အပိုင်း ၈
Viewers 7k

#lady 
Chapter ( 8 )

စားသောက်ပြီးနောက် ပိုင်ကျိုးက ပြောလာ၏ ။

" မင်းရဲ့ဒဏ်ရာကိုကြည့်ဖို့အတွက်သမားတော်သွားပင့်ပေးမယ် "

စကားမပြောနိုင်သောကြောင့် နင်အာက ခေါင်းကိုသာအသာအခါ၍ နှုတ်ခမ်းလှုပ်ရုံမှပြောပြကာငြင်းဆန်လိုက်သည် ။

" ဟင့်အင်း "

ပိုင်ကျိုးက မျက်ခုံးပင့်၍ 

" ဟမ် "

နင်အာက ခဏမျှစဥ်းစားနေပြီးနောက် လျှာနာနေသည်ကိုပင်မမူနိုင်ဘဲ ပိုင်ကျိုးအားစကားပြောလာ၏ ။

" သာမန်သမားတော်တစ်ယောက်က ကုသနိုင်မှာမဟုတ်ဘူး ... အဲဒီအပြင် ကျွန်မကလက်မထပ်ရသေးတဲ့မိန်းမပျိုလေးတစ်ယောက်လေ ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်ကိုသူစိမ်းအမျိုးသားတစ်ယောက်ကိုကြည့်ခွင့်ပေးရမှာလဲ "

" မင်းအတွက်အမျိုးသမီးသမားတော်ရှာပေးမယ် " 

ပိုင်ကျိုးကိုယ်တိုင်လည်း နင်အာအတွက် အမျိုးသမီးသမားတော်တစ်ယောက်ရှာပေးရန်ဆုံးဖြတ်ထားပြီးဖြစ်သည် ။ မနေ့ညကစစ်ဆေးခဲ့ရသော နင်အာ၏ ဒဏ်ရာအခြေအနေမှာ ဆက်၍အချိန်ဆွဲထားပါက အသက်အန္ဒရာယ်အထိထိခိုက်လာနိုင်၏ ။

" ကျွန်မ မပြချင်ဘူး " 

နင်အာက တစ်ဖက်သို့လှည့်လိုက်ပြီးနောက်ဖြည်းဖြည်းချင်းပြောလာ၏ ။

 " ကျွန်မမပြချင်ဘူး ... သမားတော်ပြပြီဆိုတာနဲ့ သောက်ဖို့ဆေးညွှန်းပေးမှာပဲ ဆေးတွေကအရမ်းခါးလွန်းတယ် ကျွန်မမသောက်ချင်ဘူး "

အလွန်ကြေးများလှသောမိန်းမငယ်လေးကြောင့် ပိုင်ကျိုးမှာ အမှန်ပင်စိတ်ရှုပ်နေရ၏ ။ အသက်အန္ဒရာယ်ရှိသည့် ဒဏ်ရာကြီးတစ်ခုရထားသော်လည်း သူမကမူ ဆေးသောက်ရမည်ကိုသာကြောက်လန့်နေသည် ။

" ငါမင်းကို သကြားလုံးတွေအများကြီး၀ယ်ကျွေးမယ်"

နင်အာက မျက်နှာလွှဲထားဆဲဖြစ်ကာ 

" သကြားလုံးမစားချင်ဘူး "

အမှန်တိုင်းပြောရမည်ဆိုလျှင် ပိုင်ကျိုး ကိုယ်တိုင်လည်း နင်အာ့ကိုစိတ်ကျေနပ်အောင် မည်သို့ပြုလုပ်ရမည်ကိုမသိတော့ချေ ။
 
ပုံမှန်အမျိုးသားတစ်ယောက်မှာ အသက်ဆယ့်ငါးနှစ်တွင် အိမ်ထောင်ပြု၍ ဆယ့်ခြောက်နှစ်အရွယ်၌ သားသမီးများပင်မွေးဖွားနေပြီဖြစ်သည် ။ ပိုင်ကျိုးအတွက်မူ သူရှေ့ရှိမိန်းမပျိုလေးအား ဆိုးနွဲ့ကာအလိုလိုက်ခံလိုသည့် သူ၏ သွေးရင်းသမီးလေးတစ်ယောက်ကဲ့သို့ခံစားနေရ၏ ။

" သမားတော်မပြဘူးဆိုရင် မင်းသေသွားလိမ့်မယ် " 

ပိုင်ကျိုးက လေသံမာမာဖြင့် 

" မင်းသေချင်နေတာလား "

နင်အာက ခေါင်းညိမ့်ပြလာ၏ ။

ပိုင်ကျိုး : "..."

