အပိုင်း ၁၁
Viewers 7k

#lady
Chapter ( 11 )

အပ်စိုက်လိုက်သည့် ပုခုံးနေရာမှာနာကျင်နေဆဲဖြစ်သည့်အပြင် လုဇီမှာ သူမအပေါ်မကျေနပ်ချက်များကိုအပ်စိုက်၍ထုတ်ဖော်လိုက်ပုံရသည် ။ နင်အာ၏ စိတ်တိုင်းကျသာဆိုလျှင် ထိုမိန်းမထံပြန်သွား၍ မှတ်လောက်သားလောက်ရှိအောင် ရိုက်နှက်ပစ်လိမ့်မည်ဆိုသော်လည်း ဆေးခန်းတည်နေရာအားမမှတ်မိတော့‌ေချ။

ခရီးတစ်လျှောက်လုံး၌ လှည်းပေါ်တွင်သာအချိန်ကုန်ခဲ့ခြင်းဖြစ်သဖြင့် ဤကဲ့သို့ဖြစ်မည်ကိုကြိုသိပါက တိတ်တိတ်လေးချောင်းကြည့်ခဲ့မည်ပင် ။ သို့မှသာ လူမိုက်ငှား၍သွားရိုက်ခိုင်းလို့ရမည်ဖြစ်သည် ။ 

နင်အာက သက်ပြင်းချ၍ အိမ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်လုပ်နေပြီးအိပ်မပျော်တော့ပေ ။ စောင်ကိုကန်ထုတ်ကာအိပ်ရာပေါ်မှဆင်းလိုက်သောအခါ ပိုင်ကျိုးက သူမကြောင့်နိုးနေပြီဖြစ်သည် ။

" မင်းဘာတွေလုပ်နေတာလဲ "

နင်အာက ပိုင်ကျိုး၏ ဘေးတွင်ထိုင်၍ 

" ကျွန်မဘယ်ကိုမှထွက်မပြေးပါဘူး ... ပိုင်ကော ပုခုံးကဒဏ်ရာကနာနေတုန်းပဲ "

ပိုင်ကျိုး ခမျာအိပ်ချင်မူးတူးဖြစ်နေရှာ၏ ။ သူမဘေးတွင်ညဉ့်နက်သည်အထိအဖော်ပြုပေးနေခဲ့ပြီး အိပ်ပျော်ခါနီးအချိန်တွင် သူမကြောင့်နိုးလာရပြန်သည် ။ ပိုင်ကျိုးက နင်အာကိုသူ့စောင်ထဲသို့ဆွဲသွင်း၍ 

" မျက်လုံးမှိတ်ပြီးအိပ်လိုက် မင်းအိပ်ပျော်သွားရင်နာတော့မှာမဟုတ်ဘူး "

နင်အာမှာ မျက်ဆံသာလှန်လိုက်မိသည် ။

" ပိုင်ကော မိန်းကလေးလုက ကောကိုသဘောကျနေတာကို သတိထားမိလား "

" မိန်းကလေးလု " 

သူမပြောနေသည့်စကားအဓိပ္ပာယ်ကို ပိုင်ကျိုးမတွေးတတ်ပါချေ ။

" ဘယ်မိန်းကလေးလုလဲ "

နင်အာမှာ ထိုငတုံး၏ ခေါင်းကိုသာထခေါက်ပစ်လိုက်ချင်မိ၏ ။

" ကျွန်မရဲ့ဒဏ်ရာကိုအပ်စိုက်ပေးတဲ့သမားတော်လေ "

ပိုင်ကျိုးမှာမူ သူ့အားသဘောကျနှစ်သက်သောမိန်းကလေးများစွာရှိသဖြင့် ထိုမိန်းကလေးများ၏ အမည်မှာ မိန်းကလေးလုလော မိန်းကလေးယန်လော မှတ်သားမထားနိုင်ပေ ။

