#lady
Chapter ( 9 )
နင်အာမှာ မျက်လုံးအပြူးသားဖြင့် အိပ်မပျော်ချေ ။ ပိုင်ကျိုး၏ ကိုယ်သင်းရနံ့မှာ စိတ်တည်ငြိမ်စေသောရနံ့မျိုးဖြစ်ပြီး လူတစ်သန်းတွင်တစ်ယောက်ထူးခြားသောသူဖြစ်၏ ။ သူ၏အသွင်အပြင်ရုပ်ရည်နှင့်နောက်ခံအသိုင်းအ၀ိုင်းမှာလည်းအပြစ်ဆိုစရာမရှိပေ ။
ပိုင်ကျိုးမှာ အလွန်လူကြီးလူကောင်းပီသလှပြီး နင်အာ၏ နူးညံ့သောခန္ဒာကိုယ်လေးနှင့်နီးကပ်နေသည့်တိုင် အသားယူခြင်းမရှိပေ ။ နင်အာမှာ သက်ပြင်းသာချနေမိ၏ ။ ပိုင်ကျိုးသာတောင်ပေါ်မှာ သာမန်သစ်ခုတ်သမားလေးဆိုလျှင် မည်မျှကောင်းမည်နည်း။
ပိုင်ကျိုးက နင်အာမအိပ်သေးကြောင်းခံစားမိ၍ မေးလာ၏ ။
" အိပ်မပျော်ဘူးလား "
နင်အာက ရယ်မော၍
" ဒဏ်ရာကနာနေလို့ အိပ်မပျော်ဘူး ... ပိုင်ကော ကျွန်မနဲ့စကားပြောနေပေးပါလား "
" အင်း "
" ပိုင်ကော ... အဲနေ့ကစုကျိုလာတော့ ဘာတွေပြောသွားသေးလဲ "
ပိုင်ကျိုးက တိုက်ရိုက်ဖြေရမည့်အစား သူမကိုပြန်၍မေးခွန်းထုတ်လာသည် ။
" မင်းနဲ့ စုကျိုနဲ့က ဘယ်လိုပက်သက်နေတာလဲ "
" သူက အိမ်ရှေ့စံရဲ့မိခင်ဘက်က၀မ်းကွဲလေ ကျွန်မကကျတော့ အိမ်ရှေ့စံရဲ့ဖခင်ဘက်က၀မ်းကွဲ ကျွန်မတို့နှစ်ယောက်ကြားမှာ အိမ်ရှေ့စံရှိနေတာကလွဲရင် ဘာပက်သက်မှုမှမရှိဘူး "
" သူရဲ့၀မ်းကွဲတစ်ယောက်ပျောက်နေလို့ ရှာဖွေချင်တယ်လို့ပဲပြောတာပါ ... ဒါပေမဲ့ ငါငြင်းလိုက်တယ် "
" ပိုင်ကော ငြင်းလိုက်တာအဆင်ပြေပါတယ် ... ဒါပေမဲ့ နောက်တစ်ခါ စုကျို လာရင်ကျွန်မကိုပြောပါ ... စုကျိုကအဲ့လောက်ထိဆက်ဆံရခက်တဲ့သူမဟုတ်ပါဘူး ... သူကတိပေးထားတဲ့အရာဆိုရင် သေချာပေါက်ဖြစ်အောင်လုပ်ပေးတဲ့သူမျိုးပါ ... အရှင်ရုံကသာ —"
ပိုင်ကျိုးက သူမ၏မေးကိုလက်ဖြင့်ကိုင်ကာ
" အရှင်ရုံနဲ့ဘာတွေများပက်သက်နေလို့လဲ "
" အဲဒီလူကရက်စက်ပြီးဥာဏ်များတဲ့သူမျိုးအားနည်းတယ်လို့ထင်ရပေမဲ့ သူ့အာဏာအတွက်ဆိုရင် အရာအားလုံးကိုလုပ်ဖို့တုံ့ဆိုင်းနေမှာမဟုတ်ဘူး "
" အိုး ... ငါကြားထားတဲ့သတင်းတွေနဲ့အရမ်းကွာခြားတာပဲ "
