အပိုင်း ၃
Viewers 7k

#lady
Chapter ( 3 )

နင်အာ သူမ၏၀တ်ရုံကိုပြန်ငုံ့ကြည့်လိုက်မိ၏ ။ အမှန်ပင် ဟောင်းနွမ်းနေပြီဖြစ်သော်လည်း ပိုင်ကျိုး၏ အိမ်အခြေအနေအရ သူမအတွက် ၀တ်ရုံအသစ်၀ယ်ပေးခြင်းသည် အခက်အခဲဖြစ်နေမည်စိုးရိမ်သွားလေသည်။ 
 
သူ့မှာတကယ်ပဲ ပိုက်ဆံရှိလို့လား ...

နင်အာက သူမနှင့်အတူပါလာသည့် ရွှေဆံထိုးကိုထုတ်၍ 

 " ဒီမှာပိုင်ကော ဆံထိုးကကျွန်မဟာ ဒါကိုရောင်းပြီးအင်္ကျီ၀ယ်ကြမယ်လေ "

နင်အာက အ၀တ်တစ်ထည်၏ စျေးနှုန်းကိုမသိသောကြောင့် သူမ၏ ရွှေဆံထိုးက အ၀တ်တစ်ထည်၀ယ်ရန်လုံလောက်သည်ဟုသာထင်နေလေ၏ ။ 

" ပြန်သိမ်းထားလိုက်စမ်းပါ ... ငါမင်းအတွက်၀ယ်ပေးပါ့မယ် "

နင်အာက ပြုံး၍ 

" ပိုင်ကောက အရမ်းသဘောကောင်းတာပဲ ... ပိုင်ကောနဲ့ ကျွန်မနဲ့က ဆွေမျိုးလဲမတော်စပ်ပဲနဲ့ ပိုင်ကော ကကျွန်မကိုအိမ်မှာလည်းနေခွင့်ပေးတယ် အ၀တ်သစ်လည်း၀ယ်ပေးဦးမယ် "

" မင်းထင်သလောက်မကောင်းပါဘူး "

နင်အာကသူ့အားချီးကျူးသည့်စကားများကိုအဆက်မပြတ်ပြောနေသောကြောင့် ပိုင်ကျိုးက နင်အာ့၏ မျက်နှာမှာမြို့ရိုးနံရံထက်တောင်ထူလိမ့်မည်ဟုတွေးနေလေ၏ ။ နင်အာပြောသမျှကို အေးတိအေးစက်မျက်နှာထားဖြင့်သာ လျစ်လျှူရှုထားလေသည် ။ 

" ဒီကနေ တောင်ခြေမြို့လေးထိဘယ်လောက်ဝေးလဲ ...တကယ်လို့အရမ်းဝေးတယ်ဆိုရင် ကျွန်မလမ်းလျှောက်နိုင်မှာမဟုတ်ဘူး ပိုင်ကော ကျွန်မကိုကုန်းပိုးပါလား "

ပိုင်ကျိုးက ရေခဲရိုက်မျက်နှာထားဖြင့် 

" မင်းလမ်းမလျှောက်ရင် ငါတစ်လမ်းလုံးတရွတ်တိုက်ဆွဲသွားမှာ "

" ပိုင်ကောက တကယ်ကိုပွင့်ပွင့်လင်းလင်းစကားပြောတတ်တဲ့သူပဲ ကောကိုဘယ်မိန်းမကမှမကြိုက်ဘဲ အခုအချိန်ထိလက်မထပ်ရသေးတာမထူးဆန်းတော့ပါဘူး"

ပိုင်ကျိုး : "..."

ငါ့ကိုလက်ထပ်ချင်လွန်းလို့ သေမတတ်ဖြစ်နေတဲ့ မင်းသမီးတွေနဲ့ အထက်တန်းလွှာက သခင်မလေးတွေများရိုက်သတ်လို့တောင်မကုန်ဘူး ... ငါ့ကိုကြိုက်တဲ့မိန်းမတွေမှအများကြီး ...

