အပိုင်း ၇
Viewers 7k

#lady 
Chapter ( 7 )


မြည်းပုလေးက နင်အာ၏ လက်ထဲမှရုန်းထွက်၍ မြက်စားရန်အတွက်ထွက်သွားလေသည် ။ နင်အာက တံခါးခေါက်၍ 

" ပိုင် ..."

သူမခေါ်၍ မပြီးသေးခင်မှာတင် တံခါးပွင့်လာသောကြောင့် တောက်တောက်ပပပြုံးပြကာ 

" ပိုင်ကော ... ကျွန်မပြန်ရောက်ပြီ "

ပိုင်ကျိုးက ခေါင်းညိမ့်ပြ၍ 

" မင်းဘယ်တွေသွားနေတာလဲ "

နင်အာက ဆီစိမ်စက္ကူဖြင့်ထုပ်ထားသည့်ကိတ်မုန့်အား ပိုင်ကျိုး၏ လက်ထဲသို့ထိုးထည့်ပေးလိုက်သည် ။ 

" ပိုင်ကောအတွက်ကျွန်မ၀ယ်လာတာ "

သူမက မရောင်းဘဲချန်ထားသည့်ကျောက်မျက်အချို့နှင့် ရွှေတုံးများကိုစားပွဲပေါ်တွင်တင်၍ 

" ကျွန်မနဲ့အတူပါလာတဲ့ ရတနာနည်းနည်းကိုရောင်းပြီး ရွှေတွေနဲ့လဲလာတာ ... ပိုင်ကော ကျွန်မအသက်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ချင်လို့ "

ပိုင်ကျိုးက နင်အာယူလာသည့်ရွှေများအားတစ်ချက်ပင်မကြည့်ချေ ။ သို့သော်လည်း သူ၏ အာရုံမှာ နင်အာ၀ယ်လာပေးသည့်ကိတ်မုန့်ပေါ်တွင်အပြည့်အ၀ရောက်နေလေ၏ ။ ကိတ်မုန့်မှာအမျိုးသမီးငယ်လေးများအကြိုက် ချိုအီသောအရသာဖြစ်သဖြင့် ပိုင်ကျိုးသိပ်မနှစ်သက်သော်လည်း တစ်ကိုက်ပြီးတစ်ကိုက်စားနေဆဲပင် ။ 

ပိုင်ကျိုးက သူမအားလျစ်လျှူရှုထားသဖြင့် အနားသို့ပိုမိုတိုးကပ်ကာ 

" ကျွန်မကိုကြည့်တောင်မကြည့်တော့ဘူးလား ကျွန်မ၀ယ်လာပေးတဲ့မုန့်ကိုစားနေပြီး အဲ့လောက်သွေးအေးမနေနဲ့လေ "

ပိုင်ကျိုးက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီးနောက် 

" အမျိုးသားနဲ့အမျိုးသမီးတစ်ဦးကနီးနီးကပ်ကပ်မနေသင့်ဘူး ... ငါ့နားကိုအရမ်းကပ်မလာနဲ့ "

နင်အာက နှုတ်ခမ်းကိုက်ကာစိတ်ကောက်နေသည့်လေသံဖြင့် 

" မနေ့ညက ကျွန်မကိုဖက်အိပ်နေခဲ့တာဘယ်သူများလဲမသိဘူးနော် "

ပိုင်ကျိုး : " မင်း —"

နင်အာက ပြုံး၍ ဖိနပ်ချွတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင်လှဲလိုက်သည် ။ 

" ကျွန်မဒီနေ့အရမ်းပင်ပန်းလာတယ် ... ဒါ့ကြောင့်မို့လို့ စကားများပြီးရန်မဖြစ်ချင်ဘူး "