" ကျွန်မသူတို့ကိုကောင်းကောင်းကြီးသိတာပေါ့ ... စုမိသားစုက တောင်၀င်မျိုးနွယ်နဲ့ပက်သက်နေတယ်လေ ... တော်၀င်မျိုးနွယ်တိုင်းကလည်း တစ်ယောက်တစ်မျိုးစီရူးသွပ်နေကြတဲ့သူတွေချည်း ... အိမ်ရှေ့စံနဲ့ အရှင်ရုံတို့က အကျင့်စရိုက်တူတယ်လို့တောင်ပြောလို့ရတယ် "
ပိုင်ကျိုးက သူမ၏ ဆံနွယ်များကိုထိကိုင်၍
" မင်းလည်းပုံမှန်မဟုတ်မှန်းငါသိပြီးသားပါ ဒါပေမဲ့ ယောက်ျားတစ်ယောက်ရဲ့စောင်ထဲခုန်၀င်လာရဲတဲ့အထိသတ္တိရှိနေမယ်လို့မထင်ထားဘူး "
နင်အာကမျက်လုံးမှိတ်လိုက်ကာ
" မတတ်နိုင်ဘူးလေ ... ဒီနေ့လဲ ပိုင်ကောကိုစောင့်ဖို့သစ်ပင်ပေါ်တက်ထားရတာပင်ပန်းတယ် ... ကျွန်မပိုင်ကောကို လွှတ်လိုက်လို့ ပိုင်ကောက သူတို့ဆီပြန်ပို့လိုက်ရင်ဘယ်လိုလုပ်မလဲ "
" ငါမလုပ်ပါဘူး "
ပိုင်ကျိုးမှာ နင်အာသူနှင့်အတူလာအိပ်သည့်ကိစ္စအားနေသားကျနေပြီဖြစ်သည် ။ သူမကိုယ်အပူချိန်သာမက ထူးခြားသည့်ကိုယ်သင်းရနံ့ကိုပါ သူတဖြည်းဖြည်းကြိုက်နှစ်သက်လာမိ၏ ။ သို့သော်လည်း နောက်တစ်နေ့၌ နင်အာ၏ ဆုံးဖြတ်ချက်မှာရုတ်တရက်ကြီးပြောင်းလဲသွားလေသည် ။
သူမ ပိုင်ကျိုး၏ ပိုင်နက်အတွင်းမှထွက်သွားမည်ဆိုပါက တစ်နေရာရာတွင် ပြန်ဖမ်းခံလိုက်ရနိုင်သည် ။ နင်အာ၏ ဒဏ်ရာမှာလည်းမပျောက်ကင်းသေးသည့်အပြင် သူမမည်မျှပင်ထွက်ပြေးနိုင်သည်ဆိုသော်ငြား အရိပ်တပ်သားများကိုတော့ယှဥ်နိုင်မည်မဟုတ်ပေ ။
ပိုင်ကျိုး၏ နောက်ခံအဆင့်အတန်းမှာမြင့်မြတ်လှသောကြောင့် စုကျိုသာမက အရှင်ရုံပင် လွယ်လွယ်ကူကူမထိပါးရဲချေ ။ ပိုင်ကျိုးကသာ ထိုသူများထံမှသူမကိုကာကွယ်ရန်အာဏာအပြည့်အ၀ရှိ၏ ။ စုကျိုနှင့်အရှင်ရုံတစ်ယောက်ယောက်၏ လက်ထဲတွင်အဖမ်းခံလိုက်ရမည်ဆိုပါက ထိုသူများကသူတို့၏ အကျိုးစီးပွားအတွက် သူမအားရုပ်သေးရုပ်သဖွယ်အသုံးချကြလိမ့်မည် ။
အရှင်ရုံရှုနန်ကျိုး၏ အမည်အားတွေးမိရုံနှင့်ပင် သူမကြက်သီးတဖြန်းဖြန်းထလာရ၏ ။ သူမတွင်အသက်ရှင်နေထိုင်ရန်အချိန်နှစ်လသာကျန်ရှိတော့သည့်အတူတူ ပိုင်ကျိုး၏ ဘေးတွင်သာ စိတ်အေးချမ်းသာစွာဖြင့် ဖြတ်သန်းသွားချင်၏ ။မနက်စာစားပြီးနောက် ပိုင်ကျိုးက သူမအားအသိပေးလာသည် ။
