#lady
Chapter ( 6 )
နင်အာနှင့်မတွေ့ဆုံမှိီအချိန်က ပိုင်ကျိုးမှာ ဤတောင်ပေါ်အိမ်လေး၌ အခါအခွင့်သင့်သည့်အချိန်များ၌သာတစ်ညတစ်လေနေထိုင်လေ့ရှိသည် ။ အချိန်အများစုကိုနယ်စပ်ဒေသများအတွင်း ဟိုဟိုဒီဒီသွားလာ၍သာကုန်ဆုံးခဲ့ပြီး အခြားသောအရာများအား အာရုံမစိုက်ခဲ့ချေ ။
မိဖုရားကြီးရှင်းမှာ ပိုင်ကျိုးသွားရာနေရာတိုင်းနှင့်လုပ်သမျှကိုမျက်စိဒေါက်ထောက်စောင့်ကြည့်နေတတ်သည် ။ ပိုင်ကျိုးက ကျန်ရစ်သောမင်းသားသုံးယောက်၏ အသက်ကိုငဲ့၍ မည်သို့သော အာဏာဖီဆန်သည့်ပုန်ကန်မှုမျိုးကိုလုပ်မည်မဟုတ်သော်လည်း သူမကစိတ်မချဖြစ်နေဆဲပင် ။
ယခုမူ အရှုပ်ထုပ်လေးအားကယ်တင်ပြီးသည့်အချိန်ကစ၍ မီးဖိုချောင်တစ်၀က်ပြာကျသွားရသော်လည်း ဆက်လက်၍ ပေးနေသည်ကလွဲအခြားသောရွေးချယ်စရာမရှိပေ ။ သူမတစ်ယောက်တည်းလွှတ်ထားလိုက်မည်ဆိုပါက သေချာကိုပင် တစ်ပတ်မပြည့်မှီမှာတင် တောရိုင်းကောင်များ၏ သတ်ဖြတ်စားသောက်ခြင်းကိုခံရပေလိမ့်မည် ။
သူ၏ စံအိမ်သို့ခေါ်သွားရန်တွေးမိသော်လည်း နင်အာ၏ ဘ၀အမှန်ကိုတိတိကျကျမသိသေးသည့်အပြင် သူမကိုလည်းမယုံကြည်ရဲသေးပေ ။ ပိုင်ကျိုးအခန်းထဲပြန်၀င်လာသောအခါ နင်အာနိုးနေပြီဖြစ်သည် ။ သူမ၏ မျက်ခုံးရိုးကိုလက်ချောင်းများဖြင့်နှိပ်နယ်နေပြီး သူမ၏လက်ချောင်းလေးများကဖြူဖွေးသွယ်လျကာ နူးညံ့မည့်ပုံပေါ်၏ ။
မျက်တောင်ရှည်ကြီးများမှာကော့ညွတ်နေပြီး သူမ၏ အနက်ရောင်ဆံနွယ်များကိုလည်းဖြေချထားလေသည် ။ သို့သော်လည်းပုခုံးထက်ရှိ နီညိုပုပ်ရောင်ဒဏ်ရာကြီးက သူမ၏ အလှကိုအနည်းငယ်အကျည်းတန်နေစေသည့်အပြင် လှုပ်ရှားလိုက်သည့်အချိန်တိုင်းနာကျင်နေ၏။
နင်အာကြောင့် မီးဖိုချောင်တစ်၀က်ပြာကျသွားသော်လည်း ပိုင်ကျိုးက စောစောစီးစီးထ၍သစ်ခုတ်ကာ ပြန်လည်ပြုပြင်နေသည် ။ နင်အာက ပိုင်ကျိုးအား စိတ်အားထက်သန်စွာဖြင့် ကူညီချင်ပါသော်လည်း ပိုင်ကျိုးကမူ သူမအားတုံးအသည့်အရှုပ်ထုပ်ဟုဆိုကာ ဘေးမှသာထိုင်ကြည့်စေ၏ ။
