အပိုင်း ၁၃
Viewers 7k

#lady 
Chapter ( 13 )


စုကျိုမှာယခုထက်ထိမည်သည့်သဲလွန်စမှမရရှိသောကြောင့် အလွန်စိတ်မရှည်ဖြစ်နေ၏ ။ တောင်ခြေမြို့လေးရှိ အပေါင်ဆိုင်ပိုင်ရှင်၏ သတင်းစကားကြောင့် အထူးစစ်သည်များစေလွှတ်၍ ရှာဖွေခဲ့သော်လည်း ပိုင်ကျိုးဘက်မှ ထိုတောင်ခြေမြို့လေးအပါအ၀င်မြို့ခုနှစ်မြို့နှင့်တောင်ခုနှစ်တောင်ကိုအစောင့်အကြပ်တိုးမြှင့်လိုက်သည် ။

တောင်တက်လမ်းများမှာ ရှုပ်ထွေးသောလျှို့၀ှက်နယ်မြေတစ်ခုကဲ့သို့ဖြစ်နေ၍ တစ်စုံတစ်ယောက်သာခိုး၀င်သွားမည်ဆိုပါက လမ်းပျောက်ကာ ပြန်ထွက်လာနိုင်လိမ့်မည်မဟုတ်ချေ ။ သူ၏ လုပ်ရပ်များက ဧကရာဇ်ချူအားခြောက်လှန့်သလိုဖြစ်သွားမည်စိုးသောကြောင့် လူအနည်းကိုသာခေါ်လာခဲ့သဖြင့်သတင်းစုံစမ်းရန်မလွယ်ကူပေ ။ စိတ်လိုက်မာန်ပါလုပ်ကိုင်လိုက်မည်ဆိုပါက နယ်မြေနှစ်ခုကြားငြိမ်းချမ်းနေသည့်ဆက်ဆံရေးကိုထိခိုက်သွားစေနိုင်သည် ။

လုရှန်းတောင်မှာ ဧကရာဇ်ဟောင်း၏ ဂူဗိမ္မာန်တည်ရှိနေသောနေရာဖြစ်၍ ပို၍ပင်အပြုအမူအများကိုသတိထားနေရသည် ။ သို့သော်လည်း စုကျိုမှာ အမှန်ပင် ထပ်မစောင့်နိုင်တော့ချေ ။ နောက်ကိစ္စနောက်မှထပ်ရှင်းမည်ဟုစိတ်ဖြင့်သာ ပိုင်ကျိုးထံသို့လာခဲ့၏ ။

ရှေ့ဆက်ဖြစ်မည့်အရာများကိုမည်သူမျှမမှန်းဆနိုင်ချေ ။

စုကျိုက စာကြည့်ဆောင်အတွင်းအချိန်အတော်ကြာစောင့်ဆိုင်းနေ၏ ။ စုဟွမ်ကလိုက်ခွင့်ရရန်တောင်းဆိုပါသော်လည်း စုကျိုကလက်မခံခဲ့ပေ ။ ကလေးတစ်ယောက်ဖြစ်သောကြောင့် လူကြီးတစ်ယောက်ကဲ့သို့မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမမြင့်မားသဖြင့် အမှားပြုလုပ်မိမည်ကိုစိုးရိမ်မိသောကြောင့်ဖြစ်သည် ။

ခဏကြာသောအခါ အပြင်မှအသံများကြားရသောကြောင့် ပိုင်ကျိုးရောက်လာပြီဖြစ်ကြောင်းတွေးမိကာ တည်ငြိမ်ဟန်ဆောင်၍ ရေနွေးကြမ်းတစ်ငုံသောက်လိုက်လေသည် ။ ပိုင်ကျိုးက ခပ်ဖျော့ဖျော့ပြုံး၍ 

" စစ်သူကြီးစု ... မတွေ့ရတာကြာပြီ "

စုကျိုက ပုံမှန်အတိုင်းပင် ၀တ်ရုံဖြူကို၀တ်ဆင်ထားကာ ဆံပင်ကိုလည်း ခပ်မြင့်မြင့်စီးနှောင်ထား၏ ။ ရုပ်ရည်ချောမောသည့်အပြင် သူ၏ အသံမှာလည်းတစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိလှသည် ။

