#lady
Chapter ( 4 )
ပိုင်ကျိုးက ခေါင်းညိမ့်၍
" မြန်မြန်သွား "
နင်အာက သူမ၏ အ၀တ်သစ်များကိုယူ၍ ရေကန်သို့အားရပါးရပြေးသွားလေ၏ ။ လရောင်မှာ ကန်ရေပြင်တွင်ရောင်ပြန်ဟပ်နေပြီး သူမကအ၀တ်များကိုချွတ်ပြီးနောက် ဖိနပ်ကိုလည်းချွတ်ကာ ရေထဲသို့ဆင်းလာလေသည် ။
နင်အာ၏ အသားအရေမှာတန်ဖိုးကြီးကျောက်စိမ်းဖြူကဲ့သို့ဖြူဖျော့၍ ချောမွတ်နေသည့်အပြင် သူမ၏ဆံနွယ်များမှာလည်း လရောင်အောက်၌ နက်မှောင်တောက်ပနေလေ၏ ။ သူမပခုံးထက်ရှိဒဏ်ရာအရောင်မှာ ပို၍အရောင်ရင့်လာသည့်အပြင် အလွန်ကြည့်ရဆိုးလှသည် ။ ဖွဖွလေးဖိမိသည်ကပင်အလွန်နာကျင်လှ၏ ။
နင်အာက သက်ပြင်းချ၍
" ဒီမကောင်းတဲ့အစ်ကိုက တကယ်ကြီး ငါ့ကိုသတ်ဖို့ကြံထားတာများလားမသိဘူး "
ရေအေးဖြင့်စိမ်နေခြင်းက ဒဏ်ရာမှနာကျင်မှုကိုအနည်းငယ်သက်သာသွားစေသည် ။ တစ်နေကုန်ပင်ပန်းခဲ့ရသောကြောင့် အချိန်အနည်းမျှအနားယူ၍စိမ်နေပြီးနောက် အ၀တ်လဲကာ အိမ်သို့ပြန်လာလေ၏ ။
ပိုင်ကျိုးကညစာစားပြီးသွားပြီပင် ။ နင်အာက အ၀ါရောင်၀တ်ရုံကိုရှည်ကို၀တ်ဆင်ထားကာ သူမ၏ ဆံပင်မှာစိုစွတ်နေသော်ငြား ရေတစ်စက်စက်တော့ကျမနေပေ ။
" မင်းကုတင်ပေါ်မှာအိပ် ငါကြမ်းပြင်ပေါ်မှာအိပ်လိုက်မယ် "
နင်အာကပြုံး၍
" နည်းနည်းတော့ ရှက်ဖို့ကောင်းသလိုပဲ ... ပိုင်ကောက အိမ်ရှင်ဖြစ်ပြီး ကြမ်းပြင်ပေါ်မှာအိပ်ရတယ်ဆိုတာကတော့ နည်းနည်းမသင့်လျှော်ဘူးလေ... မနေ့ကတုန်းက ကျွန်မနေမကောင်းလို့ ကုတင်ပေါ်မှာအိပ်ပျော်သွားတယ်ဆိုပေမဲ့ ...အခုနေကောင်းသွားပြီလေ ... ကောကုတင်ပေါ်မှာအိပ် "
" မင်းမှာရှက်တတ်တဲ့အချိန်တော့ရှိသေးသားပဲ "
သူ့ကိုတောင် ယောက်ျားလို့ခေါ်နိုင်သေးတဲ့ အရေပြားပါးပါးလေးနဲ့မိန်းကလေးက ရှက်တတ်တယ်ဆိုတာဖြစ်နိုင်ပါ့မလား ...
" ပိုင်ကော ... ကျွန်မက ခန္ဓာကိုယ်သေးသေးလေးဆိုတော့ ကုတင်ပေါ်မှာနေရာအကျယ်ကြီးလွတ်နေသေးတယ် ... ကုတင်ပေါ်မှာအတူတူလာအိပ်လို့ရတယ်နော်"
" မအိပ်ဘူး "
နင်အာက ဖိနပ်ချွတ်ပြီးနောက် ကုတင်ပေါ်သို့တက်နေရင်းဖြင့်
" ဒါဆိုလဲကျွန်မအိပ်တော့မယ်နော် "
ပိုင်ကျိုးက ကြမ်းပြင်ပေါ်တွင် မြက်ဖျာတစ်ချပ်ခင်းပြီးနောက်အိပ်ရန်ပြင်လိုက်သည် ။ ကိုယ်ခံပညာလေ့ကျင့်ခဲ့သည့်အပြင် ခက်ခဲသောအချိန်များကိုဖြတ်ကျော်ခဲ့ရသဖြင့် အခြားသောမင်းသားများကဲ့သို့ အထိမခံသည်အထိနုရွမနေပေ ။
နောက်တစ်နေ့နံနက် နင်အာနိုးသောအခါ၌ ပိုင်ကျိုးကမနက်စာချက်ပြုတ်နေသောကြောင့် ဘေးမှသာထိုင်ကြည့်နေလိုက်၏ ။
" ငါ အမဲလိုက်ထွက်ဖို့ရှိလို့ ရက်နည်းနည်းလောက်အိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး ... အိမ်နားကလွဲလို့ကျန်တဲ့နေရာတွေကိုလျှောက်သွားမနေနဲ့ဦး ဒီအနီးအနားမှာ၀ံပုလွေနဲ့ကျားတွေပေါတယ် ... တောထဲမှလမ်းပျောက်သွားပြီဆို လွယ်လွယ်နဲ့ ပြန်ထွက်လာနိုင်မှာမဟုတ်ဘူး"
နင်အာက နာနာခံခံခေါင်းငြိမ့်ကာ
" ဟုတ်ကဲ့ "
" အိုးထဲမှာဆန်တွေရှိတယ် ဗိုက်ဆာလာပြီဆုဆို ကိုယ့်ဘာသာတစ်ခုခုစီစဥ်ပြီးစားလိုက် "
" သိပါပြီ "
" ဒါဆိုငါသွားတော့မယ် "
ပိုင်ကျိုး ထွက်သွားပြီးနောက် နင်အာကမြည်းပုလေးကိုဆွဲ၍ ရေကန်နားသို့သွားလေ၏ ။ မြည်းပုလေး၏ အမွှေးအရောင်မှာအညိုရောင်ဖျော့ဖျော့ဖြစ်သည် ။ ထိုမြည်းလေးမှာ အကောင်သေးကာပိန်သော်လည်း အနည်းငယ်ဆိုးသွမ်း၏ ။ သူ့အားရေချိုးပေးမည်ကိုသတိထားမိသောအခါ ရုန်းကန်၍အော်ဟစ်နေလေသည် ။
နင်အာက မြည်းလေး၏ ခေါင်းကိုပုတ်၍
" လိမ်လိမ်မာမာနေစမ်းပါ နင်ဆက်ပြီးဂျစ်ကန်ကန်လုပ်နေဦးမယ်ဆိုရင် သတ်ပြီးမြည်းသားချက်စားပစ်လိုက်မှာ "
မြည်းပုလေးက အော်ဟစ်၍ ကျောက်တုံးများအားခွာဖြင့်ဆောင့်နင်းကာသောင်းကျန်းနေလေ၏ ။ နင်အာကဒေါသထွက်လာသဖြင့် မြည်းပုလေးအား အကြိမ်ရေအနည်းငယ်မျှမညှာမတာရိုက်နှက်ကာ ဆူပူလိုက်သည် ။ အသားနာသွားသောအခါမှသာ မြည်းပုလေးက လိမ်လိမ်မာမာဖြင့်ရေချိုးခံလေသည် ။
ရေချိုးပြီးနောက် မြည်းပုလေးအားနေရောင်အောက်တွင်လွှတ်ထားပေးပြီးဟိုဟိုဒီဒီသွားခွင့်ပြုလိုက်၏ ။ မြည်းပုလေးကပျော်ရွှင်စွာဖြင့် မြက်များစားလေတော့သည် ။ နင်အာကမူ မြက်ခင်းပေါ်တွင်ထိုင်ချ၍ သူမ၏ ခန္ဓာကိုယ်ပေါ်မှလက်၀တ်ရတနာများကိုချွတ်နေ၏ ။