ပိုင်ကျိုးက နှုတ်ခမ်းအားလက်ကိုင်ပ၀ါဖြင့်သုတ်လိုက်ပြီးနောက် ၀တ်ရုံပင်လဲမ၀တ်နိုင်တော့ဘဲ အိပ်ရန်ပြင်နေသည့် နင်အာ အားကြည့်မိသွားသည် ။ မီးဖိုချောင်ပြင်နေသည့်တစ်လျှောက်လုံး သူမအတွက်စိတ်မချဖြစ်နေခဲ့ရသည် ။ သူမပျောက်သွားသည်ကိုသိသည်နှင့်တစ်ပြိုင်နက် တောင်တစ်ခုလုံးပြောင်းပြန်လှန်မိမတတ်လိုက်လံရှာဖွေခဲ့ပြီး သိုးကျောင်းသားလေးတစ်ယောက်က သူမတောင်ခြေမြို့လေးသို့သွားသည်ဆိုသောအခါမှာ သက်ပြင်းချနိုင်သွားရ၏ ။
 
သူမအား သားရိုင်းကောင်များစားသောက်သွားမည်ကိုအမှန်ပင်ကြောက်လန့်နေခဲ့သည် ။ ပိုင်ကျိုး၏ ပထမဆုံးသောအတွေးမှာ သူမသူ့ထံမှထွက်သွားပြီဟုဖြစ်သော်လည်း သူမကမူပြန်လာခဲ့၏ ။ 
 
ပိုင်ကျိုးက စားပွဲခုံပေါ်တွင်ပြန့်ကျဲနေသည့် နင်အာ ၀ယ်ယူလာသည့်ပစ္စည်းများကိုတစ်ခုချင်းကောက်ကာကြည့်ရှုလိုက်သည် ။ လက်ရာမြောက်စွာထွင်းထုထားသည့် သေတ္တာဘူးသေးသေးလေးအားဖွင့်လိုက်သောအခါ အနီရောင်မျက်နှာချေမှုန့်များဖြစ်နေ၏ ။ အခြားသောဘူးလေးများတွင်လည်း အမျိုးသမီးများအသုံးပြုသည့်အလှအပရေးရာပစ္စည်းများဖြစ်သည် ။ မှန်သေးသေးလေးတစ်ချပ်အပြင် လက်ကိုင်ပု၀ါလေးတစ်ထည်နှင့် သစ်သားဘီးလေးတစ်ချောင်းဖြစ်သည် ။ ပိုင်ကျိုးက အိပ်ရာထက်တွင်ဘောလုံးလေးတစ်လုံးကဲ့သို့ကွေးကာအိပ်ပျော်နေသည့် နင်အာအားကြည့်ကာပြုံးမိလေ၏ ။ 

သူမ၏ ပစ္စည်းလေးများအားတစ်ခုချင်းစီစီပေးပြီးနောက် ရွှေတုံးများကိုလည်း ခုံပေါ်တွင်သပ်သပ်ရပ်ရပ်စီထားပေးလိုက်သည် ။ ထိုရွှေတုံးအနည်းငယ်မှာ ပိုင်ကျိုး၏ မရေမတွက်နိုင်သောစည်းစိမ်များနှင့်နှိုင်းယှဥ်ကြည့်ပါက ဖုန့်မှုန့်မျှသာရှိ၏ ။

ပိုင်ကျိုးက တံခါးဖွင့်ကာအပြင်သို့ထွက်လာလိုက်၏ ။ ကောင်းကင်တစ်ခုလုံးကြယ်များဖြင့်ပြည့်နှက်နေပြီး လရောင်ဖျော့ဖျော့ကသစ်တောတစ်ခွင်ဖြန့်ကျက်နေသည် ။ 

လေးအေးတစ်ချက်ဝှေ့တိုက်သွားသည့်အခါ ပိုင်ကျိုး၏ မျက်နှာထားသည်လည်းအေးစက်သွား၏ ။ အချိန်အတော်ကြာသောအခါမှသာ အခန်းတွင်သို့ပြန်၀င်လာချိန်၌ နင်အာမှာအိပ်ပျော်နေပြီပင် ။ 

ပြတင်းပေါက်ဖွင့်ထားသဖြင့် လေပြေအေးလေးများတိုက်ခတ်နေသည့်အပြင် လရောင်ဖျော့ဖျော့လေးကလည်း အခန်းအတွင်းဖြာကျနေကာ မိန်းမပျိုလေး၏ ကိုယ်သင်းရနံ့လေးသည်လည်းသင်းပျံ့နေ၏ ။

