#lady
Chapter ( 10 )
နင်အာက ငိုရင်းဖြင့် နှာရှုံ့ကာမေးလာ၏ ။
" ဘယ်နေရာကိုစိုက်မှာလဲ "
လုဇီက သူတို့နှစ်ယောက်အားအေးစက်စက်ကြည့်ကာ
" ပုခုံးပေါ်ကို ... အရှင့်သား ကျေးဇူးပြုပြီး ခဏလောက်ရှောင်ပေးပါ "
နင်အာက ပိုင်ကျိုး၏ လက်ကိုအသည်းအသန်ဆုပ်ကိုင်၍
" အပ်စိုက်တာမခံချင်ဘူးလို့ ... မခံချင်ဘူးလို့ "
ပိုင်ကျိုးက သူမငိုနေသည်အားကြည့်ကာ စိတ်မကောင်းဖြစ်သွားရ၏ ။ သူမ၏အသက်အတွက် အပ်စိုက်မည်မှန်းသိသော်လည်း အပ်မစိုက်ခင် ကြောက်လန့်ပြီး သေသွားမှာကိုလည်းစိုးရိမ်နေရသေးသည် ။ ထို့ကြောင့် နင်အာ၏ လက်ကိုပြန်ဆုပ်ကိုင်၍
" ငါသူ့ကို ထိန်းထားပေးမယ် ... မိန်းကလေးလု မင်းစိတ်ချလက်ချအပ်စိုက်လို့ရပါတယ် "
လုဇီ အပ်အတွဲလိုက်ကြီးအားထုတ်ယူလာသောအခါ နင်အာကထပ်မံ၍ အော်ငိုပြန်သဖြင့် ပိုင်ကျိုးက လက်ကိုင်ပုဝါဖြင့်မျက်ရည်များကိုသုတ်ပေးနေရသည်။
" မငိုနဲ့တော့ "
ပိုင်ကျိုးကိုယ်တိုင်လည်း ဖြူဖွေးနေသည့်အပ်အတွဲလိုက်ကြီးအားကြည့်လိုက်မိသည် ။ ဆေးပညာအကြောင်းဘာမှနားမလည်သော်ငြား နင်အာမှာနူးညံ့သောမိန်းမငယ်လေးတစ်ယောက်ဖြစ်၍ ကြောက်လန့်၍ငိုသည်မှာ သဘာဝကျကြောင်းတွေးမိသွား၏ ။
ပိုင်ကျိုးက လုဇီအား သတိပေးသည့်အနေဖြင့် စူးစူးစိုက်စိုက်တစ်ချက်ကြည့်ကာ
" မိန်းကလေးလု မင်းရဲ့အပြုအမူတွေကိုတတ်နိုင်သလောက်ညင်ညင်သာသာလုပ် "
လုဇီက မျက်လွှာချ၍
" ဟုတ်ပါပြီ "
ပိုင်ကျိုးမှာ နင်အာ၏ ခန္ဓာကိုယ်ကိုတစ်ခါမြင်တွေ့ဖူးပြီးဖြစ်သဖြင့်နောက်တစ်ကြိမ်မြင်တွေ့ရလျှင်လည်းစိတ်ထဲထားမည်မဟုတ်ပေ ။ ပိုင်ကျိုးက နင်အာ၏ ပုခုံးမှဒဏ်ရာကိုမထိမိစေရန်သတိထား၍ သူမ၏ အောက်ခံအ၀တ်ကိုပုခုံးပေါ်သည်အထိဆွဲချပေးကာအခြားသောအစိတ်အပိုင်းများထပ်မံမပေါ်စေရန် လက်တစ်ဖက်မှအ၀တ်များကိုထိန်းကိုင်ပေးထားပြီး တစ်ဖက်ကမူ သူမ၏ လက်ကိုဆုပ်ကိုင်ပေးထား၏ ။
အကြည့်တစ်ချက်နှင့်ပင် နင်အာက အပျိုစင်တစ်ဉီးဖြစ်ကြောင်းမြင်နိုင်သော်လည်း ယခုပိုင်ကျိုး၏ အပြုအမူများအရ သူတို့နှစ်ဉီးမှာ အလွန်နီးကပ်သောဆက်ဆံရေးရှိမည်မှာမလွဲမသွေပင် ။ ပိုင်ကျိုး၏ အသားကျနေပုံရသောအပြုအမူကိုကြည့်၍ လုဇီ၏ နှလုံးသားမှာပို၍နာကျင်သွားရ၏ ။