ပိုင်ကျိုးက အလွန်ရိုးသားသောအမျိုးသားတစ်ဦးဖြစ်သဖြင့် သူမကိုကယ်တင်ခဲ့သော်လည်း သူမ၏ လက်၀တ်ရတနာများကိုမဆိုနှင့် သူမ၏ခန္ဓာကိုယ်ကိုပင်စေ့စေ့မကြည့်ခဲ့ပေ ။
နင်အာက ပစ္စည်းများကိုချ၍စစ်ဆေးလိုက်၏ ။ တံဆိပ်ခပ်နှိပ်ထားသည့်ရွှေရောင်သော့ခလောက်လေးမှာ ရိုးရှင်းပုံပေါ်သော်လည်း သူမရောင်းချ၍မဖြစ်ပေ ။ အကယ်၍ သူမရောင်းချလိုက်မည်ဆိုပါက ပါရှိသည့်တံဆိပ်အမှတ်အသားကြောင့် သူမ၏ သရုပ်မှန်ပေါ်ပေါက်သွားပေလိမ့်မည် ။ သို့သော်လည်း ရွှေခါးပတ်ကိုမူပတ္တမြားအချို့ဖြင့်အလှတင်ထားပြီး ထိုခါးပတ်မှရွှေပြားများကရောင်း၍ရနိုင်သည် ။ ယမန်နေ့က ပိုင်ကျိုးအားပေးခဲ့သည့်ရွှေပြားမှာ ထိုခါးပတ်မှဖြစ်၏ ။
အခြားသောလက်၀တ်ရတနာများမှာမူ ပုလဲနှင့်ကျောက်မျက်များဖြင့်စီရီထားသည့်ဆံညှပ်ဖြစ်သည် ။ ပုလဲမှာအရည်အသွေးအလွန်ကောင်းမွန်ပြီး ကျန်းဖုကျိုးက တစ်ခါတစ်ရံတွင်အစေခံများနှင့် ကလေးငယ်များအားပေးတတ်သည် ။ သို့သော်လည်း ထိုအစေခံများက ပုလဲများကိုကိုယ်တိုင်၀တ်ဆင်နိုင်ခြင်းမရှိပေ ။
နင်အာက တွင်းတစ်တွင်းတူးပြီးနောက် ရောင်းချ၍ရနိုင်သောကျောက်မျက်များနှင့်ရွှေပြားများကိုသာယူထား၍ ကျန်သည့်အရာများကိုအမှတ်အသားပြု
ကာမြေမြုပ်လိုက်သည် ။ ရွှေပြားအချို့နှင့် ရွှေပုတီးစေ့များအပြင် ရောင်းချရန်အကောင်းဆုံးပစ္စည်းမှာ သွေးနီရောင်ကျောက်နှင့်ပုလဲများပင် ။ သွေးနီရောင်ကျောက်များက ငွေတုံးနှစ်ထောင်ကျော်တန်ပြီး ပုလဲများကမူ ငွေတုံးရာချီတန်၏ ။
ဤနေရာတွင်နေထိုင်သည်မှာအချိန်အတော်ကြာပြီဖြစ်သဖြင့် တောင်တက်လမ်းများနှင့်အတော်အတန်ရင်းနှီးကျွမ်း၀င်နေပြီဖြစ်သည် ။ ကံကောင်းပါက အန္ဒရာယ်ကင်းကင်းဖြင့်တောင်ခြေမြို့သို့ရောက်သွားနိုင်သော်လည်း ကံမကောင်းလျှင်မု တောရိုင်းကောင်များနှင့်တွေ့၍ အသက်ထွက်သွားနိုင်၏ ။ သူမအနေဖြင့် ပိုင်ကျိုးအပေါ်အားနာလှသောကြောင့် သူ၏ပိုက်ဆံများကိုထပ်မံမဖြုန်းတီးချင်ပေ ။
နင်အာက အသေအချာမြုပ်နှံပြီးနောက် အပေါ်မှသစ်ရွက်များထပ်ဖုံးလိုက်သေး၏ ။ လူသွားလူလာသိပ်မရှိတတ်သဖြင့် အခြားသောသူများလွယ်လွယ်ကူကူတွေ့နိုင်မည်မဟုတ်ပေ ။ အားလုံးပြီးသည့်နောက်တွင် လက်ဆေးကာ မြည်းပုလေးကိုဆွဲ၍ အိမ်သို့ပြန်ရန်ပြင်လိုက်သည် ။