သူတကယ်ကို ပြောရဆိုရလက်ပေါက်ကတ်လှသည့် မိန်းကလေးအား သတ်ပစ်လိုက်ချင်မိသည် ။ 


စံအိမ်သို့ပြန်ရောက်၍ စာကြည့်ဆောင်တွင်း၀င်လိုက်သည့်အချိန်မှာပင် အထူးတပ်သားတစ်ဦးက ပိုင်ကျိုးထံ အစီရင်ခံလေ၏ ။

" အရှင် ... ကျွန်တော်တို့ စုံစမ်းရခဲ့ပါပြီ ... နန်ကျိုး နယ်မြေနားမှာ လွန်ခဲ့တဲ့သုံးလကတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ် အရှင်ရုံရဲ့တပ်သားတစ်တွေနဲ့ အမည်မသိတဲ့အစောင့်အရှောက်အဖွဲ့တစ်ခုပါ "

ထိုသူက မှတ်တမ်းစာအုပ်တစ်အုပ်ကိုကမ်းပေး၍ 

" စုံစမ်းရသမျှအချက်အလက်တွေအကုန်လုံးဒီထဲမှာပါပါတယ် "

ပိုင်ကျိုးက ထိုစာအုပ်အား အသေအချာဖတ်ရှုနေ၏ ။

" ယွမ်အန်း မင်းသမီး ယွမ်ဖန်..." 

ပိုင်ကျိုးက မျက်မှောင်ကျုံ့လိုက်သည် ။
 
ယွမ်ဖန်နှင့် လက်ရှိအိမ်ရှေ့စံမင်းသားတို့မှာ ငယ်စဥ်ကတည်းကစေ့စပ်ထားကြသောသူများဖြစ်သည့်အပြင် စုကျိုနှင့်စုမိသားစုတစ်ခုလုံး၏ ထိုလက်ထပ်ပွဲအပေါ်သဘောထားမှာလည်း ထူးဆန်းလှ၏ ။ ယခုမူ ထိုမင်းသမီးသာမက ကိုယ်လုပ်တော်များပါ ပျောက်ချင်းမလှပျောက်ဆုံးနေ၏ ။
 
ယွမ်ဖန် ၏ပုံတူပန်းချီမရှိသော်လည်း မြို့တော်မှသူများ၏ပြောစကားအရ ' ဥာဏ်ကောင်းထက်မြက်၍ နူးညံ့လှပရုံသာမက အလွန်အရည်ချင်းရှိသော မိန်းမပျိုလေးတစ်ဦးဖြစ်သည်ဟု ပြောဆိုကြသည် ။ 

အပေါ်မှအချက်များက ပိုင်ကျိုးအား ယွမ်နင်သည် ယွမ်ဖန်ဖြစ်ကြောင်းတွေးမိသွားစေသည် ။

ဒါပေမဲ့ နင်အာက ဘာလို့ပြန်မသွားချင်ရတာလဲ ...

ဖြစ်နိုင်တာက ...

ပိုင်ကျိုးက လက်ချောင်းထိပ်များဖြင့် စားပွဲခုံအားတတောက်တောက်ခေါက်နေ၏ ။

နင်အာက အိမ်ရှေ့စံ မင်းသားကိုများမကြိုက်လို့လား ...
 
ဒါပေမဲ့ နင်အာ့ကိုထိခိုက်အောင်လုပ်တာကဘယ်သူလဲ ...

နန်ကျိုးရဲ့ အိမ်ရှေ့စံမင်းသားက သူမကိုထိခိုက်အောင်လုပ်လိုက်တာများလား ...