နင်အာ၏ မျက်နှာသွင်ပြင်မှာ လရောင်အောက်၌ပိုမိုနူးညံ့သည့်ပုံပေါ်သည် ။ ပိုင်ကျိုးမှာ မနေနိုင်ပါဘဲ မနေ့ညက သူ၏ စောင်တွင်းတိုး၀င်၍ လာရောက်အိပ်စက်ပုံအားတွေးမိသွား၏ ။ 

ပုံမှန်အားဖြင့် သူ၏ အေးစက်စက်မျက်နှာထားကြောင့်မည်သူကမျှသူ့နားမကပ်ရဲကြသော်လည်း သူမကမူ သူ့အားမကြောက်လန့်သည့်အပြင် အရှက်မရှိလိုက်လံစနောက်နိုင်သူပင် ။ 

အချိန်အတော်ကြာတွေဝေနေပြီးနောက် နင်အာ၏ ပါးပြင်မို့မို့အား လက်ချောင်းများဖြင့်အသာအယာထိတွေ့လိုက်သည် ။ ထိုအချိန်တွင် နင်အာ ကရုတ်တရက်မျက်လုံးပွင့်လာပြီး သွေးများအန်တော့သည် ။ 

ပိုင်ကျိုးက နင်အာ၏ ပုခုံးကိုဆုပ်ကိုင်၍ သူမ၏ အမည်အားအော်ခေါ်လိုက်၏ ။

" ယွမ်နင် "

နင်အာက စကားပြန်မပြောသလို ပိုင်ကျိုးအားလည်းမကြည့်ဘဲ အလွန်နာကျင်ခံစားနေရပုံပင် ။ သူမ၏ တစ်ကိုယ်လုံးတုန်ရီနေရှာ၏ ။ သူမဒဏ်ရာရထားကြောင်းသတိရသွား၍ ပိုင်ကျိုးမှာ ပို၍ စိတ်ပူသွားရသည် ။ အခန်းတစ်ခုလုံးမှောင်မဲနေသဖြင့် မီးထွန်းလိုက်လေ၏ ။ ရေနံဆီမီးရောင်မှာအရမ်းမလင်းပါသော်ငြား မှိန်ပျပျအလင်းကပင်လုံလောက်ပြီဖြစ်သည် ။ 

ပိုင်ကျိုးက နင်အာ၏ နှုတ်ခမ်းထောင့်မှသွေးစီးကြောင်းကိုသုတ်ပေးလာ၏ ။ သူမ၏ ရှည်လျားသောမျက်တောင်လေးများမှာ တုန်ရီနေသည့်အပြင် မျက်နှာလေးသည်လည်း သွေးမရှိတော့ဘဲအေးစက်စပြုလာသည် ။ ပိုင်ကျိုးအား ပုံမှန်ပြုံးပြနေကျတောက်တောက်ပပ အပြုံးလေးကိုလည်းမတွေ့ရတော့ပေ ။ 

ပုံမှန်အားဖြင့် နင်အာမှာ တက်တက်ကြွကြွနှင့်သူ့အားလိုက်လံစနောက်နေသည့်အရှက်မရှိသောမိန်းကလေးဖြစ်သော်လည်း ယခုမူ သူမ၏ ဖြူသောအသွင်အပြင်မှာဖြူစင်လှသည် ။ နင်အာအား သိမ်မွေ့သောအမျိုးသမီးတစ်ဦးဟုတွေးမိသွားသဖြင့် ပိုင်ကျိုးမှာ မိမိကိုယ်ကို ရူးနေပြီဟုပင်တွေးမိသွားရ၏ ။ 

သို့သော်လည်း ဖြူဖျော့သည့်ပုံဖြင့် နင်အာ၏ အခြေအနေမှာ သူ့အားအလွန်စိုးရိမ်စေသည် ။ သူမထိခိုက်ထားသည်မှာမည်သည့်နေရာမှန်းမသိသောကြောင့် ပိုင်ကျိုးမှာ စစ်ဆေးရန်အခက်တွေ့နေရ၏ ။ အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးနောက် ဒဏ်ရာကိုသာအရင်စစ်ဆေးရန်ဆုံးဖြတ်ချက်ချလိုက်ပြီး သူမ၏ ၀တ်ရုံစကိုမလိုက်သည် ။ 