" အဲတာငါနဲ့ဘာဆိုင်လို့လဲ မင်းခေါင်းထဲမှာမဟုတ်တာတွေကိုပဲတွေးမနေနဲ့ "

နင်အာက စောင်ကိုဖယ်လိုက်ပြီး ပိုင်ကျိုး၏ ဗိုက်ပေါ်တွင်တက်ထိုင်ကာ သူ၏ မျက်နှာကိုလက်ဖြင့်ကိုင်လိုက်သည် ။ ပိုင်ကျိုး၏ ဝမ်းဗိုက်တွင် ကြွက်သားရှစ်ခုအတိုင်းသားပေါ်နေမည်မှာ မှန်းဆစရာပင်မလိုအပ်ချေ ။

" ပိုင်ကောက တကယ်ကြည့်ကောင်းတာပဲ "

ပိုင်ကျိုး၏ အကြည့်များမှာ နက်မှောင်သွားရ၏ ။

" အခုချက်ချင်းဆင်းစမ်း "

" မဆင်းပါဘူး ... မိန်းကလေးလုက ကောကိုစိတ်ဝင်စားနေတာကို ကောကဂရုမစိုက်ပေမဲ့ ... သူကကောကိုကြိုက်နေတာမို့လို့ ကျွန်မကိုနာကျင်အောင်လုပ်လိုက်တယ်လေ "

ပိုင်ကျိုးမှာ နင်အာ၏ အောက်တွင်ရှိနေပြီး သူ၏ အသက်ရှုသံမှာလည်းမတည်မငြိမ်ဖြစ်နေရ၏ ဤအချိန်တွင် နင်အာမှာ အမှန်ပင်စိတ်ရှုပ်ဖို့ကောင်းသည့်မိန်းကလေးတစ်ဉီးဖြစ်ကြောင်းတွေးမိသွားပြန်၏ ။

သို့သော် ဤတစ်ကြိမ်မှာမူ အခြားသောအကြိမ်များနှင့်မတူညီပေ ။

" ငါ့ကိုစိတ်ဝင်စားတဲ့သူတိုင်းရဲ့နာမည်တိုင်းကိုသာမှတ်နေရမယ်ဆိုရင် ငါစံအိမ်တစ်ခုလုံးနားရတော့မှာမဟုတ်ဘူး ... သူမဘာသာနှစ်သက်တာကသူမရဲ့ကိစ္စလေ လူသိရှင်ကြားလျှောက်မပြောသရွေ့ ငါဂရုမစိုက်ဘူး ...တကယ်လို့ ပြောခဲ့မယ်ဆိုရင်တောင် ပြတ်ပြတ်သားသားငြင်းပစ်မှာပဲ "

နင်အာမှာ ပိုင်ကျိုး၏ မျက်နှာအားစေ့စေ့စပ်စပ်ကြည့်လိုက်မိသည် ။

ကျစ် ...ဘယ်လောက်တောင် သွေးအေးလိုက်တဲ့အမျိုးသားလဲ ...

ပိုင်ကျိုးက နင်အာ၏ ခါးကိုကိုင်ကာ ဆင်းစေပြီးနောက် သူမအား ကြက်ပေါက်လေးကဲ့သို့ပေါ့ပေါ့ပါးပါးကုတင်ပေါ်သို့ချီသွားလေသည် ။

 " ကောင်းကောင်းအိပ် "

နင်အာက အူကြောင်ကြောင်ဖြင့် 

" ကျွန်မ ..."