" မိန်းကလေးက အရမ်းနူးညံ့ပြီးကြောက်တတ်တာပဲ ... မပူပါနဲ့ အပ်စိုက်တာကမနာပါဘူး "
ပိုင်ကျိုးက နင်အာ၏ အကြောတချို့ကိုပိတ်ထားသဖြင့် သူမစကားပြော၍မရေပ။ ပိုင်ကျိုးက သူမ၏ ပုခုံးကိုလက်တစ်ဖက်ဖြင့်ထိန်းကိုင်ပေးကာ
" မိန်းကလေးလု စလို့ရပြီ "
လုဇီက ငွေအပ်များကိုကိုင်ရင်း နင်အာ၏ သွေးကြောများထဲသို့တစ်ချောင်းပြီးတစ်ချောင်းထိုးထည့်နေလေသည် ။ အပ်စိုက်ရာတွင်သူမ၏ အရည်အချင်းမှာအလွန်ကျွမ်းကျင်လှသောကြောင့် အချိန်ခဏအတွင်းမှာပင် နင်အာ၏ ပုခုံးထက်၌ အပ်ချောင်းများစွာစိုက်ပြီးဖြစ်၏ ။
ထိုငွေအပ်များကိုပြန်ဆွဲထုတ်သောအခါ သွေးပုပ်များစီးကျလာသဖြင့် လုဇီက ပုဝါတစ်ခုဖြင့်လိုက်သုတ်ပေးနေလေသည် ။
" သွေးပုပ်တွေက အဆိပ်မိတဲ့လူတိုင်းဒီလိုပဲထွက်နေကျပါ ... အရှင်စိတ်ပူဖို့မလိုပါဘူး"
ပိုင်ကျိူးက နင်အာ့ကိုအ၀တ်များပြန်ဝတ်ပေးပြီးနောက် အကြောပြန်ဖွင့်ပေးလိုက်ချိန်တွင် သူမက အသံအကျယ်ကြီးဖြင့်အော်ငိုလေတော့သည် ။ ပိုင်ကျိုးက အမျိုးသမီးများကိုမည်သို့ချော့ရမည်မသိသည့်အတွက် တစ်ကိုယ်လုံးတောင့်တင်းလျှက်
" မငိုပါနဲ့ "
လုဇီ၏ မျက်နှာထားမှာမူ အလိုမကျဟန်အတိုင်းသားပေါ်လွင်နေလေသည် ။
" မိန်းကလေး အပ်စိုက်တာက ဒီလောက်မနာပါဘူး ... ငါ့ဆေးခန်းထဲမှာဆူညံအောင်မလုပ်ပါနဲ့ "
ပိုင်ကျိုး ကပြန်လည်၍
" သူမကကြောက်လန့်နေတာကိုထပ်မခြောက်နဲ့ ... မိန်းကလေးလု ဒီဆေးခန်းက ငါပိုင်တာဆိုတာကိုမင်းမေ့နေပြီလား "
လုဇီမှာ ပြန်မပြောရဲတော့ချေ ။ အဆိပ်ပါဝင်သောသွေးပုပ်များမှာ ဒလဟောထွက်လာပြီး အားအနည်းငယ်သုံး၍ ဖိလိုက်မည်ဆိုလျှင်ထပ်မံ၍ထွက်ကျလာနိုင်သေးသည် ။ နင်အာက ထိုအသုံးမကျသည့်သမားတော်အား အော်ရန်ခေါင်းမော့လိုက်ချိန်တွင် ပိုင်ကျိုးက ပြောလာ၏ ။
" ငါနဲ့အတူတူပြန်လိုက်ခဲ့ "
လွန်ခဲ့သည့်ရက်များအတွင်းက လျှာကိုက်မိထားသဖြင့် စကားကောင်းကောင်းမပြောနိုင်ခဲ့သော်လည်း ယခုမူအရင်ကထက်သက်သာလာပြီဖြစ်သည် ။
" ကျွန်မကြောက်လွန်းလို့ လမ်းလျှောက်ဖို့တောင်အားမရှိတော့ဘူး "