" ငါနဲ့အတူတောင်အောက်ဆင်းရအောင် "
နင်အာက မြည်းပုလေးပေါ်တက်ထိုင်ကာ နေရောင်မထိစေရန် သူမတစ်ကိုယ်လုံးအားဖုံးအုပ်ထားသေး၏ ။ တစ်လမ်းလုံးမှုန်ကုပ်ကုပ်အမူအယာဖြစ်နေသောကြောင့် ပိုင်ကျိုးက
" စိတ်မပူပါနဲ့ သမားတော်က ငါ့ရဲ့စံအိမ်ကလူပါ ... ဆေးပညာကိုလေ့လာနိုင်ဖို့ အပြင်မှာဆေးခန်းဖွင့်ထားတာ လူနာတွေရဲ့ကိုယ်ရေးကိုယ်တာကိုထုတ်မပြောတတ်တဲ့သူမို့လို့စိတ်ချလို့ရပါတယ် "
" အင်း "
တောင်အောက်သို့ရောက်သည်အထိ ပိုင်ကျိုးက မြည်းပုလေးအားဆွဲ၍ ရှေ့မှသွားကာ နင်အာကမူ မြည်းပုလေးပေါ်တွင် ထိုင်စီးကာလိုက်လာ၏ ။ သာမန်သမားတော်များက သူမ၏ ဒဏ်ရာကိုကုသနိုင်မည်မဟုတ်သော်လည်း ပိုင်ကျိုးစိတ်ချမ်းသာစေရန်အတွက်သာ လိုက်လာပေးခဲ့ရခြင်းဖြစ်သည် ။
တောင်ခြေသို့ရောက်သည်နှင့်တစ်ပြိုင်နက် အထူးတပ်ဖွဲ့တစ်တန်းလိုက်ကြီးကအသင့်စောင့်နေသည့်အပြင် ခေါင်းဆောင်ဖြစ်ပုံရသောတစ်ယောက်က ပိုင်ကျိုးအား အရိုအသေပေးလာ၏ ။
" အရှင် "
ပိုင်ကျိုးက ခေါင်းညိမ့်ပြလိုက်ပြီးနောက် နင်အာအား မြည်းပုလေးပေါ်မှဆင်းနိုင်ရန်ကူတွဲပေးလိုက်သည် ။ နင်အာက မျက်စိကစား၍ လိုက်ကြည့်သောအခါ ပိုင်ကျိုး၏ အထူးတပ်ဖွဲ့ကိုတွေ့လိုက်ရ၏ ။
ပိုင်ကျိုး၏ စစ်သားများပင် ရုပ်ရည်ချောမောကြလေသည် ။ ပိုင်ကျိုးမှာ နင်အာ၏ သွားရေတမြားမြားကျလုနီးနီးအမူအယာကိုမြင်သဖြင့် ခေါင်းထဲတွင် အချက်ပေးသံများကြားယောင်လာသောကြောင့် သူမအား လှည်းထဲသို့၀င်ရန်တိုက်တွန်းလာ၏ ။
" လှည်းထဲ၀င်တော့ "
လက်တစ်ဖက်ဖြင့် မြင်းလှည်းလိုက်ကာစကိုမတင်လိုက်ပြီးနောက် နင်အာအား အထဲသို့၀င်စေလိုက်သည်။
မျက်နှာတစ်ခုလုံးဖုံးအုပ်ထားသည့်မိန်းကလေး၏ သရုပ်မှန်ကိုမသိသော်ငြား သခင်ဖြစ်သူပိုင်ကျိုးမှာ မည်သည့်မိန်းကလေးကိုမျှ ကြင်နာမှုမရှိခဲ့သောကြောင့် ထိုသူတို့ကလည်း မိန်းမများအပေါ် နူးညံ့ညင်သာလေ့မရှိပေ ။ ပိုင်ကျိုးနည်းတူ ရေခဲရိုက်မျက်နှာပေးများဖြင့်ဖြစ်သည် ။
လှည်းထဲသို့၀င်ပြီးနောက် နင်အာကပြုံးကာ
