အပိုင်း ၁၅
Viewers 7k

#lady
Chapter ( 15 )

နင်အာက အူလည်လည်ပုံစံဖြင့်ခေါင်းကုတ်၍ 

 " အဲ့လိုလား "

အိပ်ရာနိုးခါစဖြစ်၍ ပျင်းရိနေသောကြောင့် သူမကပိုင်ကျိုးပေါ်မှီချကာ မြူဆွယ်သည့်လေသံဖြင့် 

" ပိုင်ကော ... ကျွန်မက နူးညံ့ပြီးနွေးထွေးတယ်လေ တခြားအတွေးတစ်ခုခုများမတွေးမိဘူးလားဟင် "

ပိုင်ကျိုး : "..."

ပိုင်ကျိုးမှာ တစ်ကိုယ်လုံးတောင့်တင်းသွားရသည် ။

" ငါ့နားကိုမလာနဲ့ ဝေးဝေးနေစမ်း "
  
နင်အာက ပို၍ပင်အနားသို့တိုးကပ်ကာ 

 " အိုး တကယ်လား?"

နင်အာက သူမ၏ ဆံပင်ကိုလက်ဖြင့်ထိုးဖွလိုက်သည် ။ မနေ့ညက ဆေးရည်များထဲတွက်စိမ်နေခဲ့ရသဖြင့် သူမ၏ တစ်ကိုယ်လုံးဆေးနံ့များစွဲနေပါသော်လည်း ယခုမူ သူမ၏ ကိုယ်သင်းရနံ့လေးဖြစ်သော သစ်ခွပန်းရနံ့လေးပြန်လည်ပေါ်ထွက်လာပြီဖြစ်သည် ။

ပိုင်ကျိုးက အထိမခံလိုဟန်ဖြင့်သူမအားတွန်းထုတ်ကာ 

 " မင်းဆီကအနံ့ကလည်းဆိုး၀ါးလိုက်တာ ... ငါနဲ့ဝေးဝေးနေစမ်းပါ "

နင်အာက သူမလက်ကိုသူမပြန်နမ်းကြည့်လိုက်၏ ။

ဘာအနံ့မှမရပါဘူး ....

ပိုင်ကျိုးက ထိုအခြေအနေကိုအခွင့်ကောင်းယူကာ အိပ်ရာထဲမှထပြေးတော့သည် ။ နင်အာက သူမ၏ခန္ဓာကိုယ်ကိုဖုံးကွယ်ရန် စောင်ကိုဆွဲ၍ 

 " ဟေ့ ... ပိုင်ကော ... အကျင့်မကောင်းတဲ့လူကြီး ... သူများကိုအသားယူပြီးဒီလိုပဲထွက်သွားတော့မလို့လား"

နင်အာအား ပြုစုပေးရန်လာကြသောအစေခံတစ်သိုက်မှာ ထိုစကားအားကြားသောအခါ တောင့်ခဲသွားကြရသည် ။

အကျင့်မကောင်းတဲ့ကောင် ...

ပိုင်ကျိုးက အစေခံများကိုသာစူးစူး၀ါး၀ါးစိုက်ကြည့်လာသောကြောင့် အစေခံမိန်းကလေးများမှာ ဆက်နေရမည်လော ထွက်သွားရမည်လော မသိတော့ချေ ။ 

နင်အာက အသံတိုးတိုးဖြင့် 

" မြန်မြန်အ၀တ်တွေလာပေးလေ "

အစေခံမိန်းကလေးက ဗီဒိုထဲမှ အ၀တ်များယူပေးရန်အသွားတွင် ပိုင်ကျိုးက သူမအားနှင်ထုတ်လာလေသည် ။

" ထွက်သွား "

အစေခံမိန်းကလေးထွက်ပြေးသွားသည့်အခါမှ ပိုင်ကျိုးက ကြုံရာတစ်စုံကိုယူ၍ ကုတင်ပေါ်သို့ပစ်တင်ပေးလိုက်သည် ။

 " ကိုယ့်အ၀တ်ကိုကိုယ်တိုင်၀တ် "