သို့သော်လည်း ထိုမိန်းမများသူ့ကိုလက်ထပ်ချင်ရသည့်အကြောင်းအရင်းမှာ သူ၏ အဆင့်အတန်းရာထူးနှင့်အာဏာကိုမက်မောသောကြောင့်ပင် ။ ထို့ကြောင့် ၀တ်စားဆင်ယင်ကာ သူ့ရှေ့တွင်သွားလာတတ်ကြသော်လည်း အေးစက်စက်မျက်နှာထားကြောင့် မည်သူမျှအနားမကပ်ရဲကြပေ ။ 

" ငါ့ကိုဘယ်မိန်းမမှမကြိုက်လဲ ဘာဖြစ်လဲ ငါလဲသူတို့ကိုစိတ်၀င်စားမနေဘူး"

နင်အာ ခေါင်းခါ၍ 

" မဟုတ်သေးဘူး "

" ဒါပုံမှန်ပဲမဟုတ်ဘူးလား "

နင်အာက ခပ်ဖွဖွပြုံးလိုက်ကာ 

" ကျွန်မက ပိုင်ကောရဲ့ ပွင့်ပွင့်လင်းလင်းစကားပြောတတ်တဲ့ပုံစံကိုသဘောကျတယ်လို့ပြောတာပါ ... ပိုင်ကောက ကျွန်မကိုရော ဂရုမစိုက်ဘူးလား "

ဤသည်မှာ မိန်းကလေးတစ်ယောက်က ပိုင်ကျိုးအား ပထမဆုံးအကြိမ် ကြိုက်နှစ်သက်သည်ဟု၀န်ခံပြောဆိုလာခြင်းဖြစ်သော်လည်း နင်အာ၏ ၀တ်ကျေတန်းကျေမျက်နှာထားကြောင့် ပိုင်ကျိုးက သူမ၏စကားများကိုတစ်ခွန်းမှအမှန်မထင်ချေ ။ 

" အိမ်တံခါးပိတ်ပြီးထွက်လာခဲ့ ... အ၀တ်တွေ၀ယ်ဖို့ငါမင်းကိုခေါ်သွားပေးမယ် "

နင်အာက တံခါးပိတ်ပြီးနောက် ပိုင်ကျိုး၏ နောက်မှအမြှီးလေးကဲ့သို့တန်းလန်းတန်းလန်းလိုက်လာလေ၏ ။ နင်အာတစ်ယောက်စကားမပြောသရွေ့ သူမ၏ အပြုအမူမှာ တိတ်ဆိတ်သောကြောင့် ရှိမှန်းပင်မသိသာပေ ။ 

တောင်တက်လမ်းကအရမ်းကြမ်းတမ်းသည့်အပြင်နင်အာ ၀တ်ဆင်ထားသည့်ဖိနပ်မှာပိတ်ဖိနပ်ဖြစ်သဖြင့် ခရီးလမ်းတွင်ပင်ပန်းကာ ခြေထောက်များလည်းထုံကျဥ်လာ၏ ။

" ပိုင်ကော ... ဖိနပ်တွေကခြေချော်နေလို့ ကျွန်မမြန်မြန်မလျှောက်နိုင်ဘူး "

ပိုင်ကျိုးမှာ သူမကြောင့် နှေးနှေးလေးလျှောက်လာရသည် ။ တောင်ပေါ်စမ်းချောင်းလေးအားဖြတ်သန်းပြီးသောအခါ၌ နင်အာမှာ အလွန်မောပန်းနေပြီဖြစ်သည် ။ ရေဆာလာသောကြောင့် စမ်းချောင်းလေးထဲမှရေအား လက်ခုပ်ဖြင့်ခပ်ကာသောက်လိုက်၏ ။ 