သူမအမှန်တကယ်နာနေသည်လော လိမ်ညာနေသည်လောကိုပင်မခွဲခြားနိုင်တော့ဘဲ ပိုင်ကျိုး၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုတို့သာကြီးစိုးနေ၏ ။ ထို့ကြောင့် သူမသူ့ကျောပေါ်သို့တက်နိုင်စေရန် ထိုင်ချကာ
" ငါမင်းကိုကုန်းပိုးသွားပေးမယ် "
နင်အာက ထိုင်ချလိုက်ပြီးနောက် အော်ငိုပြန်သည် ။
" နာတယ် ... နာတယ်လို့ "
လုဇီမှာ နင်အာအား အမှန်တကယ်ပင်မုန်းတီးနေပြီဖြစ်သည် ။ ဤမိန်းကလေးမှာအလွန်မူယာမာယာများ၍ စကားပြောကြမ်းတမ်းသော်လည်း သူမက ပိုင်ကျိုး၏ အာရုံကိုအပြည့်အ၀ဖမ်းစားက အခြားသူများထက် သူမကိုအရေးပေးအောင်စွမ်းဆောင်နိုင်၏ ။
ပိုင်ကျိုးက နင်အာအား မြင်းလှည်းပေါ်သို့ချီခေါ်သွားလေသည် ။ မြင်းလှည်းပေါ်သို့ပြန်ရောက်သည့်တိုင် နင်အာ အငိုမတိတ်သေးသဖြင့် ပိုင်ကျိုးလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရရှာ၏ ။ သူမည်မျှပင်နှစ်သိမ့်သည်ဖြစ်စေသူမကအငိုမရပ်ချေ ။
သို့သော်လည်း သူမငိုနေသောပုံစံမှာချစ်စရာကောင်းလှ၏ ။ မျက်ရည်များဝိုင်းနေသောမျက်လုံးလှလှလေးအပြင် နီရဲနေသည့်နှာခေါင်းထိပ်လေးတို့ကြောင့် သူမထပ်မံငိုစေရန် ပြင်းပြင်းထန်ထန်အနိုင်ကျင့်ချင်စိတ်များထွက်ပေါ်လာစေသည် ။
ပိုင်ကျိုးက နင်အာအား မည်ကဲ့သို့ချော့ရမည်ကိုမတွေးတတ်တော့သည့်အတွက် သူမ၏ ပုခုံးကိုသာခပ်ဖွဖွပုတ်၍
" မငိုပါနဲ့တော့ "
နင်အာက ' အင်း ' အသံတစ်ချက်ပြုပြီးနောက် တစ်ဖက်သို့လှည့်ကာ ဆက်လက်ငိုနေပြန်တော့သည် ။
" မင်းငိုနေတာအရမ်းရုပ်ဆိုးတာပဲ မငိုဘဲနေတာကမှနည်းနည်းလေးကြည့်ကောင်းသေးတယ် "
သူမကပို၍ပင်ကျယ်လောင်စွာအော်ငိုလာတော့သည် ။ ပိုင်ကျိုးက ထိတ်ထိတ်ပြာပြာဖြင့် နင်အာ၏ မျက်ရည်များအားသုတ်ပေးလာ၏ ။ သို့သော်လည်း နှစ်ပေါင်းများစွာဓားရေးလေ့ကျင့်ထားရ၍ အသားမာတက်နေသောသူ၏လက်များကြောင့် နင်အာ၏နူးညံ့သောအသားအရေအားနီရဲသွားစေသည် ။
" မိန်းကလေးလုရဲ့ အပ်စိုက်စွမ်းရည်ကတကယ်မကောင်းလို့မင်းကိုနာကျင်စေတာ ... မငိုပါနဲ့တော့ ငါမင်းအတွက် နောက်ထပ်သမားတော်တစ်ယောက်ရှာပေးမယ်လေကွာ "