နင်အားလည်း ပိုင်ကျိုးအားထိုင်စောင့်မနေတော့ဘဲ မြည်းပုလေးအားဆွဲကာဟိုဟိုဒီဒီလျှောက်သွားတော့သည် ။ စိမ်းလန်းသည့်တောင်ကုန်းလေးများအပြင် လှပသောသစ်တောလေး၏ ကြားထဲ၌ ပိုင်ကျိုး၏ အိမ်တည်နေရာမှာအရမ်းမမြင့်ပေ ။ ရေအိုင်လေးတစ်ခုနားသို့ရောက်သောအခါ နင်အာက ရောင်ပြန်ဟပ်နေသည့်ရေထဲသို့ငုံ့ကြည့်လိုက်သည် ။
သူမ၏ မျက်ခုံးပုံစံမှာသိမ်မွေ့လှပပြီး ဆံပင်ကိုလည်းဆံထိုးဖြင့်သပ်ရပ်စွာထုံးနှောင်ထား၏ ။ အ၀ါဖျော့ရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားသည့် သူမ၏အသွင်မှာမြင်သူတိုင်း၏ အကြည့်ကိုဖမ်းစားနိုင်သည်အထိ သိမ်မွေ့ကာဆွဲဆောင်မှုရှိလှသည် ။
နင်အာက လက်ထောက်၍စဥ်းစားနေမိ၏ ။ သူမနှင့်ပိုင်ကျိုးတို့ တောင်ခြေမြို့လေးတွင်စျေးသွား၀ယ်သောအခါက ဤဒေသတွင်နေထိုင်သူများမှာ ငြိမ်ငြိမ်ချမ်းချမ်းပျော်ရွှင်နေကြောင်းတွေ့ရသည် ။ ဤသည်မှာ အရှင်ချူ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသောနယ်မြေဖြစ်သောကြောင့်အခြားသောသူများပြဿနာလာမရှာရဲသောကြောင့်ဟုပြောကြ၏ ။
သူမကတောင်အောက်သို့ဆင်း၍ ဘိန်းမုန့်တစ်ချပ်ကို၀ယ်စားရင်းမြည်းပုလေးနှင့်အတူလမ်းလျှောက်နေလေသည် ။ သူမ၏ အသွင်အပြင်မှာအလွန်လှပသောကြောင့် ဖြတ်သွားဖြတ်လာများပင် မနေနိုင်ဘဲလိုက်ကြည့်မိကြ၏ ။
နင်အာက ခြိမ်းခြောက်သည့်လေသံဖြင့်
" ဘာတွေလာကြည့်နေတာလဲ ကျွန်မရဲ့ယောက်ျားသိရင်ရှင်တို့မျက်လုံးတွေကိုဖောက်ထုတ်ပစ်လိမ့်မယ် "
ဖြတ်သွားဖြတ်လာလူက ရယ်မော၍
" ခင်ပွန်းလောင်းရှိတဲ့အမျိုးသမီးလေး ... မင်းကိုမင်းခင်ပွန်းကအရမ်းကိုအလိုလိုက်ထားတာပဲ "
နောက်ထပ်ဖြတ်သွားဖြတ်လာတစ်ဦးက
" ဘယ်လိုအမျိုးသားကများ မိန်းကလေးကိုလက်ထပ်နိုင်တဲ့အထိကံကောင်းတာလဲမသိဘူး "
နင်အာက တောင်တန်းများရှိရာဘက်သို့လက်ညိုးထိုးပြ၍
" ရှင်တို့မြင်လား တောင်ပေါ်မှာနေပြီး မျိုးရိုးနာမည်ပိုင်နဲ့ အမျိုးသားကအရမ်းကိုတော်တဲ့မုဆိုးတစ်ယောက်နော် ... ကျွန်မကအစက မိသားစုတစ်ခုကအစေခံမိန်းကလေးတစ်ယောက်လေ ဒါပေမဲ့ ကျွန်မခင်ပွန်းက ကျွန်မကိုလက်ထပ်ယူနိုင်ဖို့ငွေတွေအများကြီးနဲ့ပြန်ရွေးခဲ့တာ "
ဖြတ်သွားဖြတ်လာများက နင်အာညွှန်ပြသည့်တောင်ကိုကြည့်လိုက်ကြသည် ။ တောင်ပေါ်ဒေသမှာအရမ်းလှပပြီး တောင်ကျချောင်းလေးများစွာဖြင့်၀န်းရံထားသည့်အပြင် တိမ်ကင်းစင်သည့်ကောင်းကင်နှင့် အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးတို့မှာ ရင်သပ်ရှုမောဖွယ်ပင် ။ လူအပေါ်အား နတ်ဘုံသို့ရောက်နေသည်ဟုပင်အထင်မှားသွားစေ၏ ။
ဖြတ်သွားဖြတ်လာအချို့မှာ ဤနေရာတွင်နှစ်အတော်ကြာနေထိုင်ခဲ့ကြသူများဖြစ်သဖြင့် လုရှန်းတောင်၏ သမိုင်းကြောင်းကိုသိသည် ။ လုရှန်းနယ်မြေအားအုပ်ချုပ်နေသူမှာ အရှင်ချူဖြစ်ပြီး သူ၏ အစ်ကိုတော်ဖြစ်သူဆုံးပါးသွားသည့်အချိန် မြို့တော်မှထွက်လာရာလမ်းတွင် ဤဒေသလေး၏ အလှအပကိုမြင်တွေ့ပြီးကြိုက်နှစ်သက်သောကြောင့် သေသည်အထိနေထိုင်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည် ။ သူသေဆုံးသွားခဲ့မည်ဆိုလျှင်ပင် ဤနေရာလေး၌သာခေါင်းချချင်သည်ဟုဆို၏ ။
အခြားသောပြည်နယ်များမှာ အရှင်များမှာ မိမိတို့သေဆုံးပြီးနောက် ထည့်သွင်းမြုပ်နှံရန်ထည်၀ါသည့်ဂူဗိမ္မာန်များကိုဆောက်လုပ်လေ့ရှိကြသော်လည်း အရှင်ချူကမူ ပကာသနကင်းကင်းဖြင့် လောကကြီးအားအေးအေးချမ်းချမ်းစွန့်ခွာသွားချင်ပုံရသည် ။
ထို့အပြင်ထိုတောင်များထဲမှတစ်လုံးတွင် နတ်ရွာစံသွားပြီဖြစ်သော အရှင်ချူ၏ အစ်ကိုတော်ဖြစ်သူထံမှအရေးကြီးသည့်ပစ္စည်းတစ်ခုခုကိုမြုပ်နှံထားကြောင်း ကောလဟာလများရှိ၏ ။ တစ်ခါတစ်ရံ၌ အရှင်ချူ၏လူများက နတ်ရွာစံဧကရာဇ်နှင့် ကျဆုံးစစ်သည်များ၏ ဂူဗိမ္မာန်ကိုကန်တော့ရန်လာရောက်တတ်ကြသည် ။
တောင်ပေါ်တွင်နေထိုင်သူအနည်းငယ်သာရှိပြီး မြို့ခံများသာမကအပြင်လူများပါ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်သို့တက်ရောက်ရန်မဖြစ်နိုင်ပေ ။ ထိုတောင်ပေါ်တွင်နေထိုင်နိုင်သူမှာအရှင်ချူနှင့် တစ်ခုခုပက်သက်သည့်သူသာဖြစ်လိမ့်မည် ။ ထိုမျှသာမက အရှင်ချူ၏ မျိုးရိုးအမည်မှာလည်းပိုင်ဖြစ်သဖြင့် မိန်းမငယ်လေးပြောသည့် သူမ၏ ခင်ပွန်းဖြစ်သူမှာ တော်၀င်မျိုးနွယ်နှင့်တစ်နည်းမဟုတ်တစ်နည်းဖြင့် ပက်သက်နေပုံရပြီး သူမအားပြန်ရွေးနိုင်သည်မှာမဆန်းတော့ချေ ။
သာမန်လူတွေကဘယ်လိုလုပ်ပြီး ချူစံအိမ်ကလူတွေကိုအပြစ်လုပ်၀ံ့မှာလဲ ...