" ပိုင်ကော ကတကယ်လူရွေးတော်တာပဲ ပိုင်ကောရဲ့စစ်သည်တွေက တကယ်ကြည့်ကောင်းပြီးတည်ကြည်တယ် "
ပိုင်ကျိုးက အလွန့်အလွန်အလွန်အေးစက်သောလေသံဖြင့်
" သူတို့အားလုံးက လက်ထပ်ပြီးသား "
" အိုး "
" အခုကစပြီးတော့ တခြားအမျိုးသားတစ်ယောက်ကို စေ့စေ့သွားမကြည့်နဲ့ မင်းအရှက်မရှိလိုက်ကြည့်နေတာက သူများတွေကိုအရှက်ရစေလိမ့်မယ် "
နင်အာက ခပ်ဖွဖွပြုံး၍
" အယ် ... အဲလိုလား ကျွန်မစိုက်ကြည့်ရင်ပိုင်ကောက ရှက်လို့လား "
ထိုသို့ပြောနေရင်းဖြင့်ပင် နင်အာက ပိုင်ကောအား မျက်လုံးတစ်ချက်ပင့်ပြလိုက်သည် ။ သူမ၏ မျက်နှာသေးသေးလေးမှာနူးညံ့မည့်ပုံပေါ်သည့်အပြင် ကြည်လင်းသန့်ရှင်းလှသောမျက်၀န်းများနှင့် နှုတ်ခမ်းဖူးဖူးလေးတို့မှာဆွဲဆောင်မှုရှိလှ၏ ။ ပိုင်ကျိုးက အကြည့်လွှဲလိုက်ကာ
" ငါ မဟုတ်ပါဘူး ..."
ရုတ်တရက် နင်အာ၏ လက်ချောင်းသွယ်သွယ်လေးများက ပိုင်ကျိုး၏ နှာတ်ခမ်းကိုထိကိုင်လာ၏ ။ ပိုင်ကျိုး၏ နှုတ်ခမ်းပါးများမှာ ပါးလျအေးစက်သည် ။
" ကျွန်မကတော့ ရှက်စရာကောင်းတယ်လို့မခံစားရပါဘူး "
ပိုင်ကျိုးက နင်အာ၏ လက်ကိုပုတ်ထုတ်လိုက်သဖြင့် နင်အာက အားရပါးရရယ်မောလိုက်သည် ။ သူမ၏ ရယ်သံလွင်လွင်လေးမှာ မြင်းလှည်းအပြင်ဘက်သို့တိုင် လွင့်ပြယ်သွားသဖြင့် လှည်းမောင်းနေသည့်စစ်သည်နှင့် ဘေးရှိအဖော်တို့မှာ မျက်နှာသေကြီးများဖြင့် တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ကြည့်လိုက်မိကြသည် ။
နှစ်နာရီကျော်သောအခါမှသာ ထိုနေရာသို့ရောက်လေ၏ ။
" ပိုင်ကော ကျွန်မခြေထောက်တွေထုံနေပြီ ကော ကျွန်မကိုချီပြီးအောက်ချပေးပါလား "
ပိုင်ကျိုးက မျက်ခုံးပင့်၍
" တကယ်ထုံနေတာလား "
နင်အာကခေါင်းညိမ့်ပြလိုက်သည် ။
" တကယ်ကြီးပါဆို ... ကျွန်မ ကောကိုလိမ်ပါ့မလား "
ပိုင်ကျိုးက နင်အာ၏ ခြေထောက်အကြောနေရာကိုလက်ဖြင့်တစ်ချက်ထိုးလိုက်သောကြောင့် နင်အာက ထခုန်လိုက်သည် ။
" နာတယ်"
" မင်းခြေထောက်ကထုံနေတာမဟုတ်ဘူးလား ?ယ"
" မထုံတော့ဘူး ... မထုံတော့ဘူး ... သစ်သားတုံးကြီးရဲ့"
နင်အာက ပိုင်ကျိုး၏ ရင်ဘတ်ကိုလက်ဖြင့်ထုကာ
