#lady
Chapter ( 5 )
စုကျို ချူနန်းတော်မှ ပြန်ထွက်သွားသည်ဆိုသည်နှင့် ရတနာသေတ္တာနှစ်လုံးအပြင် မိန်းမလှရှစ်ဦးကိုပါ တစ်ပါတည်းပြန်ထည့်ပေးလိုက်၏ ။ ချူစံအိမ်၏ အိမ်တော်ထိန်းမှာ အမျိုးသမီးအစေခံအိုကြီးတစ်ယောက်ဖြစ်ပြီး အလွန်အရိပ်အကဲသိလှ၏ ။
အိမ်တော်ထိန်းအိုကြီးကပြုံး၍
" အရှင်က စစ်သူကြီးရဲ့စေတနာကိုလက်မခံချင်လို့မဟုတ်ပါဘူး ... အကူအညီတောင်းတဲ့ကိစ္စကိုမကူညီလိုက်ရတဲ့အတွက် ဒီလိုတန်ဖိုးကြီးတဲ့လက်ဆောင်တွေကိုလက်ခံထားရမှာက ဒီအစေခံတွေအတွက်တာ၀န်ကြီးလို့ပါ "
စုကျိုက အိမ်တော်ထိန်းအားနွေးနွေးထွေးထွေးပြုံးပြ၍
" အရှင်လက်မခံဘူးဆိုမှတော့ ပြန်ယူသွားရမှာပေါ့ ... "
စုကျို ထမ်းစင်ပေါ်၌ ထိုင်ပြီးသည့်အချိန်မှာပင် အထမ်းသမားရှစ်ယောက်က ထမ်းစင်ကိုမလိုက်ကြ၏ ။ ထိုအပေါ်၌ ကလေးတစ်ယောက်ထိုင်နေပြီး ခုနှစ်နှစ်ရှစ်နှစ်မျှသာရှိသေးပုံရပြီး စုကျို၏ မျက်နှာအသွင်အပြင်နှင့် သုံးပုံလောက်ဆင်တူသည် ။ သို့သော်လည်း မျက်နှာတွင်ကလေးဆီလေးများရှိနေသဖြင့် စုကျိုကဲ့သို့အေးတိအေးစက်မျက်နှာထားမျိုးမဟုတ်ပေ ။
ထိုကလေးလေးမှာ စုကျို၏ တူဖြစ်သူစုဟွမ်ဖြစ်၏ ။ ထိုကလေးလေးမှာငယ်ရွယ်သေးပါသော်ငြား သူ၏ ဥာဏ်ရည်မှာစုကျိုနှင့် တန်းတူနီးနီးပင် ။
" ယွမ်မိသားစုက မင်းသမီးယွမ်ဖန်မှာ နှလုံးသားရေးရာခံစားချက်တွေရှိနေတဲ့အတွက်သေချာပေါက် ဦးလေးနောက်ကိုလိုက်မှာပဲ ... ဒုတိယဦးလေး ကျွန်တော်မတော်တဆဖြစ်တဲ့နေရာအနားကမြေပုံကိုကြည့်မိတော့ ဦးလေးကသေချာပေါက် ယွမ်ဖန်ရဲ့နောက်ကိုလိုက်သွားမှာပဲ... ခက်တာက အရှင်ချူက သူ့နယ်မြေထဲကိုဘယ်သူမှ၀င်ခွင့်မပေးတာ ... ယွမ်ဖန်က သက်တောင့်သက်သာနေရတာကိုကြိုက်တဲ့မိန်းမဆိုတော့ သေချာပေါက်ကိုသူ့အတွက်ခက်ခဲမှာပဲ ... လူတိုင်းကိုအထက်စီးကနေပြောဆိုတတ်တဲ့ပုံစံအရသေချာပေါက် အသက်ရှင်နေဆဲဆိုရင်ရှာဖွေရလွယ်မှာ ... လက်၀တ်ရတနာဆိုင်တွေကိုအထူးတလည်စောင့်ကြည့်ထားရုံပဲ "
စုကျိုက အေးစက်စက်ပြုံး၍