…
ပိုင်ကျိုး နန်းတော်သို့ပြန်ရောက်လျှင်ရောက်ခြင်းပင် အနီးကပ်လူယုံမှလာ၍ သတင်းပို့လေသည် ။
" အရှင်မင်းသား နန်ကျိုးပြည်နယ်ကစစ်သူကြီးကမနေ့ကအရှင့်ဆီအလည်လာပါသေးတယ် ... ဒါပေမဲ့အရှင်ကတောင်ပေါ်မှာပဲရက်အတော်ကြာနေနေတော့ ... နိုင်ငံရေးကိစ္စတွေကနေအနားယူနေတယ်လို့ပြောထားပါတယ် ... ဒါပေမဲ့စစ်သူကြီးက ပုဂ္ဂိုလ်ရေးကိစ္စအကြောင်းပြောချင်လို့ဆိုပြီး နေ့လည်ခင်းမှာတစ်ခေါက်လာပါလိမ့်မယ် "
ပိုင်ကျိုးခေါင်းညိမ့်ပြလိုက်သည် ။
နန်ကျိုး ပြည်နယ်စစ်သူကြီး စုကျို နှင့် ပိုင်ကျိုးမှာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကတွေ့ဆုံခဲ့ကြဖူး၏ ။ နှစ်ယောက်သား အဆက်အသွယ်များများစားစားမရှိကြသော်လည်း တစ်ဖက်လူကသူ့အားအကြိမ်ရေအနည်းငယ်အကူအညီပေးဖူးသည် ။
ပိုင်ကျိုးက စာကြည့်ခန်းထဲတွင်စာဖတ်နေသောကြောင့် အချိန်ကိုသတိမထားမိခင်မှာတင် နေ့လည်ခင်းရောက်နေပြီဖြစ်သည် ။ အပြင်ဘက်မှအစေခံကတံခါးကိုခပ်ဖွဖွခေါက်ကာ
" အရှင်မင်းသား ... စစ်သူကြီးစုရောက်ရှိလာပါတယ် ..."
ပိုင်ကျိုးကအေးတိအေးစက်လေသံဖြင့်
" သူ့ကိုဧည့်ခန်းမှာ ခဏစောင့်ခိုင်းထားလိုက် "
စုကျိုမှာ စစ်သူကြီးတစ်ယောက်ဖြစ်သော်လည်းယခုသူ၏ ၀တ်စားလာပုံမှာ စစ်သည်တစ်ယောက်ကဲ့သို့ခက်ထန်မှုမရှိပါပေ ။ အဖြူရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားပြီး ဆံပင်ကိုမူအနက်ရောင်ပိုးကြိုးစဖြင့်ချည်နှောင်ထား၏ ။ နှာတံမြင့်မြင့်အပြင် ပြတ်သားသောမျက်ခုံးပုံစံကြောင့် အနည်းငယ်အေးစက်သည့်ပုံပေါက်နေသော်ငြား ထိုသူ၏ ဇာမဏီမျက်၀န်းများနှင့် နှုတ်ခမ်းပါးတို့ကမူပြုံးယောင်သမ်းနေလေသည် ။
မည်သည့်နေရာတွင်မဆို ၀င်ဆံ့အောင်နေထိုင်တတ်သောကြောင့် စုကျိုမှာ လူအများအားစိတ်သက်သာရာရစေသည့်ခံစားချက်မျိုးပေးစွမ်း၏ ။ ပိုင်ကျိုးကမူ စုကျိုသည် ရိုးရှင်းသောသူတစ်ယောက်မဟုတ်မှန်းသတိထားမိ၏ ။