" ဟမ့် ...ပျင်းဖို့ကောင်းလိုက်တာ "
ထို့နောက် လှည်းပေါ်မှခုန်ချကာဆင်းသွားလေ၏ ။ ထိုမိန်းကလေးလှည်းပေါ်မှဆင်းလာချိန်၌ တပ်သားများကတစ်ချက်မှချောင်းကြည့်မိကြသော်လည်း အကြည့်မခွာနိုင်ကြတော့ပေ ။ တစ်ချိန်တည်းမှာပင် ပိုင်ကျိုးလည်းနောက်မှလိုက်ဆင်းလာ၏ ။
ထိုနေရာမှာ ခြံ၀န်းလေးတစ်ခုဖြစ်ပြီး ဆေးရနံ့ဖျော့ဖျော့လည်းရနေသည့်အပြင် အချို့နေရာများတွင် ဆေးဖက်၀င်အပင်များစိုက်ပျိုးထားပြီး အချို့ကိုမူ နေခြောက်လှန်းထားလေ၏ ။ ခြံစည်းရိုးနားတွင်မြက်ခင်းစိမ်းစိမ်းအပြင်အရောင်အသွေးစုံလှသောပန်းများကိုမြင်လိုက်ရသည် ။ မည်သို့သောပန်းအမျိုးအစားများကဤကဲ့သို့ဖူးပွင့်နေကြသည်ကိုမသိသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ထိုပန်းများက နံရံပေါ်တွင်ရေးဆွဲထားသော ဆေးပန်းချီများဖြစ်နေကြောင်းတွေ့လိုက်ရသည် ။
သူမဆက်လက်ကြည့်ချင်ပါသော်လည်း ပိုင်ကျိုးက သူမ၏ လက်ကိုဆွဲကာ
" ငါ့နောက်ကလိုက်ခဲ့ "
" အင်း "
အိမ်ငယ်လေး၏ တံခါး၀တွင်း ၀ါးဖျာအကာရှိပြီး ကောင်လေးတစ်ယောက်က ထိုအကာကိုဖယ်၍ ထွက်လာ၏ ။
" အရှင်ချူ "
ပိုင်ကျိုးက နင်အာကိုဆွဲ၍ အထဲသို့တိုက်ရိုက်၀င်သွားလိုက်သည် ။ အပြင်ဘက်ခြံ၀န်းထဲတွင်ဆေးရနံ့များပျံ့လွင့်နေသော်လည်း အခန်းအတွင်း၌မူ မွှေးလှသောပန်းရနံ့များကိုသာရ၏ ။ နင်အာ အားရပါးရရှုရှိုက်နေစဥ်အတွင်း ပိုင်ကျိုးက ပိတ်ပါးစကာထားသည့်တစ်နေရာသို့ကြည့်ကာ စကားပြောလိုက်သည် ။
" မိန်းကလေးလု ဒီအရှင်ကလူတစ်ယောက်ခေါ်လာတယ် "
နင်အာက ဘယ်သူ့ကိုအံ့သြပြရမလဲပင်မသိတော့ချေ ။ မင်းသားတစ်ပါးကိုယ်တိုင်လာရောက်ပါသော်လည်း ထိုသမားတော်က အစေခံတစ်ယောက်ကိုပင် ကြိုဆိုရန်စေလွှတ်ခြင်းမရှိပေ ။ ထိုအချိန်တွင် ကန့်လန့်ကာနောက်ကွယ်တွင်ထိုင်နေသောအမျိုးသမီးထွက်လာပြီးနောက် ပိုင်ကျိုးကို အရိုအသေပေးလိုက်သည် ။
" လုဇီက အရှင်ချူကိုမြင်တွေ့ချင်နေခဲ့တာကြာပါပြီ "