" ယွမ်ဖန်က တကယ်ကိုအသုံးမကျတာပဲ ရေကြောက်တယ်ဆိုပြီးခုန်မဆင်းချင်ဘူးလေ "
စုဟွမ် : " အရာအားလုံးကိုကြိုတင်တွက်ဆထားလို့မရဘူး ... ဒုတိယဦးလေး ကျွန်တော်ပြောသလိုလူအရင်ရှာရအောင် "
" ချူနယ်မြေကအစောင့်အကြပ်အရမ်းထူထပ်တယ် ... အရှင်ချူကအရမ်းကိုပါးနပ်တယ် သူ့နယ်မြေထဲမှာအခြေချနေထိုင်တဲ့လူတိုင်းတဲ့ သူ့ရဲ့သစ္စာရှိစစ်သည်တွေရဲ့မိသားစု၀င်တွေပဲ အပြင်လူတွေအလွယ်တကူရွေ့ပြောင်းနေထိုင်လို့မရတဲ့အတွက် သူလျှိုထည့်ဖို့ခက်ခဲတယ် "
ချန်ကျိုး၏ အပြုံးမှာပိုမိုအေးစက်လာပြီး
" တကယ်လို့ ချူဘုရင်ရဲ့ ကိုယ်ပိုင်နယ်မြေကိုသာ ဇွတ်၀င်သွားမိရင် ငါ့အတွက်လည်းအဆုံးသတ်ကောင်းမှာမဟုတ်ဘူး "
စုဟွမ်က ခေါင်းညိမ့်၍
" ပိုင်ယွမ်ပြည်ထဲမှာပြောဆိုရကောင်းတဲ့တခြားမင်းသားမင်းသမီးတွေလည်းရှိပါသေးတယ် ... ချူ၀မ်ကတော့အဆင်ပြေမယ်ထင်တယ် ဒုတိယဦးလေး သူ့ကိုတစ်ခေါက်လောက်သွားတွေ့ကြည့်ပါလား "
စုကျို စံအိမ်သို့ပြန်လာပြီးနောက် အခန်းထဲသို့၀င်သည့်အချိန်မှာပင် ပြတင်းပေါက်ပွင့်သွားပြီး လေအေးများတိုက်ခတ်လာကာထိုလေအေးများနှင့် အနက်ရောင်၀တ်လူများပါ၀င်ရောက်လာ၏ ။
" ဒုတိယသခင်လေး "
ထို့နောက် ကြိုးတုပ်ထားသည့်အမျိုးသမီးနှစ်ဦးအားကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည် ။ အမျိုးသမီးနှစ်ယောက်အနက်မှာတစ်ယောက်မှာ ခံပြင်းနေပုံရကာ စုကျို၏ ခြေထောက်နားသို့တွားသွား၍ခေါင်းမော့ကာ
" စစ်... စစ်သူကြီး "
စုကျိုက အမျိုးသမီးအားချည်ထားသည့်ကြိုးကိုဆောင့်ဆွဲ၍
" ငါမင်းကို လူကိုသေသေချာချာဂရုစိုက်ပါလို့မှာခဲ့တယ်လေ... အခု လူရော ဘယ်မှာလဲ "
" မင်းသမီးယွမ်က သခင်လေးကိုခေါ်သွားပြီး စစ်သူကြီးနဲ့အတူတူသွားချင်တယ်လို့ပြောခဲ့တာပါ ... တခြားကိုယ်လုပ်တော်သုံးယောက်လည်းအတူတူပါသွားပါသေးတယ် ဒါပေမဲ့ လုပ်ကြံသူတွေ၀င်လာတာနဲ့ ကျွန်မတို့လူစုကွဲသွားကြတာပါ ..."
စုကျို၏ မျက်နှာထားမှာ အလွန်မသာမယာဖြစ်နေ၏။
" လုပ်ကြံသူတွေက ဘယ်သူ့ရဲ့လူတွေလဲ "
အမျိုးသမီးက ခေါင်းခါ၍
" ဒီအစေခံမသိပါဘူး ."