စုမိသားစုမှ မိန်းမပျိုများမှာမျိုးရိုးနှစ်ဆက်တိုင် မိဖုရားခေါင်များဖြစ်သဖြင့် စုမိသားစုတွင် ခိုင်မာသည့်တော်၀င်မျိုးရိုးနောက်ခံရှိ၏ ။ ပြင်းထန်သည့်အိမ်တွင်းရေးကိစ္စများကြောင့် စုကျိုမှာ အသက်နှစ်ဆယ်အရွယ်ကတည်းကပင် မိသားစုခေါင်းဆောင်နေရာကိုလက်လွှဲယူခဲ့၏ ။ သူ၏ လက်ထဲတွင် သစ္စာရှိစစ်သည် သုံးသိန်းကျော်ရှိပြီး ဘုရင်၏ ရှေ့မှောက်၌ပင် ဒူးထောက်စရာမလိုသည်အထိအာဏာကြီးမား၏ ။ အလွန်စည်းကမ်းတင်းကြပ်သော မောင်းမဆောင်ကိုပင် စိတ်ကြိုက်၀င်ထွက်သွားလာနိုင်သည်မျိုးကို နန်ကျိုးပြည်နယ်တစ်ခုလုံး၌ သူတစ်ယောက်သာလုပ်နိုင်လိမ့်မည် ။
ပိုင်ကျိုးက စုကျိုအား အကဲခတ်သည့်အကြည့်များဖြင့် တည်တည်ငြိမ်ငြိမ်ကြည့်နေသည့်အချိန်တွင် တစ်ဖက်လူကလည်းသူ့အားတူညီသည့်အကြည့်များဖြင့်ကြည့်နေလေ၏ ။ ပိုင်ကျိုးမှာ ပိုင်ယွမ်ပြည်နယ်၏ နန်းမွေဆက်ခံခွင့်ရှိသူတစ်ဦးဖြစ်ပြီး ဘုရင်မင်းမြတ်ချူနှင့်မွေးမိခင်တူညီသည့် ယခုလက်ရှိ ပိုင်ယွမ် ပြည်နယ်ဘုရင်၏တူတော်ဖြစ်သည် ။
ပိုင်ကျိုးက တန်ဖိုးကြီးပိုး၀တ်ရုံကို၀တ်ဆင်ထားပြီး ခရမ်းရွှေရောင်ဆံပတ်ကို၀တ်ဆင်ထားပြီး ခါး၌လည်းတန်ဖိုးကြီးရှားပါး ကျောက်စိမ်းခါးပတ်ကိုဆင်ယင်ထားလေသည် ။ သူ၏ အသွင်သဏ္ဍာန်မှာ မြင့်မြတ်သည့်တော်၀င်အနွယ်များ၏ အရှိန်အ၀ါအပြည့်ရှိပြီး ချောမောအေးစက်သည့်ရုပ်ရည်မှာလည်းအပြစ်ပြောစရာမရှိပေ ။
တစ်ဘ၀လုံးအခြားသူများထက်သာလွန်သောနေရာတွင်သာနေထိုင်ခဲ့သောသူဖြစ်၍ ပိုင်ကျိုး၏ အကြည့်တစ်ချက်ကပင် သာမန်လူများအားသိမ်ငယ်သွားစေနိုင်၏ ။ ပိုင်ကျိုးက နိုင်ငံရေးထဲတွင်ထဲထဲ၀င်၀င် ပက်သက်လေ့မရှိသောကြောင့် အာဏာမရှိသည့်ပုံပေါ်နေသော်လည်း စုကျိုကမူ အထင်မသေးရဲချေ ။ တစ်ဖက်မှ အေးစက်သောပင်ကိုယ်စရိုက်ရှိသည့်လူငယ်လေးသည် စစ်သည်သုံးသောင်းကိုဦးဆောင်၍ ရန်သူ့စစ်စခန်းအားတစ်ညတည်းဖြင့်စိစိညက်ညက်ကြေအောင်ဖျက်ဆီးကာ စစ်ပွဲအခြေအနေကိုပြောင်းပြန်လှန်ခဲ့ဖူး၏ ။
နန်ကျိုးပြည်နယ်နှင့် ပိုင်ယွမ်ပြည်နယ်တို့မှာ မျိုးရိုးအစဥ်အဆက် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးရှိသဖြင့် ပိုင်ကျိုးနှင့် စုကျိုတို့မှာအဆက်အသွယ်မရှိသော်ငြားနေရခက်နေခြင်းမျိုးတော့မရှိပေ ။ စုကျိုဘက်မှအကြောင်းကိစ္စရှိ၍ ရောက်လာရခြင်းဖြစ်သဖြင့် ယဥ်ယဥ်ကျေးကျေးပြုံး၍
" ကျွန်တော် အရှင်မင်းသားချူရဲ့ နာမည်ကိုကြားဖူးနေတာကြာပါပြီ အခုလူချင်းတွေ့တဲ့အခါကျ လူတွေပြောနေတဲ့စကားနဲ့ အရှင့်ရဲ့ဂုဏ်ပုဒ်ကကိုက်ညီတယ်ဆိုတာကိုသိလိုက်ရပါပြီ ."