နင်အာမှာတော့ လုဇီဟုအမည်ရသည့်ထိုမိန်းကလေးအား တစ်စက်မျှကြည့်မရပါချေ ။ သူမ၏ မျက်လုံးများနှင့်အသွင်အပြင်မှာဆွဲဆောင်မှုရှိကာလှပသော်လည်း နင်အာကမူ ထိုအမျိုးသမီ၏ ချွဲပြစ်ပြစ်စကားပြောဟန်ကြောင့် ဘ၀င်မကျဖြစ်နေ၏ ။
သူမရှေ့ဆက်တိုးလာသောအခါ ပိုင်ကျိုးက နင်အာအား ရှေ့သို့တွန်း၍
" မိန်းကလေးလုရှေ့မှာသွားထိုင်လေ "
နင်အာက ဆောင့်ဆောင့်အောင့်အောင့်ဖြင့်သွား၏ ။ လုဇီက နင်အာအားစေ့စေ့စပ်စပ်ကြည့်ရှုနေသည် ။
အလှလေးတစ်ဦးနှင့် တိုင်းပြည်တစ်ပြည်မှအလှပဂေးမင်းသမီးလေးတို့နှစ်ဦးကြားအကြည့်စစ်ပွဲမှာပြင်းထန်လှသော်လည်း ပိုင်ကျိုးကမူသတိမထားမိချေ ။ ပိုင်ကျိုး၏ ရုပ်ရည်မှာထူးခြားသည့်ပုံစံဖြင့်ချောမောသဖြင့် မည်မျှပင်ချောမောသည်ဟုဆိုသောယောက်ျားဖြစ်စေမိန်းမဖြစ်စေ သူ၏ဘေးတွင်ယှဥ်ရပ်မည်ဆိုပါက ထိုသူတို့၏ ရုပ်ရည်မှာမှေးမှိန်သွားရသည် ။
လုဇီက တည်ငြိမ်သည့်လေသံဖြင့်
" မိန်းကလေးထိုင်ပါဦး ... ကြီးမြတ်တဲ့အရှင်ချူတို့ကတော့ ရက်နည်းနည်းလောက်မတွေ့ဖြစ်တာနဲ့ အလှလေးတစ်ယောက်ကို စံအိမ်မှာဖွက်ထားလိုက်တော့တာပဲနော် "
သွေးအေးစစ်ပွဲကိုသတိမထားမိသည့်ပိုင်ကျိုးမှာ နင်အာအား ထိုင်ရန်သာတိုက်တွန်းနေ၏ ။
" ယွမ်နင် ထိုင်လေ "
ပိုင်ကျိုးက နင်အာ၏ သရုပ်မှန်အားဖွင့်ဟပြောဆိုလာခြင်းမရှိသောအခါ လုဇီ၏ အပြုံးမှာပို၍ရဲတင်းဟန်ပေါ်လာ၏ ။ နင်အာမှာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့်သာ လုဇီ၏ ရှေ့တွင်ထိုင်လိုက်ရသည် ။
လုဇီက နင်အာ၏ သွေးကြောကိုစမ်းရန်လက်ကောက်၀တ်ကိုကိုင်လိုက်သောအခါ သူမ၏ ခန္ဓာကိုယ်မှ ပိုင်ကျိုး၏ကိုယ်သင်းရနံ့ကိုရလိုက်သောကြောင့် လက်ပြန်ဆုတ်ချင်သော်လည်းမလုပ်နိုင်ခဲ့ပေ။
ပိုင်ကျိုး : " သူမကအားနည်းလို့ မင်းရဲ့အတွင်းအားနဲ့စစ်ဆေးတဲ့ဒဏ်ကိုခံနိုင်မှာမဟုတ်ဘူး ... ဒဏ်ရာကိုပဲ တိုက်ရိုက်ကြည့်လိုက်တာက ပိုအဆင်ပြေလိမ့်မယ် "
လုဇီက နင်အာ၏ လက်ကိုလွှတ်လိုက်ကာ
" မိန်းကလေးက ဘယ်နေရာမှာထိခိုက်ထားတာလဲ "
ပိုင်ကျိုးတစ်ဖက်သို့လှည့်သွားသောအခါ နင်အာက သူမ၏ အ၀တ်များကိုချွတ်၍ ပုခုံးပေါ်မှဒဏ်ရာကြီးအားပြသလိုက်သည် ။
" ဒီမှာ ..."