ထိုအချိန်မှာပင် သူ၏ လက်ကောက်၀တ်ကိုနင်အာ၏ သွေးသွယ်ကာလှပသောလက်များကဆုပ်ကိုင်လာ၏။

နင်အာ၏ နှုတ်ခမ်းထောင့်တွင်သွေးစလေးများရှိနေဆဲဖြစ်ကာ သူမ၏ လှပသောမျက်၀န်းများမှာမျက်မှောင်ကျုံ့ထားပြီး အေးစက်စက်လေသံဖြင့်မေးလာ၏ ။

" ရှင်ဘာလုပ်နေတာလဲ "

ပိုင်ကျိုးက သူမကိုလွှတ်ချလိုက်သဖြင့်အိပ်ရာပေါ်အရှိန်နှင့်ကျသွားရုံသာမက ဒဏ်ရာကြောင့် တစ်ကိုယ်လုံးအပ်နှင့်ထိုးနေသကဲ့သို့ခံစားနေရကာ ချွေးစေးများထွက်လာလေသည် ။

" မင်းဘယ်နေရာထိခိုက်ထားခဲ့တာလဲ "

နင်အာ၏ နှုတ်ခမ်းထောင့်မှသွေးများဆက်တိုက်စီးကျနေသည့်အတွက် ထူးဆန်းသလိုခံစားရသောကြောင့် ပိုင်ကျိုးက အားသုံး၍ သူမပါးစပ်ကိုဖွင့်စေကာကြည့်လိုက်သည် ။ လျှာကိုကိုက်ထားသဖြင့်ထွက်လာသောသွေးများဖြစ်ပြီး သူမစကားပြောသည့်ပုံစံမူမမှန်နေသည်မှာအံ့သြစရာမရှိတော့ချေ ။ 

ပိုင်ကျိုးက သူမအားဆေးထည့်ပေးချင်သော်လည်း နင်အာက လက်မခံသောကြောင့် သူမအားလှုပ်ရှားမရစေရန်အကြောပိတ်လိုက်ပြီးမှသာ သွေးတိတ်ရန်နှင့်အနာကျက်စေရန်ဆေးထည့်ပေးလိုက်သည် ။ စိတ်ချရပြီဟုထင်သောအခါမှသာ အကြောပြန်ဖွင့်ပေးလိုက်သော်လည်း စကားပြောခွင့်တော့မပြုချေ ။ 

" မင်းခန္ဓာကိုယ်ပေါ်မှာဘယ်နေရာတွေထိခိုက်ထားတာရှိသေးလဲ ... ဘယ်လိုလုပ်ပြီးဒီလိုမျိုးထိခိုက်လာရတာလဲ "

နင်အာက သူမ၏ ပုခုံးကိုလက်ညိုးထိုးပြလိုက်သည် ။ 

" ငါတစ်ချက်လောက်ကြည့်လို့ရမလား "

နင်အာက ခေါင်းညိမ့်ပြလာသောကြောင့် ပိုင်ကျိုးမှာ သူမ၏၀တ်ရုံကိုနောက်တစ်ကြိမ် တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ချွတ်ရပြန်သည် ။ ပိုင်ကျိုးက သူမ၏ ပုခုံးသားဖြူဖြူ၀င်း၀င်းလေးများကိုတွေ့လိုက်ရသည့်အချိန်တွင် အချိန်အတော်ကြာကြောင်အနေမိကာ ပြောလာ၏ ။

" မင်းကလက်မထပ်ရသေးတဲ့အမျိုးသမီးလေးမလား ... မင်းရဲ့ခန္ဓာကိုယ်ကိုကြည့်မိတဲ့အတွက် မင်းကိုစောင့်ရှောက်ဖို့ ငါ့မှာတာ၀န်ရှိတယ် ... တကယ်လို့ မင်းမှာစေ့စပ်ထားတဲ့လူလဲမရှိဘူးဆိုရင် ..."

