွရန်ပင် ခက်ခဲနေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်စောင့်နေလိုက်သည်။ ရှောက်ချီ ဘာမျှပြန်မပြောတော့သည်ကို မြင်သောအခါ အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ကာ စာမျက်နှာအချို့ကို လှန်လှောကြည့်ပြီးနောက် အသံထွက်၍ ဖတ်ပြသည်။ ''ရှောက်ချီ၊ ကျား၊ မွေးသက္ကရာဇ်မှာ ပင်းရင်နှစ်၊ ကန်းကျစ်လ၊ ရီဝေ့ရက်၊ ကျားရှန်အချိန်။ သေဆုံးသည့်ရက်မှာ တင်းဟိုင်နှစ်၊ ကန်းရွှီလ၊ ရီဟိုင်ရက်၊ ရီဟိုင်အချိန်၊ အသက် ၂၁ နှစ်။ ဘဝတစ်လျှောက်တွင် ကြီးမားသည့် အပြစ်ဒုစရိုက်များ မရှိသော်လည်း သေဆုံးပြီးနောက် သက်တမ်းတိုးရန် ကြိုးပမ်းခြင်းဖြင့် မြေအောက်ကမ္ဘာစီမံခန့်ခွဲမှု စည်းမျဉ်းဥပဒေ ပုဒ်မ ၁၂၅ ကို ချိုးဖောက်သဖြင့် ပြစ်ဒဏ်ပေးရေးဌာနသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ အရေးယူမည်'' ''မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေမှာ ပြဿနာရှိသေးလား'' ထိုလူငယ်သည် လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ စုတ်ချက်အချို့ဖြင့် လျင်မြန်စွာ ရေးသားပြီးနောက် ရှောက်ချီ၏ နဖူးပေါ်သို့ ကပ်လိုက်သဖြင့် ဝိညာဉ်မှာ မြစ်ကမ်းနားတွင် လှုပ်ရှားမရတော့ဘဲ ငြိမ်ကျသွားသည်။ ''အချက်အလက်တွေ မှန်ကန်တယ်ဆိုရင်တော့ မြေပြင်မှာ ခဏလောက် အသာလေး လဲလျောင်းနေလိုက်ပါ။ မကြာခင်မှာ ငရဲတမန်တစ်ယောက် လာခေါ်ပါလိမ့်မယ်။ ခွင့်ပြုပါဦး အသက်ရှင်ကျန်ရစ်သူ ဒီဘက်ကို လာခဲ့ပါ သွားကြရအောင်'' ယနေ့ညတွင် ဖြစ်ပျက်သမျှအရာအားလုံးမှာ ရွှီနန်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် သူသည် ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေရသည်။ ထိုသူ၏ နောက်သို့ မှိုင်တွေစွာဖြင့် လိုက်ပါသွားရ၏။ အရာအားလုံး ပြီးဆုံးသွားပြီး ကားကို ကျောင်းသို့ ပြန်မောင်းလာမှပင် ရွှီနန်မှာ သတိပြန်ဝင်လာတော့သည်။ သူသည် ကားမှန်ကို ချလိုက်ပြီး ကျောပိုးအိတ်ကို လွယ်ကာ ဆင်းသွားသော ထိုသူကို လှမ်းခေါ်လိုက်သည်။ "ဟို... ကျွန်တော် ခင်ဗျားကို မသိဘူးလေ... ခင်ဗျားနာမည်က ဘယ်သူလဲဗျ" ညဉ့်အချိန်တွင် ရပ်နေသည့် ထိုသူသည် သူ့ဘက်သို့ ပြန်လှည့်ကာကြည့်လာသည်။ မိုးစက်တို့သည် သူ၏ ဆံပင်ဖျားနုနုလေးများပေါ်တွင် တောက်ပနေသည်။ သူ၏ အကြည့်တို့သည် ရွှီနန်၏ ဖုန်းမျက်နှာပြင်ပေါ်သို့ကြည့်ကာ လှောင်ရိပ်တစ်ချက်ဖြတ်သန်းသွား၏။ ထိုသူက အနည်းငယ် ပြုံးလိုက်ပြီး မိမိကိုယ်ကို မိတ်ဆက်လိုက်ချိန်တွင် ရွှီနန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ "ကျန်းကျော ဟွားချောင်တက္ကသိုလ်၊ သဘာဝပတ်ဝန်းကျင်သိပ္ပံဌာနကပါ" ရွှီနန်မှာမူ 'သေပါပြီ ငါတော့ အသက်ဆက်မရှင်ချင်တော့ဘူး' ဟု စိတ်ထဲက ညည်းတွားလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူများမှာ အလွန်ပင် ပျော်ရွှင်နေကြသည်။ ထုတ်လွှင့်မှု ပြီးဆုံးခါနီးအချိန်မှသာ Streamer အသစ်၏ ရင်သပ်ရှုမောဖွယ် အလှတရားကို မြင်လိုက်ရခြင်းဖြစ်သည်။ [ ဝိုး၊ အရမ်းချောတာပဲ] [အလှတရားတွေလွန်ကဲနေတယ်၊ ချက်ချင်းပဲ စွဲလမ်းသွားပြီ!] [အဲ့ဒီလောက်လည်း ရိုးအဟန်ဆောင်မနေပါနဲ့... အဲ့ဒီမျက်နှာလေး! ငါတောင် Screenshot ရိုက်ပြီး ဖုန်း Wallpaper လုပ်ထားလိုက်ပြီ။] [ချောရုံတင်မကဘူး၊ တိုက်ခိုက်ရေးလည်း ကျွမ်းကျင်တယ်! ငါ ဒီ Streamer ရဲ့ ပရိသတ်ဖြစ်သွားပြီ!] [အပေါ်ယံမှာ အေးစက်စက်နဲ့ အတွင်းစိတ်မှာ တစ်မျိုးဆန်းနေတဲ့ ပုံစံလေးကို အရမ်းသဘောကျတာပဲ!] ရွှီနန်အနေဖြင့် ကျန်းကျောကို မမှတ်မိခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူသည် ယခုနှစ်တွင် စတုတ္ထနှစ် ကျောင်းသားတစ်ဦးဖြစ်သည်။စတုတ္ထနှစ်မှာ အလုပ်သင်နှစ်ဖြစ်ပြီး ထိုနှစ်သို့ရောက်သည်နှင့် ကျောင်းသားများမှာ တက်ရောက်ရမည့် အတန်းများ သိပ်မရှိတော့ပေ။ ကျန်းကျောသည် ကျောင်းဝင်းထဲတွင် မရှိသလောက်ပင်ဖြစ်ရာ လူအများစုမှာ သူ၏အမည်ကိုသာ ကြားဖူးကြပြီး လူကိုယ်တိုင်မူ တစ်ခါမျှ မမြင်ဖူးကြချေ။ ကျန်းကျောသည် အရေးကြီးကိစ္စအချို့ ဆောင်ရွက်ရန်ရှိသဖြင့် အလုပ်ရှုပ်နေသည့်ကြားမှ ကျောင်းသို့ ခဏပြန်လာခြင်းဖြစ်သည်။ ဤအချိန်တွင် အဆောင်မှာ ပိတ်ထားလောက်ပြီဖြစ်သဖြင့် ကျောင်းဘေးရှိ ဟိုတယ်ဆီသို့သာ သူ ဦးတည်လိုက်သည်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွင် ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်ရန် တိုက်တွန်းအားပေးနေကြပြီး နာမ်ပိုင်းဆိုင်ရာ အသိပညာရပ်များအပေါ်တွင်လည်း မှန်ကန်စွာ နားလည်လာကြပြီဖြစ်သည်။ လူတို့သည် 'ဖုန်းရွှေ' ဟူသော စကားလုံးကို ကြားလိုက်ရုံနှင့် ရှေးရိုးစွဲ အယူသည်းမှုဟု ဦးစွာမတွေးတောကြတော့ဘဲ ပတ်ဝန်းကျင်ဆိုင်ရာ စိတ်ပညာ၊ ရှေးဟောင်းကွန်ဖြူးရှပ်ဝါဒ၊ တာအိုဝါဒနှင့် ကဗျာ၊ ကမ္ပည်းစာ၊ ပန်းချီပညာရပ်များပါ ပေါင်းစပ်ပါဝင်နေသည့် သိပ္ပံပညာရပ်တစ်ခုအဖြစ်သာ ရှုမြင်လာကြသည်။ ပြည်ပနိုင်ငံများတွင်ပင် ဖုန်းရွှေပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားနေကြရာ မြို့တော်ရှိ ကျန်းမိသားစု၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းမှာ ထူးခြားမြင့်မားပြီး အလွန်အမင်း ရိုသေလေးစားခြင်း ခံရခြင်းဖြစ်သည်။ သို့သော် သူတို့၏ ဂုဏ်သတင်းက ပို၍ ကြီးမားလေလေ၊ 'မျိုးဆက်ပြတ်မည့် မြေကွက်' ဟူသော သတင်းက သူတို့အပေါ် သက်ရောက်မှုမှာ ပို၍ ပြင်းထန်လေလေ ဖြစ်သည်။ ဖြစ်ရပ်တစ်ခုလုံးသည် ကျန်းမိသားစု၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် ကျင်းယွဲ့ဗီလာ ဟုခေါ်သော အဆင့်မြင့် အိမ်ရာစီမံကိန်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဖုန်းရွှေပညာရပ်တွင် မင်္ဂလာရှိသော မြေကွက်ရွေးချယ်ခြင်းနှင့် အဆောက်အအုံ ပုံစံထုတ်ခြင်းဆိုင်ရာ အသိပညာများ အလိုအလျောက် ပါဝင်နေပြီး အိမ်ခြံမြေလုပ်ငန်းမှာလည်း ကျန်းမိသားစု၏ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ကျန်းမိသားစု၏ အဖိုးအို ကွယ်လွန်ပြီးစမှာပင် ကျင်းယွဲ့ဗီလာနှင့် ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်လာတော့သည်။ ထိုသတင်းကို ပထမဆုံး ထုတ်ပြန်ခဲ့သူမှာ ပိုင်ရှန့်ဝေဟုခေါ်သော အမျိုးသား အနုပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ကျင်းယွဲ့ဗီလာတွင် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး နေထိုင်ရန် ပြင်ဆင်နေစဉ်၊ အိမ်ပြင်ဆင်ရေးလုပ်ငန်းများ တစ်ဝက်တစ်ပျက်အရောက်မှာပင် ဆောက်လုပ်ရေးလုပ်သားများက ညဘက်တွင် ထိုအိမ်၌ သရဲခြောက်သည်ဟုဆိုကာ အလုပ်ရပ်နားခဲ့ကြသည်။ ယင်းဖြစ်ရပ်နောက်တွင် ပိုင်ရှန့်ဝေမှာလည်း ရိုက်ကူးမည့် ဇာတ်ကားတွင် နောက်ဆုံးမိနစ်မှ လူစားလဲခြင်း ခံလိုက်ရသဖြင့် သူ၏ အနုပညာခရီးလမ်းမှာ အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ ထို့ပြင် သူနှင့် သူ၏မိခင်တို့သည်လည်း အဝေးပြေးလမ်းမပေါ်တွင် ကားမတော်တဆမှု ဖြစ်ပွားခဲ့ကာ ပိုင်ရှန့်ဝေ၏ မိခင်မှာ ယခုထက်ထိ ဆေးရုံတက်နေရဆဲဖြစ်သည်။ ပိုင်ရှန့်ဝေက ဤဖြစ်ရပ်များကို Weibo ပေါ်တွင် ပြန်လည်ပြောပြပြီး ''မိမိ၏ ကိုယ်တွေ့အတွေ့အကြုံအရ ကျင်းယွဲ့ဗီလာမှာ အိမ်မဝယ်ကြရန် တိုက်တွန်းနှိုးဆော်သည်" ဟု ရေးသားလိုက်သောအခါ သူ၏ ပရိသတ်များမှာ သူ့အတွက် စိတ်မကောင်းဖြစ်သွားကြပြီး ထိုသတင်းကို ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့ကြကာ ကျန်းမိသားစုမှာ နာမည်ကောင်းရုံသာရှိပြီး လက်တွေ့တွင် ဘာမှမဟုတ်ဟု စွပ်စွဲပြစ်တင်ခဲ့ကြသည်။ ထို့နောက် နောက်ထပ် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြန်သည်။ ကျင်းယွဲ့ဗီလာ၏ စိမ်းလန်းစိုပြည်ရေး ဧရိယာရှိ မြက်ပင်နှင့် သစ်ပင်အားလုံးမှာ တစ်ညတည်းနှင့် ညှိုးနွမ်းခြောက်သွေ့ သေဆုံးကုန်ကြသည်။ 'မျိုးဆက်ပြတ်ခြင်း' ဟု ခေါ်ဆိုသည့်အတိုင်း မြက်ပင်တစ်ပင်မှ ဆက်လက်မပေါက်ဖွားနိုင်တော့ဘဲ လူရော တိရစ္ဆာန်ပါ အသက်ရှင်သန်နိုင်စွမ်း မရှိတော့သည့် အခြေအနေမျိုး ဖြစ်သည်။ ဤအခြေအနေက အစပိုင်းတွင် စောင့်ကြည့်နေကြသည့် အိမ်ရာနေထိုင်သူများကို ထိတ်လန့်သွားစေကာ အားလုံးက ငွေပြန်အမ်းရန်နှင့် နစ်နာကြေးပေးရန် တောင်းဆိုလာကြတော့သည်။ ဤဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ကျန်းကျောမှာ သူ၏အဖိုး ကွယ်လွန်သွားမှုအပေါ် အလွန်အမင်း ဝမ်းနည်းပူဆွေးရာမှ နေမကောင်းဖြစ်နေခဲ့သည်။ သူသည် အချိန်အတော်ကြာအောင် အိပ်ရာထဲတွင် မေ့လျော့ကာ လဲလျောင်းနေခဲ့ရပြီးမှ တဖြည်းဖြည်း ပြန်လည်သက်သာလာခြင်းဖြစ်သည်။ သူသည် ရှေ့ထွက်၍ ထိုကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် အချိန်တွင်မူ သတင်းများမှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ သူ၏ ဦးဆောင်နိုင်စွမ်းမှာလည်း ဆုံးရှုံးသွားခဲ့ရသည်။ တစ်ဖက်တွင်မူ ကျန်းဝေ က ဤအခွင့်အရေးကို အသုံးချကာ လူမြင်ကွင်းသို့ ခဏခဏထွက်လာပြီး တောင်းပန်ခြင်းနှင့် နစ်နာကြေးပေးရန် ကတိပြုခြင်းများ ပြုလုပ်ခဲ့သဖြင့် လူအများ၏ ကြည်ညိုမှုကို ရရှိခဲ့သည်။ ထိုကောင်လေးမှာ စေတနာကောင်း လုံးဝမရှိပေ။ မူလက ထိုကိစ္စမှာ ကောလာဟလမျှသာဖြစ်ပြီး လူများမှာလည်း တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြခြင်းဖြစ်သည်။ သို့သော် ကျန်းဝေက တောင်းပန်လိုက်သည့်အခါတွင်မူ ကျန်းကျောတွင်သာ အမှား ရှိနေသကဲ့သို့ ဖြစ်သွားစေသည်။ ကျန်းကျောသည် နေမကောင်းဖြစ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ဤအကြောင်းကို သိရှိသွားသောအခါ ဘာစကားမျှ မဆိုခဲ့ပေ။ သူသည် ဦးစွာပထမ ကျန်းဝေကို ဒေါသဖြေသည့်အနေဖြင့် ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် ကျင်းယွဲ့ဗီလာ အနီးအနားသို့ သွားရောက်ကာ အခြေအနေကိုကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခဲ့သည်။ ဖုန်းရွှေပညာရပ် ရှုထောင့်မှကြည့်လျှင် ဤနေရာနှင့် ၎င်း၏ တည်ဆောက်ပုံ ဒီဇိုင်းမှာ လုံးဝ ပြဿနာမရှိပေ။ သစ်ပင်များ သေဆုံးကုန်ခြင်းနှင့် သရဲမြင်ရသည်ဆိုသော ဖြစ်ရပ်များအတွက် အဖြစ်နိုင်ဆုံး အဖြေမှာ တစ်စုံတစ်ယောက်က တမင်ဖန်တီးထားခြင်းပင် ဖြစ်သည်။ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါက အားနည်းချက်များကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင်သည်ဖြစ်ရာ အဓိကအချက်မှာ လူထု၏ ဝေဖန်အမြင်များကို ထိန်းချုပ်နိုင်ရန်သာ ဖြစ်သည်။ သူသည် ထိုကိစ္စကို စဉ်းစားရင်း ဟိုတယ်အခန်းတစ်ခန်း ငှားလိုက်သည်။ ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းကာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိလာသော ရလဒ်များကို ဖုန်းဖြင့် ပြန်လည်စစ်ဆေးကြည့်လိုက်သည်။ 'နယ်ပယ်စုံ ဆက်သွယ်ရေးအသင်း' မှ ထုတ်လုပ်ထားသည့် ဤတိုက်ရိုက်ထုတ်လွှင့်မှု အက်ပလီကေးရှင်း မှာ ကျန်းကျောနေမကောင်းဖြစ်ရာမှ ပြန်လည်သက်သာလာစတွင် သူ့ဖုန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးသား ဖြစ်နေခြင်းဖြစ်သည်။ ၎င်းသည် သူ့အနီးအနားတွင် ဖြစ်ပွားနေသည့် ထူးခြားဆန်းပြားသော ဖြစ်ရပ်အမျိုးမျိုးကို ရှာဖွေဖော်ထုတ်ပေးနိုင်သည်။ ယခုတစ်ကြိမ်တွင်လည်း ကျန်းကျော၏ ကားမှာ မမျှော်လင့်ဘဲ စက်ရပ်သွားချိန်တွင် အဆိုပါ အက်ပ် မှ အသိပေးချက်တစ်ခု ရောက်ရှိလာသည်။ အနီးအနားတွင် 'အသက်ဆက်လက်ဖွဲ့ အသုံးပြုသည့် ဖြစ်ရပ်' တစ်ခုကို တွေ့ရှိထားကြောင်းနှင့် ကားကြုံစီးရင်း လွင့်မျောနေသည့် ဝိညာဉ်တစ်ခုကို ဖြေရှင်းပေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ ယင်း၏ အားသာချက်မှာ ကုသိုလ်အမှတ်များ စုဆောင်းနိုင်ခြင်းနှင့် အခြားသော နယ်ပယ်များမှ ဆန်းသစ်သည့် ပစ္စည်းများကို ရရှိနိုင်ခြင်းပင် ဖြစ်သည်။ ကျန်းကျောသည် ထို အက်ပ် ကို ဖုန်းထဲမှ ပြန်ဖျက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအရာမှာ အသုံးဝင်သည့် တန်ဖိုးအချို့ ရှိနေသည်ကို သေချာစွာ အတည်ပြုပြီးနောက်တွင်တော့ နဂိုအတိုင်းပဲ ထားရန် သူ ဆုံးဖြတ်လိုက်သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် ထားရှိသည့် သဘောထားမှာ စိတ်မပါသော်လည်း သူ၏ ရုပ်ရည်နှင့် အရည်အချင်းမှာ အားသာချက်တစ်ခု ဖြစ်နေသည်။ ကြော်ငြာမှု သိပ်မရှိသည့် လူသစ်တစ်ဦးဖြစ်သော်လည်း အခုနက သရဲကို ဆုံးမသည့် ပြကွက်ကြောင့် ကျန်းကျော၏ ပရိသတ်အရေအတွက်မှာ ၀ မှ ၁၇၀ သို့ တိုးလာခဲ့သည်။ သူ၏ ကုသိုလ်အမှတ်မှာလည်း ၁၀ မှတ် တိုးလာပြီး ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုကို 'ပြီးမြောက်သည်' ဟု မှတ်တမ်းတင်ထားသည်။ ကျန်းကျော၏ အခြေခံ အချက်အလက်များကို ဖုန်းမျက်နှာပြင်ပေါ်တွင် ဖော်ပြထားသည်။ အမည် - ကျန်းကျော အဆင့် - အခြေခံအဆင့် နယ်ပယ် - ကမ္ဘာမြေ လက်ရှိအခြေအနေ - လူအများ၏ စွန့်ပစ်ခြင်းကို ခံထားရပြီး ဂုဏ်သတင်း အလွန်ညံ့ဖျင်းနေသည်။ ကျွမ်းကျင်မှု - နာမ်ပိုင်းဆိုင်ရာပညာရပ်၊ သိုင်းပညာ၊ ရုပ်ရည်ချောမောခြင်း။ ကျန်းကျော : "..." မိသားစုအတွင်း အငြင်းပွားမှုအချို့ ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း 'လူအများ၏ စွန့်ပစ်ခြင်းခံရပြီး ဂုဏ်သတင်း အလွန်ညံ့ဖျင်းသည်' ဟူသည့် ဖော်ပြချက်များမှာ ပြင်းထန်လွန်းလှသည်။ ယခုခေတ်တွင် လူတို့၏ စိတ်နှလုံးမှာ ယခင်ကကဲ့သို့ မဟုတ်တော့ရုံသာမက အက်ပ် တစ်ခုကပင် ဤမျှ စိတ်ပျက်ဖွယ်ကောင်းသည့် ယုံကြည်စိတ်ချရမှုမရှိသော စကားလုံးများကို အသုံးပြုနေသည်မှာ တကယ်ကို စိတ်မသက်မသာ ဖြစ်စရာပင်။ [နယ်ပယ်စုံ တိုက်ရိုက်ထုတ်လွှင့်မှု အက်ပလီကေးရှင်း: သင့်ဘဝကို ပြောင်းလဲပေးနိုင်မည့် အကောင်းဆုံး အက်ပလီကေးရှင်း!] [ပထမဆုံးအကြိမ် စမ်းသပ်တိုက်ရိုက်ထုတ်လွှင့်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယခုအခါတွင် သင့်ကို အမြဲတမ်းအဖွဲ့ဝင်အဖြစ် အဆင့်မြှင့်တင်လိုက်ပြီဖြစ်ကာ တာဝန်ရှာဖွေရေးစနစ်ကိုလည်း ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါသည်။] [ဒေါင်! မစ်ရှင်နောက်ခံအကြောင်းအရာ (၁)] နှလုံးသားမရှိဘဲ ရက်စက်တတ်သည့် လူသည် ချစ်လှစွာသော ဇနီးသည်ကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်။ သုံးနှစ်အကြာတွင် သူမ၏ ပုံတူပန်းချီကားကို စိုက်ကြည့်ရင်း သူက "ပြန်လာခဲ့စမ်း!" ဟု ဟိန်းဟောက်လိုက်သည်။ ကျန်းကျော :"... ငါ ငြင်းတယ်။" [ဒေါင်! မစ်ရှင်နောက်ခံအကြောင်းအရာ (၂)] သူသည် မိမိ၏ ကျောက်ကပ်ကို ရက်စက်စွာ ထုတ်ယူကာ သူ၏ ဖခင်ရင်းထံသို့ ကမ်းပေးလိုက်ပြီး "ဒါဆို ခင်ဗျားအတွက် လုံလောက်ပြီလား" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကျန်းကျော : "..." ဤအရာကို မည်သို့ ပြန်ဖျက်ရမည်ဆိုသည်ကိုသာ သူ ဆက်လက် စဉ်းစားသင့်တော့သည်။ သူက အက်ပ် အိုင်ကွန်ကို ဖိနှိပ်ထားပြီးနောက် ဖျက်ပစ်မည့်နေရာသို့ ဆွဲယူကြည့်သည်။ ဖုန်းမှာ တုန်ခါသွားသော်လည်း ဖျက်ပစ်၍မရခဲ့ပေ။ သို့သော် အက်ပ်၏ ယခင်က တလက်လက်တောက်ပနေသော ရောင်စုံမျက်နှာပြင်မှာ အတော်အတန် ငြိမ်သက်သွားပြီး မျက်စိအေးစေမည့် အစိမ်းနုရောင်သို့ ပြောင်းလဲသွားသည်။ [ဒေါင်! မစ်ရှင် နောက်ခံအကြောင်းအရာ ၃ -] ချစ်ခင်ရသူ ကွယ်လွန်သွားပြီး ကောလာဟလများ ပျံ့နှံ့နေချိန်တွင် ရက်စက်တတ်သည့် မိထွေးနှင့် အမွေလုနေကြသော ညီအစ်ကိုများကို တန်ပြန်တိုက်ခိုက်ပြီး မိမိ၏ ဂုဏ်သတင်းကို မည်သို့ ပြန်လည်အဖက်ဆယ်မလဲ ကျန်းကျောက စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။ "နံပါတ် ၃ ကိုပဲ ရွေးလိုက်မယ်။ ပြီးတော့ သုံးစွဲသူရဲ့ တုံ့ပြန်ချက် (Feedback) အကြံပြုချက်တစ်ခု တင်ပေးလိုက်ပါ။ အက်ပ်တွေ ရေးဆွဲတဲ့ ပရိုဂရမ်မာတွေအနေနဲ့ ဝတ္ထုတွေကို လျှော့ဖတ်သင့်တယ်လို့၊ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက လူတွေကို လှည့်စားဖို့ စာရေးဆရာတွေ လုပ်ကြံဖန်တီးထားတာတွေချည်းပဲမို့လို့" အက်ပ်သည် သူ၏ အသံမက်ဆေ့ကို ပြောင်းလဲလိုက်ပြီးနောက် လက်ခံရရှိကြောင်းကို ပျော်ရွှင်ဖွယ်ကောင်းသော "ဒင်" ဟူသည့် အသံဖြင့် အသိပေးသည်။ ကျန်းကျော၏ ဘဝအတွေ့အကြုံနှင့် မစ်ရှင်နောက်ခံအကြောင်းအရာ ၃ ကို အောင်မြင်စွာ ချိတ်ဆက်ပေးလိုက်ပြီး ဒုတိယအကြိမ် တိုက်ရိုက်ထုတ်လွှင့်မည့် တာဝန်ကို ထုတ်ပြန်လိုက်သည်။ [ဒုတိယအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ် - မျိုးဆက်ပြတ်မြေကွက်၏ လျှို့ဝှက်ချက်] [အဓိကစကားလုံး - ပြိုင်ဆိုင်မှု] [တိုက်ရိုက်ထုတ်လွှင့်မှု၏ ပထမဆုံးသော ထူးခြားချက်ကို မျှော်လင့်နေခြင်း : ခန့်ညားထည်ဝါမှုနှင့် ယုံကြည်မှုကို ထိန်းသိမ်းပြီး ကောလာဟလများကို ခြေဖျက်ပါ၊ အစီအစဉ်တင်ဆက်သူအနေဖြင့် လူထုရှေ့မှောက်တွင် အပြစ်ဆိုဖွယ်မရှိသော အသွင်အပြင်ဖြင့် ပေါ်ထွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။]