#lady
Chapter ( 12 )
ပိုင်ကျိုးမှာ ချူစံအိမ်၏ အရှင်သခင်ဖြစ်သည့်အပြင် အာဏာကြီးမားသည့်အရှင်ချူဖြစ်သောကြောင့် အဆက်အသွယ်များစွာဖြင့် နောက်ထပ်သမားတော်တစ်ယောက်ရှာရန်မှာ ခက်ခဲသောကိစ္စမဟုတ်ပေ ။ သုံးရက်ကြာပြီးနောက် နင်အာအိပ်ချင်မူးတူးဖြစ်နေသည့်အချိန်တွင် ပိုင်ကျိုးက သူမအားချီကာ မြင်းလှည်းပေါ်တင်လိုက်ပြီးနောက် ချူစံအိမ်သို့ခေါ်ဆောင်လာ၏ ။
ပိုင်ကျိုးက နင်အာ၏ မျက်ခုံးကြားကိုလက်ဖြင့်တောက်၍
" ငါတို့ရောက်ပြီ ထတော့ "
နင်အာကမျက်လုံးမှိတ်လျှက်သားဖြင့်အိပ်ချင်မူးတူးဖြင့်မေးလာသည် ။
" ပိုင်ကောလား ... ဘယ်မှာလဲဟင်"
သူမ၏ အူတူတူအမူအယာကိုကြည့်၍ ပိုင်ကျိုးမှာ စိတ်ဆင်းရဲလာရသည် ။
" အခု ချူစံအိမ်ကိုရောက်ပြီ "
နင်အာက မြင်းလှည်းပေါ်မှခုန်ဆင်း၍
" ပိုင်ကောရဲ့စံအိမ်လား ...ဒီကိုဘာလို့ခေါ်လာတာလဲဟင် အမ် ... ပိုင်ကောက ကျွန်မကိုအိမ်ခေါ်လာပြီးလက်ထပ်တော့မလို့လား ..."
ပိုင်ကျိုးလည်း ဆင်းလာကာ သူမအားအေးတိအေးစက်လေသံဖြင့်ပြောလာ၏ ။
" အရူးစကားတွေပြောမနေစမ်းပါနဲ့ "
အစေခံတစ်ဦးမှာ နင်အာကိုကူညီရန်လာသော်လည်း သူမကမူ လှည်းပေါ်မှခုန်ဆင်းလာ၏ ။ အလွန်လှပသောမိန်းကလေးဖြစ်သော်လည်း အပြုအမူမှာမသိမ့်မွေ့ပါချေ ။ ဘယ်မိန်းကလေးကမှ အရှင်ချူ၏ ရှေ့တွင် ဤသို့ရိုင်းစိုင်းသောအပြုအမူကိုမလုပ်၀ံ့ပေ ။
လက်ရှိပိုင်ယွမ်ပြည်၏ မိဖုရားခေါင်ကြီးရှင်းသည်ပင် ပိုင်ကျိုးအားခါးခါးသီးသီးမုန်းတီးနေပါသော်လည်း ပိုင်ကျိုး၏ ရှေ့သို့ရောက်လျှင် ဖော်ရွေသည့်ဟန် ဟန်ဆောင်ထားရ၏ ။ မည်သို့ပင်ဖြစ်စေ ပိုင်ကျိုးမှာ သူမထိပါး၍မရသည်အထိအာဏာရှိသေးသည် ။
ပိုင်ကျိုးက ထိုအစေခံအားစိုက်ကြည့်လိုက်သောအခါ အစေခံက ပြာပြာသလဲဖြင့်ပြောလေသည် ။
" မိန်းမလေးယွမ် ... မိန်းကလေးအတွက် အစားအသောက်တွေအသင့်ပြင်ထားပါတယ် "
" ဟမ်... အင်း "