( ... ငါမင်းကိုတာ၀န်ယူမယ် ... )

ငါမင်းကိုတာ၀န်ယူမယ်ဟူသော စကားအားမပြောရသေးခင်မှာတင် နင်အာ၏ ကြည်လင်တောက်ပနေသောမျက်၀န်းများကိုကြည့်မိသွားသဖြင့် ပိုင်ကျိုးမှာ စကားဆက်မပြောနိုင်တော့ပေ ။

" ဒီညမှာငါမြင်ခဲ့တာတွေအကုန်လုံးကိုမေ့ပစ်လိုက်ပါ့မယ် "

ထို့နောက် နင်အာ၏ ပုခုံးတစ်ခုလုံးပေါ်အောင်၀တ်ရုံစအားချွတ်ချလိုက်သည် ။ သူမ၏အသားအရေမှာတန်ဖိုးကြီးကျောက်စိမ်းဖြူကဲ့သို့ဖြူဖွေးနေသည့်အပြင် လုံး၀န်းသောပုခုံးလေးနှင့် လှပသောညှပ်ရိုးတို့မှာလည်းမျက်စိဖမ်းစားနိုင်လှသည် ။ တစ်ခုတည်းသောအပြစ်ဆိုစရာမှာ ပုခုံးရိုးအနီးရှိ အညိုပုပ်ရောင် အတွင်းကြေဒဏ်ရာကြီးပင် ။

ပိုင်ကျိုး၏ မျက်၀န်းများမှာနက်မှောင်သွားရ၏ ။ နင်အာ၏ ပုခုံးပေါ်မှဒဏ်ရာမှာ အလွန်အားပြင်းသောထိုးနှက်ချက်တစ်ခုကြောင့်ဖြစ်ပေါ်လာသောဒဏ်ရာမှန်းသိသာလှသည့်အပြင် နင်အာကဲ့သို့နူးညံ့သေးသွယ်သောမိန်းကလေးတစ်ဦးအတွက် အလွန်နာနာကျင်ကျင်ခံစားခဲ့ရပေလိမ့်မည် ။ 

ပိုင်ကျိုးက သူမ၏ ၀တ်ရုံကိုအမြန်ပြန်ဆွဲတင်ပေးကာ 

" ဒီဒဏ်ရာတစ်ခုတည်းကပဲနာနေတာလား "

နင်အာကခေါင်းညိမ့်ပြလာ၏ ။

" အတွင်းဒဏ်ဖြစ်သွားတာကပြဿနာ ... အခုတော့ မင်းခံစားရသက်သာရဖို့အတွက်ပဲ ငါလုပ်ပေးထားနိုင်မယ် ... မနက်ကျမှ သမားတော်သွားပြကြတာပေါ့ "

လျှာကိုကိုက်ထားသဖြင့်နာကျင်နေ၍ စကားမပြောနိုင်သောကြောင့် နင်အာက ခေါင်းခါပြလိုက်သည် ။

သူမ၏ ဒဏ်ရာမှာအလွန်သိသာလှသည့်အပြင် အပေါင်ဆိုင်မှသူဌေး၏စကားအရဆိုပါက ဆေးဆိုင်များတွင် သူမအားရှာဖွေရန်လူလွှတ်ထားမည်မှာသေချာသလောက်ပင် ။ သူမ၏ သရုပ်မှန်အားမဖော်ထုတ်ချင်သေးပေ ။

 ပိုင်ကျိုးက သူမ၏ ပါးကိုပွတ်သပ်ရင်း အတွင်းအားအချို့ကိုသူမ၏ ကိုယ်ထဲသို့ကူးပြောင်းပေးလာသဖြင့် နင်အာမှာ အလွန်သက်တောင့်သက်သာရှိသွား၏ ။ တစ်နေကုန်ပင်ပန်းခဲ့ရသည့်အပြင် အိပ်မရသောညပေါင်းများစွာကြောင့်သာမကနွေးထွေးသောအတွင်းအားစီးကြောင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည် ။ 

ပိုင်ကျိုးက သူမအားအိပ်ရာအပေါ်အသာအယာပြန်ချပေးလိုက်သည် ။ ပိုင်ကျိုးက အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကိုမြင်ရုံနှင့်စိတ်ကြွလာတတ်သောသူမျိုးမဟုတ်သော်လည်း နင်အာ၏ ခန္ဓာကိုယ်ကိုမူထပ်ခါထပ်ခါပြန်တွေးနေမိ၏ ။

