#lady
Chapter ( 1 )
ကောင်းကင်ကြီးတစ်ခုလုံးတစ်ဖြည်းဖြည်းဖြင့် အမှောင်ထုထဲသို့ကျရောက်လာပြီး သစ်တောထဲရှိအိမ်ငယ်လေးတစ်လုံးထဲ၌သာ ရေနံဆီမီးရောင်ပျပျလေးတောက်ပနေလေ၏ ။ အရပ်ရှည်ရှည်အမျိုးသားတစ်ဦးမှာမူအိပ်ရာဘေးတွင်ထိုင်နေသည် ။
အမျိုးသားမှာရုပ်ရည်အတော်ချောမောသူဖြစ်ပြီး ဓားသွားတစ်လက်ကဲ့သို့ဖြောင့်တန်းသောမျက်ခုံးမွှေးနှင့် ဇာမဏီမျက်၀န်းတစ်စုံကိုပိုင်ဆိုင်ထားလေသည် ။ ထိုအမျိုးသားက လက်ဆန့်ထုတ်၍ အိပ်ရာပေါ်တွင် လဲလျောင်းနေသောမိန်းမငယ်လေး၏ နဖူးကိုလက်ဖြင့်အုပ်ကာကိုယ်အပူချိန်စမ်းလိုက်၏ ။
အပြုအမူမှာညင်သာနွေးထွေးပြီးဂရုတစိုက်ရှိလှသည် ။ အမျိုးသား၏ အမည်မှာ ပိုင်ကျိုးဟုတွင်၏ ။ ပိုင်ကျိုး၏ ဘ၀တစ်သက်တာလုံးတွင်မိန်းမများစွာကိုမြင်တွေ့ခဲ့ဖူးသည် ။ မိုးမခပင်ကဲ့သို့ပိန်ပါးသွယ်လျသောအမျိုးသမီးများနှင့် ခပ်၀၀အမျိုးသမီးများအဆုံး မည့်သည့်မိန်းမကိုမျှသူစိတ်မ၀င်စားခဲ့ပေ ။ ထိုအမျိုးသမီးများအနားသို့ကပ်လာသည့် အချိန်တိုင်း သူတွေးမိသည်မှာ ပြင်းထန်လှသောမျက်နှာချေ ပေါင်ဒါမှုန့်အနံ့များကြားထဲမှလွတ်မြောက်လိုခြင်းသာဖြစ်၍ ထိုအမျိုးသမီးများချောမောသည်လောရုပ်ဆိုးသည်သော သူစိတ်မ၀င်စားအားပေ ။
သို့သော်လည်း သူ့ရှေ့ရှိ မိန်းမငယ်လေးကမူကွဲပြား၏ ။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်စေ့စေ့စပ်စပ်ကြည့်ရှုမိသည့်အမျိုးသမီးဖြစ်သည့်အပြင် သူချောမောသည်ဟုတွေးမိသည့် ပထမဆုံးအလှတရားပိုင်ရှင်လည်းဖြစ်သည် ။
အခြားသောအမျိုးသမီးများကဲ့သို့ မျက်နှာချေမှုန့်များထူပိန်းနေအောင်မလိမ်းချယ်ထားသည့်အပြင် ချိုချိုအီအီရေမွှေးနံ့များအစား သူမထံမှနို့နံ့သင်းသင်းနှင့် သစ်ခွပန်းရနံ့ဖျော့ဖျော့လေးသာရ၏ ။
ပိုင်ကျိုးမှာ အမှန်ပင်မစဥ်းစားတတ်တော့ချေ ။ ရေထဲတွင်အချိန်အတော်ကြာနစ်နေခဲ့သည့်မိန်းကလေးထံတွင် ပန်းရနံ့ဖျော့ဖျော့သင်းပျံ့ကျန်ခဲ့သည်မှာ အနည်းငယ်ထူးဆန်းနေ၏ ။
ခဏကြာသောအခါ မိန်းမငယ်လေးက ချောင်းတဟွတ်ဟွတ်ဆိုး၍ ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာလေသည် ။ ထိုမျက်၀န်းတစ်စုံမှာ အပြစ်ကင်းစင်ပုံပေါ်၍ ကြည်လင်နေလေ၏ ။