ပိုင်ကျိုးက လမ်းလျှောက်နေသည်အားရပ်၍ နင်အာကိုလှည့်ကြည့်လာသည် ။ 

နင်အာရေသောက်နေပုံမှာ တဖြည်းဖြည်းချင်းဖြစ်သောကြောင့် တောင်ပေါ်မှတိရစ္ဆာန်ငယ်လေးတစ်ကောင်ရေသောက်ပုံနှင့်ဆင်တူလှသည် ။ ရုတ်တရက်ပင် ပြီးခဲ့သည့်ဆောင်းရာသီအပြီး နှင်းများစတင်အရည်ပျော်ချိန်တွင်ဤ စမ်းချောင်း၌ရေလာသောက်သည့် နှင်းမြေခွေးတစ်ကောင်ကိုသတိရမိသွား၏ ။ 

နင်အာနှင့် ထိုမြေခွေးလေးတို့က အလွန်ဆင်တူလှသည် ။ 

ရေသောက်ပြီးသောအခါ နင်အာကရေစိုနေသည့်လက်အား သူမ၏၀တ်ရုံဖြင့်သုတ်လိုက်သည့်အပြင် ကျောက်တုံးပေါ်တွင်တင်နေသည့်ရွံ့များကိုလည်း မျက်နှာနှင့်အ၀တ်များပေါ်တွင်လိုက်သုတ်နေသည် ။ ပိုင်ကျိုးကမူ နင်အာလုပ်နေသမျှအကုန်ပါးစပ်အဟောင်းသားဖြင့်သာ သူမကိုယ်သူမညစ်ပတ်အောင်လုပ်နေသည်ကိုကြည့်နေရသည် ။ 
 
ပိုင်ကျိုးက အံ့အားသင့်စွာဖြင့် 

" မင်းဘာတွေလုပ်နေတာလဲ "

နင်အာ၏ မျက်နှာပေါ်တွင် ရွှံ့အနည်းငယ်နှင်ဖုန်မှုန့်များပေကျံနေပြီး သူမကရယ်ချင်စဖွယ်အကြောင်းပြချက်ကိုပြောပြလာ၏ ။

" ဘာလို့လဲဆိုတော့ ကျွန်မကအရမ်းလှတယ်လေ ... အခြားသူတွေ ကျွန်မရဲ့အလှကိုမြင်ပြီး လိုက်နှောင့်ယှက်မှာစိုးရိမ်လို့ "

" ဒီနားကိုလာခဲ့ ငါနဲ့သာအတူရှိရင် ... ဘယ်သူမှမင်းကိုထိခိုက်အောင်မလုပ်နိုင်စေရဘူး "

နင်အာက ပိုင်ကျိုးအားလှည့်ကြည့်ကာ 

 " တကယ်လား "

ပိုင်ကျိုးမှာ နင်အာ၏ ပေါက်တက်ကရစကားများနှင့်နေသားကျနေပြီပင် ။ 

" ပိုင်ကော ... ကျွန်မလမ်းလျှောက်ရတာအရမ်းညောင်းနေပြီ ... ပိုင်ကော ကုန်းပိုးမသွားချင်ဘူးလားဟင် "

ပိုင်ကျိုးက မျက်နှာထားတင်းတင်းဖြင့်လက်မခံပေ ။ 

" မလုပ်ချင်ပါဘူး ... မြန်မြန်သွားရမယ် မင်းမလျှောက်နိုင်ဘူးဆိုရင် ဒီမှာပဲနေခဲ့တော့ "

တစ်သက်တာလုံး၌ မိန်းမတစ်ယောက်ကိုတစ်ခါမှကျောမပိုးခဲ့ဖူးသည့်အားလျှော်စွာ နင်အာအား ကုန်းပိုးမည်ဆိုလျှင်တောင် ထိုမိန်းကလေးအားမထိချင်ပေ ။ နင်အာမှ စူပုပ်ပုပ်ဖြင့်သာ ပိုင်ကျိုး၏ နောက်မှဖြည်းဖြည်းချင်းလျှောက်လိုက်လာ၏ ။