စုဟွမ်က ဖြည်းဖြည်းချင်းလျှောက်လာ၍
" ဒုတိယဦးလေး အရင်ဆုံးဒီအမျိုးသမီးနှစ်ယောက်ကိုအကျဥ်းချထားပြီး ပင်မမိသားစုကိုအခြားမိသားစုခွဲကအကြံအစည်ရှိနေတဲ့လူတွေအကြောင်းစာရေးပြီးသတိပေးမေးမြန်းလိုက်... ပြီးတော့ ဒီနှစ်ရက်အတွင်း မင်းသမီးယွမ်နဲ့ ကျွန်တော့်ရဲ့ဦးလေးကိုရှာဖွေနေတဲ့အကြောင်းကိုပါထည့်ပြောပြလိုက် "
စုကျိုက ခေါင်းညိမ့်ပြလာ၏ ။ စုဟွမ်၏ အရပ်မှာစုကျို၏ ခါးမျှသာရှိသေးသော်လည်း သူ၏ အသွင်အပြင်မှာ နတ်သားလေးတမျှအလွန်ချောမောစွာမွေးဖွားလာခဲ့ခြင်းဖြစ်သည် ။
" နောက်တစ်ခါ ချူစံအိမ်ကိုသွားမယ်ဆိုရင် ... ဒုတိယဦးလေးကျွန်တော့်ကိုပါခေါ်သွားဖို့မျှော်လင့်ပါတယ် "
…
ပိုင်ကျိုးတောင်ပေါ်သို့ပြန်ရောက်သောအခါမှောင်နေပြီပင် ။ လေတိုက်သောအခါ အိမ်ထဲတွင်တစ်စုံတစ်ရာလောင်ကျွမ်းနေသည့်အနံ့အား ခပ်လှမ်းလှမ်းမှပင်ရနေ၏ ။ အသေအချာကြည့်မိသောအခါ မီးဖိုချောင်တစ်၀က်မှာပြာကျနေပြီဖြစ်သည့်အပြင် ကျန်သည့်သစ်သားနံရံတစ်၀က်မှာလည်း မီးသွေးတုံးများဖြစ်ကုန်လေသည် ။
ပိုင်ကျိုး : "???"
ပိုင်ကျိုးက အေးတိအေးစက်လေသံကြီးဖြင့်အော်ခေါ်လိုက်၏ ။
" ယွမ်နင် "
တစ်ဖက်မှအခန်းတံခါးပွင့်လာပြီးတစ်ကိုယ်လုံးပြာမှုန့်များပေကျံနေသည့် နင်အာကမျက်လုံးကိုပွတ်သပ်နေရင်း အိပ်ချင်မူးတူးဖြင့်ထွက်လာ၏ ။
တစ်ကိုယ်လုံးပေကျံနေသည့်အပြင် မျက်နှာပေါ်တွင်လည်း ပြာမှုန့်များမဲသဲနေသည် ။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံမှာ ယခုမှနိုးလာပုံပင် ။
သူမကပိုင်ကျိုးကိုကြည့်၍
"အာ ... ပိုင်ကော "
ပိုင်ကျိုးက တစ်၀က်ပြာကျနေပြီဖြစ်သည့် မီးဖိုချောင်ကိုလက်ညိုးထိုးပြ၍
" ဘာတွေဖြစ်နေတာလဲ "
နင်အာက သူမ၏ နှာခေါင်းကိုပွတ်ရင်း
" ကျွန်မက ဗိုက်ဆာလို့ဟင်းလေးချက်ရုံတင်ပါ ... မီးဖိုချောင်တစ်၀က်ပြာကျသွားလိမ့်မယ်လို့ထင်မထားခဲ့ဘူး "
ပိုင်ကျိုးက မယုံကြည်ချေ ။
" တစ်၀က်မီးလောင်သွားတယ် မင်းဘယ်လိုများမီးမွှေးလိုက်တာလဲ ..."