သူမက ပိုင်ကျိုးအားကြည့်ကာ လန့်သွားပုံပေါ်၏ ။ သူမတစ်ကိုယ်လုံးတောင့်တင်းသွားပြီး မ၀ံ့မရဲဖြင့်မေးမြန်းလာလေသည် ။ သူမ၏ လေသံနှင့်စကားပြောဆိုပုံအရနယ်ခံတစ်ဦးမဟုတ်ဘဲ အရှေ့တောင်ပိုင်းမှ လူမျိုးတစ်ဦးဖြစ်ပုံရ၏ ။
" ရှင်ကဘယ်သူလဲ "
ရေနံဆီမီးအိမ်၏ ၀ါကျင်ကျင်မီးရောင်အောက်၌ သူမ၏ အသားအရေမှာတန်ဖိုးကြီးကျောက်စိမ်းကဲ့သို့တောက်ပနေပြီး ကြောက်လန့်သောကြောင့် မျက်တောင်လေးများပင်တုန်ရီနေသည့် ယုန်လေးတစ်ကောင်နှင့်အလွန်ဆင်တူလှသည် ။ ပိုင်ကျိုးက အေးစက်စွာဖြင့်
" မင်းကို မုဆိုးတစ်ယောက်က တောင်ခြေကမြစ်ကမ်းကနေကယ်လာခဲ့တာ ... မင်းဘယ်သူလဲကိုယ့်ကိုယ်ကိုမှတ်မိလား "
မိန်းမငယ်လေးက ပိုင်ကျိုးအား အပြန်ပြန်အလှန်လှန်စေ့စေ့စပ်စပ်ကြည့်ရှုနေလေ၏ ။ အရပ်ရှည်ရုံသာမကရုပ်ရည်အလွန်ချောမောသော အမျိုးသားမှာ သာမန်လူတန်းစားများ၀တ်ဆင်သည့် ၀တ်ရုံကို၀တ်ဆင်ထားသော်လည်း ထိုသူ၏ သိမ်မွေ့သောအသွင်အပြင်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ ။ သူမ၏ ဘ၀တစ်သက်တာလုံးတွင်မြင်တွေ့ခဲ့ဖူးသည့်အမျိုးသားများမှာ စစ်သူကြီးများအပြင်မျိုးရိုးမြင့်အထက်တန်းလွှာမှ သခင်လေးအများအပြားလည်းပါ၀င်၏ ။
ထိုသူများက စျေးကြီးတောက်ပြောင်သည့် ပိုးသား၀တ်ရုံများကိုသာ၀တ်ဆင်လေ့ရှိကြပြီး အထက်တန်းကျကျစားသောက်နေထိုင်ကာ အေးတိအေးစက်ပုံစံဖြင့်နေလေ့ရှိကြသည် ။ သို့သော် သူမ၏ ရှေ့မှအမျိုးသားကမူထိုသူများနှင့်အလွန်ကွဲပြား၏ ။
" ကျွန်မနာမည်က နင်အာပါ ... ပြီးတော့ကျွန်မကကောင်းကင်မင်းကြီး ရဲ့မယ်တော်ပဲ အကြောင်းတစ်ခုခုကြောင့်သေမျိုးလောကကိုရောက်လာရတာ ရှင်ကျွန်မကိုကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုမယ်ဆိုရင် ရှင့်ရဲ့နောက်ဘ၀မှာကောင်းမွန်တဲ့မိသားစုမှာ၀င်စားနိုင်ဖို့အာမခံတယ် ... စျေးကြီးတဲ့ဇိမ်ခံပစ္စည်းတွေနဲ့ BMW ကားကြီးကိုလည်းစီးနိုင်စေရမယ် "
ပိုင်ကျိုး : "..."
သူမပြောနေတာတွေကိုငါဘာလို့နားမလည်တာပါလိမ့် ...
