အပိုင်း ၂
Viewers 7k

#lady
Chapter ( 2 )

ပိုင်ကျိုးကခေါင်းညိမ့်ပြ၍ 

 " အင်း ... " 

ထို့နောက် ပင်မအခန်း၏ ဘေးဘက်ရှိ မီးဖိုချောင်ဖြစ်ပုံရသောအခန်းထဲသို့၀င်သွားလေ၏ ။ နင်အာလည်း ပိုင်ကျိုး၏ နောက်မှ အမှီးတန်းလန်းလေးကဲ့သို့တကောက်ကောက်လိုက်လာလေသည် ။ သူမ၏ မျက်၀န်းများမှာ ၀ိုင်းစက်တောက်ပနေသည့်အပြင် ဆံပင်ကိုလည်းထုံးနှောင်မထားသောကြောင့် ကျောဘက်တွင်ဝေ့၀ဲကျနေလေ၏ ။ မီးဖိုထဲရှိ အလင်းရောင်ပျပျအောက်၌ သူမ၏ အသားအရေမှာရွှန်းလဲ့တောက်ပနေသည် ။ 

ပိုင်ကျိုးက သူမကိုအေးစက်စက်စိုက်ကြည့်၍ 

" မင်းကဘာလိုက်လုပ်တာလဲ "

နင်အာကပြုံးပြကာ 

" ကျွန်မ ပိုင်ကောဟင်းချက်တာကိုကူညီပေးမလို့လေ "

" ဟင်းမချက်ခင် မီးအရင်မွှေးရဦးမှာလေ ... မင်းမီးမွှေးတတ်လို့လား "

ပိုင်ကျိုးက နင်အာ၏ လက်ကိုတစ်ချက်ကြည့်လိုက်၏ ။ သူမ၏ လက်ချောင်းများမှာဖြူဖွေးသွယ်လျသည့်အပြင် အသားမာလည်းမရှိသောကြောင့် အလုပ်ကြမ်းများကိုလုပ်နိုင်မည့်ပုံမပေါ်ပေ ။ 

နင်အာကိုယ်တိုင်လည်း မည်ကဲ့သို့မီးမွှေးရမည်နှင့် ထင်းခွဲရမည်ကိုမသိပါချေ ။ 

" ကျွန်မ ပိုင်ကောထင်းခုတ်တာကို ဘေးကနေစောင့်ကြည့်ပေးနေမယ်လေ ... ပိုင်ကော ချွေးထွက်လာရင် ကျွန်မချွေးသုတ်ပေးမှာပေါ့ "

" မလိုပါဘူး "

" တကယ်ကြီးမလိုဘူးလားဟင် "

သူ ထိုမိန်းကလေးအားပထမဆုံးစတွေ့သည့်အချိန်ကတည်းက သူမအပေါ်အမြင်ကောင်းမရှိခဲ့ပါချေ ။ ထိုမိန်းကလေးကိုမြင်သည့်အချိန်တိုင်းထူးဆန်းသည့်ခံစားချက်တစ်မျိုးကိုခံစားနေရသည့်အပြင် သူမကသူ့အားအမြဲတမ်းတောက်ပစွာပြုံးပြတတ်၏ ။ 

" မင်းကမိန်းကလေးလေ ... ဘာလို့ယောက်ျားလေးတစ်ယောက်ကို အလကားနေပြုံးပြနေရတာလဲ "

နင်အာ မျက်ခုံးပင့်လိုက်ပြီးနောက် ရွှင်မြူးစွာဖြင့် 

 " အိုး ... မိန်းကလေးတစ်ယောက်ဖြစ်တာနဲ့ ပြုံးပြလို့မရဘူးတဲ့လား "

သူမက ထပ်မံရယ်မောလိုက်ကာ 

" ကျွန်မကဒီတိုင်း ရယ်မောနေရတာကိုကြိုက်ရုံတင်ပါ"

ပိုင်ကျိုးမှာ သူမထံမှအကြည့်လွှဲလိုက်ရလေ၏ ။ 

ဟမ့် ...