" မင်းထပ်ပြီး ရှုပ်နေမယ်ဆိုရင် အကြောပိတ်ပြီးတစ်ညလုံးလှုပ်မရအောင်လုပ်ထားလိုက်မယ် ... ငြိမ်ငြိမ်နေတော့ "

" အွန်း "

နောက်ဆုံး၌ မအိပ်ချင်အိပ်ချင်ဖြင့်ဆောင့်အောင့်အိပ်လိုက်ရ၏ ။ သူမအိပ်နေစဉ်အတွင်း တစ်ယောက်ယောက်မှသူမအား စောင်ခြုံပေး၍ မျက်နှာကိုထိကိုင်လာသည်အားခံစားမိသည် ။ နင်အာကမျက်လုံးဖွင့်ကြည့်သော်လည်း ဒဏ်ရာမှာနာလွန်းသောကြောင့် မျက်လုံးဖွင့်ရန်ပင်အားမရှိတော့ချေ။ 

အာရုဏ်တက်ချိန်သို့ရောက်မှသာ နာကျင်မှုများတဖြည်းဖြည်း သက်သာလာလေသည် ။ ထိုအချိန်တွင် ပိုင်ကျိုးမှာ အခန်းထဲတွင်မရှိတော့ချေ ။ နင်အာ မီးဖိုထဲသို့ဝင်လိုက်သောအခါ စားပွဲပေါ်တွင်ဆန်ပြုတ်တစ်ပန်းကန်အသင့်တင်ထားပေးကြောင်းတွေ့လိုက်ရသည်။

နန်ကျိုးပြည်နယ် နန်းဆောင် တစ်ခု၏တံခါးဝတွင် အရပ်ရှည်ရှည်ချောမောသည့်အမျိုးသားတစ်ဉီးက တံခါးဆီသို့လျှောက်လာရင်းပြောလေသည် ။

" ကြားတာကတော့ ကြင်ယာတော်ပျောက်သွားတာကြောင့် အိမ်ရှေ့စံကစိတ်ထိခိုက်ပြီးဖျာနားနေတယ်ဆို"

တံခါးစောင့်စစ်သည်များ၏ နောက်တွင်ရပ်နေသည့်အရေးပါသောရာထူးရှိပုံရသည့်နန်းတွင်းအစေခံတစ်ဉီးက 

" အရှင် ကောလဟာလစကားတွေကိုမယုံပါနဲ့ ကြင်ယာတော်ယွမ်က အခုသီးသန့်နန်းဆောင်မှာ အေးအေးချမ်းချမ်းနေထိုင်နေတာပါ ... ခရီးဝေးကနေလာခဲ့ရတဲ့အတွက် ပတ်ဝန်းကျင်နဲ့ကျင့်သားရအောင် အချိန်ယူပြီးအနားယူနေရုံပါပဲ အိမ်ရှေ့စံကလည်း ကြင်ယာတော်ကိုအဖော်ပြုပေးနေတာပါ... အရှင်တွေ့ချင်တယ်ဆိုရင် နောက်များမှကြိုတင်ချိန်းဆိုပြီးတွေ့နိုင်ပါတယ်"

အရှင်ရုံ၏ နှုတ်ခမ်းပါးမှာအသာအယာကွေးတက်သွားပြီးခပ်ယောင်ယောင်လေးပြုံးလိုက်သည် ။ ထိုသူ၏ မျက်ခုံးများမှာ ထူးခြားလှပြီး အမျိုးသားများအကြားရှားပါသောမျက်ခုံးပုံစံမျိုးဖြစ်၏ ။ သူ၏ ၀တ်ရုံကိုခါလိုက်ပြီးနောက် နန်းတော်တံခါးကိုစိုက်ကြည့်ကာ 

" ကိစ္စတွေအားလုံးပြီးတဲ့အခါကျ ဒီအရှင်က အိမ်ရှေ့စံကိုနောက်တစ်ခေါက်ထပ်လာတွေ့ပါဉီးမယ် ..."