ပိုင်ကျိုးက စိတ်မရှည်တော့သည့်လေသံဖြင့်
" အမှန်အတိုင်းပြောစမ်းပါ "
နင်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက်
" တကယ်တော့ ကျွန်မက နန်ကျိုးနိုင်ငံ ဖန်ချန်းဒေသက ယွမ်မိသားစုရဲ့ကိုယ်ရေးကိုယ်တာအစေခံတစ်ယောက်ပါ ... ကျွန်မရဲ့သခင်မလေးနဲ့အတူတူဆွေမျိုးတစ်ယောက်ရဲ့အိမ်ကိုခရီးထွက်လာပေမဲ့ အဲ့ဒီအိမ်ကမကောင်းတဲ့လူယုတ်မာတစ်ကောင်က ကျွန်မရဲ့အလှကြောင့် ကျွန်မကိုမကောင်းတာလုပ်ဖို့ ကြံတယ်လေ အဲတာနဲ့ကျွန်မလဲထွက်ပြေးလာခဲ့တာ... ဒါနဲ့ရှင့်နာမည်ကဘာလဲ "
" ပိုင်ကျိုး "
နင်အာ၏ လက်တစ်ဖက်ကစောင်ကိုကိုင်ထားပြီး ကျန်တစ်ဖက်က သူမ၏ မေးစေ့ကိုသူမပြန်ပွတ်ကာစဥ်းစားခန်းဖွင့်နေလေ၏ ။
" ပိုင်ကျိုး ... အရေးပါတဲ့နာမည်ကြီးတစ်ယောက်ယောက်ရဲ့နာမည်နဲ့တူနေသလိုပဲ "
ပိုင်ကျိုးက မျက်ခုံးပင့်၍
" မင်းအများကြီးသိတာပဲ .... ဒါပေမဲ့ နာမည်ချင်းဆင်တူနေတာကရှားပါးနေတာတော့မဟုတ်ပါဘူး "
နင်အာက သက်ပြင်းချလိုက်ကာ
" နောက်ဆုံးတော့လည်း ကျွန်မက ချမ်းသာတဲ့အိမ်တော်တစ်ခုကသခင်မလေးတစ်ယောက်ရဲ့အခိုင်းအစေပဲလေ ... ဘာမှမသိဘူးဆိုပေမဲ့ ကျွန်မကြောင့် သခင်မလေးမျက်နှာပျက်ရမှာကိုတော့ ကျွန်မသိပါသေးတယ် ...ဒါနဲ့ ပိုင်ကောကဒီမှာ တစ်ယောက်တည်းနေတာလား "
" အင်း "
"ပိုင်ကော လက်မထပ်ရသေးဘူးမလား "
ပိုင်ကျိုးက သူမကိုအေးစက်စွာစိုက်ကြည့်၍
" မင်းမေးတာအရမ်းများနေပြီ ငါအိမ်ထောင်မပြုရသေးဘူး "
နင်အာမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်လေသည် ။ ဤကဲ့သို့အသက်အရွယ်ကြီးသို့ရောက်သည့်တိုင် လက်ထပ်ခြင်းမပြုရသေးသောကြောင့် ပိုင်ကော၏ မိသားစုကအလွန်ဆင်းရဲသောကြောင့် မည်သည့်မိန်းကလေးကမှလက်ထပ်လိုခြင်းမရှိသောကြောင့် ဖြစ်ရမည်ဟုသာတွေးလိုက်လေသည် ။ ပိုင်ကောကဲ့သို့ စိတ်ရင်းကောင်းသည့်အမျိုးကောင်းသားတစ်ယောက်က တစ်ကိုယ်တည်းဖြစ်နေရသည်မှာစိတ်မကောင်းစရာပင် ။
နင်အာကပြုံး၍
" ဒီလိုဆိုမှတော့ ကျွန်မဒီမှာပဲနေပြီး ပိုင်ကောကိုကူညီပါ့မယ် ... ကျွန်မအလုပ်ကြမ်းတွေလည်းအများကြီးလုပ်နိုင်ပါတယ် ... ပိုင်ကော ကျွန်မကိုကယ်ခဲ့တဲ့အတွက်သေချာပေါက် ကျွန်မကျေးဇူးပြန်ဆပ်မှာပါ "
ပိုင်ကျိုးက အေးစက်စက်ဖြင့် ' ဟမ့် ' ဟုသာပြောလာ၏ ။ သူမအပေါ်အနည်းငယ်မျှသာ ကောင်းမွန်ပေးခြင်းဖြစ်သဖြင့် ထိုမိန်းကလေးကျေးဇူးဆပ်မည်ကိုလည်းသူမလိုချင်ေပ။ နင်အာက အိပ်ရာပေါ်သို့ပြန်လှဲအိပ်လိုက်ပြီး ပိုင်ကျိုးကိုကြည့်ကာ
" ပိုင်ကော ဒီနေ့တော့ကျွန်မနေလို့မကောင်းလို့ အိပ်ရာပေါ်မှာအိပ်မယ်နော် ကောကတော့ကြမ်းပြင်မှာပဲအိပ်လိုက် ... မနက်ဖြန်ကျရင်တော့ ကျွန်မကြမ်းပြင်ပေါ်မှာအိပ်ပါ့မယ် ..."