ပိုင်ကျိုး ပြန်လာသောအခါနင်အာက သစ်ပင်ပေါ်တွင် ယုန်ကလေးတစ်ကောင်ကိုပိုက်ကာထိုင်နေလေ၏ ။ ဤပျော့တိပျော့ဖတ် မိိန်းမငယ်လေးက သစ်ပင်ပေါ်သို့ မည်ကဲ့သို့တက်သွားသနည်းသူမသိပါချေ ။

ပိုင်ကျိုးက အေးစက်စက်လေသံဖြင့် 

" အဲဒီပေါ်မှာဘာတက်လုပ်နေတာလဲ "

နင်အာက ပိုင်ကျိုးအားလှည့်ကြည့်ကာ 

" အာ ... ပိုင်ကော ပြန်လာပြီလား ကျွန်မက ပိုင်ကောပြန်လာတာကိုဒီပေါ်ကထိုင်စောင့်ကြည့်နေတာ ဒါမဲ့ ခဏလောက်အတွေးလွန်သွားလို့ "

" ဆင်းလာခဲ့ "

နင်အာက တခစ်ခစ်ရယ်မော၍ 

" အင်း ... ပိုင်ကော ကျွန်မကိုဖမ်းထားပေး "

သူမခုန်ချလာသည့်အခါ ပိုင်ကျိုးက တုံ့ဆိုင်းခြင်းမရှိလှမ်းဖမ်းလိုက်၏ ။ နင်အာ၏ ခန္ဓာကိုယ်လေးမှာ ပျော့ပြောင်းနူးညံ့ကာ နို့သစ်ခွရနံ့ရှိသော သူမ၏ကိုယ်သင်းရနံ့လေးမှာတဖြည်းဖြည်းပျံ့လွင့်လာသည် ။ 

ပိုင်ကျိုး၏ လက်များတင်းကြပ်သွားရသည် ။ မိန်းမငယ်လေးက အရပ်သိပ်မရှည်ဘဲ ယခုထိကလေးဆန်သောအကျင့်စရိုက်လေးရှိနေဆဲပင် ။
နင်အာက ယုန်ကလေးအားအောက်ချပေးလိုက်သော အခါထိုယုန်လေးက ခုန်ပေါက်ကာထွက်ပြေးသွားတော့၏ ။

ပိုင်ကျိုးက အေးစက်စက်မျက်နှာပေးဖြင့်

 " မင်းငါ့ကိုယ်ပေါ်ကနေမဆင်းသေးဘူးလား "

နင်အာက ပိုင်ကျိုး၏ လည်တိုင်အားဖက်တွယ်လိုက်ပြီးနောက် 

 " ကျစ်ကျစ် ... ပိုင်ကောရဲ့ ခန္ဒာကိုယ်ကတကယ်တောင့်တင်းတာပဲ "

" ရိုင်းလိုက်တာ "

ပိုင်ကျိုးက နင်အာအားပစ်ချကာ မကျေမနပ်ကြည့်လာ၏ ။ နင်အာမှာ မြို့တော်တွင်ယဥ်ကျေးသိမ်မွေ့နူးညံ့လှသည်ဟုကျော်ကြားသော မင်းသမီးလေးမှန်း အမှန်ပင်မယုံနိုင်ဖြစ်နေရ၏ ။

ယွမ်ဖန်၏ ဖခင်မှာနတ်ဆေးသမားတော် ဂျင်ဇီကွမ်လု ( ယုဇီဇောင်ရှန်း ) အမည်ရှိ ယွမ်ယင်ပြည်နယ်ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ နန်ကျိုးဘုရင်၏ ညီမရင်းဖြစ်သူကျင်းလန်ဖြစ်သည် ။ ယွမ်ဖန် အားကိုယ်၀န်ဆောင်သည့်အချိန်၌ မင်းသမီးကျင်းလန်က လှပတင့်တယ်သောဖီးနစ်တစ်ကောင်က သူမ၏ ၀မ်းဗိုက်အတွင်းသို့၀င်ရောက်လာသည်ဟုမြင်မက်၏ ။ ထို့ကြောင့် သူမမွေးဖွားသည့်အချိန်ကတည်းက မင်းသမီးယွမ်အန်းဟုသောဘွဲ့အမည်ကိုအပ်နှင်းခဲ့သည် ။ 
 