အဲမှာ ကြိုက်သလောက်သာရယ်နေလိုက် ...

ရယ်နေရင်း သွားတွေလည်းကျွတ်ထွက်သွားဦးမယ် ...

နင်အာ၏ သွားများမှာ ကျောက်စိမ်းဖြူများကဲ့သို့ဖြူဖွေးလှပြီး အပြုံးမှာလည်းတောက်ပကာ စွဲမက်ဖွယ်ကောင်းလှ၏ ။ နင်အာကိုယ်တိုင်လည်း သူမကလှပကြောင်းသိ၏ ။ အကယ်၍ သူမကိုသာမိန်းမလှတစ်ဦးဟုမသတ်မှတ်လျှင် ဤ လောကရှိမည်သည့်မိန်းမကမျှမိန်းမလှဟုခေါ်နိုင်ရန် အရည်အချင်းပြည့်မှီမည်မဟုတ်ချေ ။ 

ပိုင်ကျိုးကအမှန်ပင် သစ်သားတုံးကြီးကဲ့သို့ယောက်ျားမျိုးဖြစ်လေသည် ။ မျက်စိရှေ့ရှိချောမောလှပသော မိန်းမပျိုလေးကိုပင် ချောမောသည်ဟုမထင်သည့် သစ်သားတုံးကြီးပါပင် ။ ထိုသူကပို၍ အေးစက်လေ နင်အာကပို၍ စနောက်ချင်လေဖြစ်သည် ။ 

" ပိုင်ကော ... ချွေးတွေအများကြီးထွက်နေတယ်နော် ... ဘာလို့ ကျွန်မကိုသုတ်ခွင့်မပေးတာလဲ "

ပိုင်ကျိုးက ထင်းတုံးကိုပုဆိန်ဖြင့် အားမာန်ပါပါခွဲလိုက်ပြီးနောက် လက်ဖြင့်ချွေးများကိုသပ်လိုက်ကာ 

" မလိုပါဘူး "

 " ဒါဆိုလည်း ကျွန်မထင်းတွေကူသယ်ပေးမယ်လေ "

ပိုင်ကျိုးက အေးစက်စက်ဖြင့် 

" မင်းသယ်နိုင်မှာမို့လို့လား "

နင်အာက ထင်းချောင်းများကိုပိုက်၍ လမ်းလျှောက်လိုက်သောအခါ ခြေနှစ်လှမ်းပြည့်အောင်မလျှောက်နိုင်သေးခင်မှာတင် လက်ထဲမှထင်းများစွာလျှောကျသွားလေသည် ။ ပိုင်ကျိုးကမူ နင်အာ၏ နောက်ကျောကိုစိုက်ကြည့်နေလေ၏ ။ 

သူမကရိုးရှင်းသည့် ချည်ကြမ်းအ၀တ်ကိုသာ၀တ်ဆင်ထားပြီး အထည်စမှအရောင်ဖျော့သောကြောင့် သူမအားပို၍ ပိန်သွယ်ကာအားနည်းသည့်ပုံပေါ်သွားစေ၏ ။ လေတစ်ချက်ဝှေ့တိုက်လိုက်သောအခါ ပိုင်ကျိုး၏ နှာခေါင်းထဲသို့ သူမ၏ ကိုယ်သင်းရနံ့လေးရောက်ရှိလာပြန်သည် ။ သို့သော်လည်း သူမလမ်းလျှောက်နေပုံမှာလေတိုက်ရုံနှင့်ပင် လွင့်ပါသွားတော့မလိုဖြစ်နေသောကြောင့် ပိုင်ကျိုးက အေးစက်စက်ပြောလာ၏ ။ 

" အဲနားမှာချထားလိုက်တော့ မင်းပြန်ပြီး ဒဏ်ရာကိုသာဆေးသွားထည့်.... ကျန်တာတွေငါဆက်လုပ်လိုက်မယ် "