အစေခံအိုကြီးမှာ အသက်ငါးဆယ်ကျော်ပြီဖြစ်သည့်အပြင် ပိုင်ကျိုး၏ နံဘေးတွင်ဆယ်စုနှစ်တခုကျော်ကြာနေထိုင်ခဲ့သူဖြစ်၍ အလွန်အရိပ်အကဲသိလှသည် ။ မိန်းမငယ်လေးမှာ အလွန်လှပသူဖြစ်သော်လည်း ပိုင်ကျိုး၏ စိတ်ရှည်သည်းခံမူကိုပိုင်ဆိုင်နိုင်ရန်မှာမူမလွယ်ကူလှချေ ။
နင်အာက အခန်းတွင်းသို့၀င်လိုက်ပြီးနောက် ပြတင်းနားရှိထိုင်ခုံလေးပေါ်တွင်ထိုင်ကာ စားပွဲခုံပေါ်မှ ကျောက်စိမ်းကြွေခရားကိုယူကိုင်ကာဆော့ကစားနေလိုက်သည် ။ ထိုကျောက်စိမ်းကရားကိုစောင်း၍ အောက်ရှိကျောက်စိမ်းခွက်ထဲသို့ရေထည့်ရန်စောင်းကြည့်လိုက်ပါသော်လည်း ဘာမျှထွက်မလာချေ ။
မုန့်များလာပို့သည့်အစေခံက တန်ဖိုးကြီးကျောက်စိမ်းကြွေကရားအား နင်အာဆော့ကစားနေသည်ကိုမြင်သောအခါတားလာ၏ ။
" မိန်းကလေးဒါက ယွမ်ချွမ်..."
ထိုအစေခံမိန်းကလေးက ' ယွမ်ချွမ်ကရားမှာအလွန်တန်ဖိုးကြီးလှသောကြောင့် လက်လွတ်စပယ်ကိုင်တွယ်၍မဖြစ် ' ဟုပြောချင်သော်လည်း ပိုင်ကျိုးက သူမအားအေးစက်စက်စိုက်ကြည့်လာသဖြင့် ပြောချင်သည့် စကားများကိုပြန်လည်မြိုချလိုက်ရသည် ။
" မိန်းကလေး ဒါကကြာပန်းလမုန့်ပါ စမ်းစားကြည့်ပါဦး "
နင်အာက ကရားကိုချထားလိုက်ပြီးနောက် လမုန့်ကိုယူစားကြည့်လိုက်သည် ။ အမှန်ပင်အရသာရှိလှသောကြောင့် ပိုင်ကျိုးအားခေါ်၍
" ပိုင်ကော ... စားကြည့်ပါဦး "
" ငါချိုတာတွေမစားဘူး "
နင်အာက အပိုင်းတစ်ပိုင်းဖဲ့လိုက်ပြီးနောက် ပိုင်ကျိုး၏ ပါးစပ်ထဲသို့ထိုးထည့်လိုက်လေသည် ။ ပိုင်ကျိုးက နင်အာ၏ လက်ကောက်၀တ်ကိုဆွဲကိုင်လိုက်ကာ
" မင်းနည်းနည်းလောက်ငြိမ်ငြိမ်နေလို့မရဘူးလား "
အစေခံလေးမှာမော့မကြည့်ရဲသောကြောင့်ခေါင်းငုံ့၍သာနေနေရလေ၏ ။
" ပိုင်ကော ... ကျွန်မ ကြာပန်းလမုန့်မစားချင်ဘူး "
ပိုင်ကျိုးက အစေခံအားအမိန့်ပေးလိုက်သည် ။
" နောက်ထပ်တစ်ခုခုသွားစီစဥ်လာခဲ့ "