ပိုင်ကျိုးက ရေနွေးကြမ်းတစ်ငုံသောက်လိုက်ပြီးနောက်
" စစ်သူကြီးစုက ချီးကျူးလွန်းနေပါပြီ ... ဘာလို့များဒီမင်းသားဆီရောက်လာခဲ့ရတာလဲ အရေးကြီးကိစ္စများရှိလို့လား "
ပိုင်ကျိုး အချက်ပြလိုက်သော်အခါ အစေခံများကတန်ဖိုးကြီးကျောက်မျက်ရတနာများစွာထည့်ထားသည့်သေတ္တာကြီးနှစ်လုံးကိုဖွင့်ပြလာသည့်အပြင် လှပနွဲ့နှောင်းသည့်အမျိုးသမီးငယ်လေးများပါအတန်းလိုက်၀င်လာကြ၏ ။
စုကျိုက ခပ်ဖွဖွပြုံး၍
" ဒါက ဒီလူ့ဘက်ကတတ်နိုင်တာလေးပါ အရှင်ချူလက်ခံမယ်လို့မျှော်လင့်ပါတယ် ... တကယ်ပဲ ကျွန်တော့ဘက်ကအရေးတကြီးတောင်းဆိုစရာလေးရှိပါတယ် "
ပိုင်ကျိုးက အမှန်ပင်အမျိုးသမီးများထံမှပျံ့လွင့်လာသည့် မျက်နှာချေအနံ့များကိုမကြိုက်ချေ ။ ထို့ကြောင့် နှာခေါင်းကိုအုပ်၍
" စစ်သူကြီးပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် "
ပိုင်ကျိုး၏ မျက်နှာထက်မှ ခပ်ဖျော့ဖျော့အပြုံးပျောက်ကွယ်သွား၏ ။
" ကျွန်တော့်မှာ အဖွားကအရမ်းအလိုလိုက်ထားလို့ပျက်စီးနေတဲ့၀မ်းကွဲတစ်ယောက်ရှိပါတယ် ... ငယ်ငယ်လေးကတည်းကဆိုးသွမ်းလွန်းတော့ ဘယ်သူကမှသူ့ကိုမထိန်းချုပ်နိုင်ဘူး ... လွန်ခဲ့ရက်အနည်းငယ်က ကိုယ်လုပ်တော်အချို့နဲ့အတူသူလဲခရီးထွက်လာရင်း ဓားပြတွေနဲ့တွေ့လို့ ကိုယ်လုပ်တော်တွေရောသူပါ အရှင့်ရဲ့နယ်မြေထဲမှာပျောက်ဆုံးနေပါတယ် ... ဒါ့ကြောင့် အရှင့်ရဲ့နယ်မြေထဲမှာ ကျွန်တော့်ရဲ့၀မ်းကွဲနဲ့ ကိုယ်လုပ်တော်တွေကို၀င်ရောက်ရှာဖွေဖို့ခွင့်ပြုပေးစေချင်ပါတယ် ”
" ငါ့နယ်မြေထဲကိုဘယ်သူ့ရဲ့စစ်တပ်ကိုမှ၀င်ခံမှာမဟုတ်ဘူး ... လုတောင်က ငါနဲ့ငါ့လူတွေအပန်းဖြေဖို့နဲ့ စစ်ရေးလေ့ကျင့်ဖို့နေရာ အပြင်လူဘယ်သူမှခြေတစ်လှမ်း၀င်ခွင့်မပြုဘူး "
နိုင်ငံရေးကိစ္စမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဖြစ်သဖြင့် ပိုင်ကျိုးနှင့်ဆွေးနွေးရသည်မှာခက်ခဲလိမ့်မည်ဖြစ်ကြောင်း စုကျိုသိထားပြီးဖြစ်သည် ။
" အရှင်စိတ်အနှောင့်အယှက်ဖြစ်စေလောက်တဲ့အထိ လူအများကြီးမခေါ်လာပါဘူး ... သေသေချာချာရှာဖွေဖို့ လူတစ်ရာလောက်ပါပဲ အဖွားက ၀မ်းကွဲကိုအချစ်ဆုံးဆိုတော့ တစ်ခုခုဖြစ်ရင် ရင်ကျိုးရပါလိမ့်မယ် ... လူကိုရှာတွေ့တာနဲ့ အရှင့်ကို ကြီးကြီးမားမားကျေးဇူးဆပ်မဲ့အပြင် ၀မ်းကွဲကိုလည်းကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်ဖို့ခေါ်လာပါဦးမယ် "