နင်အာက ဆူပုပ်ပုပ်ဖြင့်

" ကျွန်မကိုအခြားသူတွေပြုစုပေးတာနဲ့ကျင့်သားရနေပြီ ... ကိုယ့်ဘာသာမ၀တ်ချင်ဘူး "

ပိုင်ကျိုးကအေးစက်စက်မျက်နှာပေးဖြင့် နင်အာအား ကျောပေးလိုက်သည် ။ သူသည်လည်းမြင့်မြတ်သောတော်၀င်မျိုးနွယ်တစ်ဦးဖြစ်ပါသော်လည်း အ၀တ်၀တ်ရန်အခြားသူများကိုအားကိုးသူမဟုတ်ပေ ။ 

" အတွင်းခံကိုအရင်၀တ်လိုက် ... ကျန်တာတွေ၀တ်ဖို့ငါကူညီပေးမယ် " 

နင်အာက ပြုံးရင်းဖြင့် သူမ၏ အတွင်းခံကိုသပ်သပ်ရပ်ရပ်၀တ်ဆင်လိုက်သည် ။ ထို့နောက်ပိုင်ကျိုးက သူမအ၀တ်၀တ်သည်ကိုကိုယ်တိုင်ကိုယ်ကျကူညီပေးပြီးသောအခါမှသာအစေခံမိန်းကလေးများကိုပြန်လည်၀င်လာခွင့်ပြုလေသည် ။ 

ချူစံအိမ်ရှိအစေခံမိန်းကလေးများမှာ ရုပ်ရည်ချောမောပြေပြစ်သည့်အပြင် လှပသောခန္ဓာကိုယ်အချိုးအစားများကိုလည်းပိုင်ဆိုင်ကြ၏ ။ နင်အာက အစေခံမိန်းကလေးတစ်ဦး၏ မေးစေ့ကိုကိုင်ကာ 
 
 " ညီမလေးကအရမ်းလှတာပဲ ... ငါ ..."

သူမပြော၍ မပြီးသေးခင်မှာတင်ပိုင်ကျိုးက သူမအား အပြင်သို့ကောက်ချီမသွားလေ၏ ။

နင်အာ : "..."

 " ချူစံအိမ်တွေက အစေခံမိန်းကလေးတွေနဲ့ရော အမျိုးသားတွေနဲ့ရော မင်းပရောပရီပြုမူပြောဆိုခွင့်မပြုဘူး "

နင်အာက ပြုံး၍ပိုင်ကျိုး၏ လက်ကိုဆွဲကာ 

 " ဒါဆိုရင် အရှင်ချူရဲ့စံအိမ်မှာ ကျွန်မကပိုင်ကောနဲ့ပဲ ပရောပရီလုပ်ခွင့်ရှိတာပေါ့ ... ဟုတ်လား "

ပိုင်ကျိုးက နင်အာ၏ လက်ကောက်၀တ်ကိုဆွဲကိုင်၍ 

 " ပြဿနာမရှာချင်စမ်းနဲ့ "

နင်အာက ပိုင်ကျိုးအား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်၍ကြည့်ကာ 

" ဒါတော့မတတ်နိုင်ဘူးလေ ... ကျွန်မကပြဿနာရှာရတာကိုပဲသဘောကျတာ "


မျက်စိတစ်မှိတ်အတွင်းမှာတင် ဆောင်းဦးရာသီမှဆောင်းရာသီသို့ကူးပြောင်းလာလေ၏ ။ အရှင်ရုံက စံအိမ်သို့ပြန်ရောက်လျှင်ရောက်ခြင်း အစေခံများကလျှောက်တင်လာသည် ။

 " အရှင် စုကျိုက ၀မ်ကျိုးဖျင်ကိုသတ်လိုက်ပါတယ် "

ရေနွေးကြမ်းသောက်နေသောအရှင်ရုံမှာ ထိုသတင်းကိုကြားသည်နှင့်မျက်မှောင်ကျုံ့လိုက်မိသည် ။

" ဘာ "