အရှေ့နန်းဆောင်ရှိအစောင့်စစ်သည်များမှာ သိုင်းပညာကျွမ်းကျင်သူများဖြစ်သော်လည်း အရှင်ရုံသာအမှန်တကယ်ဝင်ရောက်ချင်သည်ဆိုပါက မည်သူကမျှတားနိုင်မည်မဟုတ်ချေ ။ နှစ်ဉီးနှစ်ဖက်အခက်တွေ့နေသည့်အချိန်တွင် အတွင်းမှ အသံထွက်ပေါ်လာ၏ ။

" သူ့ကိုဝင်ခွင့်ပေးလိုက်ပါ "

ကုန်းကုန်းအိုကြီးက တွန့်ဆုတ်နေဟန်ဖြင့် 

" အရှင်ဒါက —"

အရှင်ရုံ၏ မျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားပြီး ပုံမှန်ခံစားချက်မရှိသောမျက်နှာသေမှ အေးစက်စက်အသွင်သို့ပြောင်းလဲသွား၏ ။ သို့သော်လည်း ထိုပြောင်းလဲမှုမှာတစ်ခဏတာသာဖြစ်သည် ။

အရှင်ရုံ တံခါးဖွင့်၍ ၀င်သွားသောအခါ ပထမဆုံးမျက်စိထဲရောက်လာသည့်အရာမှာ ပန်းပွင့်နှင့်ငှက်များပါ၀င်သည့်လိုက်ကာစတစ်ခုပင် ။

ယွမ်အန်းမင်းသမီးယွမ်ဖန်မှာ အိမ်ရှေ့စံမင်းသားနှင့်စေ့စပ်ထားသည့်ကြင်ယာတော်လောင်းတစ်ယောက်ဖြစ်ပြီး ရိုးရာအစဥ်အလာအရ အိမ်ရှေ့စံနန်းတက်ရမည်ဆိုပါက သူမကမိဖုရားခေါင်ကြီးဖြစ်လာမည်မှာမလွဲမသွေပင်ဖြစ်သည် ။

ယွမ်ဖန်မှာ အေးတိအေးစက်နှင့်သိမ်မွေ့သည့်အပြင် သူမ၏ ထူးချွန်သောစွမ်းရည်များကြောင့်လည်း နန်ကျိုး၏ နံပါတ်တစ်မိန်းမပျိုလေးဟုကျော်ကြားလေသည် ။ ထိုဂုဏ်ပုဒ်မှာချဲ့ကားသည်ဟုထင်ရနိုင်သော်ငြား သူမကိုယ်တိုင်ရေးစပ်သိီကုံးထားသည့် ကဗျာများနှင့် သီချင်းများရှိကြောင်းကိုတော့ ငြင်းဆန်၍မရနိုင်ပေ ။

ယွမ်ဖန်မှာ ကဗျာနှင့်သီချင်းများသီကုံးရာတွင်ထူးချွန်ပြီး အိမ်ရှေ့စံကမူ ပန်းချီဆွဲရာ၌အလွန်ထူးချွန်၏ ။ အထူးသဖြင့် ပန်းများနှင့်ငှက်များကိုဖြစ်သည် ။ လိုက်ကာစနောက်မှ အသံတစ်ခုထပ်မံထွက်ပေါ်လာပြန်သည် ။

" အရှင်ရုံက အရှေ့နန်းဆောင်မှဖြစ်တဲ့ကိစ္စတွေကိုအရမ်းစိတ်၀င်စားတာပဲနော် ... ယွမ်ဖန်က သီးသန့်နန်းဆောင်မှာအေးအေးဆေးဆေးအနားယူနေပါတယ် ... မင်းစိတ်မချဘူးဆိုရင် ကိုယ်တိုင်သွားစစ်ဆေးကြည့်လို့ရတယ် ... ဒါပေမဲ့ သူမကအမျိုးသမီးတစ်ဦးဖြစ်တာမို့လို့ မင်းရဲ့မသင့်လျော်တဲ့အပြုအမူကြောင့် ဒေါသထွက်သွားရင် မင်းကိစ္စကိုမင်းရှင်းရမှာနော် ... ကိုယ်တော်ကြား၀င်ဖြန်ဖြေပေးမှာမဟုတ်ဘူး "