နင်အာ၏ ပါးစပ်ကိုအသာဖွင့်လိုက်ပြီးနောက် သူမကိုက်ထား၍ ပေါက်ပြဲနေသည့်လျှာအခြေအနေကိုတစ်ချက်ထပ်မံစစ်ဆေးလိုက်သည် ။ သွေးအနည်းငယ်စိမ့်ထွက်နေသေးကာ အပြည့်အ၀အနာမကျက်သေးသော်လည်း ဆေးထပ်မံလိမ်းပေးလိုက်သဖြင့် အချိန်ခဏအတွင်းမှာပင် သွေးတိတ်သွားလိမ့်မည် ။ 

ပိုင်ကျိုးက လက်ကိုင်ပု၀ါဖြင့် သူမ၏ နှုတ်ခမ်းထောင့်မှစိမ့်ကျနေသည့်သွေးများကိုသန့်ရှင်းပေးလိုက်သည် ။ 

ပုံမှန်အားဖြင့်ဆိုလျှင် ပိုင်ကျိုးက ကြမ်းပြင်ပေါ်တွင်အိပ်ရန်ကိုသာရွေးချယ်မိလိမ့်မည်ဆိုသော်လည်း နင်အာ၏ အခြေအနေကိုစိတ်ပူသည့်အပြင် အိပ်မက်ဆိုးမက်၍ လန့်နိုးလာမည်ကိုစိုးရိမ်သောကြောင့် ကုတင်ပေါ်တွင်အတူတူအိပ်ရန်သာဆုံးဖြတ်လိုက်သည် ။

သူမ၏ မျက်နှာလေးမှာဖြူဖျော့နေဆဲဖြစ်သဖြင့် ပိုင်ကျိုးက သက်ပြင်းချလိုက်ပြီးနောက် မီးအိမ်ကိုညှိမ်းလိုက်သည် ။


စုကျိုထောင်ဟွား မှာပြုံးနေပါသော်လည်း ထိုအပြုံးမှာ အစစ်အမှန်လော အတုယောင်လောခွဲခြားမရနိုင်သည့်အပြုံးမျိုးပင် ။ ၀ါးရွက်စိမ်းရောင်၀တ်ရုံကို၀တ်ဆင်ထားပြီး ယပ်တောင်ခပ်နေရင်းဖြင့် ကျန်လက်တစ်ဖက်ကမူ ပုလဲလုံးများကိုဆော့ကစားနေလေသည် ။

" ဒီပုလဲတွေကိုဘယ်သူလာရောင်းသွားတာလဲ "

" ဒုတိယသခင်ကိုပြန်ဖြေပါတယ် ... ဒီအစေခံမေးတော့ ဆိုင်ရှင်က လာရောင်းသွားတဲ့သူကငယ်ရွယ်ချောမောတဲ့မိန်းကလေးတစ်ယောက်လို့ပြောပါတယ် "

" ဆိုင်ရှင်ရဲ့စကားအရ အဲဒီမိန်းကလေးကလက်ထပ်ပြီးသားဆိုပေမဲ့ အရမ်းငယ်ပြီး စွာတယ်လို့ပြောပါတယ် ... တောင်ပေါ်ကနေ မြည်းပုလေးတစ်ကောင်ကိုစီးလာပြီးတော့ မိန်းကလေးရဲ့အမျိုးသားဖြစ်သူက အရှင်ချူရဲ့စံအိမ်က အမူထမ်းတစ်ယောက်ဖြစ်ပြီး ပုလဲတွေကတော့ သူမအမေရဲ့အမွေပစ္စည်းတွေလို့ပြောပြီးရောင်းသွားတာပါ "

စုကျိုက လက်တွင်အားအနည်းငယ်ထည့်၍ ညှစ်လိုက်သောအခါ ပုလဲလုံးများမှာအက်ကွဲကုန်ကြ၏ ။ သူစကားထပ်မပြောသေးမှာပင် စုဟွမ်ရောက်လာကာ စုကျိုအား လက်ဖက်ရည်ငှဲ့ပေးရင်း 