ထိုနည်းတူစွာပင် မိဖုရားခေါင်ကြီးစုက အိမ်ရှေ့စံအားကိုယ်၀န်လွယ်ထားရသည့်အချိန်တွင်ရွှေရောင်နဂါးတစ်ကောင်မှာ သူမ၏ဗိုက်ထဲသို့၀င်လာကြောင်းမြင်မက်လေသည် ။ ထို့ကြောင့် ယွမ်ဖန်နှင့် အိမ်ရှေ့စံအား လက်ထပ်ကြောင်းလမ်းပေးရန် သဘောတူညီထားခဲ့ကြ၏ ။

သူမက မွေးဖွားလာစဥ်ကတည်းက မြင့်မြတ်စွာမွေးဖွားလာခဲ့ပြီး သူမ၏မာန်မာနမှာတော်ရုံမဟုတ်ပေ ။ ထို့ကြောင့် သူမမနှစ်သက်သောကြောင့်သာ ငြင်းဆန်ကာထွက်ပြေးလာရခြင်းဖြစ်ပေလိမ့်မည် ။

ယခု နင်အာ၏ အပြုအမူများမှာလည်းမင်းသမီးတစ်ယောက်နှင့်တူညီမနေပေ ။

" ငါမင်းအတွက်သမားတော်ရှာပေးပြီးသွားပြီ ... မနက်ဖြန်သွားပြကြမယ် ... မင်းရဲ့ဒဏ်ရာအခြေအနေကထပ်အချိန်ဆွဲလို့မဖြစ်ဘူး "

နင်အာက မျက်လုံးလှိမ့်၍

" ကျွန်မ ..."

" ယွမ်ဖန် "

နင်အာမှာ မှင်သက်မိသွားသည့်အပြင် သူမ၏မျက်နှာထက်တွင်လည်း အံ့သြနေမှုများအတိုင်းသားပေါ်လွင်နေ၏ ။ 

" ပိုင်ကော—"

" ငါနောက်ထပ်လူတစ်ယောက်ကို မင်းရဲ့သရုပ်မှန်ကိုသိခွင့်ပြုမှာမဟုတ်ဘူး ... သမားတော်ကိုလည်းလျှို့၀ှက်ထားခိုင်းထားမယ် "

ထိုသို့ပြောပြီးနောက် ပိုင်ကျိုးက အိမ်ထဲသို့၀င်သွားသဖြင့် နင်အာကနောက်မှပြေးလိုက်လာ၏ ။

" ပိုင်ကော "

အခန်းထဲသို့၀င်လိုက်ပြီးနောက် ပိုင်ကျိုးကခြေတစ်လှမ်းနောက်ဆုတ်လျှင် နင်အာကရှေ့သို့ခြေတစ်လှမ်းတိုးကာလိုက်လာ၏ ။ ပိုင်ကျိုးကလည်းနင်အာအား စကားပြောချင်စိတ်မရှိသဖြင့်နောက်သို့သာတဖြည်းဖြည်းဆုတ်ရင်း နံရံနှင့်ကျောကပ်သွားသည် ။ နင်အာက နံရံကိုလက်နှစ်ဖက်စလုံးဖြင့်ထောက်ထားကာ ပိုင်ကျိုးအားပိတ်ကာထားလိုက်သည် ။

ပိုင်ကျိုး : "..."

ပိုင်ကျိုးနှင့်နင်အာတို့၏ အရပ်မှာအလွန်ကွာခြားသောကြောင့် နင်အာမှာထိုသို့ပြုလုပ်ရန်အလွန်အားထုတ်ထားရ၏ ။ သူမကခေါင်းမော့၍ 

" ပိုင်ကော ဘယ်လိုလုပ်ပြီးသိသွားတာလဲ "

" မင်းကိုရှာဖို့အတွက် စုကျိုက ချူစံအိမ်ကိုလာသွားတယ် ... မင်းကိုရှာဖို့အတွက်ငါ့ဆီမှာခွင့်ပြုချက်လာတောင်းတာလေ အခြေအနေကိုစုံစမ်းကြည့်လိုက်တာနဲ့ မင်းရဲ့သရုပ်မှန်ကိုသိသွားတာပဲ "

" ပိုင်ကောက အရှင်ချူလား "

ပိုင်ကျိုးခေါင်းညိမ့်ပြသည့်အချိန်ထိ နင်အာမှာ မယုံနိုင်ဖြစ်နေရ၏ ။

သူကအရှင်ချူဆိုတော့ ငါ့ကိုသတ်မယ်ဆိုရင်တောင် သတ်မဲ့နည်းလမ်းတွေကအရမ်းရက်စက်မှာပဲ ...