မိန်းမငယ်လေးဤမျှဆိုးသွမ်းနေပုံပေါ်သည်မှာအဆန်းမဟုတ်ပေ ။ နင်အာကပြုံး၍
" အစ်ကိုကြီး အပ်ချည်တွေရောင်းတဲ့ဆိုင်ကဘယ်နားမှာရှိလဲသိလား ... ကျွန်မခင်ပွန်းရဲ့မွေးနေ့နီးလာပြီမို့လို့သူ့အတွက်၀တ်ရုံတစ်ထည်လောက်ချုပ်ပေးချင်လို့ပါ"
ဖြတ်သွားဖြတ်လာတစ်ဦးက အပ်ချည်ဆိုင်မည်သည့်နေရာတွင်ရှိကြောင်းမသိသဖြင့်နောက်တစ်ဦးကလမ်းညွှန်ပေးလာ၏ ။
" ဒီလမ်းအတိုင်းမြည်းပုလေးကိုဆက်စီးသွားပြီး လမ်းအဆုံးကိုဘယ်ဘက်ကိုကွေ့လိုက် သုံးအိမ်မြောက်ပဲ "
နင်အာက အရင်ဆုံးအပေါင်ဆိုင်သို့တန်းတန်းမတ်မတ်သွားလေ၏ ။ အပေါင်ဆိုင်ရှိစာရေးလေးမှာ သူ၏ ဘ၀တွင်ဤမျှလှပသောမိန်းကလေးတစ်ဦးကိုမမြင်ဖူးခဲ့သောကြောင့် မှင်သက်ကာကြည့်နေမိလေသည် ။ နင်အာကမြည်းပုလေးအား တစ်ယောက်ယောက်ကိုကြည့်ပေးရန်အကူအညီတောင်းပြီးနောက် သူဌေးနှင့်တွေ့ရန်ဆိုင်ထဲသို့၀င်လာသည် ။
နင်အာတံခါးခေါက်သည့်အချိန်အထိသူဌေးမှာအူလည်လည်ဖြစ်နေဆဲဖြစ်ကာ သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် အ၀ါဖျော့ရောင်၀တ်ရုံကို၀တ်ဆင်ထားသည့်မိန်းမငယ်လေးတစ်ဦးလျှောက်လာကြောင်းတွေ့လိုက်ရသည် ။
ထိုမိန်းကလေး၌ နက်မှောင်ရှည်လျားသည့်ဆံပင်များအပြင် နှင်းကဲ့သို့ဖြူဖွေးသည့်အသားအရေရှိပြီး လူတစ်ဦးဟုပင်မထင်ရသည်အထိချောမောလှ၏ ။ သူမ၏ အသံမှာလည်းသာယာနာပျော်ဖွယ်ရှိလှသည် ။
" သူဌေး... ကျွန်မလိုချင်တာတစ်ခုရှိလို့ပါ "
" မိန်းကလေးကဘာများလိုချင်တာလဲမသိဘူး "
နင်အာက တောက်ပစွာပြုံး၍
" ကျွန်မရဲ့ခေါင်းကဆံထိုးကိုရောင်းမယ်ဆိုရင်ဘယ်လောက်လောက်ရနိုင်လဲ "
သူဌေးက နင်အာလွန်ခဲ့သည့်သုံးရက်က ငွေသုံးတုံးဖြင့်၀ယ်ခဲ့သည့်ဆံထိုးကိုကြည့်၍
" ငွေတုံးတစ်၀က်လောက်ပေါ့"
နင်အာက ထိုဆံထိုးအားညင်ညင်သာသာပွတ်သပ်၍
" ကျွန်မခင်ပွန်းရဲ့မွေးနေ့ကရောက်တော့မှာမလို့ ကျွန်မသူ့အတွက်အ၀တ်အစားအသစ်ချုပ်ပေးချင်လို့ပါ ... ငွေတုံး၀က်နဲ့ဆိုအရည်အသွေး ကောင်းတဲ့ပိတ်စရမှာမဟုတ်ဘူး"
" ကျုပ်တကယ်ကြီးတိုးမပေးနိုင်တော့ဘူး... မိန်းကလေး မင်းရဲ့ရုပ်ရည်ကအရမ်းကြည့်ေကာင်းနေလို့သာမဟုတ်ရင် ငွေတုံး၀က်တောင်ကျုပ်မပေးဘူး ... သာမန်လူတစ်ယောက်သာဆို အများဆုံးကြေးပြားခုနှစ်ဆယ်ပဲပေးမှာ "