" အရှင်ချူက အရမ်းကိုအလုပ်များတဲ့သူလေ ... ကျွန်တော်ကလည်း အလုပ်များတဲ့သူပဲဆိုတော့ အချင်းချင်းမတွေ့ဖြစ်ကြတာသဘာ၀ကျပါတယ် ”

ထို့နောက် စန္ဒကူးသေတ္တာရှည်ကြီးကိုဖွင့်လိုက်သောအခါ အထဲတွင်ပန်းချီကားတစ်ချပ်ပါ၀င်နေ၏ ။ စုကျိုက ပိုင်ကျိုးထံသို့ကမ်း၍

" အရှင်ချူ့အပေါ်လိမ်ညာထားတာရှိတဲ့အတွက်တောင်းပန်ချင်လို့ပါ"

ပိုင်ကျိုးက စုကျို၏ ရည်ရွယ်ချက်ကိုနားမလည်ဟန်ဆောင်လိုက်သည် ။

" စစ်သူကြီးစုက ဘာကိုဆိုလိုချင်တာလဲ —"

" ပျောက်ဆုံးနေတဲ့သူက အမှန်တော့ကျွန်တော့်ရဲ့သာမန်၀မ်းကွဲတစ်ယောက်မဟုတ်ပါဘူး ... သူမက နန်ကျိုးပြည်အိမ်ရှေ့စံရဲ့ကြင်ယာတော်ယွမ်အန်းမင်းသမီး ယွမ်ဖန်ပါ ... ကြင်ယာတော်ပျောက်နေတဲ့အတွက် အိမ်ရှေ့စံလည်းအရမ်းကိုစိုးရိမ်နေရပါတယ် ... လူသိရှင်ကြားမရှာဖွေရတဲ့အကြောင်းအရင်းက မသမာတဲ့သူတစ်ယောက်ယောက်က ယွမ်ဖန်အတုကိုအစားထိုးလိုက်ပြီး တော်၀င်မိသားစုလက်ထပ်ပွဲကနေ နန်းတော်ထဲကို၀င်ရောက်လာမှာစိုးလို့ပါ "

" နားလည်ပါတယ် ... စစ်သူကြီးစုနောက်ထပ် သဲလွန်စတွေစုဆောင်းချင်တယ်ဆိုရင်လဲ ဒီအရှင်ဆီမှာ အကူအညီလာတောင်းလို့ရပါတယ် "

စုကျို ကသေတ္တာအတွင်းမှ ပန်းချီကားကိုထုတ်ကာဖြန့်ပြိီးနောက် 

" အရှင်ချူ တစ်ချက်လောက်ကြည့်ပါဦး "

ပန်းချီကားထဲမှအမျိုးသမီးက အေးစက်သောအကြည့်များရှိသော်လည်းသူမ၏ ရုပ်ရည်မှာကျောက်စိမ်းကဲ့သို့နူးညံ့လှပကာ အလွန်ရှားပါးသည့်ရုပ်ရည်မျိုးဖြစ်သည် ။ 

ပိုင်ကျိုး ကတစ်ချက်ကြည့်ပြီးနောက် အံ့အားသင့်ဟန်ဖြင့် 

" သူမပဲ "

စုကျို၏ အမူအယာမှာချက်ချင်းပြောင်းလဲသွား၏ ။

" အရှင်ချူ သူမကိုမြင်ဖူးလား "

" မကြာသေးခင်တုန်းက ... လုရှန်းတောင်ခြေမှာဒီအရှင်ရဲ့လူတွေကမိန်းကလေး တစ်ဦးကိုကယ်ခဲ့သေးတယ် ... အဲဒီမိန်းကလေးကအရမ်းလှပြီးနူးညံ့သိမ်မွေ့တဲ့အပြင် သူ့ကိုကယ်ခဲ့တဲ့ စစ်သည်တွေကိုကျေးဇူးတင်တဲ့အနေနဲ့ သူမရဲ့လက်၀တ်လက်စားတွေကိုရောင်းချပြီးပေးခဲ့တယ်လေ ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမဒဏ်ရာထဲကအဆိပ်ကြောင့် မကြာသေးခင်ကစိတ်ဖောက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားပါရောလား ... ဒီအရှင်ရဲ့လူတွေကကယ်ဖို့ကြိုးစားပေမဲ့ အချိန်မမှီလိုက်တာတော့သနားစရာပဲ ... မိန်းကလေးရဲ့ခန္ဒာကိုယ်ကိုမမြုပ်နှံရသေးဘူး စစ်သူကြီးလိုက်စစ်ဆေးကြည့်ချင်လား "