" ရေပုံးကြီးထဲမှာရေတစ်၀က်ပဲရှိတော့တယ် ... ကျွန်မမီးသတ်ဖို့သုံးလိုက်တာ ... ကံကောင်းလို့မီးကသိပ်မများလို့သာပေါ့ ကျွန်မဖြင့် လန့်လွန်းလို့သေတော့မလိုပဲ "
ဤအရှုပ်ထုပ်လေးအိမ်ရောက်လာသည့်အချိန်ကစ၍ တစ်နေ့တစ်မျိုးမရိုးရတော့ပေ ။ ပိုင်ကျိုးက မုန့်အိတ်ကိုထုတ်၍
" ငါမင်းအတွက်၀ယ်လာခဲ့တာ မစားခင်အရင်လက်ဆေးလိုက်ဦး "
နင်အာက မုန့်ထုပ်ကိုယူကာ
" ကျေးဇူးတင်ပါတယ် ပိုင်ကော ဒါနဲ့ ပိုင်ကောအမဲလိုက်သွားတယ်ဆိုပြီး ဘာသားကောင်မှမတွေ့ပါလား "
" ရောင်းလိုက်ပြီ ... ငါအရင်အိပ်တော့မယ် "
နင်အာက ရေချိုးပြီးနောက်မုန့်ထုပ်ကိုင်၍ပြန်၀င်လာသည့်အချိန်၌ ပိုင်ကျိုးက ကြမ်းပြင်ပေါ်တွင်အိပ်ရန်ပြင်နေပြီဖြစ်သည် ။
နင်အာက မုန့်စားနေရင်းဖြင့်
" ပိုင်ကော ... ဒီနေ့အမဲလိုက်ရတာအရမ်းပင်ပန်းလား ... ကျွန်မမနက်ဖြန်လိုက်ကူပေးရမလားဟင် "
" မလိုဘူး "
ပိုင်ကျိုး၏ အသံမှာရေခဲတမျှအေးစက်နေပြီး စကားပြေသည်မှာလည်း တုံးတိဖြင့်တစ်ဖက်လူအားလေးစားမူအလျဥ်းမရှိချေ ။ နင်အာက စိတ်ထဲမထားဘဲ
" ဒါပေမဲ့ ကျွန်မဒီမှာတစ်ယောက်တည်းနေခဲ့ရတာပျင်းတယ်လေ "
" ဒါဆိုရင် မင်းရဲ့အိမ်ကိုပြန်ပို့ပေးရမလား "
"အာ ... အိမ်ပြန်ပို့ပေးဖို့တော့မလိုပါဘူး "
ပိုင်ကျိုးနှင့်အတူအိပ်စက်ရသည့်တတိယမြောက်ညဖြစ်၏ ။ နင်အာမှာအချိန်အတော်ကြာသည်အထိအိပ်မပျော်နိုင်သောကြောင့် တစ်ညလုံးနီးပါးလူးလှိမ့်နေပါသော်လည်း နာရီအနည်းငယ်သာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည် ။
ပိုင်ကျိုးက နင်အာအိပ်ပျော်သွားသည့်အခါမှသာ ဖြည်းဖြည်းချင်းမျက်လုံးမှိတ်လိုက်လေသည် ။ သူ၏ အသက်နှစ်ဆယ့်သုံးနှစ်တာကာလအတွင်း၌ ပထမဆုံးအကြိမ်အမျိုးသမီးတစ်ယောက်၏ ကိုယ်သင်းရနံ့ကိုကြိုက်နှစ်သက်မိခြင်းပင် ။
ပိုင်ကျိုးမှာ အမှန်တကယ်၌ အလွန်သနားစရာကောင်းခဲ့လေသည် ။ သူမွေးဖွားခဲ့သည့်အချိန်ကစ၍ ကျိန်စာတစ်ခုကဲ့သို့ပင် မွေးမိခင်ဆုံးပါးသွားပြီး နန်းတော်တစ်ခုလုံးကသူ့အားတလေးတစားဆက်ဆံပြီး ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံ၀ံ့သူမရှိပေ ။ အင်ပါယာအရှင်ဖြစ်သော ပိုင်ကျိုး၏ အစ်ကိုဖြစ်သူပင် သူနှင့်နီးနီးကပ်ကပ်မနေချေ ။
