အပိုင်း ၁၄
Viewers 7k

#lady
Chapter ( 14 )

စုဟွမ်က ခြံ၀န်းလေးထဲတွင်အချိန်အတော်ကြာစောင့်နေခဲ့သည် ။ ညနေခင်းအချိန်သို့ရောက်သောအခါမှသာ စုကျိုက အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကိုသယ်ဆောင်၍ ပြန်ရောက်လာ၏ ။ စုဟွမ်မှာ အလန့်တကြားဖြင့် 

 " ဒုတိယဦးလေး ဒါက —"

ပုံမှန် နွေးထွေးနေကျ စုကျို၏ အကြည့်များမှာ ယခုမူအေးစက်နေ၏ ။

" ထွက်သွားစမ်း "

စုဟွမ်မှာ ငယ်စဥ်ကတည်းက စုမိသားစု၏ဆက်ခံသူအဖြစ်ပျိုးထောင်ခြင်းခံခဲ့ရသည် ။ လက်ရှိစုမိသားစုခေါင်းဆောင်မှာ စုကျိုဖြစ်ပါသော်ငြား စုကျိုက မိမိတစ်သက်တာတွင်ဇနီးမယားလက်ထပ်ယူမည်မဟုတ်ဟုကျိန်ဆိုထားခဲ့၏ ။ ထို့ကြောင့် စုကျိုက စုဟွမ်အား သူ၏ သားအရင်းတစ်ယောက်ပမာ အလိုလိုက်ကာပြုစုပျိုးထောင်ခဲ့သဖြင့် လေသံမာမာနှင့်အပြောခံရသည်မှာ ဤသည်ကပထမဆုံးပင် ။ 

စုဟွမ်မှာ မည်မျှပင်ဥာဏ်ကောင်းသည်ဟုဆိုသော်လည်း ကလေးတစ်ယောက်သာဖြစ်သဖြင့်ကြောက်သွားကာ ဆက်မလိုက်ရဲတော့ချေ ။ အခန်းတံခါး၀တွင် စုကျို၏ အထူးတပ်သားများက တန်းစီ၍ ပိတ်ဆို့ကာ စုဟွမ်အား တားဆီးထားကြ၏ ။

" ဒုတိယဦးလေး —"

တပ်သားတစ်ယောက်က စုဟွမ်အားနားချလာ၏ ။

" သခင်လေး ... ဒုတိယသခင်ကအခု စိတ်အခြေအနေမကောင်းဘူး ... ဒါ့ကြောင့်မို့သွားမနှောင့်ယှက်ပါနဲ့လား"

" အခုလေးတင် ဦးလေး၀မ်းကွဲတစ်ယောက်က သားလေးတစ်ယောက်မွေးတယ်လို့စာပို့လာတယ် ဒုတိယဦးလေးကို ကျွန်တော်သွားပြောပြချင်လို့ ရမလား "

နောက်ထပ်တစ်သားတစ်ယောက်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ...

 " သခင်လေး ... ဒုတိယသခင်က အခုစိတ်အခြေအနေမကောင်းဘူး သခင်လေးနောက်မှပြောတာပိုကောင်းလိမ့်မယ် "

စုဟွမ်သည်လည်း စုကျို၏ ဒေါသကိုသိသဖြင့် ခေါင်းညိမ့်ပြလိုက်သော်လည်း သိချင်စိတ်ကိုမူထိန်းချုပ်မထားနိုင်ပါချေ ။ 

 " ဒုတိယဦးလေး သယ်လာတဲ့အမျိုးသမီးရဲ့မျက်နှာကိုမမြင်လိုက်ရဘူး ... သူမကဘယ်သူလဲ "

တပ်သားများက တိတ်ဆိတ်နေပြီးနောက် 

 " သခင်လေး ဒိီကိစ္စကိုထပ်မမေးပါနဲ့တော့ "


စုကျိုနှင့်သူ၏ တပ်သားတစ်သိုက်တို့မှာ နန်ကျိုးပြည်သို့အမြန်ပြန်သွားကြလေသည် ။ ပိုင်ကျိုးရရှိသောသတင်းများအရ စုကျိုက တန်ဖိုးကြီးရေခဲကျောက်စိမ်းခေါင်းတလားတစ်လုံးကို ၀ယ်ယူသွားကြောင်းသိလိုက်ရ၏ ။