စုကျို၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့သွားလေ၏ ။

" ကျွန်တော်အရှင်နဲ့အတူတူလိုက်စစ်ဆေးကြည့်ပါ့မယ်"

စာကြည့်ခန်းထဲမှထွက်သည့်အချိန်တွင် စုကျိုက စိတ်လွတ်နေဟန်ဖြင့်လဲကျမလိုဖြစ်သွားသည်ကိုကြည့်ကာ ပိုင်ကျိုး၏ အကြည့်များမဲမှောင်လာလေ၏ ။ စုကျိုကမိမိကိုယ်ကိုရပ်တည်နိုင်ရန်မနည်းကြိုးစားနေပြီး ပိုင်ကျိုးအား ပြုံးပြလိုက်ပါသော်လည်း ထိုအပြုံးကအသက်မဲ့နေသည် ။

" တကယ်သာ ပျောက်ဆုံးသွားတဲ့ကြင်ယာတော်သာဟုတ်နေမယ်ဆိုရင် အိမ်ရှေ့စံသိတဲ့အခါ ကျွန်တော့်ကိုသေဒဏ်ပေးလိမ့်မယ် "

ပိုင်ကျိုး၏ ခေါင်းထဲတွင်မူ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ရေးသားပြီးဖြစ်သော်လည်း မျက်နှာအမူအယာကမူတည်ကြည်နေဆဲဖြစ်သည် ။ 

" စစ်သူကြီးစုကအရည်အချင်းရှိတဲ့အမူထမ်းတစ်ယောက်ပါ အိမ်ရှေ့စံကမိန်းမတစ်ယောက်အတွက်နဲ့စစ်သူကြီးကိုအပြစ်ပေးမှာမဟုတ်ပါဘူး ... စိတ်မပူပါနဲ့"

အရှင်ချူ၏ စံအိမ်မှာအလွန်လှပပါသော်လည်း စုကျိုအတွက်မူ အလှအပကိုခံစားနေချိန်မရှိချေ ။ သူအမြန်ပိုင်ကျိုး၏ နောက်သို့လိုက်လာပြီး ခြံ၀န်းတံခါးကိုဆွဲဖွင့်လိုက်သောအခါ ခြံထဲရှိပန်းပင်များကိုရေလောင်းနေသော အစေခံမိန်းကလေးတစ်သိုက်ကမော့ကြည့်လာ၏ ။

" အရှင် "

ပိုင်ကျိုးက သူ့အားနှုတ်ဆက်လာသည့်အစေခံမိန်းကလေးများအားအေးစက်စက်ပြောလိုက်သည် ။

" တံခါးသွားဖွင့်လိုက် စစ်သူကြီးရှုက သေဆုံးသွားတဲ့မိန်းကလေးကိုစစ်ဆေးမလို့ "

အစေခံမိန်းကလေးများကနာခံကာထွက်သွားကြလေ၏ ။ စုကျိုက အစေခံမိန်းကလေးများ၏နောက်မှလိုက်ကာ အခန်းအတွင်းသို့၀င်လာလိုက်သည် ။ အေးစက်ကာအနည်းငယ်မှောင်မိုက်သော်လည်း သေသေချာချာသန့်ရှင်းထား၏ ။

အခန်းအလယ်တွင် ခေါင်းတလားကိုနေရာချထားပြီး ဘေးပတ်ပတ်လည်တွင် အလောင်းပုပ်သိုးသွားခြင်းမှထိန်းသိမ်ရန် ရေခဲတုံးများဖြင့်ခြံရံထားလေသည် ။

" မိန်းကလေးရဲ့နောက်ခံကမရိုးရှင်းဘူးဆိုတာသတိထားမိလို့ သူမရဲ့မိသားစုကိုရှာဖွေပေးချင်ပေမဲ့ သူမရဲ့နောက်ခံကကြင်ယာတော်တစ်ပါးဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ ..."