နင်အာက ကောင်တာပေါ်လက်တင်၍
" ကျွန်မရဲ့အမေက အရည်အသွေးအရမ်းကောင်းတဲ့လက်၀တ်ရတနာတွေကိုကျွန်မအတွက်အမွေပေးထားခဲ့တယ် ... သူဌေးကြည့်ချင်လား "
သူဌေးကခေါင်းညိမ့်ပြ၍
" မင်းထုတ်ပြလို့ရပါတယ်မိန်းကလေး ငါမင်းကိုမလိမ်ပါဘူး "
" ရှင်ကျွန်မကိုလိမ်ရဲတယ်ဆိုရင် ကျွန်မရဲ့ခင်ပွန်းကိုပြောပြီးရှင့်ကိုလက်စဖျောက်ခိုင်းလိုက်မှာ "
နင်အာက သူမ၏ ၀တ်ရုံထဲမှလက်ကိုင်ပ၀ါထုပ်ကိုထုတ်၍
" ကျွန်မကနုံအတဲ့မိန်းကလေးတစ်ယောက်မို့လို့ဘာမှမသိပါဘူး ... သူဌေးကျွန်မအတွက်အကဲဖြတ်ပေးနိုင်မလား တစ်ပတ်ရစ်ပစ္စည်းတွေကိုသူဌေး၀ယ်တယ်မလား "
အပေါင်ဆိုင်သူဌေးကပြုံး၍
" တစ်ပတ်ရစ်ပစ္စည်းတွေကို၀ယ်တဲ့လူတွေလည်းရှိပါသေးတယ် ... လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တခြားမြို့တော်တစ်ခုကသူဌေးကြီးတစ်ယောက်က လာရောင်းတဲ့တစ်ပတ်ရစ်ရွေထည်ငွေထည်တွေအကုန်လုံးကိုလာ၀ယ်သွားတယ်လေ ... ကျောက်စိမ်းတွေကိုတောင်မချန်ဘူး "
သူဌေးကဆက်၍
" တကယ်ထူးဆန်းတယ် ... သူတို့ကတန်ဖိုးကြီးပစ္စည်းတွေလာရောင်းတဲ့လူတွေနဲ့၀ယ်တဲ့လူတွေရဲ့ပုံစံကိုပါ လိုက်မေးနေတာကထူးဆန်းတယ် "
နင်အာကနှုတ်ခမ်းကိုက်၍ သူမပ၀ါဖြင့်ပတ်ထားသည့်ကျောက်မျက်များကိုထုတ်ကာ
" သူဌေး ဒီကျောက်တွေကိုကြည့်ပါဦး "
သူဌေးကလောဘတကြီးဖြင့်လက်လှမ်းလာသည့်အချိန်အတွင် နင်အာကအမြန်ပြန်သိမ်းလိုက်၍
" ကြည့်ပဲကြည့်လာမထိနဲ့လေ "
သူဌေးမှာ ထိုင်ခုံတွင်အနိုင်အနိုင်ပြန်ထိုင်လိုက်ရလေ၏ ။ ကျောက်မျက်ရွှေငွေများနှင့်ပက်သက်၍ နှစ်ပေါင်းများစွာအတွေ့အကြုံရှိသဖြင့် နင်အာ၏ ပစ္စည်းများအားအသေအချာကြည့်ရှုချင်ပါသော်လည်း သူမကခွင့်မပြုချေ ။
" ငွေတုံးရှစ်ရာ"
သူဌေး : " မရဘူး ... အများဆုံး ငွေတုံးငါးရာပဲ "
နင်အာက ပစ္စည်းများကိုလက်ကိုင်ပ၀ါနှင့်ပြန်ထုပ်၍
" အစက ကျွန်မကသူဌေးကိုဥာဏ်ကောင်းတဲ့လူတစ်ယောက်လို့ထင်ထားခဲ့တာ အခုတော့ထားလိုက်ပါတော့ ကျွန်မအမေရဲ့မိသားစုအမွေပစ္စည်းကို ငွေတုံးငါးရာတည်းနဲ့မရောင်းနိုင်ဘူး ... ကျွန်မသမီးလေးမွေးထားလို့ပိုက်ဆံလိုနေလို့သာမဟုတ်ရင်ကလေးအတွက်လက်ဖွဲ့အဖြစ်ချန်ထားခဲ့မိမှာ ."