ပိုင်ကျိုးက သူမပြောသည့်စကားများကိုဂရုမစိုက်ချေ ။ ရေနံဆီမီးကုန်သွားသောကြောင့် အခန်းတစ်ခုလုံးအမှောင်ကျသွားလေသည် ။ သို့သော်လည်း နင်အာရော ပိုင်ကျိုးပါ တစ်ယောက်မှ အိပ်မပျော်ပေ ။
ဖျော့တော့သောမိန်းမငယ်လေး၏ ကိုယ်သင်းရနံ့က ပိုင်ကျိုး၏ နှာခေါင်းနားတွင်ဝေ့၀ဲနေသောကြောင့် ထိုရနံ့ကိုသာအာရုံစိုက်မိလျှက်အိပ်မရဖြစ်နေလေ၏ ။
သူ့ကိုယ်ပေါ်ကအနံ့ကြောင့် ငါ့ကိုအိပ်မရဘဲသေစေချင်နေတာလား ...
" မင်းနာမည်က နင်အာလား ဒါဆိုမျိုးရိုးနာမည်ကရော"
နင်အာကပြုံး၍
" သခင်မလေးရဲ့မိသားစုနာမည်ကယွမ်လေ ... ကျွန်မကယွမ်အိမ်ရဲ့အစေခံတစ်ယောက်ဆိုတော့ ပုံမှန်အားဖြင့် မျိုးရိုးနာမည်ကယွမ်လို့ပြောင်းရမှာ ဒါပေမဲ့ အစေခံမဖြစ်ခင်ကျွန်မရဲ့နာမည်က ရှုပါ ... စာအုပ်ဆိုတဲ့ရှု "
" မင်းပြန်သွားချင်လား ... ငါမင်းရဲ့သခင်ဆီမနက်ဖြန်ပြန်လိုက်ပို့ပေးမယ် "
" ကျွန်မကိုစော်ကားဖို့ကြံတဲ့မကောင်းတဲ့ကောင်က သခင်မလေးရဲ့သတို့သားလောင်းလေ ... ကျွန်မပြန်သွားမယ်ဆိုရင် သေအောင်ရိုက်သတ်ခံရလိမ့်မယ် ပိုင်ကော ကျွန်မကိုသနားတယ်ဆိုရင် ရက်အနည်းငယ်လောက်ဒီမှာပဲပေးနေပါ ... ကျွန်မအလုပ်လဲလုပ်နိုင်ပါတယ် လက်ကိုင်ပ၀ါတို့အ၀တ်တို့ချုပ်ပြီးတော့လဲပိုက်ဆံရှာနိုင်ပါတယ် ... ပိုင်ကောကကျွန်မကိုအစားကြီးတယ်လို့ထင်တယ်ဆိုရင် ကျွန်မနည်းနည်းလေးပဲစားပါ့မယ် ... ပိုင်ကောရဲ့အ၀တ်တွေလည်းလျှော်ပေးပါ့မယ် "
ပိုင်ကျိုးက ခဏမျှတိတ်ဆိတ်နေပြီးနောက်ထပ်ပြောလာ၏ ။
" မင်းဆီကနေအနံ့တစ်မျိုးရတယ် ... ဘာလို့အဲလောက်တောင်မွှေးနေရတာလဲ "
နင်အာမှာ တိတ်တိတ်လေးရယ်မောမိလေ၏ ။
တကယ်ကို မိန်းမတစ်ခါမှမမြင်ဖူးတဲ့လူရိုင်းလေးကျနေတာပဲ ...
" မိန်းမပျိုလေးတစ်ယောက်ရဲ့ရနံ့လို့ခေါ်တယ် မိန်းကလေးတွေမှာ ကိုယ်ပိုင်ကိုယ်သင်းရနံ့တစ်မျိုးစီရှိကြတယ်လေ ... ယောက်ျားလေးတွေလို ချွေးနံ့တွေနံစော်မနေဘူး "
ပိုင်ကျိုး : "..."