ညနေမတိုင်မှီအချိန်တွင် မြို့ထဲသို့ရောက်ကြကာ စျေးဆိုင်များစွာရှိသဖြင့် ပိုင်ကျိုးကသူမအား အ၀တ်ဆိုင်တစ်ဆိုင်သို့ခေါ်သွားလေသည် ။ 

" မင်းကြိုက်တာကိုသာရွေးလိုက် "

ဆိုင်ထဲမှ အရောင်းသမားလေးကအမြန်ပြေးလာကာ 

" ရို့ ... ဒီက၀ယ်သူက ဇနီးလေးကိုအ၀တ်၀ယ်ပေဖို့လာတာလား "

အရောင်းသမားလေးက ပိုင်ကျိုး၏ သန့်သန့်ပြန့်ပြန့်မျက်စိဖမ်းစားဖွယ်အသွင်အပြင်ကြောင့် ပိုက်ဆံရှိသူမှန်းသေချာသိသော်လည်း ပိုင်ကျိုးနှင့်အတူပါလာသည့်မိန်းကလေးမှာမူ ဆံပင်များရှုပ်ပွနေသည့်အပြင် မျက်နှာတွင်လည်းဖုန်များပေကျံနေလေ၏ ။ ရုပ်ရည်သန့်ပြန်သည့်အမျိုးသားက အဘယ့်ကြောင့် ဤကဲ့သို့မိန်းကလေးနှင့်အတူရှိနေရသည်ကိုမတွေးတတ်ချေ။ 

နင်အာအထဲသို့၀င်လိုက်သည်နှင့် အရောင်းသမားလေးကသူမ၏ ညစ်ပတ်နေသည့်လက်ကိုကြည့်ကာ 

" မိန်းကလေး မင်းရဲ့ခင်ပွန်းကအမြင်ရှိတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်ဘာလို့ မင်းအတွက်အ၀တ်ကို ခင်ပွန်းဖြစ်သူကိုမရွေးခိုင်းတာလဲ "

အရောင်းသမားလေးစိုးရိမ်နေသည်မှာ နင်အာအ၀တ်ရွေးသောအခါ၌ သူမ၏လက်မှဖုန့်မှုန့်များ၀တ်ရုံများပေါ်တွင် ပေကျံနေခဲ့မှာကိုပင် ။ 

နင်အာက ပိုင်ကျိုးအားလှည့်ကြည့်၍ 

 " ယောက်ျား ကျွန်မအတွက်အ၀တ်လေးလာရွေးပေးပါဦး ... ကျွန်မလက်တွေကညစ်ပတ်နေလို့ အ၀တ်တွေကိုပါ ညစ်ပတ်အောင်လုပ်မိသွားလိမ့်မယ် "

ပိုင်ကျိုးက နင်အာအား အေးစက်စက်ဖြင့်ကြည့်နေ၏။

အမျိုးသားတစ်ယောက်အား ယောက်ျားဟု လွယ်လွယ်ကူကူခေါ်ရဲတဲ့အထိ မျက်နှာထူလိုက်တာ !

( မျက်နှာထူ = အရှက်မရှိ )

နင်အာက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်

" ယောက်ျား ... ဘယ်အထည်ကပိုကောင်းတယ်လို့ထင်လဲ "

ပိုင်ကျိုးက အနည်းငယ်ရှည်သည့်ကြုံရာကျပန်းတစ်ထည်ကိုဆွဲယူလိုက်သည် ။ အမျိုးသမီးများ၏ အ၀တ်အစားအကြောင်းမသိသည့်အပြင် မည်သည့်အမျိုးသမီးအတွက်မှလည်းမ၀ယ်ပေးခဲ့ဘူးသောကြောင့်လှသည်မလှသည် မရွေးတတ်ပေ ။ နင်အာအား နှစ်ခါပြန်ကြည့်၍ 

" ကြိုက်လား "

နင်အာကအပြုံးလေးဖြင့် 

 " ကြိုက်တယ် "