သူဌေးမှာအမှန်ပင် နင်အာ၏ ပုလဲများကိုကြိုက်နှစ်သက်လေသည် ။ ရွှေအိုရောင်ပုလဲမှာရှားပါးသောပုလဲအမျိုးစားတစ်ခုဖြစ်ပြီး ပုံအားဖြင့် နီလာနှင့်ပင်တန်ဖိုးချင်းတူညီ၏ ။ ငွေတုံးရှစ်ရာနှင့်၀ယ်ယူလိုသော်လည်း အနည်းငယ်စျေးတင်ပြီးပြန်ရောင်းသောအခါ ငွေတုံးထောင့်ငါးရာခန့်ပြန်ရနိုင်၏ ။
" မိန်းကလေး မင်းရဲ့ပုလဲကိုအလင်းရောင်အောက်မှာပြပေးလို့ရမလား "
" ကောင်းပြီ ... ငွေတုံးကိုးရာကျော်တဲ့စျေးရရင်ပြမယ်"
သူဌေးကဒေါသထွက်နေသည့်လေသံဖြင့်
" မင်း ..."
နင်အာ၏ အထူးချွန်ဆုံးစွမ်းရည်မှာ လူများ၏နှလုံးသားကိုခန့်မှန်းနိုင်ခြင်းပင် ။ သူမကထိုင်ခုံကိုပျင်းရိပျင်းတွဲဖြင့်ပြန်မှီထိုင်ကာ
" အခုတလော ရတနာတွေကိုလိုက်၀ယ်စုနေတဲ့သူဌေးတစ်ယောက်ရှိတယ်လို့ရှင်ပြောတယ်မဟုတ်လား ကျွန်မသူ့ဆီတိုက်ရိုက်သွားရောင်းလိုက်မယ်ဆိုရင် ပိုတောင်မြတ်ဦးမယ် ... သူဌေးရှင်လက်လွှတ်ချင်တာသေချာရဲ့လား "
" ငါမင်းကိုမလိမ်ဘူး ... ငါကလွဲပြီး မင်းရဲ့ပစ္စည်းတွေကိုစျေးကြီးပေး၀ယ်တဲ့သူမျိုးမင်းထပ်တွေ့နိုင်မှာမဟုတ်ဘူး "
နင်အာကခေါင်းခါပြကာ
" ဟုတ်ပြီလေ ... ဒါဆိုလဲ နောက်ထပ်တစ်ဆိုင်ကိုပဲသွားရောင်းတာပေါ့ "
ခြိမ်းခြောက်ပြောဆိုသောအခါမှသာ သူဌေးက အရည်အသွေးမြင့်သည့်ပစ္စည်းများကိုလက်လွှတ်ရန်နှမြောသည့်ပုံစံဖြစ်လာ၏ ။ နင်အာ၏ အရည်အသွေးမြင့်ပုလဲများမှာ ဤကဲ့သို့သောတောင်ခြေမြို့ငယ်လေးတွင်ထပ်တွေ့ရန်မလွယ်ကူချေ ။
" ဟေး ... မိန်းကလေး မသွားပါနဲ့တော့ အပြင်မှာအရမ်းပူတယ် ... အေးအေးဆေးဆေးဆွေးနွေးကြရအောင် "
နင်အာက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်
" ငွေတုံးတစ်ထောင် "
နင်အာတွင် နူးညံ့လှပသောမျက်နှာလေးရှိသော်လည်း လှည့်စားရန်မလွယ်ကူလှပေ ။ သူဌေးကအံကြိတ်၍
" ငွေတုံးတစ်ထောင်ဆိုလဲ ငွေတုံးတစ်ထောင်ပေါ့ အလင်းရောင်အောက်မှာသာသေသေချာချာကြည့်ဖို့ပြစမ်းပါ "