ပိုင်ကျိုးက နင်အာအား တစ်လသာပို၍ အသက်ရှင်စေခြင်းမဟုတ်ဘဲ သူမခန္ဓာကိုယ်ထဲမှအဆိပ်အားအမြစ်ပြတ်ကုသပေးလိုခြင်းဖြစ်သည် ။ လုဇီက မကုသနိုင်သည့်အတွက် ကုသနိုင်သောအခြားသမားတော်ရှာဖွေရမည်မှာပုံမှန်ပင်ဖြစ်၏ ။
လုဇီမှာ ချူပြည်နယ်တွင်ကျော်ကြားသောသမားတော်တစ်ယောက်ဖြစ်၏ ။ သူမငယ်ရွယ်စဥ်အချိန်ကတည်းကပင်ဆေးပညာကျွမ်းကျင်မှုကြောင့် နာမည်ကျော်ကြားခဲ့သော်လည်း အာဏာရှိသူတစ်ဦးကိုအပြစ်ပြုမိသဖြင့် သူမ၏ ဆေးခန်းဖျက်ဆီးခံလိုက်ရသည် ။ ပိုင်ကျိုးက သူမအားကယ်တင်ခဲ့သောကြောင့် ဤနှစ်များအတွင်း ချူစံအိမ်အတွက်အလုပ်လုပ်ပေးနေခဲ့ခြင်းဖြစ်သည် ။
လုဇီမှလွဲ၍ အခြားသောအမျိုးသမီးသမားတော်မတွေ့ဖူးသော်လည်း သေရေးရှင်ရေးအခြေအနေတွင် အမျိုးသမီးလောအမျိုးသားလောခွဲခြားမနေနိုင်တော့ချေ ။
နင်အာအချိန်တော်ကြာငိုထားသောကြောင့် ရေဆာမည်စိုး၍ ပိုင်ကျိုးက သူမအားရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလာ၏ ။
" ရေသောက်လိုက်ဦး "
နင်အာရေသောက်နေသည့်အချိန်အတွင်းပိုင်ကျိုးကပြောလာသည် ။
" မင်းငါ့ရဲ့စံအိမ်မှာလိုက်နေချင်လား "
နင်အာကခေါင်းခါ၍
" ဟင့်အင်း ကျွန်မနန်းတော်ကြီးတစ်ခုလိုစံအိမ်တွေကိုမကြိုက်ဘူး ... တောင်ပေါ်ပဲပြန်သွားချင်တယ် "
အခြေအနေတစ်ခုခုမူမမှန်သည်နှင့်ထွက်ပြေးရန်အတွက် တောင်ပေါ်ကသာသင့်လျှော်သောနေရာဖြစ်ပြီး စံအိမ်မှာအစောင့်အကြပ်ထူထပ်သဖြင့် သူမတစ်ခုခုကြံစည်ရန်လွယ်ကူမည်မဟုတ်ပေ ။
နင်အာမျက်ရည်ကျနေသည်အား ပိုင်ကျိုးမကြိုက်ပါချေ ။ သူမစိတ်ကျေနပ်စေရန် သူ၏ အရာအားလုံးပေးလိုက်ချင်ပါသော်လည်း သူမလိုချင်သည့်အရာအားသူမသိပါချေ ။
" မင်းသဘောပဲ ... ဘာဖြစ်ချင်လဲဆိုတာကိုသာငါ့ကိုပြောပြ "
" ထန်ဟုလု စားချင်တယ် "
( TN / ထန်ဟုလု ဆိုတာ သကြားရည်စိမ်ထားတဲ့သစ်သီးလေးတွေပါ )
တောင်ခြေမြို့လေးသို့ပြန်ရောက်သောအခါ ပိုင်ကျိုးက မြည်းပုလေးပေါ်တွင်နင်အာကိုထိုင်စေကာ ထန်ဟုလုနှစ်ချောင်း၀ယ်ကျွေးလေ၏ ။ နင်အာက တစ်ကိုက်ချင်းစီစားနေရင်းဖြင့်
" ပိုင်ကော ... သမားတော်ထပ်ရှာစရာမလိုပါဘူး ... ကျွန်မကိုယ်တိုင်ကလည်းအသက်ဆက်ချင်နေတာမှမဟုတ်တာ အခြားသူတွေအတွက်အသက်ရှည်တာက ချိုမြိန်ပေမဲ့ ကျွန်မအတွက်တော့ခါးနေတယ်လေ "