သူမအနေဖြင့် ဤကဲ့သို့ရိုးရှင်းသည့်အ၀တ်များကို၀တ်လေ့မရှိသော်လည်း အသစ်အဆန်းတစ်ခုအဖြစ်စမ်းသပ်၀တ်ကြည့်ရန်တွေးလိုက်၏ ။ 

ပိုင်ကျိုး : " သွား ... စမ်း၀တ်ကြည့်လိုက် "

နင်အာကြောင့် အ၀တ်များညစ်ပေသွားမည်ကိုစိုးရိမ်သော်လည်း ပိုင်ကျိုး၏ ရေခဲရိုက်မျက်နှာထားကြောင့်အရောင်းစာရေးမှာမတားရဲချေ ။ ပိုင်ကျိုး၏ အရှိန်အ၀ါမှာ သာမန်လူများထက်များစွာပြင်းထန်ပြီး တစ်ကိုယ်လုံးကထက်ရှသည့်ဓားတစ်ချောင်းကဲ့သို့အရှိန်အ၀ါများဖြင့်ပြည့်နှက်နေသောကြောင့် အပြစ်ပြုမိရန်မသင့်‌ေလျာ်ပေ ။

နင်အာမှာမူ အ၀တ်လဲနေပြီး အတိအကျကိုပင် အရှည်ရောကိုယ်တိုင်းပါ အတော်ပင်ဖြစ်၏ ။

" အ၀တ်ဟောင်းကိုပြန်လဲရမှာပျင်းတယ် ... ကျွန်မပြန်လဲမ၀တ်ချင်တော့ဘူး "

နင်အာက အ၀ါနုရောင်၀တ်ရုံကိုပြောင်းလဲ၀တ်ဆင်ထားပြီး သူမ၏ဆံနွယ်များကမူ ပခုံးတစ်ဖက်ပေါ်သို့ချ၍ ပြေလျော့လျော့ချည်နှောင်ထား၏ ။ မျက်နှာမှာ အနည်းငယ်ညစ်ပတ်နေပါသော်ငြား မတိုင်မှီက၀တ်ထားသည့် ၀တ်ရုံဖြူထက်စာလျှင် များစွာကြည့်ကောင်းသွားသည် ။ 

" ဒီအတိုင်းအတာအတိုင်း နောက်ထပ်ငါးစုံထပ်ယူလာလိုက် "

မိန်းမငယ်လေးတစ်ဦးအတွက်လဲလှယ်၀တ်ဆင်ရန်နှင့်လျှော်ဖွပ်ထားရန် အ၀တ်များစွာလိုအပ်၏ ။ ထို့အပြင် အကြည့်တစ်ချက်နှင့်ပင် နင်အာမှာ အပျင်းထူသောမိန်းကလေးဖြစ်၍ နေ့တိုင်းအ၀တ်လျှော်မည်မဟုတ်သောကြောင့် အ၀တ်များပို၀ယ်ပေးရန်ဆုံးဖြတ်လိုက်သည် ။

အရောင်းစာရေးမှာ ဖုံးဖိမရသည်အထိပျော်ရွှင်နေတော့သည် ။ 

" ဟုတ်ပြီ ခဏလောက်စောင့်ပေးပါ သခင်လေး "

" အများကြီး၀ယ်လိုက်တာပဲ ... ပိုင်ကောရဲ့ပိုက်ဆံတွေအကုန်လုံးကို ကျွန်မအတွက်ဖြုန်းပစ်တော့မလို့လား "

" ပေါက်ကတွေလျှောက်တွေးမနေနဲ့ "

သူမလိုမျိုးမိန်းကလေးအတွက် သူ့မိသားစုရဲ့စည်းစိမ်တွေကိုဖြုန်းတီးပေးရမယ်ပေါ့လေ ...

ဟမ့် ...အိပ်မက်မက်နေလိုက် ...