ပိုင်ကျိုးက သူ၏အစေခံများအား ချူစံအိမ်တော်တွင် သီးသန့်ခြံ၀န်းတစ်ခုစီစဥ်ပေးရန်အမိန့်ပေးခဲ့သော်လည်း နင်အာက ငြင်းဆန်ခဲ့သည် ။ ချူစံအိမ်ကသေးငယ်ပြီးပျင်းဖို့ကောင်းသောကြောင့် တောင်ပေါ်သို့သာပြန်သွားချင်သည်ဟုဆို၏ ။

ပိုင်ကျိုး : "..."

ချူစံအိမ်က သေးနေလို့လား ...

သို့သော်လည်း နင်အာ၏ အဆိပ်မှာကုသရန်လိုအပ်သေးသည့်အပြင် သူမအားပြုစုပေးရန်အစေခံမိန်းကလေးများထားရှိပေးရန်လည်းလိုအပ်သေးကြောင့် ပိုင်ကျိုးက သူမအားတောင်ပေါ်သို့ပြန်သွားခွင့်မပြုပါချေ ။

သမားတော်ကျန်း၏ ဆေးညွှန်းအရအချို့သောပါ၀င်ပစ္စည်းများမှာရှားပါးသည်မှန်သော်လည်း ချူစံအိမ်တွင် စုဆောင်းထားသည်များရှိသဖြင့် နှစ်တစ်ထောင်ရေခဲကြာပန်းနှင့် နှဂါးပုလဲတို့ကိုထပ်မံရှာဖွေရန်မလိုအပ်တော့ချေ ။ တစ်ခုတည်းသောလုပ်စရာမှာ အဆိပ်ဖြေဆေးရည်ဖြင့် နင်အာအား ရေချိုးခိုင်းခြင်းသာဖြစ်သည် ။ 

ထိုနေ့ညတွင်ပင် အစေခံတစ်ဦးက နင်အာရေချိုးရန် ဆေးရည်ကိုပြင်ဆင်ပေးလာ၏ ။ နင်အာက ဆေးနံ့တထောင်းထောင်းထနေသည့် ရေမဲမဲကြီးကိုကြည့်ကာ 

 " ငါဒါနဲ့ရေချိုးရမှာလား "

အစေခံမိန်းကလေးက ခေါင်းညိမ့်ပြလာ၏ ။

အစေခံများက နင်အာ၏ နောက်ခံကိုမသိကြသော်လည်း ပိုင်ကျိုးက သူမအားအလွန်အလေးထားသောကြောင့်မည်သူကမျှသူမအားမလေးမစားမလုပ်ရဲချေ ။ အဆိပ်ဖြေဆေးရေဖြင့်ရေချိုးရာတွင် တစ်ကြိမ်အသုံးပြုပြီးလျှင် အသစ်ပြန်ပြင်ဆင်ရမည်ဖြစ်ပြီး ပါ၀င်ပစ္စည်းများမှာလည်း တန်ဖိုးကြီးကာရှားပါးလွန်းလှသည် ။ နဂါးပုလဲကိုအမှုန့်ကြိတ်၍ ရေထဲတွင်ရောစပ်ရမည့်အပြင် ပင်လယ်ပုလဲမှုန့်များကိုလည်း ရေချိုးစည်၏ အောက်ခြေတွင် အထူနှစ်လက်မခန့်ထည့်ထားရပေ၏ ။ 

ဤသို့သောရှားပါးဆေးရည်နှင့်ဆိုလျှင် သေဆုံးပြီးသားလူကိုပင်လျှင်အသက်ပြန်ရှင်စေနိုင်လောက်သည်။

 " အင်း ... မင်းအရင်ထွက်သွားလိုက် "