ပိုင်ကျိုး : " ငါကတော့ချွေးနံ့တွေမနံအောင်ရေသေသေချာချာချိုးပါတယ် ... နောက်ကျနေပြီ အိပ်တော့ "
နင်အာမှာအမှန်ပင်အိပ်မပျော်နိုင်ချေ ။ သူမ၏ မျက်ခုံးရိုးကိုလက်ဖြင့်ဖိကာနှိပ်နယ်နေလေ၏ ။ သူမတွင်ပြင်းထန်သည့်ရောဂါဟောင်းတစ်ခုရှိသည့်အပြင် ရေနစ်ခဲ့သေးသောကြောင့် ရလဒ်အနေဖြင့် တစ်ကိုယ်လုံးကိုက်ခဲကာတစ်ညလုံးအိပ်နိုင်မည်မဟုတ်ပေ ။
ပိုင်ကျိုးက သူမအားကယ်တင်ခဲ့သောကြောင့် လူကောင်းတစ်ဦးဖြစ်မှန်းသေချာ၏ ။ အပြောဆိုးသောလည်း သူ၏ အပြုအမူများမှာ သူမအတွက်များစွာထောက်ထားညှာတာလှ၏ ။
နောက်တစ်နေ့ နင်အာအိပ်ရာထသည့်အချိန်၌ သူမခြုံထားသည့်စောင်ကိုကြည့်မိသောအခါ ကျားဖြူတစ်ကောင်၏ သားမွေးဖြစ်နေကြောင်းတွေ့လိုက်ရသည် ။ နူးညံ့သောသားမွှေးအား သူမခြုံရန် ညနက်သောအခါမှလာရောက်ခြုံလွှမ်းပေးသွားခြင်းဖြစ်လောက်၏ ။ ထိုသားမွှေးကြောင့်သာ သူမနွေးနွေးထွေးထွေးအိပ်စက်ရရ၍ အဖျားမ၀င်သွားရခြင်းပင် ။
" ကျွန်မတစ်ကိုယ်လုံးမှာထိခိုက်ထားတာတွေအများကြီးပဲ ... ပိုင်ကော မြင်လိုက်လား "
ပိုင်ကျိုးမှာ သူမကိုယ်ပေါ်မှသွေးများကိုသတိမထားမိသကဲ့သို့ သူမ၏ အင်္ကျီကိုချွတ်၍ မည့်သည့်နေရာတွင်ဒဏ်ရာရခဲ့ကြောင်းစစ်ဆေးရန်ကိုလည်းမတွေးမိခဲ့ချေ ။ ယောက်ျားလေးနှင့်မိန်းကလေး နီးနီးကပ်ကပ်နေထိုင်၍ မရကြောင်းကိုသိသည့် ယောက်ျားကောင်းဖြစ်သည့်အတွက် မိန်းမပျိုလေး၏ ကိုယ်ခန္ဓာကိုကြည့်ရှုသည်မှာမသင့်လျှော်ဟုသာတွေးထားလေ၏ ။
" သေသေချာချာမကြည့်မိဘူး ... မင်းဘယ်နေရာမှာထိခိုက်ထားသေးလို့လဲ "
နင်အာက သူမ၏ပခုံးကိုလက်ညိုးထိုးပြ၍
" ဒီနေရာ ... မကောင်းတဲ့ကောင်ကဒီနေရာကိုရိုက်လိုက်တာ အရိုးများကျိုးသွားသလားမသိဘူး ... ပိုင်ကောမှာ ဆေးပင်လေးဘာလေးများရှိလား ကျွန်မဆေးလိမ်းချင်လို့ "
" ကောင်းပြီ "
နင်အာကခပ်ဖွဖွပြုံး၍
" ပိုင်ကောက လူကောင်းတစ်ယောက်ပဲ "
ပိုင်ကျိုးမှာ နင်အာထံမှအမြန်အကြည့်လွှဲလိုက်ရလေ၏ ။ သူနင်အာကိုတဖြည်းဖြည်းပိုကြည့်မရသလိုခံစားလာရသည် ။ အဘယ့်ကြောင့် သူမက သူ့အားတောက်ပစွာပြုံးပြနေရသနည်းကိုသူနားမလည်ပါချေ။