နင်အာက ထင်းများကိုချက်ချင်းပစ်ချ၍ 

" အာ့ ... ဒါတွေကတကယ်လေးတာပဲ "

နဖူးမျှချွေးများကိုသုတ်လိုက်ပြီးနောက် ပိုင်ကျိုးအားပြုံးပြရန်လည်းမမေ့ချေ ။ 

 " ဒါဆိုရင် ကျွန်မဆေးသွားလိမ်းတော့မယ်နော် ... ပိုင်ကော စိတ်ချလက်ချထင်းဆက်ခုတ်လို့ရပါတယ် ကျွန်မလာမချောင်းကြည့်ပါဘူး "

ပိုင်ကျိုး : "..."

မင်းကလွဲရင်ဘယ်သူကများ အားအားယားယား သူများထင်းခုတ်တာကိုလာချောင်းကြည့်မှာမို့လို့လဲ ...

နင်အာဘက်မှစကားတစ်ခွန်းခွန်းစမပြောသရွေ့ ပိုင်ကျိုးဘက်မှစကားစပြောလာမည်မဟုတ်ပေ ။ သူမကဲ့သို့ လှပသောမိန်းမပျိုလေးကိုပင် ပိုင်ကျိုးကအဖတ်မလုပ်ပါချေ ။ 

နင်အာက ပိုင်ကျိုးခုံပေါ်တွင်တင်ထားခဲ့သည့် ဆေးဖက်၀င်အပင်များကိုယူကြည့်လိုက်သည် ။ အပင်များ၏ ဆေးဖက်၀င်ပုံကိုသူမမှတ်မိပြီး ထိုအပင်များမှာ အလွန်ရှားပါးသည့်ဆေးပင်များပင် ။ တောင်ကြီးတစ်ခုလုံးတွင် ထိုကဲ့သို့ဆေးပင်များအနည်းငယ်သာပေါက်ရောက်ပြီး ပိုမိုအရေးကြီးသောအချက်မှာ ပိုင်ကျိုးက သူမအတွက် ခက်ခက်ခဲခဲသွားရှာပေးလာခြင်းဖြစ်သည် ။ 

ဘယ်လောက်တောင်ရိုးသားလိုက်တဲ့လူလဲ ...

နင်အာက သူမ၏ အပေါ်ရုံကိုချွတ်လိုက်ပြီးနောက် ဆေးလိမ်းရန်ပြင်လိုက်သည် ။ အလင်းရောင်ဖျော့ဖျော့၏ အောက်၌ သူမ၏အသားအရေမှာကျောက်စိမ်းဖြူကဲ့သို့တောက်ပနေပြီး ပုခုံးရှိထိခိုက်ရာကြီးမှာ ပိုမိုသိသာလာပြီဖြစ်၏ ။ သူမဆေးလိမ်းနေသည့်ပုံမှာဆွဲဆောင်မှုရှိသည်ဟုတွေးမိသောကြောင့် ပိုင်ကျိုးအား မြင်စေချင်သော်လည်း ထိုသစ်သားတုံးက မိန်းကလေးတစ်ယောက်နောက်ကို လိုက်ချောင်းရမည်ကိုပင်မသိသည့်လူရိုးကြီးဖြစ်နေ၏ ။ 

နင်အား ဆေးလိမ်းပြီး၍ ထွက်လာသည့်အခါ ပိုင်ကျိုးက ထင်းများအကုန်ခွဲ၍ပြီးသွားပြီဖြစ်သည် ။ 
အသီးအရွက်များကိုကြော်၍ ထမင်းချက်ကာ ဆန်ပြုတ်တစ်ခွက်ကိုလည်း ပြင်ဆင်ထား၏ ။ နင်အာက တစ်လုတ်မျှသောက်ပြီးနောက် ပျော်ပျော်ရွှင်ရွှင်ပြုံးကာ 

" အရသာရှိလိုက်တာ "