အစေခံမိန်းကလေးက အမြန်ပြန်ပြေးထွက်သွားပြီးနောက် နာရီ၀က်ကျော်မျှကြာသောအခါ ငှက်သိုက်စွပ်ပြုတ်တစ်ပန်းကန်ကိုင်၍ပြန်လာ၏ ။
နင်အာနမ်းကြည့်လိုက်သောအခါ ငှက်သိုက်မှာ သေသေချာချာသန့်ရှင်းထားခြင်း မရှိကြောင်းညည်းညူလာ၏ ။ ပိုင်ကျိုးကြည့်သောအခါ ကြည်လင်သန့်ရှင်းနေသောငှက်သိုက်ကိုသာတွေ့ရသဖြင့် နင်အာဂဂျီဂဂျောင်ကျနေပြီဖြစ်ကြောင်းသိလိုက်ရသဖြင့်မျက်မှောင်ကျုံ့လိုက်သည် ။
" မင်းအခုထိနေ့လည်စာမစားရသေးဘူးနော် ... ပါးစပ်ထဲလောင်းထည့်ပေးရမလား "
နင်အာမှာ လိမ်လိမ်မာမာဖြင့်သာ ငှက်သိုက်စွပ်ပြုတ်သောက်လိုက်ရ၏ ။ သူမသောက်၍ပြီးသောအခါ ဆက်ထိုင်နေ၍ ကျောက်စိမ်းပစ္စည်းများနှင့်ဆော့ကစားနေပြီးမောသွားသောအခါမှသာ ခုံပေါ်တွင်လှဲ၍ အိပ်ပျော်သွားလေ၏ ။
ပိုင်ကျိုး၀င်လာသောအခါ အိပ်ပျော်နေသောသူမအားချီ၍ ကုတင်ပေါ်သို့တင်ပေးကာ နောက်မှလိုက်လာသောအစေခံအားမေးလိုက်သည် ။
" သမားတော်ကျန်းလာသေးလား "
" ဒီအစေခံတတိယမြောက်တံခါးမှာနေပြီး မိန်းကလေးယွမ်ကိုစောင့်ကြည့်နေပေးပါ့မယ် ... သခင်အ၀တ်အစားလဲပြီး သမားတော်ကျန်းကိုသွားတွေ့လိုက်ပါ "
ပိုင်ကျိုး အ၀တ်လဲပြီးထွက်လာသောအခါ သမားတော်ကျန်းက အခန်းတစ်ခန်းထဲတွင်အသင့်စောင့်နေလေ၏ ။ ထို့နောက် နှစ်ယောက်အတူတူ နင်အာရှိရာအခန်းဆီသို့စကားပြောရင်းလျှောက်လာကြသည် ။
" သူမအခုအိပ်ပျော်နေတယ် ... သူမကအားနည်းပြီးနာရမှာအရမ်းကြောက်တာမို့လို့ သမားတော်ကျန်းစမ်းသပ်တဲ့အခါ တတ်နိုင်သလောက်ညင်သာပေးပါ "
နင်အာကမူ နားစွင့်ကာအပြင်မှစကားသံများကိုနားထောင်နေ၏ ။ ပထမအစတွင် ပိုင်ကျိုးက သူမအားရောင်းစားတော့မည်ဟုတွေးလိုက်မိသော်လည်း နောက်ဆက်တွဲစကားများကြောင့် သူမနှလုံးသားတစ်ခုလုံးနွေးထွေးသွားရသည် ။ သမားတော်ကျန်းက နင်အာ၏ လက်ကောက်၀တ်မှသွေးကြောကိုစမ်းသပ်ကာ