ပုံမှန်အားဖြင့် ပိုင်ကျိုးက တောင်ပေါ်တွင်ဆေးပင်ရှာရန်သွားလေ့မရှိသော်လည်း ယခုမူနင်အာအတွက်ဆေးပင်လိုက်ခူးနေရ၏ ။ ပိုင်ကျိုးထွက်သွားသည်နှင့်တစ်ပြိုင်နက် နင်အာက ပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်ကာ သက်ပြင်းချလိုက်သည် ။
အလင်းရောင်ဖျော့ဖျော့အောက်တွင် သူမ၏ သေးငယ်သောပုခုံးလေးတစ်ဖက်ပေါ်တွင် ညိုမဲစွဲနေပြီဖြစ်သည့် အညိုပုပ်ရောင်အတွင်းကြေဒဏ်ရာကြီးတစ်ခုရှိနေလေသည် ။ ထိုဒဏ်ရာကြီးမှာ သူမ၏ ပုခုံးတစ်၀က်ကျော်ကိုနေရာယူထား၏ ။
" ငါသေရင်လည်းသေသွားနိုင်တယ် "
နင်အာကထပ်မံရေရွတ်လာပြန်၏ ။
" ငါသေရမယ်ဆိုရင်တောင် ... နှစ်လလောက်တော့တောင့်ခံရမယ် "
သူမသေရမှာမကြောက်သော်လည်း ရှင်းပြမနိုင်သည့်အခြားသောအရာများစွာရှိသေးသည် ။ သူမ၏ အင်္ကျီစကိုပြန်ဆွဲတင်လိုက်၏ ။ အမှန်အတိုင်းပြောရမည်ဆိုလျှင် သူမအနေဖြင့် တစ်ခါ၀တ်ပြီးသားအ၀တ်ကိုပြန်မ၀တ်ချင်သော်လည်း ရွာငယ်လေးတွင်နေထိုင်နေရသည်ဖြစ်၍ အခြားသောနည်းလမ်းမရှိချေ ။ ပိုင်ကျိုးသူမအား ကယ်တင်ထားသည်ကပင် ကံကောင်းလွန်းနေပြီဖြစ်၍ အခြားသောအရာများကိုထပ်မံမတောင်းဆို၀ံ့တော့ပေ ။
သူမပြန်နိုင်သည့်အခါ ပိုင်ကျိုးအတွက် ရွှေငွေရတနာများအပြင် သူ့အားချိုချိုသာသာဆက်ဆံ၍ ပြုစုစောင့်ရှောက်မည့် ဇနီးလေးတစ်ယောက်က်ိုပါရှာဖွေပေးမည် ။ သူမအနေဖြင့်ပိုင်ကျိုးကိုတာ၀န်ယူလိုက်ရလျှင်လည်းကိစ္စမရှိချေ ။ ပိုင်ကျိုး၏ စိတ်ဓာတ်သာမက ရုပ်ရည်မှာလည်းအပြစ်ပြောစရာမရှိပေ ။
သို့သော်လည်း ယခုအချိန်အတွင်မူ သူမ၏ ဘ၀အမှန်ကိုထုတ်ဖော်ပြောပြ၍ မရသေးပေ ။
ပိုင်ကျိုးထွက်သွားသည့်အချိန်က ဘာမှမချက်သွားသောကြောင့် နင်အာမှာ အမှန်တကယ်ကိုဗိုက်ဆာနေပြီပင် ။ အခန်းအတွင်းတွင် သူမလှည့်ပတ်ရှာဖွေသောအခါတွင်လည်း နံရံတွင်ချိတ်ဆွဲထားသည့်သားမွှေးများမှအပ အခြားသောအရာများမရှိပေ ။
နင်အာမှာ ဗိုက်ဆာလွန်းသဖြင့် ဗိုက်ထဲမှပင်အသံပေါင်းစုံထွက်နေလေ၏ ။ အပြင်ဘက်သို့ထွက်လိုက်သောအခါ အစာစားနေသည့်ယုန်တစ်သိုက်က သူမအားနားရွက်ထောင်၍ ကြည့်နေကြောင်းတွေ့လိုက်ရသည် ။ နင်အာမှာခေါင်းကုတ်၍ ဆုံးဖြတ်ရခက်နေရှာ၏ ။
ယုန်တစ်ကောင်လောက်ဖမ်းပြီးသတ်စားလိုက်ရမလား ...