" ၀မ်ကျိုးဖျင်က ငွေချောင်းထောင်ကျော်ကိုနှစ်ဦးပိုင်းမှာအလွဲသုံးစားလုပ်ထားခဲ့ပါတယ် ... ရွှေချောင်းထောင်ကျော်လေးပဲဆိုပေမဲ့ စုကျိုက သူ့ကိုကွပ်မျက်ပစ်လိုက်တဲ့အပြင် အခုတလော စုကျိုဘက်ကနေ ကျွန်တော်တို့ရဲ့မဟာမိတ်တွေကို ပြဿနာရှာရှင်းလင်းတာတွေပါလုပ်လာပါတယ် "

အရှင်ရုံက ဂရုမစိုက်ဟန်ဖြင့် 

" သူကရူးနေတာပဲ ... အိမ်ရှေ့စံဘက်မှာရောအခြေအနေဘယ်လိုရှိလဲ "

" အိမ်ရှေ့ရဲ့ ကျန်းမာရေးအခြေအနေကတော့ အရင်ကထက်စာရင်တော်တော်လေးကောင်းမွန်လာပါပြီ ... ဒီနေ့လည်တုန်းက တော်၀င်အမဲလိုက်ကွင်းမှာ အခြားမင်းသားငယ်နဲ့မျိုးရိုးမြင့်သခင်လေးတွေနဲ့အတူ ကိုယ်ခံပညာဖလှယ်ပွဲကျင်းပခဲ့ပါသေးတယ် ... ဧကရာဇ်နဲ့ မိဖုရားကြီးအပြင် တော်၀င်ကိုယ်လုပ်တော်တို့ကပါ အိမ်ရှေ့စံရဲ့အခြေအနေတိုးတက်လာတာကို၀မ်းသာနေကြပါတယ် "

" ငါးကငါးစာကိုလာဟပ်ပြီလေ ... အတုကတော့အမြဲတမ်းအတုတစ်ယောက်ရဲ့လုပ်ရပ်တွေကိုလုပ်နေမှာပဲ "

အရှင်ရုံ ( ရှုနန်ကျိုး ) က၀တ်ရုံအသစ်ကိုပြောင်းလဲ၀တ်ဆင်လိုက်ပြီးနောက် အိမ်ရှေ့စံ ကိုယ်ခံပညာဖလှယ်ပွဲကျင်းပနေသည့် တော်၀င်အမဲလိုက်ကွင်းသို့လိုက်သွားလေသည် ။ တော်၀င်အမဲလိုက်ကွင်းအတွင်းအတော်လေးစည်ကားနေပြီး ဧကရာဇ်က စင်မြင့်အလယ်တွင်ထိုင်နေကာ မိဖုရားကြီးနှင့် တော်၀င်ကိုယ်လုပ်တော်ကမူ တစ်ဖက်တစ်ချက်စီတွင်ထိုင်နေကြ၏ ။

ဤနှစ်ပိုင်းအတွင်း ဧကရာဇ် ကျင်း၀မ်၏ ကျန်းမာရေးအခြေအနေမှာတစ်နေ့တစ်ခြားဆိုး၀ါးလာခဲ့သည် ။ သို့သော်လည်း သူသည်စုမိသားစု၀င်တစ်ယောက်ဖြစ်သဖြင့် မည်မျှပင်ချုံးချုံးကျနေသည်ဖြစ်စေ ကြည့်ကောင်းဆဲဖြစ်၏ ။ အသက်လေးဆယ်ကျော်ပြီဖြစ်သည့်ဧကရာဇ် မှာရွှေရောင်နဂါး၀တ်ရုံကို၀တ်ဆင်ထားသော်လည်း သူ၏ ခန္ဒာကိုယ်မှာမူတဖြည်းဖြည်းပိန်ပါလေးကြောင်းမြင်နိုင်၏ ။ လူအများကြားမှ ဧကရာဇ်က အရှင်ရုံ ( ရှုနန်ကျိုး ) အားရှာတွေ့သွားလေသည် ။

ရှုနန်ကျိုးက အနီရောင်ကိုယ်ခံပညာ၀တ်ရုံကိုဝတ်ဆင်ထားပြီး သူ၏ အသွင်မှာ ချောမောခန့်ငြားသည်ထက်ပိုမိုလှပသောမျက်နှာမျိုးပင် ။ ခြေတံရှည်ကြီးများနှင့် သန်မာကျယ်ပြန့်သောပုခုံးတို့မှာလည်းဆွဲဆောင်မှုရှိလှ၏ ။ အထင်ရှားဆုံးသောအစိတ်အပိုင်းမှာ မျက်ခုံးနှစ်ခုအလယ်မှ မီးတောက်ပုံအမှတ်အသားပင် ။ သူပြုံးလိုက်သောအခါ နွေဦးတွင်ရေခဲများအရည်ပျော်သွားသကဲ့သို့ နွေးထွေးသည့်ခံစားချက်မျိုးကိုခံစားရစေ၏ ။