" အဆိပ်ကနှလုံးသွေးကြောတွေအထိပျံ့နှံ့သွားပြီးနေပြီ ... ကုသဖို့နည်းလမ်းမရှိတော့တာ မဟုတ်ပေမဲ့ နည်းနည်းတော့ဒုက္ခခံရလိမ့်မယ် ... အဆိပ်ခတ်တဲ့လူက မိန်းကလေးရဲ့အသက်ကိုဆွဲဆန့်ထားနိုင်လောက်တဲ့အထိပမာဏသိပ်အများကြီးကိုမသုံးခဲ့ဘူး ... သူမကကိုယ်ခံအားကောင်းတော့ ကုသပြီးတာနဲ့ မြန်မြန်သက်သာလာမှာပါ "
" အဆိပ်ကိုဘယ်လိုဖြေလို့ရနိုင်မလဲ "
" အဆိပ်ဖြေဖို့သုံးရမဲ့ပါ၀င်ပစ္စည်းတွေအားလုံးကရှားပါးလွန်းတယ် ... ပန်းပေါင်းတစ်ထောင်အဆီအနှစ်အပြင် နှစ်တစ်ထောင်ကျော်ရေခဲတောင်ကြာပန်းလည်းလိုအပ်တယ် ... ပါ၀င်ရမဲ့ပစ္စည်းတွေအကုန်လုံးကိုတစ်ခုချင်းစီချရေးပေးပါ့မယ် "
ပိုင်ကျိုးက ခေါင်းညိမ့်ပြလိုက်ပြီးနောက်
" အပ်စိုက်ပြီးအဆိပ်ထုတ်တာက အဆိပ်ဖြေတာနဲ့အတူတူအကျိုးသက်ရောက်မှုရှိလား "
သမားတော်ကျန်းကခေါင်းခါကာ
" ခဏတာပဲသက်သာစေတာပါ ရေရှည်အတွက်အသုံးမ၀င်ဘူး"
ပိုင်ကျိုး၏ မျက်နှာထားမှာတင်းမာသွားရသည် ။ သမားတော်ကျိုးမှာ နင်အာကိုကြည့်၍ ဤမိန်းကလေး၏နောက်ခံမှာမရိုးရှင်းကြောင်းတွေးမိပါသော်လည်း အခြားသူများ၏ အတွင်းရေးကိုမစပ်စုလိုပေ ။
ပိုင်ကျိုး သမားတော်ကျန်းနှင့်အတူထွက်သွားသည့်အခါ အစေခံနှစ်ယောက်တံခါး၀တွင်စောင့်၍ကျန်ခဲ့၏ ။ လူမရှိကြောင်းသေချာသောအခါမှသာ သူမ၏ ပုခုံးကိုပုတ်ကာသက်ပြင်းချလိုက်သည် ။
တကယ် အဆိပ်ဖြေနိုင်ပါ့မလား ...
နင်အာအနေဖြင့် အကယ်၍သူမအသက်ရှင်ခဲ့မည်ဆိုပါက အနာဂတ်တွင်မည်သို့ဆက်လက်နေထိုင်ရမည်ကိုမတွေးတောရသေးချေ ။ နာရီ၀က်ကျော်ကြာသောအခါ ပိုင်ကျိုးပြန်ရောက်လာလေ၏ ။ နင်အာမှာ အိပ်ချင်ယောင်ဆောင်နေရသောကြောင့် တစ်ကိုယ်လုံးတောင့်တင်းနေချိန်တွင် ပိုင်ကျိုးက သူမအားလှုပ်နှိုးလာသည် ။
" ထတော့ "
နင်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
" အမ် ကျွန်မအိပ်ပျော်သွားတာလား ..."
" အိပ်တာနဲ့စားတာကလွဲရင်မင်းလုပ်တတ်တာဘာရှိသေးလို့လဲ "
နင်အာက ပြုံး၍
" ကျွန်မတခြားနေရာတွေမှာထိုင်နေနိုင်သေးတယ်လေ ... ဥပမာ ..."