စုကျို၏ မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး အချိန်အတော်ကြာသောအခါမှသာ ခေါင်းတလားကိုစိုက်ကြည့်ရင်း 

" အရှင်ချူ ကျေးဇူးပြုပြီး ကျွန်တော့်ကိုတစ်ယောက်တည်းထားခဲ့လို့ရမလား ..."

ပိုင်ကျိုးက တစ်ချက်မျှကြည့်ပြီးနောက်ထွက်သွားလေ၏ ။ စုကျိုက ခေါင်းတလားအဖုံးအား သူ၏လက်ဖြင့်ကိုယ်တိုင်တွန်းဖွင့်ပြီးနောက်ကြည့်ရှုလိုက်သည် ။ မိန်းမငယ်လေးမှာ ပုံမှန်ကဲ့သို့အေးစက်သည့်မျက်နှာထားရှိသော်လည်း သူမ၏ နှုတ်ခမ်းပါးကမူသွေးရောင်ကင်းမဲ့နေ၏ ။

သူမ၏ ၀တ်ရုံကိုရိုးရှင်းလှသောအဖြူရောင်၀တ်ရုံဖြင့်လဲလှယ်ပေးထားသည် ။ စုကျိုမှာ သူမမဖြစ်ပါစေနှင့်ဟုဆုတောင်းနေခဲ့ရသော်လည်း မျက်စိရှေ့တွင် ရုပ်အလောင်းကိုမြင်တွေ့နေရသည့်အတွက်ယုံကြည်လိုက်ရလေသည် ။

ပိုင်ကျိုးက အကြောင်းအရင်းမရှိဘဲ သူ့အားလိမ်ညာမည်မဟုတ်ချေ ။

စုကျို၏ သွယ်လျရှည်းလျားသောလက်ချောင်းများမှာ ခေါင်းတလားအတွင်းမှရုပ်အလောင်း၏ မျက်နှာလေးကိုခပ်ဖွဖွပွတ်သပ်နေလေ၏ ။ ပုခုံးထက်ရှိ၀တ်ရုံစကိုဆွဲချကြည့်ရှုလိုက်သောအခါ အမှန်ပင်အဆိပ်ခတ်ထားသည့်ဒဏ်ရာနှင့် သူမ၏ လည်ပင်းကိုကိုယ်တိုင်လှီးထားသည့်ဓားရာကြီးကိုတွေ့လိုက်ရသည် ။

အမှန်ပင် သူမကိုယ်သူမသတ်သေသွားခဲ့၏ ။ စုကျို၏ လက်မှာတုန်ရီနေသဖြင့် ချော်ကျသွားသောကြောင့် သူမ၏၀တ်ရုံကိုအောက်သို့ပို၍ဆွဲချလိုက်သလိုဖြစ်သွား၏ ။

အထဲသို့ပြန်၀င်လာသည့် ပိုင်ကျိုးက ထိုမြင်ကွင်းအား အေးစက်စက်ဖြင့်စိုက်ကြည့်ကာ 

" စစ်သူကြီးစု ဘာဆက်လုပ်မယ်လို့စဥ်းစားထားလဲ "

စုကျို၏ မျက်လုံးများမှာနီရဲနေပြီး လက်မှာလည်းတုန်တုန်ရီရီဖြစ်နေ၏ ။

" ကျွန်တော် သူမကိုအိမ်ပြန်ခေါ်သွားမယ် "

ပိုင်ကျိုးမှာ စုကျိုတစ်ယောက် အလောင်းအားတယုတယပြုမူနေပုံကိုအမှန်ပင် မကျေနပ်ပါချေ ။ နင်အာ၏ အလောင်းအတုဖြစ်ပါသော်လည်း စုကျိုထိတွေ့နေသည်ကိုကြည့်ရသည်မှာသဘောမကျပေ ။

" နန်ကျိုးပြည်နဲ့ ပိုင်ယွမ်ပြည်ကအရမ်းဝေးတာ စစ်သူကြီးသယ်သွားမယ်ဆိုရင် လမ်းမှာတင် အလောင်းကပုပ်သိုးသွားလိမ့်မယ် "