အစေခံများအားလုံးထွက်သွားသောအခါ နင်အာက၀တ်ရုံချွတ်ပြီး ရေချိုးကန်ထဲသို့၀င်လိုက်သည် ။ နာရီ၀က်ကျော်စိမ်နေရမည်ဖြစ်ပြီး ရေနွေးငွေ့များကြောင့် သူမ၏မျက်နှာလေးမှာ ပန်းနုရောင်သမ်းနေလေ၏ ။ ထိုအခိုက်တွင် ရုတ်တရက်တံခါးခေါက်သံထွက်ပေါ်လာလေသည် ။ 

နင်အာကအိပ်ချင်မူးတူးဖြင့်မေးလိုက်၏ ။

 " ဘယ်သူလဲ "

အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အေးစက်စက်အသံထွက်ပေါ်လာလေသည် ။

 " ငါပါ "

နင်အာက ခပ်ဖွဖွပြုံး၍ 

 " အို ... ဒါဆိုရင်ကျွန်မတို့ရဲ့ ကြီးမြတ်လှတဲ့အရှင်ချူပေါ့ ... ကျွန်မရေချိုးနေတုန်းမှာအရှင်ကဘာလို့တံခါးလာခေါက်ရတာလဲ တန်ဖိုးကြီးကျောက်စိမ်းတစ်တုံးတုံးသွားခိုးမလို့များ အဖော်လာခေါ်တာလား ..."

တံခါးလေးမှာ ဘန်းခနဲမြည်အောင်ကန်ဖွင့်ခံလိုက်ရရှာ၏ ။ ပိုင်ကျိုးက တံခါးပြန်ပိတ်ကာ ကန့်လန့်ကာအနားသို့လျှောက်လာချိန်တွင် နင်အာမှာမူ ဆေးရည်ထဲသို့တစ်ကိုယ်လုံးနှစ်ထားပြီး ခေါင်းလေးသာပေါ်နေသည် ။ 

" ပိုင်ကော ဘာလာလုပ်တာလဲ "

" ပစ္စည်းလာခိုးတာလေ "

နင်အာ : "..."

ထို့နောက်ပိုင်ကျိုးက အနက်ရောင်ပိုးသားပု၀ါစတစ်ခုဖြင့် မိမိ၏ မျက်လုံးကိုကိုယ်တိုင်ဖုံးအုပ်ကာ ပု၀ါစကိုချည်နှောင်လိုက်သည် ။

" ပိုင်ကော ဘာတွေလုပ်နေတာလဲ "

ပိုင်ကျိုးက ရေချိုးကန်နားသို့လျှောက်လာပြီးနောက် သူမအားချီမကာဆွဲထုတ်လိုက်သည် ။ နင်အာမှာမူမျက်လုံးအပြူးသားဖြင့် ပြုတ်မကျစေရန်ပိုင်ကျိုး၏ လည်ပင်းကိုလက်ဖြင့်ဖက်ကာ အေးခဲနေ၏ ။ ပိုင်ကျိုးမှာ ပို၍ပင်တောင့်တောင့်ကြီးဖြစ်နေလေသည် ။

ဤသည်မှာပထမဆုံးအကြိမ်အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အားထိတွေ့ဖူးခြင်းပင် ။

နင်အာက ငယ်စဥ်ကတည်းက နူးနူးညံ့ညံ့ဖြင့်ပိုးမွေးသလိုမွေးခြင်းခံခဲ့ရသောမိန်းမပျိုလေးဖြစ်သဖြင့် သူအားအနည်းငယ်ထည့်လိုက်ရုံဖြင့် သူမထိခိုက်နာကျင်သွားမည်ကိုစိုးရိမ်နေရသည် ။ နင်အာက နေရခက်စွာဖြင့် 

" ပိုင်ကော ... ရှင် ..."

" ဘာမပြောနဲ့ "  

ပိုင်ကျိုး၏ မျက်လုံးကိုစည်းနှောင်ထားသော်လည်း သူမအားကုတင်ပေါ်သို့အလွန်လျှင်မြန်စွာခေါ်ဆောင်သွားကာအောက်ချပေးလိုက်သည် ။

ပိုင်ကျိုးက သူ၏ လက်ဖြင့်နင်အာ၏ အပ်စိုက်မှတ်နေရာများကိုရှာဖွေချင်ပါသော်လည်း မျက်စိကာထားသောကြောင့် ဘာမျှမမြင်ရသဖြင့် အကြိမ်ကြိမ်အမှားလုပ်မိနေလေ၏ ။