ထန်ချီ အင်ပါယာအရှင်ဖြစ်သည့် သူ၏ အစ်ကိုဖြစ်သူမှာလွန်ခဲ့သည့်သုံးနှစ်ကဆုံးပါးသွားသဖြင့် သားဖြစ်သူမင်းသားပိုင်ယင်က ထီးနန်းကိုဆက်ခံပြီး မင်စီးဟုအမည်တွင်၏ ။ ပိုင်ယင်၏ မွေးမိခင်ဘက်မှမိသားစုအမည်မှာ ရှင်း ဖြစ်ပြီး မင်းသားငယ်လေးမှာ မယ်တော်ဖြစ်သူနှင့်သာအနေများသဖြင့် ပိုင်ကျိုး၏ အာဏာကိုကြောက်လေသည် ။ မိဖုရားကြီးရှင်း မှာလည်း ပိုင်ကျိုးက သူ၏အစ်ကိုဖြစ်သူအပေါ်သစ္စာရှိသောကြောင့် သားဖြစ်သည့် ပိုင်ယင်အပေါ်လည်း သစ္စာရှိမည်မှန်သော်လည်း ထိုထဲ၌ ရှင်း မိသားစု၀င်များမပါ၀င်ကြောင်းသိ၏ ။
မင်းသားငယ်လေးအား ထီးနန်းစွန့်ခိုင်း၍ ပ်ိုင်ကျိုးကိုယ်တိုင်နန်းတက်အုပ်ချုပ်မည်ကိုကြောက်သောကြောင့် မိဖုရားကြီး၏ မိသားစုဘက်မှဆွေမျိုးများအပါအ၀င် မိဖုရားကြီးကိုယ်တိုင်ကပင် ပိုင်ကျိုးအား စစ်တပ်အာဏာကိုစွန့်ရန်အမြဲတမ်းတိတ်ဆိတ်သာမက ပေါ်တင်ပါဖိအားပေးတတ်သည် ။
ပိုင်ကျိုးမှာ အားနည်းသောသူမဟုတ်သော်လည်း မိဖုရားကြီးဘက်မှာ သူ့အစ်ကို၏ သွေးသားဖြစ်သည့် ကျန်မင်းသားသုံးယောက်၏ အသက်ကိုချုပ်ကိုင်၍ ခြိမ်းခြောက်လာလေသည် ။ ထိုမင်းသားလေးများ၏ မိခင်ဘက်မှမိသားစုများမှာအားနည်းသောကြောင့် ထိုမင်းသားလေးများအား မိဖုရားကြီး၏လက်ထဲမှကာကွယ်မပေးနိုင်ပေ ။ ပိုင်ကျိုး စစ်တပ်အာဏာအားပြန်လည်အပ်နှံ၍ မြို့တော်သို့ပြန်မလာမချင်း မင်းသားသုံးပါးနှင့်သူတို့၏ မယ်တော်များအသက်မှာလုံခြုံနေမည်ဖြစ်သည် ။
ထိုကလေးများကိုကာကွယ်ရန် ပိုင်ကျိုးကမြို့တော်မှထွက်ခွာရန်ဆုံးဖြတ်ခဲ့၏ ။ နှစ်ပေါင်းများစွာကြာသည့်တိုင် ညီလာခံအရေးနှင့်အလုပ်ရှုပ်နေသောကြောင့် မိန်းမများအကြောင်းတွေးရန်အချိန်မရှိခဲ့ပေ ။ ပိုင်ကျိုး ကိုယ်တိုင်ကလည်းမိန်းမများအားမနှစ်သက်ချေ ။ ထို့အပြင် စစ်တပ်စခန်း၌ ရန်သူ့ဘက်မှသူလျှိုများက ဆွဲဆောင်တတ်ကာမူယာမာယာများသည့်မိန်းမများဖြစ်သဖြင့် ထိုအပျက်ဆန်ဆန်အမျိုးသမီးများအားသဘောမကျရခြင်းပင် ။
ပိုင်ကျိုးတွေးသည်မှာ အမျိုးသမီးများသည်အနေအထိုင်ပိရိကာသပ်ရပ်ညင်သာသင့်သည်ဟူ၍ပင် ။ ရုတ်တရက်ကြီး သူနင်အာအားသဘောမကျရသည့်အချက်ကိုရှာတွေ့သွား၏ ။ နင်အာအားသဘောမကျသည်ကလွဲ၍ အခြားမရှိတော့သောကြောင့် ဆက်မတွေးရန်ဆုံးဖြတ်လိုက်သည် ။
နင်အာ့ထံမှပျံ့လွင့်လာသည့် ခပ်ဖျော့ဖျော့သင်းရနံ့လေးမှာ ပိုင်ကျိုး၏ နှာခေါင်းနားတွင်ဝေ့ဝဲလာသောကြောင့် နှာခေါင်းပိတ်ကာ တစ်ဖက်သို့လှည့်လိုက်လေသည် ။
…
နင်အာအိပ်နေစဥ်အချိန်တွင်း သူမအပေါ်သို့လေးလံသောအရာတစ်ခုဖိလာသလိုခံစားလိုက်ရသည့်အပြင် အသက်ရှုကြပ်လာသောကြောင့် မျက်လုံးဖွင့်လိုက်သောအခါ ချောမောသောအမျိုးသားတစ်ဦး၏မျက်နှာကြီးမှာ သူမနှင့်အလွန်နီးကပ်နေလေ၏ ။
ထိုအမျိုးသားက အနီရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားပြီး သူ၏ လက်ထဲ၌ ကြိုးရှည်တစ်ချောင်းကိုကိုင်ထားကာ နင်အာ၏ လည်ပင်းကိုလက်ဖြင့်ညှစ်ကာ အေးစက်စက်ပြုံး၍
" ၀မ်းကွဲလေး ဘယ်လိုပုံစံမျိုးနဲ့သေချင်လဲ "
နင်အာ ထိတ်လန့်စွာအော်ဟစ်ရင်းချွေးစေးများရွှဲနစ်ကာနိုးလာ၏ ။ မိုးမလင်းသေးသော်လည်း နင်အာကမူ ကြောက်လန့်၍ တစ်ကိုယ်လုံးတုန်ရီနေကာအိပ်မရတော့ချေ ။ သူမ၏ မျက်နှာမှာလည်း သွေးရောင်မရှိတော့သည်အထိဖြူဖျော့နေ၏ ။
ပိုင်ကျိုးကမူ သူမ၏ အော်သံကြောင့်နိုးလာလေသည်။
" အိပ်မက်ဆိုးမက်လို့လား "
သူမ၏ အရင်အိမ်မဟုတ်ကြောင်းသဘောပေါက်ရန် အချိန်အချို့ကြာသည်အထိ သူမအူကြောင်ကြောင်နှင့်ထိုင်နေလေသည် ။ ပိုင်ကျိုးနှင့်အတူ ရှိနေသောကြောင့် သူမလုံခြုံသည်ပင် ။
အခုလေးတင်မက်ခဲ့သောအိပ်မက်မှာအလွန်ပီပြင်လွန်းလှသောကြောင့် ထိုအမျိုးသား၏ လက်ထဲတွင်အားအနည်းငယ်ထပ်ထည့်လိုက်ရုံဖြင့် သူမအမှန်တကယ်အသက်ဆုံးရှုံးသွားနိုင်သည်ဟုခံစားနေရလေသည် ။
နင်အာက ကုတင်ပေါ်မှ လှိမ့်ဆင်း၍ ပိုင်ကျိုး၏ စောင်ထဲသို့တိုး၀င်ကာ
" ပိုင်ကော ကျွန်မရှင့်ရဲ့စောင်ကိုနွေးအောင်လုပ်ပေးမယ်လေ "
ပိုင်ကျိုးက အံကြိတ်၍
" ထွက်သွားစမ်း "
နင်အာက ပိုင်ကျိုးအား ရေဘ၀ဲတစ်ကောင်ကဲ့သို့တွယ်ကပ်၍
" မလှုပ်ပါနဲ့ဆို "
ညလယ်ခေါင်ကြီး အမျိုးသားတစ်ဦး၏ အိပ်ရာထဲသို့ခုန်၀င်လာသည့် နင်အာကဲ့သို့အရှက်မရှိသောမိန်းမမျိုးအားတစ်ခါမျှမမြင်ဖူးပါချေ ။ နင်အာ၏ ခန္ဓာကိုယ်မှာပေါ့ပါးသေးသွယ်သည့်အပြင် နို့နှင့်သစ်ခွပန်းရနံ့တို့ရောစပ်ထားသည့် ချိုချိုမွှေးမွှေးရနံ့တစ်ခုကလည်း ပိုင်ကျိုး၏ နှာခေါင်း၀တွင်ကျီစယ်နေသည့်အပြင် နင်အာက သူ၏ လည်ပင်းကိုလက်နှစ်ဖက်ဖြင့်ဖက်တွယ်ထားသေးသည် ။
" ဘာပဲဖြစ်ဖြစ် ပိုင်ကောဘက်ကနစ်နာသွားတာမှမရှိတာ တစ်ညလောက်အတူတူအိပ်ပေးတော့ ဘာဖြစ်မှာမို့လို့လဲ "
ပိုင်ကျိုးတစ်ကိုယ်လုံးတောင့်တင်းနေပြီး နောက်ဆုံး၌ ရွေးချယ်စရာမရှိတော့သောကြောင့်
" ငါ့ကိုလာလာမထိနဲ့ ကိုယ့်ဘာသာအေးအေးဆေးဆေးအိပ် "
နင်အာကပြုံး၍
" အွန်း."