ပိုင်ကျိုးက အ၀တ်များကိုထုပ်ပိုးခိုင်းလိုက်ပြီးနောက် သူမအားခေါ်၍ အခြားသောဆိုင်များ၌ ဖိနပ်များအပြင် ဆံထိုးများ၀ယ်ရန်ခေါ်သွား၏ ။

ဖိနပ်အသစ်ကိုလဲလှယ်စီးလိုက်ပြီးနောက် နောက်ထပ်နှစ်ရံ၀ယ်ယူခဲ့သေးသည် ။ 

ဆံထိုး၀ယ်သောအခါတွင် နင်အာကငွေဆံထိုးတစ်ခုကိုကိုင်ကြည့်လိုက်သည် ။ ဆံထိုးထိပ်တွင်ကျောက်စိမ်းအပိုင်းအစေလေးတစ်ခုကိုမြုပ်နှံထားပြီး ကြည့်ရသည်မှာအလွန်လှပ၏ ။ သူမက ခဏမျှကြည့်နေပြီးနောက် ပြန်ချထားလိုက်လေ၏ ။

ပိုင်ကျိုးက တောင်ပေါ်တွက်နေထိုင်သည့်လူဆင်းရဲလေးတစ်ယောက်ဖြစ်၍ သူမကြောင့် သူ၏ပိုက်ဆံအားလုံးကုန်းအောင်သုံးပစ်လိုက်သည်မျိုးမဖြစ်စေချင်ပါပေ ။ 

" မင်းဒီဆံထိုးကိုကြိုက်လို့လား "

နင်အာက ခေါင်းခါ၍ 

" ဟင့်အင်း ... ကျွန်မက သစ်သားဆံထိုးကိုပိုကြိုက်တာ ... ဆိုင်ရှင် ကျွန်မကိုဒီဟာလေးထုပ်ပေးပါ "

နင်အာက သစ်သားဆံထိုးလေးကိုရွေးချယ်လိုက်သည် ။ ဆိုင်ရှင်အဒေါ်ကြီးက ပိုင်ကျိုးကိုတစ်ချက်ကြည့်ပြီးနောက် နင်အာကိုတစ်လှည့် ကြည့်လာ၏ ။ မိန်းမငယ်လေး၏ မျက်နှာထက်တွက်ဖုန်မှုန့်များပေကျံနေပါသော်ငြား သူမ၏ လှပသောမျက်နှာအချိုးအစားကိုမူဖုံးကွယ်မထားနိုင်ချေ ။ 

ဆိုင်ရှင်အဒေါ်ကြီးကပြုံး၍ 

" မိန်းကလေးမင်းကအရမ်းငယ်ပါသေးတယ် ဘယ်လိုလုပ်သစ်သားဆံထိုးကြီးနဲ့သင့်လျှော်ပါ့မလဲ ... ဒီငွေဆံထိုးကမှမင်းနဲ့လိုက်ဖက်တာ ငွေငါးတုံးပဲပေးရမှာ "

ပိုင်ကျိုးက ရုပ်တည်ကြီးဖြင့်ပြောလာ၏ ။

" ငွေဆံထိုးကို၀ယ်မယ် "

သူကိုယ်တိုင်သည်လည်း သစ်သားဆံထိုးကြီးကအလွန်ရိုးရှင်းသောကြောင့် နင်အာနှင့်မလိုက်ဖက်ဟုထင်မိ၏ ။ နင်အာကဆိုင်ရှင်အဒေါ်ကြီးအားပြုံးပြ၍ 

 " ငွေနှစ်တုံးနဲ့ရောင်းပေးလို့မရဘူးလားဟင် 

" ငွေနှစ်တုံး... ၀ယ်ချင်တာလားမ၀ယ်ချင်ဘူးလား... ကြည့် ဆံထိုးကငွေနဲ့လုပ်ထားတာဆိုပေမဲ့ ကျောက်စိမ်းနဲ့တင် ငွေသုံးတုံးတန်တယ် ..."