ဒါပေမဲ့ ငါ့ကိုအသက်ရှင်လျှက်ထားပြီး အလဲအလှယ်လုပ်လို့ရသေးတယ်လေ ...

စုကျိုသာဆိုလျှင် သူမကိုင်တွယ်ဖြေရှင်းနိုင်သေးသော်လည်း အရှင်ချူကမူ လှည့်စားရန်မလွယ်ကုလောက်ပေ ။

နင်အာမှာ တွေးရင်းတွေးရင်းကြောက်လန့်လာရ၏ ။

ပိုင်ကျိုးကမူ သူမထိတ်လန့်၍ မျက်တောင်လေးများတုန်ရီနေပုံအားအပေါ်စီးမှသဘောတကျစောင့်ကြည့်နေ၏ ။နူးညံ့ကာချစ်ဖို့ကောင်းလှသည် ။

" ပိုင်ကော ... ကျွန်မနဲ့ အိမ်ရှေ့စံမင်းသားနဲ့ကစေ့စပ်ထားတယ်ဆိုတာကိုသိလား "

ပိုင်ကျိုးက ခဏမျှတိတ်ဆိတ်နေပြီးနောက် ခေါင်းညိမ့်ပြလာ၏ ။

" အိမ်ရှေ့စံက ကျွန်မနဲ့ဝမ်းကွဲအစ်ကိုတော်စပ်တယ်လေ ... ငယ်ငယ်လေးကတည်းကလူကြီးတွေက လက်ထပ်ဖို့စီစဉ်ပေးခဲ့ကြတာဆိုပေမဲ့ ကျွန်မသူ့ကိုမကြိုက်ဘူး ... ပြီးတော့ အိမ်ရှေ့စံ က အခြားသူတွေပြောနေကြသလိုမျိုးနူးညံ့နွေးထွေးတဲ့သူမဟုတ်ဘူး ... သူက လူတွေကိုနှိပ်စက်ရတာအရမ်းကြိုက်တာ သူ့နန်းဆောင်ကအပျိုတော်တွေကိုဆိုရင် အခန်းတစ်ခန်းထဲမှာပိတ်ပြီး တစ်ကိုယ်လုံးစုတ်ပြတ်သွားအောင်ရိုက်နေကျ ... ကျွန်မကသူနဲ့တရားဝင်လက်မထပ်ရသေးတော့ တရားလွန်ကြီးမရိုက်နှက်ပေမဲ့ သူ့စကားနားမထောင်ရင် ရိုက်နှက်တတ်တယ် ... ပုခုံးကဒဏ်ရာကသူပြောတာကိုမနာခံလို့အပြစ်ပေးတဲ့အနေနဲ့လုပ်လိုက်တာ ..."

ပြောရင်းနှင့်ပင် နင်အာကငို၍ ပိုင်ကျိုး၏ လက်ကိုကိုင်လိုက်၏ ။

" ကျွန်မပြန်မသွားချင်ဘူး ... ထပ်ပြီးနှိပ်စက်မခံချင်ဘူး "

ပိုင်ကျိုးက နင်အာ၏ လက်ကိုဖြုတ်ချလိုက်သည် ။

" ငါမင်းဆက်ပြီးဖွက်ထားမယ်ဆိုရင် နိုင်ငံနှစ်ခုကြားမှာဘာ‌ေတွဖြစ်သွားမလဲမင်းတွေးမိလား "