ပိုင်ကျိုး၏ ကိုယ်သင်းရနံ့မှာ စိတ်ငြိမ်သက်စေသည့် တန်ဖိုးကြီးသစ်မွှေးကဲ့သို့ဖြစ်သဖြင့် နင်အာ့ အားလုံခြုံစိတ်ချသည့်ခံစားချက်မျိုးပေးစွမ်း၏ ။ နောက်တစ်နေ့ပိုင်ကျိုးနိုးသည့်အချိန်အထိ နင်အာက သူ့အားဖက်တွယ်ထားဆဲပင် ။ သူမကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရပြီး အ၀ါဖျော့ရောင်၀တ်ရုံကို၀တ်ဆင်ထား၏ ။
သူမ၏ အပြစ်ကင်းသောအသွင်အပြင်လေးကိုကြည့်ရုံဖြင့် အရှက်မရှိသည့် မိန်းကလေးတစ်ဦးဖြစ်ကြောင်းမည်သူကမျှထင်မည်မဟုတ်ပေ ။
နင်အာ၏ မျက်နှာသွင်ပြင်မှာ အလွန်ကြည့်၍ကောင်းလှပြီးမျက်တောင်ရှည်ကြီးများနှင့် လှပသောမျက်၀န်းတစ်စုံကြောင့် မည်သည့်အမျိုးသားမဆိုညို့ယူခံလိုက်ရမည်ပင် ။ သူမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောအခါ၌ ကလေးတစ်ယောက်နှင့်တူလှသည် ။
သူမကပိန်သွယ်လွန်းပြီး ပိုင်ကျိုးက သိုင်းသမားတစ်ဦးဖြစ်သောကြောင့် လက်ဆန့်ထုတ်လိုက်သည်နှင့် အရှုပ်ထုပ်လေးအသက်ထွက်သွားမည်မျိုးမဖြစ်စေချင်ပေ ။
ပိုင်ကျိုးနှင့် နင်အာတို့၏ ပုံစံမှာ ကျားကြီးတစ်ကောင်နှင့်အတူတူနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသည့် မြေခွေးဖြူလေးကဲ့သို့ပင် ။ မြေခွေးလေးထိခိုက်သွားမည်စိုးသဖြင့် ကျားကြီးမှာ မလှုပ်ရှားရဲဘဲဖြစ်နေ၏ ။
သူမပါးစပ်မဖွင့်သရွေ့ အပြစ်ကင်းစင်သည့်ရုပ်ရည်လေးကြောင့် မည်သူမဆိုလှည့်စားခံလိုက်ရမည်ပင် ။ ကံမကောင်းစွာနှင့် ဤမိန်းကလေးမှာ မြေခွေးကဲ့သို့မိန်းမမျိုးဖြစ်နေသည် ။
ပိုင်ကျိုးက နင်အာ၏ လက်ကိုအသာဖယ်၍ ဘေးဘက်သို့တွန်းထုတ်လိုက်သည် ။ သူမက ဗလုံးဗထွေးဖြင့် စကားအချို့ရေရွတ်ပြောဆိုလာပြီး ပိုင်ကျိုးခန့်မှန်း၍ ရသည်မှာ တစ်စုံတစ်ယောက်အားကျိန်ဆဲနေပုံရ၏ ။
ဒါကမှသူမရဲ့ပုံစံအမှန်ပဲ .....
🐳