အမှန်တကယ်၌ အရသာမှာ အရမ်းအရမ်း မကောင်းမွန်သော်ငြား ထိုဟင်းပွဲများအတွက်စကားအနည်းငယ်ပိုမိုပြောဆိုချင်ဆဲပင် ။ ပိုင်ကျိုးကမူ သူမအားလျှစ်လျှူရှုထားလေသည် ။

နင်အာက အရွက်ကြော်များကိုထပ်ယူစား၍ 

" အရွက်ကြော်ကလည်းအရသာရှိတာပဲ "
 
ပိုင်ကျိုး ကိုယ်တိုင်လည်း မည်ကဲ့သို့ချက်ပြုတ်ရမည်ကိုမသိပါချေ ။ ပုံမှန်အားဖြင့် ဤအိမ်တွင်နေလေ့မရှိဘဲ သူ၏ အိမ်တော်၌သာနေထိုင်လေ့ရှိသော်လည်း နင်အာ၏ နောက်ခံကိုရှင်းရှင်းလင်းလင်းမသိသေးသောကြောင့် သူ၏စံအိမ်ကိုမခေါ်သွားချင်ပေ ။ 

ထို့ပြင်တောင်ပေါ်၌ ၀ံပုလွေကဲ့သို့သားရဲများပေါများသောကြောင့် သူမအားတစ်ယောက်တည်းထားခဲ့၍လည်းမဖြစ်နိုင်ပါချေ ။ သူမကဲ့သို့အားနည်းပုံမျိုးနှင့်ဆိုလျှင် အိမ်အပြင်သို့ထွက်ထွက်ချင်းပင် ၀ံပုလွေအစားခံနိုင်ရလိမ့်မည် ။ သူမကိုသနားသောကြောင့် ဟင်းချက်ပေးရခြင်းဖြစ်သည် ။ 

ဤတစ်ကြိမ်မှာ အမှန်တကယ်ကို ပိုင်ကျိုး ပထမဆုံးအကြိမ်ချက်ပြုတ်ဖူးခြင်းဖြစ်၏ ။ 
 
သူရှေ့မှအမျိုးသမီးငယ်လေးက ပါးစပ်အပြည့်ကျေနပ်အားရစွာစားသောက်နေလေသည် ။ ပန်းကန်လုံးမှာ သိပ်မကြီးချေ ။ ပထမဆုံးအကြိမ်စတင်ချက်ပြုတ်ခြင်းဖြစ်သည့်အတွက် လူတစ်ယောက်စာအတွက်ကိုသာ ချက်ပြုတ်ခဲ့ခြင်းဖြစ်သည် ။ ပန်းကန်လုံး၏ သုံးပုံနှစ်ပုံကျော်စားသောက်ပြီးသောအခါ နင်အာအမှန်ပင်ဗိုက်ပြည့်နေပြီဖြစ်၏ ။ 

သူမ၏ အစာအိမ်မှာသေးသေးလေးဖြစ်သဖြင့် ဆက်မစားနိုင်တော့ချေ ။ နင်အာက ပိုင်ကျိုးအားချောင်းကြည့်နေသည််ကိုပိုင်ကျိုးသတိထားမိသောအခါ တူကိုချကာပြောလာ၏ ။ 

" ထပ်မစားနိုင်တော့ဘူးလား "

နင်အာက ခေါင်းညိမ့်၍ 

" ကျွန်မအတွက်နည်းနည်းလေးဆိုရပါပြီ "

ပိုင်ကျိုးက အေးစက်စက်မျက်နှာထားဖြင့် နင်အာ၏ ပန်းကန်လုံးကိုဆွဲယူကာ လက်ကျန်ဆန်ပြုတ်များကိုသောက်လိုက်သည် ။ စားသောက်ပြီးနောက် နင်အာကအမြန်ထရပ်လိုက်ကာ 

" ကျွန်မ ပန်းကန်ဆေးလိုက်ပါ့မယ် ... ပိုင်ကော အရင်နားနေလိုက်နော် "