နင်အာက အထုပ်ကိုထပ်မံဖြည်ချပြီးနောက် ကျောက်မျက်များနှင့် ပုလဲများကို သူဌေးမြင်ရန်ပြသလိုက်သည် ။ သူဌေးကသေသေချာချာကြည့်ရှုပြီးနောက်
" ကောင်းပြီ ... ငွေတုံးတစ်ထောင်ပေးမယ် ”
နင်အာက ခပ်ဖွဖွပြုံး၍
" ကျွန်မရဲ့ယောက်ျားက ဒီနားကတောင်ပေါ်မှာနေတာ ... သူဌေးကျွန်မကိုလှည့်စားဖို့ကြိုးစားမယ်ဆိုရင် သူကသေချာပေါက်သူဌေးကိုဆုံးမဖို့လာလိမ့်မယ် ... ငွေတုံးတစ်ထောင်ကအရမ်းများလွန်းတယ် ကျွန်မတစ်ယောက်တည်းသယ်မသွားနိုင်ဘူး ... ဒါ့ကြောင့်မို့လို့ ငွေတုံးတစ်ထောင်နဲ့တန်ဖိုးညီတဲ့ရွှေချောင်း တွေကိုပဲအစားထိုးပေးပါ "
သူဌေးကိုယ်တိုင်လည်း သူ၏ မျက်စိရှေ့မှမိန်းမငယ်လေးသည် အလွန်ထူးခြားကြောင်းသတိထားမိသွား၏ ။ သူမ၏ အသွင်အပြင်မှာရိုးရှင်းသည်ဟုထင်ရသော်လည်း အမှန်တကယ်၌ မူ ထူးခြားသောအငွေ့အသက်များရောနှောနေကာ မိသားစုကြီးတစ်ခုမှသခင်မလေးတစ်ယောက်ဖြစ်ကြောင်းသိသာသွားစေသည် ။ သူဌေးကိုယ်တိုင်လည်း နောက်ခံမသိသောသူတစ်ဦးအားအပြစ်မပြုချင်သည့်အပြင် သူမ၏အမျိုးသားဖြစ်သူမှာ အရှင်ချူ၏ အမှုထမ်းတစ်ဦးဦးဖြစ်သဖြင့် ပို၍ပင်မလိမ်ညာရဲတော့ချေ ။
ထို့ကြောင့် ငွေတုံးတစ်ထောင်နှင့်တန်ဖိုးတူညီသည့် ရွေအချောင်းငါးဆယ်နှင့် ငွေတုံးငါးဆယ်တို့အားထုတ်ပေးလိုက်၏ ။ နင်အာကမူ ရွှေတုံးများအားအသေအချာစစ်ဆေးနေလေသည် ။
အရမ်းလေးတာပဲ ...
နင်အာမှာမူ ယခုတွင်တစ်လောကလုံး၌အချမ်းသာဆုံးသူဌေးတစ်ယောက်ကဲ့သို့ခံစားနေရ၏ ။ သူမကကိတ်မုန့်သုံးခု၀ယ်လိုက်ကာ တစ်ခုကိုသူမကိုယ်တိုင်စားလိုက်ပြီး တစ်ခုကမြည်းပုလေးအတွက်ဖြစ်ကာ တစ်ခုကိုမူပိုင်ကျိုးအတွက်သိမ်းထားလိုက်သည် ။
နင်အာကမြည်းပုလေးနှင့်အတူတောင်ပေါ်သို့ပြန်တက်လာလေသည် ။ ကိတ်မုန့်ကျွေးထားသဖြင့် ထိုမြည်းပုလေးမှာ ယခင်ကကဲ့သို့နင်အာအား ကန်ကျောက်နေခြင်းမျိုးမရှိတော့ပေ ။ သူမပြန်ရောက်သည့်အခါ ညနေစောင်းနေပြီးဖြစ်သည့်အပြင် မီးဖိုချောင်ကိုလည်းပြင်ဆင်ပြီးဖြစ်၏ ။ နင်အာက ကမြည်းပုလေးအားဆွဲကာ
" သွားကြည့်ကြရအောင် "
🐳