လုဇီမှာ အံ့သြသွားသော်လည်း သူမ၏ အမူအယာကိုထိန်း၍
" မိန်းကလေးအ၀တ်ပြန်၀တ်လို့ရပါပြီ "
နင်အာက ၀တ်ရုံကိုဖြည်းဖြည်းချင်းပြန်လည်၀တ်ဆင်နေလေသည် ။
" အရှင်မင်းသားလည်း ဒီဘက်ကိုပြန်လှည့်ကြည့်လို့ရပါပြီ "
ပိုင်ကျိုး : " သူမရဲ့ဒဏ်ရာက ..."
လုဇီ : " အတွင်းကြေဒဏ်ရာဆိုပေမဲ့ ဒဏ်ရာထဲမှာအဆိပ်တွေစုပုံနေတယ် ... ဒီလိုအဆိပ်မျိုးကို ဟန်တော့ လို့ခေါ်ပြီး နန်ကျိုးပြည်နယ်ထဲမှာတောင်တွေ့ရတာအရမ်းရှားတယ် ... ပိုင်ယွမ်ပြည်နယ်ထဲမှာဆို ရှာတွေ့ဖို့တောင်မဖြစ်နိုင်သလောက်ပဲ... အရှင် ဒီအဆိပ်ကိုကုသဖို့က အရမ်းခက်ခဲပါတယ် "
ပိုင်ကျိုး၏ မျက်နှာထက်တွင် အလိုမကျမှုများအတိုင်းသားပေါ်လွင်လာ၏ ။
" ကုသဖို့ဆေးမရှိဘူးလား "
" အဆိပ်ကိုခဏတာထိန်းချုပ်ဖို့အတွက် အပ်စိုက်ပေးထားလို့တော့ရပါတယ် ... ဒီအဆိပ်ကများသောအားဖြင့် ညအချိန်မှာပိုပြီးပြင်းထန်တတ်တဲ့အတွက် အဆိပ်မိတဲ့သူအများအပြားက ညဘက်မှာသေဆုံးသွားတတ်ကြတယ် ... ဒီမိန်းကလေးမှာ အသက်ရှင်ဖို့ တစ်လကျော်ပဲအချိန်ရှိတော့တယ် အပ်စိုက်ပြီးအဆိပ်ကိုဖိနှိပ်ထားမယ်ဆိုရင် နောက်ထပ်တစ်လတော့ သူမထပ်တောင့်ခံထားနိုင်လိမ့်မယ် "
နင်အာ : "..."
ဘယ်လိုသောက်ကျိုးနဲ သမားတော်ကိုရှာထားတာလဲ ...
နင်အာ : " ကျွန်မအပ်မစိုက်ချင်ဘူး "
" သမားတော်ကိုမင်းဖြစ်နေတာတွေအကုန်ဖုံးကွယ်မထားဘဲပြောပြရမယ် ... မိန်းကလေးလု အပ်စိုက်တဲ့အခါညင်သာပေးပါ သူမကနာမှာကိုအရမ်းကြောက်တတ်လို့ "
နင်အာက အခန်းထဲမှထွက်ပြေးရင်း
" ကျွန်မကိုသေသာသေခိုင်းလိုက်ကြပါ အသားမှာအပ်တွေစိုက်ထားတာမခံချင်ဘူးလို့ "
ပိုင်ကျိုးက နင်အာအား အပေါက်၀မှစောင့်ဖမ်းလိုက်သည် ။ သူမမည်မျှပင်လျှင်မြန်ပါစေ ပိုင်ကျိုးကဲ့သို့ သိုင်းတတ်သည့်သူတစ်ယောက်ကိုမူယှဥ်၍မရနိုင်ပေ ။ ပိုင်ကျိုးက နင်အာအား ဆွဲ၍
" ဒီနေရာမှာမဆိုးနဲ့လေ ... အခြားသူတွေမင်းကိုလှောင်ရယ်နေကြလိမ့်မယ် "
🐳