ပိုင်ကျိုးကလည်း သူမအားမတားခဲ့ချေ ။ နင်အာမှာ ပန်းကန်တစ်ခါမှမဆေးဘူးရုံသာမက ငယ်စဥ်ကတည်းကစ၍ လက်ကိုင်ပ၀ါတစ်ထည်ကိုပင် မလျှော်ခဲ့ဘူးပါပေ ။ အစေခံတစ်ယောက်အဖြစ် သရုပ်ဆောင်ခြင်း၏ အကျိုးရလဒ်အနေဖြင့် ပန်းကန်လုံးကိုခွဲလိုက်မိပြီး သိမ်းဆည်းရန်ကြိုးစားသောအခါ၌ လက်ရှမိသွားလေသည် ။ 

ပိုင်ကျိုးက မျက်မှောင်ကျုံ့ကာဖြင့်

" မင်းကတကယ်ပဲ အစေခံတစ်ယောက်ဟုတ်လို့လား "

ဘယ်သူ့ရဲ့အစေခံကများ ဒီလိုဗရုတ်သုတ်ခကျမှာလဲ ...

အကယ်၍ သူ၏ စံအိမ်မှာသာဤကဲ့သို့အစေခံမျိူးရှိမည်ဆိုပါက အိမ်တော်ထဲသို့၀င်သည့်နေ့ကတည်းကပင် ကန်ထုတ်လိုက်မည်ဖြစ်သည် ။ နင်အာက သွေးထွက်နေသည့်လက်ချောင်းကိုပါးစပ်ထဲတွင်ငုံကာ 

 " ဒီလို ..."

သူမ၏ မျက်၀န်းထဲတွင်မျက်ရည်စများဖြင့်စိုစွတ်နေပြီး နက်မှောင်သောဆံနွယ်ရှည်ကြီးများကိုလည်း သစ်သားဆံထိုးဖြင့်သာရိုးရိုးရှင်းရှင်းထုံးနှောင်ထားသည် ။ အကြည့်တစ်ချက်နှင့်ပင် သူမ၏အားနည်သောအလှတရားကိုမြင်နိုင်၏ ။ သို့သော်လည်း သူမ၏နူးညံ့ထိခိုက်လွယ်သောပုံစံမှာ ပိုင်ကျိုးအတွက်မူ တစ်မျိုးတစ်ဖုံထူးဆန်းနေလေသည် ။ 

" ပိုင်ကော ... ကျွန်မတောင်းပန်ပါတယ် ... ကျွန်မပိုင်ကောကိုလိမ်ခဲ့တာပါ ကျွန်မကယွမ်အိမ်ကအစေခံတစ်ယောက်မဟုတ်ပါဘူး ယွမ်အိမ်ကသခင်မလေးယွမ်နင်ပါ ... ကျွန်မရဲ့မိဘတွေက ကျွန်မကို၀မ်းကွဲတစ်ဟောက်နဲ့လက်ထပ်စေချင်ကြတယ် ဒါပေမဲ့ အဲဒီ၀မ်းကွဲကအရမ်းရုပ်ဆိုးလွန်းတယ် ... ကျွန်မလက်မထပ်ချင်လို့ထွက်ပြေးရင်းမတော်တဆမြစ်ထဲပြုတ်ကျသွားတာပါ "

" မနက်ဖြန် ငါမင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ် "

" မပြန်ချင်ဘူး " 

နင်အာ၏ မျက်၀န်းထဲတွင်ချက်ခြင်းမျက်ရည်အပြည့်ဖြင့် 

" ပိုင်ကော ... မချစ်တဲ့လူတစ်ယောက်ကိုလက်ထပ်ရမှာ ဘယ်လောက်တောင်နာကျင်စ ရာကောင်းလဲ ကောမသိပါဘူး"

ပိုင်ကျိုး : "..."