 " ခမည်းတော် "

ဧကရာဇ်က အေးတိအေးစက်လေသံဖြင့် 

 " အိမ်ရှေ့စံက အခုတလောကျန်မာရေးအရင်ကထက်ပိုကောင်းလာတယ် ... မင်းမြင်လား သူအခုကနေတဲ့ဓားရေးက အခက်ဆုံးထဲကတစ်ခုပဲ "

ထိုအချိန်တွင် လရောင်ကဲ့သို့အေးချမ်းသောအသံတစ်ခုမှာအနီးအနားမှထွက်ပေါ်လာ၏ ။

" အရှင်ရုံရဲ့ ဓားရေးစွမ်းရည်ကလည်း အရမ်းမျက်စိပဒါသရှိလှတယ်လို့ကြားဖူးပါရဲ့ "

အရှင်ရုံ ( ရှုနန်ကျိုး ) ၏ မျက်နှာထားမှာအလွန်အေးစက်သွားရ၏ ။

စုကျို၏ လက်ထဲတွင်အနွေးမီးဖိုအသေးလေးတစ်လုံးကိုကိုင်ဆောင်ထားပြီး နှင်းမြေခွေးသားမွေးကို၀တ်ဆင်ထားသည့်သူ၏ အသွင်အပြင်မှာ လရောင်အောက်ရှိနတ်သူငယ်တစ်ကောင်နှင့်ဆင်တူလှသည် ။ အရှင်ရုံနှင့်ဆန့်ကျင်ဘက်ဖြစ်စွာပင် သူ၏ အပြုံးမှာအေးချမ်းသောအသွင်ကိုဆောင်၏ ။

" ဒီငယ်သားက အရှင့်ကိုဂါရ၀ပြုပါတယ် ... အရှင်မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ "

" စစ်သူကြီးစု အရမ်းယဥ်ကျေးနေစရာမလိုပါဘူး "

စင်မြင့်ပေါ်တွင် အနီရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားသည့်ပိန်ပါးသောပုံရိပ်တစ်ခုရှိနေ၏ ။ လေအေးများတိုက်ခတ်နေသော်လည်း ထိုသူ၏ မျက်နှာထက်တွင်မူနွေးထွေးသည့်အပြုံးတစ်ခုအားဆင်မြန်းထားဆဲဖြစ်သည် ။ စုကျိုက ထိုသူအားအဝေးမှလှမ်းနှုတ်ဆက်လိုက်၏ ။

ထိုအချိန်တွင်အရှင်ရုံက 

" ခမည်းတော် ... ဒီသားတော်က အိမ်ရှေ့စံနဲ့အတူဓားရေးကပြချင်ပါတယ် "

ဧကရာဇ်ကျင်း၀မ်က ပြုံး၍

 " နန်ကျိုးပြည်မှာ အိမ်ရှေ့စံရဲ့ဓားရေးက စစ်သူကြီးစုပြီးရင်ဒုတိယမြောက်နေရာမှာပဲ ... ကျိုးအာ မင်းသတိထားရမယ်နော် "

အရှင်ရုံက အိမ်ရှေ့စံ၏ ရှေ့သို့သွားရပ်ကာ 

" အိမ်ရှေ့စံ ... သင်ပြပေးပါဦး "

အိမ်ရှေ့စံက အရှင်ရုံအားအေးစက်စက်စိုက်ကြည့်၍ 

" လာခဲ့ "

အိမ်ရှေ့စံကဓားရှည်ဖြင့်ဖြစ်ကာ အရှင်ရုံကမူ ဓားကောက်ဖြင့်ဖြစ်၏ ။ နှစ်ဦးသားလုံးမှာ အနီရောင်၀တ်ဆင်ထားသောကြောင့် စင်အောက်ရှိသူများမှာ ထိုနှစ်ဦးအားခွဲခြားရန်မလွယ်ကူပေ ။