နင်အာက ဆံထိုးကိုပြန်ချလိုက်ကာ 

" ဒါဆိုလဲမ၀ယ်တော့ဘူးလေ ... ပိုင်ကော ဒီနားမှာ လက်၀တ်ရတနာတွေရောင်းတဲ့ဆိုင်တွေမှအများကြီး လာ ... ကျွန်မတို့အခြားဆိုင်မှာသွား၀ယ်ကြမယ် "

ဆိုင်ရှင်အဒေါ်ကြီးမှာ မိန်းမငယ်လေးက ပြောဆိုရဆိုရလက်ပေါက်ကတ်လွန်းအားကြီးမည်ဟုမထင်မိခဲ့ချေ။ 

" ထားလိုက်ပါတော့ ... မင်းကို ငွေသုံးတုံးနဲ့ရောင်းပေးလိုက်မယ် ... ဒါငါ့တစ်သက်လုံးမှာပထမဆုံးစျေးလျှော့ပေးဖူးတာပဲ "

နင်အာက ငွေဆံထိုးဖြင့် သူမ၏ ဆံပင်ကိုစည်းနှောင်လိုက်ပြီးနောက် ပိုင်ကျိုးရှေ့တွင်ခေါင်းလှည့်ပြကာ 

 " ကျွန်မနဲ့ လိုက်လား "

ပိုင်ကျိုးက ပြန်မဖြေချေ ။ 

ညစ်ပတ်နေတဲ့မျက်နှာကြီးနဲ့ ဘယ်နေရာကလှနေလို့လဲ...

လမ်းမတွင်လျှောက်နေရင်းဖြင့် နင်အာ့၏ နှာခေါင်းထဲသို့ ဆိုင်တစ်ဆိုင်တွင်ရောင်းနေသည့် ချိုမြိန်သောလမုန့်နံ့လေးကတိုး၀င်လာလေ၏ ။ 

" ပိုင်ကော ... ကျွန်မအဲ့တာစားချင်တယ် "

ပိုင်ကျိုးက သူမ၏ လက်ကိုစိုက်ကြည့်၍ 

" မင်းလက်တွေကညစ်ပတ်နေတယ်လေ ... ဘယ်လိုစားမှာလဲ "

" ပိုင်ကော ခွံ့ကျွေးလေ "

ပိုင်ကျိုးက သူမအတွက်လမုန့်၀ယ်ပေးကာ ဆီစိမ်စက္ကူဖြင့်အသေအချာပတ်ပေး၍ 

" ဖြည်းဖြည်းစား မနင်စေနဲ့ "

" ပိုင်ကောရော မစားဘူးလား "

ပိုင်ကျိုးက ချိုအီနေသည့်အစားအသောက်များကိုမကြိုက်ချေ ။ လမ်းမတစ်လျှောက် ကြည့်နေရင်းဖြင့် ပိုင်ကျိုးက မြည်းပုလေးတစ်ကောင်ကိုပါ၀ယ်လိုက်၏ ။ အိမ်အပြန်လမ်းတွင် နင်အာ့ကို ကုန်းမပိုးချင်ပေ ။ 

နင်အာက စည်းမစောင့်သောမိန်းကလေးတစ်ဦးဖြစ်သဖြင့် သူမအားကုန်းပိုးထားချိန်အတွင်း သူ့အားဖက်တွယ်၍ မည်သို့သောကိစ္စမျိုးကိုပြုလုပ်လာမည်နည်း ဘယ်သူမှမသိနိုင်ပေ ။ 

မြည်းပုလေးပေါ်သို့တက်ရန်မခက်ခဲပါသော်လည်း နင်အာက ပိုင်ကျိုးထံ လက်ဆန့်တန်း၍ 

" ပိုင်ကော ... ကျွန်မကိုချီတင်ပေး "

" မင်းဘာသာမင်းမရရအောင်တက် ... မတက်နိုင်ဘူးဆိုရင် ဒီတိုင်းလမ်းလျှောက်လိုက်လာခဲ့ "