အမှန်၌ ပိုင်ကျိုးလည်းနားမလည်ပေ ။ သူသည်ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ခင်ပွန်းသည်တစ်ယောက်ကိုလက်ထပ်ယူရသည့်ခံစားချက်ကိုမသိသည်မှာ သဘာ၀ကျပေ၏ ။ 

နင်အာမှာ သူမ၏ စိတ်ထဲမှ၀မ်းကွဲဖြစ်သူအတွက်စိတ်မကောင်းဖြစ်မိသော်လည်း အမှန်တကယ်ကိုလက်မထပ်ချင်သောကြောင့် ပိုင်ကျိုးသူမအားသနားလာစေဖို့ရာ လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည် ။ 

" ကျွန်မရဲ့၀မ်းကွဲက တကယ်ကိုမကောင်းတဲ့အကောင် သူ့မှာကိုယ်လုပ်တော် ဆယ့်ရှစ်ယောက်တောင်ရှိတာ ... ပြီးတော့ထူးထူးဆန်းဆန်း၀ါသနာကြီးလည်းရှိသေးတဲ့အပြင်ကို ရုပ်ကလဲသေအောင်ဆိုးတာ ... ပိုင်ကောက ကျွန်မကိုအဲ့လိုလူနဲ့လက်ထပ်စေချင်လို့လား ... တကယ်လို့ပိုင်ကော ကျွန်မကိုပြန်ပို့မယ်ဆိုရင် ကျွန်မကိုယ့်ကိုယ်ကို နံရံနဲ့ဆောင့်ပြီးသတ်သေပစ်မှာ "

ပိုင်ကျိုး : " အိုး "

" ပိုင်ကော ကျွန်မကိုမသနားဘူးလား "

ပိုင်ကျိုးက သူမ၏ခေါင်းအစခြေအဆုံးတစ်ခေါက်ကြည့်၍ 

" မင်းပြောတဲ့စကားတွေက ဘယ်ဟာကအမှန် ဘယ်ဟာကအမှားလဲဆိုတာတောင်ငါမသိတော့ပါဘူး "

နင်အာက ကျိန်ဆိုသည့်သဘောဖြင့်သူမ၏ လက်ကိုမြှောက်၍ 
 
" ကျွန်မပြောသမျှစကားတွေအားလုံးကအမှန်ပါ လိမ်ပြောခဲ့ရင် အလွန်ဆိုးရွားတဲ့ ..."

သူမပြောလိုသည့်စကားမှာ ' သေခြင်းတရားနှင့်ကြုံရပါစေ ' ဟုဖြစ်သော်လည်း ပြီးအောင်မပြောနိုင်ခင်မှာတင် ပိုင်ကျိုးက သူမ၏ပါးစပ်အားလက်ဖြင့်အုပ်ကာတားလာ၏ ။

" အတည်ကြီးတွေကျိန်မနေစမ်းပါနဲ့ ... တစ်ခါတော့ယုံပေးလိုက်မယ် "

နင်အာမှာ ပြုံးမိလေသည် ။ သိပ်မကြာခင်မှာပင် သူမသေချာပေါက်သေဆုံးရမည်ကိုသိသောကြောင့် ကျိန်ဆိုလိုက်လျှင်လည်း ဘာမှမထူးခြားသွားပါပေ ။ 

နင်အာကစနောက်လိုဟန်ဖြင့် ပိုင်ကျိုး၏ လက်ဖ၀ါးအားလျှာဖြင့်လျှက်လိုက်လေ၏ ။ ပိုင်ကျိုးကမူ သူ၏ လက်တစ်ခုလုံးအပူလောင်သွားသကဲ့သို့ခံစားလိုက်ရသောကြောင့် နောက်ဆုတ်မိသွားလေသည် ။ 

" မင်း ... "

" အခုလေးတင်ပိုင်ကောက ကျွန်မရဲ့အနားကိုတိုးကပ်လာတာမဟုတ်လား... ဘယ်လိုလဲ ကျွန်မဆီကမွှေးရနံ့လေးရရဲ့လား "