" ကျွန်တော့်မှာ ကျွန်တော့်နည်းလမ်းနဲ့ကျွန်တော်ရှိပါတယ် အရှင်ချူကိုဒီရက်ပိုင်းအတွင်းဒုက္ခများစေခဲ့ပါပြီ "

ပိုင်ကျိုးက အေးစက်စက်ဖြင့်ပြောလာ၏ ။

" မင်းစိတ်ကြိုက်သာလုပ်ပါ "

စုကျိုက အခေါင်းအတွင်းမှ ရုပ်အလောင်းကိုယူဆောင်၍ ချူစံအိမ်မှထွက်သွားလေသည် ။ ပိုင်ကျိုးကမူ လွန်ခဲ့သည့်နှစ်များစွာက ယခုအခြေအနေနှင့်တစ်ထပ်တည်းတူညီသည့် စုကျိုနှင့်ထိုသူတို့၏ ထွက်သွားပုံကိုပြန်မြင်ယောင်မိလေသည် ။

ထိုကလေးလေးမှာ ပိုင်ကျိုး၏ အစ်ကိုကြီးဖြစ်သူ၏ သမီးလေးပင် ။ နန်းတော်ကြီးတစ်ခုလုံး၏ အဖိုးတန်လေးဖြစ်ပြီး သူမအားပုလဲလုံးလေးတစ်လုံးကဲ့သို့တန်ဖိုးထားစောင့်ရှောက်ခဲ့ကြ၏ ။ မင်းသမီးလေးမှာ အသက်သုံးနှစ်အရွယ်တွင်ဆုံးပါးခဲ့ရပြီး ဧကရာဇ်ထန်ချီမှာ မင်းသမီးလေးပိုင်ပိုင်၏ အလောင်းကိုပွေ့ပိုက်ရင်း နှလုံးသားတစ်ခုလုံးကွဲကြေသွားမတတ်ခံစားခဲ့ရ၏ ။ စုကျို၏ နင်အာအပေါ်ကြည့်သည့်အကြည့်များမှာ ထိုအချိန်က ဧကရာဇ်ကသူ၏ သမီးတော်လေးကိုကြည့်သည့်အကြည့်များနှင့်တစ်ပုံစံတည်းပင်ဖြစ်သည် ။  

ထိုသည်မှာ အရိပ်တကြည့်ကြည့်ပြုစုပျိုးထောင်ခဲ့ရသည့်ပန်းကလေးကပွင့်လန်းလာချိန်တွင် လေဒဏ်မိုးဒဏ်ကြောင့် ကြွေလွင့်သွားရသကဲ့သို့ပင် ။ လက်ထဲတွင် ရတနာလေးကဲ့သို့တယုတယထားသည့်ပုလဲလေးလုံးပြုတ်ကျကာပဲ့ကြွေသွားသကဲ့သို့ပင် ။

နင်အာ၏ နောက်ခံမှာမည်သူဖြစ်စေ သူမ၏အတိတ်တွင်မည်သည့်အရာများဖြစ်ခဲ့သည်ဖြစ်စေ သူမလိုချင်သည့်လွတ်လပ်သောဘ၀အား ရရှိနိုင်စေရန် သူတတ်နိုင်သမျှလုပ်မည်ဖြစ်သည် ။
 
နင်အာ၏ သရုပ်မှန်မှာ ယွမ်အန်းမင်းသမီးဖြစ်ကြောင်းသိသည့်အချိန်ကစ၍ ပိုင်ကျိုးက ဤအစီအစဥ်ကိုစတင်ခဲ့ခြင်းဖြစ်သည် ။ အသက်ရှိနေသူတစ်ယောက်ကိုအခြားတစ်ယောက်အဖြစ် ဟန်ဆောင်ခိုင်းရန်မလွယ်ကူသော်လည်း သေသူတစ်ယောက်ကိုအခြားသူအဖြစ်ဟန်ဆောင်ခိုင်းရန်မှာမူ လွယ်ကူလွန်းလှ၏ ။

ယခုအချိန်မှစ၍ နင်အာ၏ ဘ၀မှာသူ့အပိုင်သာဖြစ်ချေ၏ ။




🐳