ပိုင်ကျိုးက နင်အာ၏ ခေါင်းကိုပုတ်၍
" ပေါက်ကရတွေမပြောစမ်းပါနဲ့ "
နင်အာက ပြုံးပြလာ၏ ။ အမှန်တိုင်းပြောရမည်ဆိုလျှင် ပိုင်ကျိုးမှာ အခြားသူများသူ့အားလိမ်ညာသည့်အခါ သိနိုင်သော်လည်း နင်အာစကားပြောသောအခါ၌မူ သူကိုယ်တိုင်ပင်အမှားအမှန်မခွဲခြားနိုင်ဖြစ်နေရ၏ ။
အပ်စိုက်ထားသည့်နေရာမှ တစ်ခါတစ်ရံနာကျင်လာတတ်သဖြင့် နင်အာက မျက်မှောင်ကျုံ့ကာ တစ်ကိုက်မျှထပ်စားပြီးနောက် ပိုင်ကျိုးရှေ့သို့ထိုးပေး၍ ပြောလာသည် ။
" မစားချင်တော့ဘူး ... ပိုင်ကော စားမလား "
" မင်းမစားနိုင်တော့ရင် လွှင့်ပစ်လိုက်လဲရတယ် "
နင်အာက တိုးတိုးလေးရေရွတ်လိုက်သည် ။
" အစားအစာကိုဖြုန်းတီးတာမကောင်းဘူးလေ "
သူမကတစ်ကိုက်ပြီးတစ်ကိုက်ထပ်စားနေရင်း ပိုင်ကျိုးကိုလည်းချောင်းကြည့်နေသေး၏ ။
" အရမ်းအရသာရှိတယ်နော် ... ကောတစ်ကယ်မစားချင်ဘူးလား "
နင်အာက ပိုင်ကျိုး၏ ပါးစပ်ရှေ့သို့ထိုးပေး၍
" တစ်ကိုက်လောက်ပဲစားကြည့်လေ "
ပိုင်ကျိုးက မတတ်သာသဖြင့်တစ်ကိုက်ကိုက်လိုက်ရ၏ ။
" အရမ်းချဥ်လွန်းတယ် ငါမကြိုက်ဘူး "
နင်အာက ပိုင်ကျိုး၏ လက်ထဲသို့အတင်းထိုးထည့်လိုက်ကာ
" ကောပဲစားလိုက်တော့ "
ထို့နောက် မြည်းပုလေးကိုဖက်၍တစ်လမ်းလုံးအိပ်၍လိုက်လာလေသည် ။ တောင်ပေါ်အိမ်လေးသို့ပြန်ရောက်သောအခါ ပိုင်ကျိုးက သူမအားချီ၍ အိပ်ရာပေါ်သို့တင်လိုက်သည် ။
သူမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရသည့်အပြင် ဒဏ်ရာမှနာကျင်မှုသည်လည်းအနည်းငယ်သက်သာသွားသောကြောင့် အခြားသောရက်များထက်ပိုမိုကောင်းမွန်စွာအိပ်စက်နိုင်ရန်မျှော်လင့်မိလေသည် ။ ပိုင်ကျိုးက နင်အာအားစောင်ခြုံပေးသောအခါ သူမကပိုင်ကျိုး၏ လက်ကိုဆွဲကိုင်၍လာ၏ ။
ပိုင်ကျိုး၏ လက်ချောင်းများမှာရှည်လျားကာသွယ်လျသော်လည်း နှစ်ပေါင်းများစွာဓားရေးလေ့ကျင့်ခဲ့ရသဖြင့်လက်တွင်အသားမာတက်နေ၏ ။ ထိုသို့သောအချင်းအရာကပင် နင်အာအား တစ်မျိုးတစ်ဖုံစိတ်လုံခြုံမှုကိုပေးစွမ်းလေသည် ။ နင်အာ၏ လက်ချောင်းများမှာမူ ပျော့ပြောင်းသွယ်လျကာ ပန်းနုသမ်း၍အလွန်နူးညံ့လှပလေ၏ ။