ပိုင်ကျိုးက အံကြိတ်၍ 

" မင်းက တကယ်ရောအိမ်တော်တစ်ခုကသခင်မလေးတစ်ယောက်ဟုတ်ရဲ့လား "

ပိုင်ကျိုးမြင်တွေ့ခဲ့ဖူးသည့် အိမ်တော်များမှဂုဏ်သရေရှိမိန်းမပျိုလေးများမှာ အလွန်အနေအထိုင်သိမ်မွေ့ကြလေသည် ။ အမျိုးသားတစ်ယောက်၏လက်ကိုလျှက်ရန်မဆိုနှင့် ယောက်ျားတစ်ယောက်နှင့်နီးနီးကပ်ကပ်နေလိမ့်မည်ပင်မဟုတ်ပေ ။

မိန်းမငယ်လေးတစ်ယောက်ဖြစ်သော်လည်း လွန်လွန်ကျူးကျူးပြုမူတတ်သည့် အကျင့်စရိုက်ကြောင့် သူမ၏၀မ်းကွဲကသူမကိုအနိုင်ကျင့်ရန်ကြိုးစားသည်လော သူမကပဲ ဖျားယောင်းတတ်သည့်မြေခွေးမလေးလော မတွေးတတ်ပါတော့ချေ ။ 

" မင်းဒီမှာဆက်နေချင်တယ်ဆိုရင်လဲနေလို့ရတယ် ဒါပေမဲ့ ယဥ်ကျေးမှုမရှိတဲ့အပြုအမူမျိုးတွေမလုပ်နဲ့ "

နင်အာက သူမ၏ လက်ချောင်းများဖြင့်ဆံပင်ကိုလိမ်ကစားနေကာ 

 " ဒါပေမဲ့ ကျွန်မက ယဥ်ကျေးမှုမရှိတဲ့သူမျိုးပဲလေ ... အကျင့်စရိုက်ကိုမပြင်နိုင်ရန်ဘယ်လိုလုပ်မလဲ "

" မင်းမပြောင်းလဲနိုင်ဘူးဆိုရင်တောင် ပြောင်းလဲဖို့ကြိုးစားရမှာပဲ "

နင်အာ၏ အပြုံးမှာ အသေအချာကိုပင် ပိုင်ကျိုး၏စကားအားနားထောင်ချင်ပုံမရပေ ။ သူမအတွက် သခင်မလေးများလိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများကိုလိုက်နာရန်မလိုအပ်တော့ပေ ။ လွတ်လပ်ခွင့်ရရန်ထွက်ပြေးလာခြင်းဖြစ်သည့်အတွက် သူမဖြတ်သန်းချင်သောဘ၀နေထိုင်မှုမျိုးဖြင့်သာဟန်ဆောင်မှုမရှိဆက်လက်နေထိုင်မည် ။ 

ဤသည်မှာ သူမ၏ပုံစံအစစ်အမှန်ပင် ။ 

တစ်ဖက်၌ ပိုင်ကျိုးမှာမူ မျက်နှာသေကြီးဖြင့် ပန်းကန်ဆေးနေပြီး ဘ၀တစ်သက်တာလုံးတွင် ထိုမိန်းကလေးအားထပ်မတွေ့ရရန်ဆုတောင်းနေလေ၏ ။

သို့သော် လက်ဖ၀ါးထက်ရှိခံစားမှုမှာမူ တစ်မျိုးတစ်ဖုံထူးဆန်းနေသည် ။ 

သူမထံမှရရှိခဲ့သည့် ကိုယ်သင်းရနံ့လေးအားမှတ်မိနေဆဲဖြစ်သည့်အပြင် လျှာထိပ်ဖျားလေးမှာ စိုစွတ်ကာနွေးထွေးသောကြောင့် ထိုခံစားမှုကပိုင်ကျိုးအားကြက်သီးတဖြန်းဖြန်းထသွားစေသည် ။