စကားပြောဟန်မှာ ညင်သာသော်ငြားထိုထဲတွင် သတိပေးမှုများအတိုင်းသားပါ၀င်နေ၏ ။ အရှင်ရုံက အေးစက်စက်လေသံဖြင့် 

" ဒီနေရာကိုလာတာ အိမ်ရှေ့စံရဲ့ ကျန်းမာရေးအခြေအနေကိုသိချင်ရုံသပ်သပ်ပါ "

ထိုသို့ပြောရင်းဖြင့် အရှင်ရုံက လိုက်ကာစနောက်ကို၀င်လာ၏ ။ အခန်းအတွင်းအလွန်နွေးထွေးနေသည့်အပြင် နံ့သာနံ့သင်းသင်းလေးရနေ၏ ။ ပြတင်းပေါက်နံဘေးရှိ ထိုင်ခုံလေးပေါ်တွင်မူအမျိုးသားတစ်ယောက်ထိုင်နေလေသည် ။ ထိုအမျိုးသားမှာ သိမ်မွေ့သောအသွင်ရှိပြီး ဒူးတစ်၀က်ဖုံးသည်အထိ စောင်ခြုံထားလေ၏ ။

ထိုအမျိုးသားမှာ နန်ကျိုးပြည်၏ အိမ်ရှေ့စံဖြစ်သူပင်ဖြစ်သည် ။ အိမ်ရှေ့စံနှင့် အရှင်ရုံတို့၏ မျက်နှာသွင်ပြင်မှာ သုံးပုံနှစ်ပုံခန့်ဆင်တူလေသည် ။ တော်၀င်မိသားစုအတွင်းရှိ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ အလွန်ထူးခြားသောရုပ်ရည်ကိုပိုင်ဆိုင်ထားကြပြီး အလွန်ချောမောသူများဖြစ်ကြ၏ ။

နဂါးနှစ်ကောင်ရစ်ပတ်ထားသည့်ဆံထိုးအပြင် ခါးတွင်လည်း အနုစိတ်ငွေချည်ရေးထိုးထားသည့်ခါးပတ်ကိုပတ်ထားပြီး အနီရောင်၀တ်ရုံကို၀တ်ဆင်ထား၏ ။ ငွေချည်ထိုး၀တ်ရုံရှည်ကို၀တ်ဆင်ထားသည့်သူ၏ အသွင်မှာဖြူဖျော့နေသည့်အပြင် ချောင်းဆိုလိုက်သောအခါ ပို၍ပင်သွေးရောင်ကင်းမဲ့သွားလေသည် ။ အရှင်ရုံကိုကြည့်ကာခပ်ဖွဖွပြုံးလိုက်ပြီးနောက် 

" ဒီမင်းသား ဖျားနာနေတဲ့ပုံကိုကြည့်ရတာမင်းစိတ်ကျေနပ်သွားရဲ့လား "

အရှင်ရုံ၏ မျက်နှာထားမှာအေးစက်ဆဲဖြစ်သည့်အပြင် အိမ်ရှေ့စံအပေါ်သူ၏ အကြည့်များထဲရှိ ရွံရှာမှုကိုလည်းမဖုံးကွယ်ထားနိုင်‌ေပ ။

" မင်းသားတောင့်ခံထားရပါဦးမယ် ... စုကျိုနဲ့ သူ့ရဲ့၀မ်းကွဲအကြံပေးလေးကအခုမြို့တော်မှာမရှိဘူး ... သူတို့မရှိဘဲနဲ့အရှင့်သား ဘယ်လိုများဆက်ပြီးတောင့်ခံနိုင်မှာလဲ "