" စိတ်မပူပါနဲ့ပိုင်ကော ... သူတို့ကကျွန်မပျောက်နေတဲ့အကြောင်းကိုလူသိခံမှာမဟုတ်ဘူး ... ကျွန်မကိုရှာမတွေ့ရင် တစ်ယောက်ယောက်ကိုအစားထိုးလိုက်လိမ့်မယ် တော်၀င်မိသားစုနှစ်ခုကြားကလက်ထပ်ပွဲကိုတော့ အပျက်ခံမှာမဟုတ်ဘူး "

သူမက ပိုင်ကျိုး၏ ၀တ်ရုံလက်ကိုဆွဲ၍ 

" ပိုင်ကော ... ကျေးဇူးပြုပြီးကျွန်မကိုသနားပါဦး ... ကျွန်မ မချမ်းသာချင်သလိုပြဿနာလဲမရှာပါဘူး ... ဒီတောင်မှာဆက်နေခွင့်ပေးလို့ရမလား "

ပိုင်ကျိုးက သူမကိုငုံ့ကြည့်လိုက်သည် ။ နင်အာမှာပုပုသေးသေးဖြစ်နေသည့်အပြင် သူမ၏ မျက်၀န်းများကလည်းရိုးသားကာကြည်လင်တောက်ပနေ၏ ။ မျက်ရည်စများဖြင့်စိုစွတ်နေသောမျက်၀န်းများသာမက အသံလေးကိုလည်းအလွန်သနားစဖွယ်ကောင်းအောင်တောင်းဆိုနေလေသည် ။

ပိုင်ကျိုးမှာ သူမ၏ အလှထောင်ချောက်အတွင်းသက်ဆင်းသွားရသောကြောင့် ငြင်းဆန်နိုင်စွမ်းမရှိတော့‌ေပ။ အမှန်တိုင်းပြောရမည်ဆိုလျှင် ပိုင်ကျိုးကိုယ်တိုင်ကလည်းနင်အာ အားပြန်မပို့ချင်ပေ ။ နန်ကျိုးပြည်နယ်အိမ်ရှေ့စံ၏ သ၀န်တိုတတ်သောကိုယ်လုပ်တော်များမဆိုနှင့် နန်ကျိုးဧကရာဇ်ကိုယ်တိုင်ပင် သူ၏ အာဏာကိုမလွန်ဆန်နိုင်သဖြင့် သူ့တွင်သူမအားကာကွယ်ပေးရန်အာဏာအလုံလောက်ရှိ၏ ။

" စိတ်မပူပါနဲ့ ငါမင်းကိုသူတို့လက်ထဲပြန်မအပ်ပါဘူး "

နင်အာက မျက်ခုံးပင့်၍

" တကယ်လား "

" အင်း "

နင်အာက ခပ်ဖွဖွပြုံးကာ 

" မယုံဘူး ကျိန်ပြ "

ပိုင်ကျိုးက လက်တစ်ဖက်မြှောက်ကာ 

" ငါကျိန်ဆိုတယ် ငါမင်းကိုအခြားသူတွေရဲ့လက်ထဲထည့်ပေးမှာမဟုတ်ဘူး "

နင်အာက ပိုင်ကျိုးအားဖက်၍ 

" ပိုင်ကောက တကယ်ကို ကြင်နာတတ်တာပဲ "

ပိုင်ကျိုးက သူမကိုပြန်တွန်းကာ 

" အမျိုးသားနဲ့အမျိုးသမီးဆိုတာနီးနီးကပ်ကပ်မနေရဘူး ... အားတိုင်းငါ့ပေါ်ကိုခုန်တက်မနေနဲ့ "

စကားအများကြီးပြောလိုက်ရသဖြင့် နင်အာ ၏လျှာမှာနာကျင်လာပြန်၏ ။

 " ပိုင်ကော ... ကျွန်မနို့ဆန်ပြုတ်သောက်ချင်တယ်"

နို့ဆန်ပြုတ်သောက်နေသည့်အချိန်တွင်လည်း နင်အာက ပိုင်ကျိုးအား စကားပြောနေလေသည် ။

" ပိုင်ကောက မင်းသားတစ်ပါးဖြစ်ရဲ့သားနဲ့ ဘာလို့ ဒီလိုတောင်ပေါ်မှာနေနေရတာလဲ "