ပုံမှန်အချိန်များ၌ နင်အာမှာ အရှက်မရှိဘဲ ပိုင်ကျိုးအားလိုက်လံစနောက်လေ့ရှိသော်လည်း ယခုမူ မျက်နှာတစ်ခုလုံးနီရဲတော့၏ ။ ပိုင်ကျိုးမှာလည်း သူမနှင့်ထူးမခြားနားပါပင် ။

" ပိုင်ကော ... ကျွန်မကိုကလိလာထိုးနေတာလား "

ပိုင်ကျိုး : " ပါးစပ်ပိတ်ထားစမ်း... ငါမင်းကို နာတာသက်သာအောင်လုပ်ပေးမလို့ "
 
ပိုင်ကျိုးက နင်အာ၏ ပုခုံးကိုကိုင်၍ အတွင်းအားအချို့ကိုလွှဲပြောင်းပေးလိုက်သည် ။ နင်အာက စနောက်ရန်တွေးမိသော်လည်း သူမ၏ ပုခုံးတစ်ခုလုံးပူလောင်လာသဖြင့် ပြုံးပင်မပြုံးနိုင်တော့ကာ ချွေးစေးများထွက်လာ၏ ။ အခန်းအတွင်းရှိ လှုပ်လီလှုပ်လဲ့မီးရောင် အောက်၌ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့၏ ပုံရိပ်ရှိနေပြီး အမျိုးသမီးထံမှအမျိုးအမည်မခွဲခြားနိုင်သော ညည်းညူသံများထွက်နေသည် ။ 

အစေခံများကနားမထောင်ရဲကြဘဲ ရှင်းလင်းစရာများကိုရှင်းလင်းကာထွက်သွားကြ၏ ။ နှစ်နာရီကျော်မျှကြာသောအခါ နင်အာမှာ တစ်ကိုယ်လုံးပျော့ခွေစွာဖြင့် ပိုင်ကျိုး၏ လက်မောင်းအတွင်းလဲလျောင်းနေလေသည် ။ 

ပိုင်ကျိုး၏ ရုပ်ရည်သွင်ပြင်အရ မျက်နှာတစ်၀က်အားပု၀ါစဖြင့်ဖုံးအုပ်ထားသော်လည်း သူ၏ ပါးလျလျနှုတ်ခမ်းများက သူ့အားပိုမို့လျှို့၀ှက်ဟန်ဖြင့်ဆွဲဆောင်မှုရှိစေ၏ ။ ပိုင်ကျိုးက ချည်နှောင်ထားသည့်ပု၀ါစကို အနည်းငယ်ဖြေလျော့လိုက်သော်လည်း လုံး၀ကြီးချွတ်ချလိုက်သည်တော့မဟုတ်ပေ ။

ပိုင်ကျိုးက နင်အာအား တောင်ကျစမ်းရေနှင့်ပုလဲမှုန့်များရောနှောထားသည့် ရေချိုးကန်အတွင်းသို့ ပြန်လည်ချပေးပြီးနောက်မှသာ မျက်လုံးကာထားသည်ကိုလုံး၀ဖြည်ချလိုက်၏ ။

နင်အာမှာ အလွန်ပင်ပန်းခဲ့သောကြောင့် အိပ်ပျော်နေပြီးသူမ၏ ပုခုံးပေါ်မှဒဏ်ရာ၏ အရောင်သည်လည်းအနည်းငယ်လျော့ကျသွားသည် ။ ရေချိုးကန်အတွင်း ပုလဲမှုန့်များအလယ်၌ သူမအိပ်ပျော်နေသောပုံစံလေးကပင် အလွန်ဆွဲဆောင်မှုရှိနေ၏ ။

ပိုင်ကျိုးက မျက်စိမှိတ်လျက်ပင် သူမ၏ ခန္ဒာကိုယ်အားပုလဲမှုန့်များဖြင့်ပွတ်ကာဆေးကျောပေးပြီးနောက် အအေးမမိစေရန်ရေသုတ်ပေးကာ တဘက်ဖြင့်ပတ်ထားလိုက်သည် ။