နင်အာမှာ ဆူပုပ်ပုပ်ဖြင့် မြည်းပုလေးပေါ်သို့ ကိုယ်တိုင်ကုတ်ဖက်တက်လိုက်ရလေသည် ။ အိမ်ပြန်သည့်အချိန်တွင် မိုးချုပ်နေပြီဖြစ်သဖြင့် လရောင်ကိုသာအားကိုး၍ လျှောက်နေရ၏ ။ ကံကောင်းစွာဖြင့် လသာသောညဖြစ်၍ လမ်းများကို ရှင်းရှင်းလင်းလင်းမြင်ရသည် ။ 

မြည်းပုလေး၀ယ်သည့်အချိန်၌ ပိုင်ကျိုးက နင်အာအတွက် သကြားလုံးများပါတစ်ခါတည်း၀ယ်လာသောကြောင့် သကြားလုံးစားရင်းဖြင့် လရောင်ကိုမော့ကြည့်နေ၏ ။ 

" ဒီနေ့က ၇လပိုင်း၁၅ ရက်နေ့ တစ္ဆေကြီးများပွဲတော်နေ့နော် ... ပိုင်ကော ကျွန်မတို့ သရဲခြောက်ခံရလောက်လား "

ပိုင်ကျိုးကမူ သူမအားလျှစ်လျှူရှုထားလေသည် ။ 

ဒီနေရာမှာ သရဲနဲ့တူတာဆိုလို့ မင်းပဲရှိတယ် ...

မနက်အစောကတည်းက လမ်းလျှောက်ခဲ့ရသည့်အပြင် တစ်နေကုန်ဟို၀င်ဒီထွက်ဖြင့်စျေးလိုက်၀ယ်ခဲ့ရသဖြင့် အနားမယူခဲ့ရသောကြောင့် နင်အာမှာ မြည်းပုလေး၏ လည်ပင်းကိုဖက်၍ အိပ်ပျော်လုနီးနီးဖြစ်နေလေသည် ။ 

တောင်ပေါ်သို့ပြန်ရောက်သောအခါ ပိုင်ကျိုးက နင်အာ့ကိုပုတ်၍ 

" ထတော့ ... ပြန်ရောက်ပြီ "

နင်အာမှာ မျက်လုံးမဖွင့်နိုင်ဘဲအိပ်ချင်မူးတူးအသံဖြင့် 

" ကျွန်မအရမ်းအိပ်ချင်နေလို့ ... ပိုင်ကော ကုန်းပိုးလို့မရဘူးလားဟင် "

" မင်းဆင်းမလာချင်ဘူးဆိုရင် ငါမင်းကိုဒီတိုင်းထားခဲ့မှာ ... သွားတော့မယ် "

နောက်ဆုံးတွင် နင်အာမျက်လုံးဖွင့်လာရ၏ ။

မိန်းမငယ်လေးတစ်ယောက်ဖြစ်သော်လည်း အဘယ့်ကြောင့် ယောက်ျားတစ်ဦးရှေ့တွင် သတိလက်လွတ်အိပ်ရဲသည့်အပြင် ပရောပရီစကားများပြောဆိုနိုင်ရကြောင်း ပိုင်ကျိုးမတွေးတတ်တော့ချေ ။ သူမဟုတ်ဘဲ အခြားသောယောက်ျားတစ်ဦးသာတစ်ဦးသာဆိုလျှင် ဤမိန်းကလေးဘ၀ပျက်သည်မှာကြာပြီပင် ။

နင်အာက မြည်းပုလေးပေါ်မှခုန်ဆင်း၍ 

" အွန်း ... ပိုင်ကော ဘာမှမစားရသေးဘူးမလား တစ်ခုခုအရင်စားဖို့လုပ်လိုက်နော် ... ကျွန်မအရင်ရေချိုးလိုက်ဦးမယ် "

တောင်အောက်ဆင်းသည့်အချိန်ကလမ်းတွင် ရေကန်တစ်ကန်ကိုတွေ့ခဲသောကြောင့် ထမုရေကန်၌ရေချိုးကာ အ၀တ်အစားအသစ်များကိုလဲလှယ်၀တ်ဆင်ချင်နေပြီဖြစ်သည် ။ 



🐳