" ဒီတောင်က ကျဆုံးစစ်သည်တွေအတွက်အမှတ်တရတောင် ... မင်းအိပ်ရင်အိပ်မအိပ်ရင်းပါးစပ်ပိတ်ပြီးဆက်စားနေလိုက် "

ပိုင်ကျိုးက အေးစက်စက်နှင့်လျှို့၀ှက်သည့်အမူအယာများလုပ်လေ နင်အာက သူ၏အကြောင်းကိုပိုမိုသိချင်လေဖြစ်သည် ။ သူမ၏ထမင်းစားတူကိုကိုက်ကာ ပိုင်ကျိုးအား မျက်လုံးအ၀ိုင်းသားဖြင့် ထိုင်ကြည့်နေလေ၏ ။

ပိုင်ကျိုးက နင်အာ့ပါးစပ်တွင်ကိုက်ထားသည့်တူကိုဆွဲယူကာ 

" တူကိုမကိုက်ရဘူးလေ "

နင်အာက ခေါင်းငုံ့၍သာဆန်ပြုတ်ဆက်သောက်နေလိုက်၏ ။ ထိုနေ့ညတွင် နင်အာက ကုတင်ပေါ်တွင်လှဲကာ တစ်ဖက်ရှိပိုင်ကျိုးဘက်သို့လှည့်၍ 

 " ပိုင်ကော ကြမ်းပြင်ကအရမ်းမာတယ်လေ ကုတင်ပေါ်မှာလာမအိပ်ချင်ဘူးလား "

ပိုင်ကျိုးမှာမူ သူအိပ်ပျော်နေစဥ်အချိန်အတွင်း နင်အာကသူ့ကိုမတရားကျင့်၍ သူ၏ဖြူစင်မှုလေးဆုံးရှုံးသွားမည်အားကြောက်လန့်နေရ၏ ။

" မအိပ်ဘူး "

နင်အာကသမ်းဝေရင်းဖြင့်

" ဒါဆိုလည်းကျွန်မအိပ်တော့မယ် "

သို့သော်လည်းသူမအိပ်မပျော်ခဲ့ပေ ။ ညလယ်ခေါင်ကြီးတွင် မျက်လုံးအပြူးသားဖြင့် အရှင်ချူအကြောင်းသူမကြားဖူးသမျှအားပြန်တွေးတောနေလေ၏ ။

ချူရဲ့ အရှင်ချူ တကယ်ပဲသူ့ကိုယုံလို့ရပါ့မလား ...

နင်အာကထထိုင်လိုက်သည် ။ သူမတစ်သက်တာလုံးဓားသွားပေါ်တွင်လမ်းလျှောက်နေရသကဲ့သို့နေထိုင်ခဲ့ရသဖြင့် အရာရာကိုအမြဲတမ်းသတိကြီးကြီးထားနေခဲ့ရသည် ။ လွန်ခဲ့သည့်ရက်များအတွင်း သူမ၏ဒဏ်ရာမှာမသက်သာဘူးဆိုသော်ငြား ထွက်ပြေးရန်အတွက်အင်အားရှိနေဆဲပင် ။

သူမ၏သရုပ်မှန်မှာ ထူးခြားသည့်အတွက် ပိုင်ကျိုးအားလွယ်လွယ်မယုံရဲချေ ။ အတိတ်ကာလများအတွင်း ယုံကြည်မှုကြောင့် သူမ မရေမတွက်နိုင်အောင် နာကျင်ခဲ့ရ၏ ။သူမကုတင်ပေါ်မှခိုးဆင်းလာသည့်အချိန်တွင် ပိုင်ကျိုးက မျက်လုံးဖွင့်ကာမေးလာသည် ။

" ဒဏ်ရာက ... နာနေသေးလား"

နင်အာက ခဏမျှမှင်သက်နေပြီးနောက် ပိုင်ကျိုး၏ စောင်ထဲသို့တိုး၀င်ကာ 

 " နာတယ် "

" စိတ်မပူပါနဲ့ ငါမင်းကိုမနက်ဖြန်ကျရင် သမားတော်ပြဖို့ခေါ်သွားပေးမယ် "



Xxxx