ဆေးရည်ထဲတွင် အိပ်ပျော်စေသောဆေး၀ါးများပါ၀င်သဖြင့် နောက်တစ်နေ့နံနက်အထိနိုးလိမ့်မည်မဟုတ်ကြောင်း သမားတော်ကျန်းက ကြိုတင်သတိပေးထားခဲ့သည် ။ နင်အာ၏ ရှည်လျားသောဆံပင်များမှာ စိုနေဆဲဖြစ်သဖြင့် ပိုင်ကျိုးက ခြောက်သွေ့လုနီးနီးဖြစ်သည်အထိ သူမ၏ဆံပင်များကိုသုတ်ပေးကာ အခြောက်ခံရန်အတွက်ပြတင်းပေါက်နားသို့ချီသွားလေ၏ ။

လေညှင်းလေးများကဖြည်းဖြည်းချင်းတိုက်ခတ်နေသဖြင့် သူမအအေးမိမည်ကိုစိတ်ပူစရာမလိုပေ ။ နင်အာက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး သူမ၏ မျက်တောင်ရှည်ကြီးများမှာတစ်ခါတစ်ရံတုန်ရီသွားတတ်၏ ။

သူမ၏ ဆံပင်ခြောက်သွေ့သွားကြောင်းသေချာသောအခါမှသာ ပိုင်ကျိုးက ကုတင်ပေါ်သို့ပြန်လည်ချီခေါ်လာလေသည် ။ လှုပ်လီလှုပ်လဲ့မီးရောင်များအောက်၌ ပိုင်ကျိုးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်မိန်းမငယ်လေးအားငေးကြည့်နေမိသည် ။ 

အနားယူရန်အတွက် သူ၏အခန်းသို့ပြန်သွားရမည်ဖြစ်သော်လည်း တုံ့ဆိုင်းနေမိသည် ။ အချိန်အတော်ကြာရပ်ပြီးနောက်တွင်မှ စိတ်ဆုံးဖြတ်၍ ဖယောင်းတိုင်မီးကိုညှိမ်းသတ်ကာ နင်အာ၏ ဘေးတွင်၀င်လှဲလိုက်၏ ။
 
နင်အာက အိပ်ပျော်နေစဥ်အတွင်း ပိုင်ကျိုးအားလာလာခွသဖြင့် ပိုင်ကျိုးက သူမအားတွန်းထုတ်ပါသော်လည်း လာရောက်ထိတွေ့မြဲဖြစ်သည် ။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ သူမအားဖက်ထားလိုက်ရတော့၏ ။

နောက်တစ်နေ့ နင်အာ အိပ်ချင်မူးတူးဖြင့်နိုးလာသောအခါ သမ်းဝေးရင်း ဟိုဟိုဒီဒီစမ်းလိုက်ချိန်မှ သူမ၏ ဘေးတွင်အမျိုးသားတစ်ဦးရှိနေကြောင်းသိလိုက်ရသည် ။

နင်အာမှာ သူမကိုယ်သူမ ပြန်စစ်ဆေးလိုက်မိသည် ။ 

ဘာအ၀တ်မှကပ်မနေဘူး ....

ပိုင်ကျိုးလည်းနိုးလာ၏ ။

 " မင်းနိုးလာပြီးလား "

နင်အာက မိမိကိုယ်ကိုစောင်ဖြင့်ပတ်၍ ကုတင်စွန်းသို့တိုးကပ်ကာ 

 " အမ် ... နိုးပြီ ... ပိုင်ကော ... မနေ့က ..."

ပိုင်ကျိုးက ထထိုင်ကာ သူ၏ ၀တ်ရုံကိုသပ်ရပ်အောင်ပြုပြင်လိုက်ပြီးနောက် အေးစက်စက်ပြောလိုက်သည် ။

" မနေ့ကမင်းငါ့ကိုထွက်မသွားခိုင်းတဲ့အပြင် ငါ့ရဲ့အ၀တ်တွေကိုဆွဲထားခဲ့တာ "

( TN / တစ်စုံတစ်ကျိုးတော့ ရုပ်တည်ကြီးနဲ့လိမ်နေပါပြီ )


🐳