သူမ ယုန်တစ်အုပ်အနားသို့လမ်းလျှောက်သွားသည့်အချိန်တွင် မီးခိုးညိုရောင် ခပ်၀၀ယုန်တစ်ကောင်က သူမ၏ ခြေထောက်နားသို့ခုန်ပေါက်လာပြီး နှာတရှုံ့ ရှုံ့လုပ်နေလေသည် ။ ထိုယုန်၏ နားရွက်များမှာ ရှည်လျားပြီး မျက်လုံးများကလည်း၀ိုင်းစက်ကာနီရဲနေလေ၏ ။
" ယုန်လေး ... နင်မို့လို့ငါ့ရှေ့ကိုပြေးလာရဲတယ် ... ငါဗိုက်ဆာနေတာနော် ငါနင့်ကိုသတ်ပြီးချက်စားလိုက်မှာမကြောက်ဘူးလား "
နင်အာက မီးခိုးရောင်ယုန်၀ကြီးကိုဖက်၍ စကားတတွတ်တွတ်ပြောဆိုနေကာ လေပေါ်သို့ပစ်မြှောက်လိုက် ပြန်ဖမ်းလိုက်လည်းလုပ်နေသေး၏ ။
ပိုင်ကျိုး : "..."
ပိုင်ကျိုးကမူ ထိုမိန်းကလေး၏ ဦးနှောက်ထဲသို့ရေ၀င်သွားသောကြောင့် ရူးကြောင်ကြောင်အပြုအမူများလုပ်နေသလောဟုတွေးနေလေ၏ ။ သူမ၏ ဤကဲ့သို့ရူးနှမ်းပုံမျိုးနှင့်ဆို သူမ၏ သခင်ဖြစ်သူကအစေခံအဖြစ်ဆက်ထားချင်တော့မည်မဟုတ်ပေ ။
ပိုင်ကျိုးလာနေသည့်ခြေသံကိုကြားသောအခါ နင်အာကနောက်လှည့်ကြည့်၍ တောက်ပစွာပြုံးပြလိုက်သည် ။
" ပိုင်ကော ပြန်လာပြီလား "
" အင်း ... ငါမင်းအတွက်ဆေးပင်တွေယူလာတယ် "
ထို့နောက် နင်အာပွေ့ထားသည့်ယုန်ကိုကြည့်ကာ
" သူတောင်တော်တော်၀နေပြီပဲ ... နေ့လည်စာချက်စားလိုက်ကြရအောင် "
နင်အာက ကိုယ်ကိုတစ်ဖက်လှည့်၍ ယုန်ကိုပိုင်ကျိုး၏ မြင်ကွင်းထဲမှကွယ်လိုက်၍
" မ၀ဘူး ... မ၀သေးပါဘူး ... ချက်မစားပါနဲ့ဦး ကျွန်မသူ့ကိုမွေးချင်လို့ "
နင်အာမှာ သတ္တ၀ါသေးသေးလေးများအားနှစ်သက်သောကြောင့် ယုန်များကသူမအနားကပ်ရဲကြသော်လည်း ပိုင်ကျိုး၏ အနားကိုမူမကပ်ရဲသောကြောင့် သူမအောက်ချပေးလိုက်သည်နှင့်တစ်ပြိုင်နက် ထွက်ပြေးသွားတော့သည် ။
ပိုင်ကျိုးက ဆေးဖက်၀င်အပင်များကိုပြ၍
" ဒါကထိခိုက်ရှနာတွေအတွက်သုံးလို့ရတယ် ...ကြိတ်ခြေပြီးလိမ်းလိုက် "
နင်အာ အသေအချာနားထောင်နေပြီးနောက် မျက်လုံးအ၀ိုင်းသားဖြင့် ပိုင်ကျိုးအားပြောလာ၏ ။
" ကျွန်မဗိုက်အရမ်းဆာနေလို့ ... ပိုင်ကော တစ်ခုခုချက်ပေးလို့ရမလား ... ကျွန်မအစားကြေးများတတ်တဲ့သူမဟုတ်ပါဘူး ... ပိုင်ကော ချက်တာဘာပဲဖြစ်ဖြစ်စားပါ့မယ် "
🐳