ပိုင်ကျိုးက သူမ၏ လက်ကိုဖယ်ချခြင်းမပြုဘဲ စိတ်အေးလက်အေးဖြင့်ညနက်သည့်အချိန်အထိထိုင်စောင့်ပေးနေပြီးနောက်မှထွက်သွားလေ၏ ။ နင်အာမှာ အိမ်မက်ရှည်ကြီးတစ်ခုမက်ခဲ့ပြီး ထိုအိပ်မက်ထဲတွင် သူမကအလွန်ငယ်ရွယ်သေးသည် ။
ဘန်းခနဲအသံအကျယ်ကြီးဖြင့် အခန်းအတွင်းမီတန်ဖိုးကြီးကျောက်စိမ်းများနှင့် လက်ရာမြောက်ကြွေထည်ပစ္စည်းများမှာကွဲကြေကုန်ကြသည် ။ နင်အာက အခန်းအတွင်းပတ်လျှောက်၍
" ဘာလို့လဲ ...ဘာလို့လဲ "
သူမကအခန်းထဲရှိ အစေခံများကိုမေးခွန်းထုတ်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှပြန်ဖြေခြင်းမရှိဘဲ တိတ်ဆိတ်နေကြသည် ။ နင်အာက သူမ၏ ဂါ၀န်စကိုခပ်တင်းတင်းဆုပ်ကိုင်ထားကာ
" ငါအပြင်ထွက်ချင်တယ်လို့ ...ထွက်သွားကြစမ်း ... ထွက်သွား "
ရုတ်တရက်တံခါးပွင့်လာပြီး အရပ်ရှည်ရှည်ချောမောသောသခင်လေးတစ်ယောက်၀င်လာလေသည် ။ အဖြူရောင်၀တ်ရုံကို၀တ်ဆင်ထားသော ထိုသခင်လေးက နင်အာ့ကိုအေးစက်စက်စိုက်ကြည့်၍
" အားလုံးထွက်သွား "
အစေခံများအားလုံးထွက်သွားသည့်အခါ စုကျို က သူ၏ရှေ့မှ ကလေးမလေးအားငုံ့ကြည့်လိုက်သည် ။ ကလေးမလေး၏ မျက်လုံးများမှာနီရဲနေပြီး ငိုချတော့မည့်ပုံပင် ။
" သူတို့အားလုံးကိုမုန်းတယ် ... ဒီတိုင်းပေးသေလို့မရဘူးလား "
" ဒီလိုစကားမျိုးကိုမင်းမပြောသင့်ဘူး ... မင်းရဲ့အသက်ကဘယ်လောက်တောင်တန်ဖိုးကြီးလဲမင်းသိရဲ့လား "
စုကျိုက ဖြည်းဖြည်းကိုယ်ကိုကိုင်းကာ နင်အာအားပြုံးပြ၍ ပြောလိုက်သည် ။
" တုံးအလိုက်တဲ့ကောင်မလေး ... မင်းမလွတ်မြောက်နိုင်ဘူး "
နင်အာမှာ အခန်းထဲတွင်ကျန်ရစ်ခဲ့ပြီး ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်သည် ။ သူမ အခြားသူများ၏ ထိန်းချုပ်ခြင်းကိုမခံချင်တော့ဘဲ အသုံးချမှုများဖြင့်ကစားပွဲမှသာ လွတ်လပ်လိုခြင်းဖြစ်၏ ။ ထိုအတိုင်းထိုင်နေမိခဲ့သည်မှာ ညနက်သည့်အချိန်အထိပင် ။
ယခုမူ သုမကအခြားသူများ၏ သနားကြင်နာမှုကိုတောင်းဆိုနေရသည့်ကလေးငယ်လေးတစ်ယောက်မဟုတ်တော့ပြီ ။ နင်အာက သူမကိုယ်သူမနှစ်သိမ့်သည့်အနေဖြင့်နှလုံးနေရာသို့ခပ်ဖွဖွပုတ်နေလေသည် ။
သေဆုံးသွားသည်နှင့် သူမအမြဲလိုချင်နေသည့် လွတ်လပ်မှုကိုရနိုင်ပြီဖြစ်၏ ။
🐳