ပိုင်ကျိုးက စုကျိုအားစိုက်ကြည့်၍
" စစ်သူကြီးစု ဘာလို့ မင်း၀မ်းကွဲရဲ့ပုံတူကိုပေးပြီးရှာဖွေလို့မရရမှာလဲ ... လုတောင်မှာ ကျဆုံးစစ်သည်တွေရဲ့ရုပ်ကြွင်းကိုမြုပ်နှံထားတာမို့လို့ အပြင်လူတွေကို၀င်ခွင့်ပေးတာက သူတို့ကိုမလေးစားရကျတယ် ... ပုံတူပို့ပေးတာနဲ့ ချက်ချင်းလူလွှတ်ပြီးရှာလို့ရတယ်"
စုကျို၏ တစ်ကိုယ်လုံးတောင့်ခဲသွားပြီး အေးတိအေးစက်စိတ်မပါလက်မပါပြုံးကာ
" ဒါဆိုလဲ ပြန်ပြီးအတော်ဆုံးပုံတူဆွဲသမားကိုရှာလိုက်ပါဦးမယ် ... ပုံတူရတာနဲ့အရှင့်ဆီ ချက်ချင်းလူလွှတ်ပြီးပို့ခိုင်းလိုက်ပါ့မယ် "
စုကျိုထွက်သွားသည့်အခါ ပိုင်ကျိုး၏ အနီးကပ်လူယုံတော်တစ်ယောက်ကစကားပြောလာ၏ ။
" အရှင် ဘာလို့ စစ်သူကြီးစုတောင်းဆိုတာကိုခွင့်မပြုလိုက်တာလဲ ... သူ့ရဲ့ပုံစံနဲ့တကယ်လို့ အရှင့်ကိုသာအငြိုးအတေးထားသွားမယ်ဆိုရင်—"
ပိုင်ကျိုးက မျက်မှောင်ကျုံ့၍
" မင်းတကယ်ပဲ စုကျိုက ၀မ်းကွဲတစ်ယောက်ရဲ့အသက်အတွက်နဲ့ ဒီဘုရင်ကိုလာတောင်းဆိုနေတာလို့ထင်နေတာလား ... အဲ့ဒီလူရဲ့တစ်ကိုယ်လုံးမှာကောက်ကျစ်တဲ့အကြံတွေအပြည့်ပဲ ... ငါ့ရဲ့နယ်မြေထဲကိုအန္ဒရာယ်များတဲ့ဘယ်သူ့ကိုမှခြေချခွင့်ပေးမှာမဟုတ်ဘူး "
မကြာသေးမှီအချိန်ကမှ နန်ကျိုးပြည်နယ်အတွင်းဖြစ်ပျက်သွားသည့် မတော်တဆမှုကိုတွေးမိသွားသောကြောင့် လူယုံမှာချွေးစေးများထွက်လာလေသည် ။
" အရှင်မင်းသားကအမြှော်အမြင်ကြီးမားလှပါတယ် "
( TN / ပိုင်ကျိုးရဲ့ ရာထူးအခြေအနေကိုတစ်ချက်ရှင်းပြချင်လို့ပါ ... ပထမဆုံးအနေနဲ့ ပိုင်ကျိုးရဲ့ ဖခင်ကချူ ဘုရင်နဲ့မွေးမိခင်တစ်ဦးတည်းတူတဲ့ ညီကိုရင်းတွေပါ ... ပြီးတော့ ပိုင်ယွမ်ပြည်ကလည်း ပိုင်ကျိုးမိခင်ကဆိုတော့ ပိုင်ယွမ်ပြည်ဘုရင်က ပိုင်ကျိုးရဲ့မိခင်နဲ့မောင်နှမရင်း ... အသက်ငယ်ငယ်လေးနဲ့ စစ်တပ်ကိုဦးစီးပြီးရန်သူ့စစ်တပ်ကိုအနိုင်ယူခဲ့တာမို့လို့ မင်းသားဘွဲ့အပြင် ဘုရင်အငယ်ဘွဲ့ကိုပါရရှိတဲ့အတွက် မျိုးရိုးနာမည်ကိုရှေ့ထားပြီး ချူဘုရင် ဒါမှမဟုတ် မင်းသားချူလို့ခေါ်ဝေါ်တာပါ ... မင်းသားတစ်ပါးဆိုပေမဲ့ ကိုယ်တိုင်တိုင်းပြည်နယ်တစ်ခုကိုဦးစီးလို့ရလောက်တဲ့အထိအာဏာရှိတဲ့အတွက် ဘုရင်ဘွဲ့ကို ပြည်သူတွေကိုယ်တိုင်ကိုကပေးအပ်ထားတာပါ )
🐳