အရှင်ရုံ၏ မျက်လုံးထဲတွင်သူနှင့်တန်းတူညီသည့်ပြိုင်ဘက်မှာစုကျိုတစ်ယောက်သာဖြစ်၏ ။ ထိုသို့ပြောပြီးနောက် နန်းဆောင်ထဲမှထွက်လာလေသည် ။ 

နန်ကျိုးပြည်၏ ဧကရာဇ်အား ကိုယ်၀န်လွယ်ရသည့်အချိန်တွင် မိဖုရားကြီးမှာ အဖြူရောင်နဂါးတစ်ကောင်က ကလေးတစ်ယောက်ယူဆောင်လာပေးသည်ဟုမြင်မက်၏ ။ ထိုဧကရာဇ်၏ သားတော် လက်ရှိအိမ်ရှေ့စံမွေးဖွားသည့်အချိန်တွင်မူ ရွှေရောင်နဂါးတစ်ကောင်ရောက်ရှိလာ၍ နန်းတော်တစ်ခုလုံးရွှေရောင်များဖုံးလွှမ်းနေသည်ဟု မိဖုရားခေါင်ကြီးစုကမြင်မက်ခဲ့သည် ။

ထိုအချိန်တွင် မိဖုရားကြီးစုမှာ ဧကရာဇ်၏ လျှစ်လျှူရှုခြင်းကိုခံနေပြီး သူမ၏မိဖုရားကြီး ရာထူးပင်ခပ်နဲ့နဲ့ဖြစ်နေရှာ၏ ။ အိမ်ရှေ့စံမွေးဖွားလာခြင်းကြောင့်သာသူမ၏ နေရာကိုထိန်းသိမ်းနိုင်ခြင်းဖြစ်သည် ။ 

သို့သော်လည်း နန်ကျိုးပြည်၏ အမှတ်အသားမှာ သိမ်းငှက်ဖြစ်ကြောင်းမည်သူမျှမမှတ်မိကြပေ ။ အရှင်ရုံမွေးဖွားသည့်အချိန်တွင် နန်းတော်ထက်မှသိမ်းငှက်နှစ်ဆယ့်နှစ်ကောင်တိတိ တောင်တန်းများဘက်သို့ဖြတ်ကျော်ပျံသန်းသွားခဲ့၏ ။ ထိုနိမိတ်မှာ အလွန်ထူးခြားသောသူတစ်ဦး မွေးဖွားသည်ကိုဖော်ပြသော်လည်း ခြောက်နှစ်ကြာသောအခါမွေးဖွားလာသည့် ရွှေနဂါးကြောင့် ထိုနိမိတ်အားလျစ်လျှူရှုလိုက်ကြသည် ။

အရှေ့နန်းဆောင်မှထွက်လာပြီးနောက် အစေခံတစ်ယောက်က 

" အရှင်ရုံ "

အရှင်ရုံက အေးစက်စက်လေသံဖြင့် 

" အရှေ့နန်းဆောင်က ကြင်ယာတော်ကဟန်ဆောင်ထားတာ ... ဒီအကြောင်းကို ဧကရာဇ် သိအောင်တစ်ခုခုလုပ်လိုက် ... စုမိသားစုကိုလည်းတော်၀င်ခုံတရားရုံးက အပြီးတိုင်ထွက်သွားရအောင်လုပ်ရမယ် "

အရှင်ရုံ၏ နောက်လိုက်လေးမှာ အသက်နှစ်ဆယ်ကျော်ရုံမျှသာရှိသေးသဖြင့် အံ့သြသောအမူအယာအားမဖုံးနိုင်ခဲ့ပါချေ ။

" အတုကြီးလား "

အရှင်ရုံက ရှေ့သို့လျှောက်နေရင်းဖြင့် 

" သူနဲ့စုကျိုက အခြားသူတွေကိုသာအရူးလုပ်လို့ရချင်ရမယ် ဒ်ီအရှင်ကိုတော့ သူတို့လှည့်စားလို့မရဘူး ..."




🐳