ကိုယ်ခံပညာဖလှယ်ပွဲအတွင်း အိမ်ရှေ့စံမင်းသား၏ ဓားရေးမှာ ကြီးမြတ်သောနဂါးတစ်ကောင်ကဲ့သို့ခံစားရစေသည် ။ သို့သော်လည်း အရှင်ရုံ၏ မျက်နှာထားမှာမူ ပို၍သာအေးစက်လာ၏ ။ 

" မင်းလည်းအတုပဲ "

အရှင်ရုံက အိမ်ရှေ့စံ၏ မျက်နှာကိုထိကိုင်ရန်လက်လှမ်းလိုက်သည့်အချိန်တွင် အိမ်ရှေ့စံကဓားရှည်ဖြင့်ကာလိုက်ကာ ကျန်လက်တစ်ဖက်တွင်အတွင်းအားထည့်၍ အရှင်ရုံ၏ ပုခုံးကိုရိုက်ချလိုက်ပြီးနောက် ဓားဖြင့်ထိုးလိုက်သည် ။

အရှင်ရုံမှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ဒူးထောက်ရက်သားဖြင့် သွေးများအန်လေ၏ ။

" ဒီတစ်ကွက်ကို ကောင်းကင်ယံက လယဥ်စွန်းချိန်လို့ခေါ်တယ် " 

အိမ်ရှေ့စံက ခပ်ယောင်ယောင်လေးပြုံးပြီးနောက် ဓားကိုပြန်ဆွဲနုတ်လိုက်သောအခါ ဓားဖျားတွင်သွေးစများမရှိသကဲ့သို့ အရှင်ရုံ၏ ပုခုံးတွင်လည်းဓားဒဏ်ရာမရှိပါချေ ။

" အရှင်ရုံ ... မင်းရှုံးသွားပြီ "

ဧကရီစုက ပြုံး၍ ယွမ်အန်းမင်းသမီး ယွမ်ဖန်ကိုဆွဲကာ 

 " အားဖန် ... အိမ်ရှေ့စံ အရမ်းတော်တယ်လို့မထင်ဘူးလား "
 
( TN / ဒီယွမ်ဖန်က နင်အာပျောက်သွားတဲ့အချိန်ကတည်းကစပြီး နန်းတော်ထဲမှာအယောင်ဆောင်နေတဲ့အတုပါ )

ယွမ်ဖန်က လည်ချောင်းနာနေသဖြင့်စကားမပြောနိုင်သောကြောင့် ခေါင်းသာငြိမ့်ပြလိုက်၏ ။ အိမ်ရှေ့စံက ရှေ့သို့လျှောက်၍ ယွမ်ဖန်နားသို့သွားကာ နွေးထွေးစွာပြုံးပြ၍ 

" အားဖန်လည်း ကိုယ့်ကိုစောင့်ကြည့်နေတာလား "

ယွမ်ဖန်လည်း ထပ်မံခေါင်းညိမ့်ပြလိုက်ပြန်၏ ။
သူမ၏ ဆံထိုးစောင်းနေသောကြောင့် အိမ်ရှေ့စံက ညင်သာစွာပြန်တည့်မတ်ပေးလိုက်ကာ 

 " ဒီမှာအရမ်းအေးတယ် သွားကြရအောင် "

တစ်ဖက်ရှိအရှင်ရုံကိုမူ အစေခံများကတွဲခေါ်ကာ ကွင်းထဲမှသယ်ထုတ်လာ၏ ။ အိမ်ရှေ့စံက အရှင်ရုံဘက်သို့လှည့်ကာ

" စိတ်မကောင်းဘူးကွာ ... မင်းရဲ့ဒဏ်ရာအရှင်းပျောက်ဖို့ဆိုရင် သုံးလမကကြာမှာတော့စိုးရိမ်မိသား "

စုကျိုက ဧကရီ၏ ဘေးတွင်ရပ်နေကာ သူ၏ အမူအယာမှာ အဓိပ္ပာယ်ဖော်မရချေ ။ 




🐳