" ယွမ်ဖန် ကချမ်းသာတဲ့အိမ်တော်ကအလိုလိုက်ခံထားရတဲ့မင်းသမီးလေးတစ်ပါးလေး သူမကသူမအတွက်ပင်ပန်းခက်ခဲမဲ့ဘယ်အရာကိုမှလုပ်မှာမဟုတ်ဘူး ... မြည်းစီးဖို့ဆိုပိုဝေးရော ဒါပေမဲ့ အမွေပစ္စည်းတွေလို့ပြောပြီးရောင်းသွားတဲ့ကျောက်မျက်တွေက အမူထမ်းတစ်ယောက်ပိုင်ဆိုင်ဖို့အတွက် အရမ်းတန်ဖိုးကြီးနေတယ်လေ အကန်းတောင်မှ သူမကအရှင်ချူရဲ့စံအိမ်ကိုအကာအကွယ်ယူပြီးလိမ်ညာသွားမှန်းသိနိုင်တယ် "

စုကျိုအလေးအနက်တွေးတောနေသည့်အချိန်တွင် စုဟွမ်ကထိုင်ခုံပေါ်တွင်ထိုင်လိုက်သည် ။ ဒူးထောက်နေသော အရိပ်တပ်သားက

" ဒါဆို ဒီအစေခံထပ်ပြီး ..."

" အဲ့ဒီအမျိုးသမီးအကြောင်းကိုသေသေချာချာစုံစမ်းခဲ့ ... သူမရဲ့ပုံတူပန်းချီကိုရအောင်ဆွဲဖို့လည်းမမေ့နဲ့ "

" နားလည်ပါပြီ "

အရိပ်တပ်သားထွက်သွားရန်ခြေလှမ်းဆုတ်ချိန်တွင် စုဟွမ်ကထပ်ပြောလာ၏ ။

 " ဒုတိယဦးလေး ဒီပုလဲတွေကသာမန်လူတစ်ယောက်ပိုင်ဆိုင်ဖို့အတွက်အရမ်းတန်ဖိုးကြီးလွန်းနေတယ် ... ဒီနှစ်ရက်အတွင်း ကျွန်တော်တို့ရတနာတွေလိုက်၀ယ်နေတာအရမ်းများပြီ ဘာလို့ ... "

စုကျိုက ပုလဲများကိုစုဟွမ် ၏လက်ထဲသို့ထည့်၍ 

" ငါ့မှာငါ့အကြံနဲ့ငါရှိပါတယ် "

စုဟွမ်နှင့် စုကျိုတို့မှာ သွေးသားတော်စပ်သည့်အားလျှော်စွာ သူတို့နှစ်ဦး၏ အတွေးများသည်လည်း တစ်ပုံတည်းပင်ဖြစ်၏ ။ အမှန်ပင် ဥာဏ်များသောမြေခွေးကြီးနှင့်မြေခွေးလေးပါပင် ။ 


နောက်တစ်နေ့၌ နင်အာနိုးသည့်အချိန်တွင် သူမ၏ပုခုံးဒဏ်ရာအားမဖိမိစေရန်ခုခံပေး ထားသည့်လက်တစ်ဖက်ရှိကြောင်းခံစားမိသွား၏ ။ နင်အာလှုပ်ရှားသောအခါ ပိုင်ကျိုးလည်း နိုးလာသည် ။ နင်အာ၏ လျှာမှာနာကျင်နေဆဲဖြစ်သဖြင့် ပိုင်ကျိုးအားရန်မတွေ့နိုင်ချေ ။ 

ပိုင်ကျိုးက သူမအား လွှတ်ပေးလိုက်သောအခါ နင်အာက မျက်လုံးလေးကလယ်ကလယ်ဖြင့်ထလာ၏ ။ 

ပိုင်ကျိုးက နင်အာအား အိပ်ရာပေါ်တွင်ဆက်နေစေကာ သူကိုယ်တိုင်ကမူ သူမအတွက်ဆေးသွားကျိုပေး၏ ။ ဆေးသောက်သည့်အချိန်၌ အပူလောင်မည်စိုးသဖြင့် သူမကိုယ်တိုင်သတိထား၍ လေမှုတ်နေသည်အား ပိုင်ကျိုးက ဘေးမှကြည့်နေသည် ။ သူမ၏ပါးပါးဖောင်းဖောင်းလေးအပြင် ပန်းရောင်သမ်းနေသည့်လျှာဖျားလေးကိုပါမြင်နေရ၏ ။



Xxxxx