သူမက ပိုင်ကျိုး၏ ပုခုံးကိုဖိ၍ ထိုင်စေကာ ပိုင်ကျိုး၏ ပေါင်ပေါ်တွင်တက်ထိုင်လိုက်သည် ။
" ဒီလိုလဲထိုင်နေတတ်သေးတယ် "
ပိုင်ကျိုး : " မင်း —"
နင်အာ၏ နူးညံ့သောလက်ချောင်းများက ပိုင်ကျိုး၏ မျက်ခုံးတန်းတန်းအပေါ်ထိကိုင်နေလေ၏ ။ ပိုင်ကျိုး လဲလှယ်၀တ်ဆင်ထားသောအ၀တ်အစားမှာ အနက်ရောင်ငွေချည်ထိုးအထည်ဖြစ်ပြီး လည်ပင်းနားရှိငွေချည်များမှာ ပိုမိုအနုစိတ်သည် ။ ခါးတွင်ကျောက်စိမ်းခါးပတ်ကိုပတ်ထားကာ ဆံပင်များကိုလည်းကျောက်စိမ်းမကိုဋ်ဖြင့်စည်းနှောင်ထား၏ ။ ပိုင်ကျိုး၏ နှုတ်ခမ်းပါးများမှာလည်း ပါးလျကာအလွန်ဆွဲဆောင်မှုရှိလှသည် ။
နင်အာက အနားသို့ပိုမိုတိုးကပ်၍ ပိုင်ကျိုး၏ နားအတွင်းသို့လေမှုတ်ကာ
" ပိုင်ကော ကိုကြည့်လိုက်မိတဲ့အချိန်တိုင်း ပိုင်ကော အရမ်းချောတာပဲလို့ ကျွန်မအမြဲတမ်းတွေးမိတယ်သိလား "
ပိုင်ကျိုးက သူမ၏ လက်ချောင်းများကိုဖမ်းဆုပ်၍
" ငါ့ကိုလက်လွတ်စပယ်လာမထိနဲ့ "
နင်အာက ခုံပေါ်တွင်လက်တစ်ဖက်ထောက်ထား၍ အလေးအနက်ပြောလာ၏ ။
" ကျွန်မ ကောကိုနမ်းချင်တယ် "
ပိုင်ကျိုးက သူမကိုတွန်းချ၍
" အရှက်မရှိလိုက်တာ "
နင်အာမှာ အစာအိမ်အောင့်သည်အထိအူလှိုက်သည်းလှိုက်ရယ်မောနေပြီးနောက် အိပ်ရာထဲမှထကာ ပိုင်ကျိုး၏ နောက်သို့တန်းလန်းတန်းလန်းလိုက်နေပြန်၏ ။ အပြင်သို့ထွက်လျှင်ထွက်ချင်း အစေခံတစ်ယောက်က
" အရှင် ... စုကျိုထပ်ရောက်လာပြန်ပါပြီ "
ခေါင်းမော့ကြည့်လိုက်သောအခါ ပိုင်ကျိုး၏ နားရွက်ဖျားလေးများအလွန်နီရဲနေသဖြင့် သိချင်စိတ်ပြင်းပြလာသောကြောင့် မနေနိုင်ဘဲမေးလိုက်သည် ။
" အရှင် အအေးမိနေတာလား ဘာလို့ မျက်နှာနဲ့နားရွက်ကအရမ်းနီ ..."
" မဟုတ်ဘူး "
ပိုင်ကျိုးက အသံနိမ့်နိမ့်ဖြင့်
" စာကြည့်ခန်းထဲမှာစောင့်ခိုင်းထားလိုက် ... ခဏနေလာခဲ့မယ် "
နင်အာမှာ ချောင်းကြည့်ကာမျက်မှောင်ကျုံ့လိုက်မိ၏။
" စုကျို လာတာလား "
ပိုင်ကျိုးမှာ နင်အာနှိုင်းယှဥ်ပြောဖူးသည့် စုကျိုနှင့်အရှင်ရုံတို့၏ အကြောင်းကိုတွေးမိသွားရသည် ။ ထိုအချိန်က သူမကစုကျိုအားအလွန်မြှောက်ပင့်ချီးကျူးခဲ့ပြီး အရှင်ရုံကိုမူ မြေကြီးထဲသို့ရိုက်ထည့်မတတ်ပင်နှိမ့်ချခဲ့၏ ။
စုကျိုမှာ အိမ်ရှေ့စံ၏ ဘက်တော်သားဖြစ်သော်လည်း နင်အာက စုကျိုသာအမြင်ကြည်ပြီး အိမ်ရှေ့စံကိုမူအလွန်ကြောက်လန့်နေပုံရသည် ။ ဤသို့တွေးမိသောအခါ ပိုင်ကျိုး စိတ်မသက်မသာဖြစ်လာရသည် ။
🐳