ပိုင်ကျိုး နင်အာ အားထပ်မံခိုးကြည့်မိသောအခါ သူမကရိုးရိုးရှင်းရှင်းသာ၀တ်စားထားသည့်အပြင် 
ဆံနွယ်များကိုလည်း သစ်သားဆံထိုးလေးဖြင့်သာထုံးဖွဲ့ထား၏ ။ မည်သည့်တန်ဖိုးကြီးအရာကိုမှမ၀တ်ထားသော်လည်း သူမ၏ အသွင်မှာရိုးရိုးရှင်းရှင်းနှင့် ဆွဲဆောင်မှုရှိလှသည် ။ 

ပန်းကန်ဆေးပြီးသည့်တိုင် ပိုင်ကျိုးက နင်အာ၏ လက်ရှသွားသည့်အကြောင်းကိုမမေ့ချေ ။ ပန်းကန်လုံးက ကြွေထည်အကြမ်းစားဖြင့်ပြုလုပ်ထားသည့်အတွက် တော်ရုံတန်ရုံဖြင့် အရေပြားကိုပွန်းပဲ့စေရန်မဖြစ်နိုင်ပေ ။ ဤကဲ့သို့ကြွေထည်မျိုးကပင် သူမ၏လက်ကိုထိရှသွားစေသောကြောင့် နင်အား၏ အသားအရေမှာအလွန်နူးညံ့ကြောင်းသိသာလှ၏ ။ 

" မင်းလက်ကိုထိခိုက်ထားတယ်ဆိုရင် ဆေးထည့်ရမှာလေ ပါးစပ်ထဲထည့်ထားရမှာမဟုတ်ဘူး ... ညစ်ပတ်လိုက်တာ "

" ဒါပေမဲ့ ကျွန်မမှာဆေးမှမရှိတာ "

ပိုင်ကျိုး အပြန်ပြန်အလှန်လှန်ရှာဖွေသောအခါ ကျင်းချောင်၏ ဆေးဘူးများထွက်လာ၏ ။ 

" ဒီကိုလာခဲ့ "

ပိုင်ကျိုးက နင်အာ၏ လက်အားဂရုတစိုက်ဖြင့်ဆေးထည့်ပေးနေပုံအား နင်အာကလည်း ရှက်ကိုးရှက်ကန်းဖြင့်ပြန်လည်ကြည့်နေလေသည် ။ 

ပိုင်ကျိုးက အရပ်ရှည်သည့်အပြင် ရုပ်ရည်မှာလည်းအင်မတန်ချောမောလေ၏ ။ နင်အာ့ အနေဖြင့် ချောမောသည့်မျိုးရိုးမြင့်အမျိုးသားများစွာကိုတွေ့မြင်ဖူးပြီး ထိုသူများမှာ နဂါးနှင့်ဖီးနစ်များကဲ့သို့အဆင့်အတန်းမြင့်အမျိုးကောင်းသားများဖြစ်သော်လည်း ပိုင်ကျိုးနှင့် ယှဥ်လျှင်မူ နောက်ကောက်ကျကျန်ခဲ့ကြ၏ ။ တောတောင်ထဲတွင်တစ်ကိုယ်တည်းနေထိုင်သူတစ်ဦးဖြစ်သော်ငြား ပိုင်ကျိုး၏ ရုပ်ရည်သွင်ပြင်နှင့်စိတ်ဓာတ်တို့မှာအပြစ်ပြောစရာမရှိပါချေ ။ 

သူ့အားအရှက်မရှိအချိန်အတော်ကြာစိုက်ကြည့်နေသည့် မိန်းကလေးကိုကြည့်၍ 

 " မင်းကြည့်လို့၀ပြီလား "

နင်အာက တခစ်ခစ်ရယ်မော၍ 

" ဟင့်အင်း ... မ၀သေးဘူး "

ပိုင်ကျိုးက အေးစက်စက်လေသံဖြင့် 

" ဘာကြည့်လို့ကောင်းတာရှိလို့လဲ .... မနက်ဖြန်ကျ အ၀တ်အစားသစ်တွေသွား၀ယ်ကြမယ် "




Xxxxx