#lady
Chapter ( 16 )
နင်အာ၏ ဒဏ်ရာမှာတန်ဖိုးကြီးဆေးဖက်၀င်ဆေး၀ါးများအပြင် ပိုင်ကျိုး၏ အတွင်းအားဖြင့်ကုသမှုကြောင့် အလွန်လျှင်မြန်စွာသက်သာလာလေ၏ ။ ထိုအချိန်များတစ်လျှောက်လုံး နင်အာမှာ သူမထွက်သွားသင့်ကြောင်းသာတွေးနေခဲ့သည် ။
ပိုင်ကျိုးက သူမအပေါ်အလွန်ကောင်းသည့်အပြင် သူမအတွက်အဖိုးတန်ဆေး၀ါးများစွာကိုသုံးစွဲပေးခဲ့၏ ။ ပိုင်ကျိုး ဘာကိုလိုချင်နေမှန်းနင်အာ မတွေးတတ်တော့ချေ ။
အလှကြောင့်ရူးသွပ်နေသည်ဟုပြောရန်လည်း ပိုင်ကျိုးနှင့် သူမမှာတစ်ကုတင်တည်းအိပ်စက်နေသော်ငြား သူမအပေါ်မသင့်တော်သောမည်သည့်အပြုအမူကိုမျှမလုပ်ခဲ့ပါချေ ။
ပိုင်ကျိုးက စုကျိုအားလှည့်စားရန်အတွက် အလောင်းအတုကိုအသုံးပြုခဲ့သောကြောင့် နန်ကျိုးပြည်၏ နိုင်ငံရေးအတွင်းအပြောင်းလဲများစွာဖြစ်မည်မှာအသေအချာပင် ။ အကယ်၍ အိမ်ရှေ့စံကြင်ယာတော်သေဆုံးကြောင်းကြေငြာလိုက်မည်ဆိုပါက နင်အာမှာ သူမ၏ဘ၀မှန်ကိုဖုံးကွယ်ကာအခြားတစ်ယောက်အဖြစ်နေထိုင်ရလိမ့်မည် ။
စုကျိုအတွက် နင်အာမှာ ၀ှက်ဖဲတစ်ချပ်ကဲ့သို့တည်ရှိမှုမျိုးဖြစ်သဖြင့် ပိုင်ကျိုးက စုကျိုနှင့်ပူးပေါင်းခြင်းမပြုရသည်မှာ သူမအား အသုံးချစရာပစ္စည်းတစ်ခုအဖြစ်ဆက်ဆံမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည် ။
အခြားသောအချက်များကိုမဆိုနှင့် ပိုင်ကျိုးမှာ သူမ၏ အပေါ်အလွန်ကောင်းလှသည် ။ သေခြင်းတရားမှကယ်တင်ပေးခဲ့သည့်အပြင် အဆိပ်ဖြေပေးကာ အိမ်ပေါ်တွင်ခေါ်တင်၍ကျွေးမွေးပေးထားသေး၏ ။ နင်အာက စိတ်ရှုပ်ထွေးစွာဖြင့် သူမ၏ ဆံပင်များကိုသူမပြန်လည်ထိုးဖွလိုက်သည် ။ ပိုင်ကျိုးတွင် ကျိုးပဲ့လွယ်သောအလှလေးများရှားပါးနေသည်မဟုတ်ပေ ။
ပိုင်ကျိုး၌ ရွှေငွေရတနာများစွာအပြင် လိုအပ်သောအရာဟူ၍လည်းမရှိ ။ သူမဘက်၌မူ ပိုင်ကျိုး၏ စေတနာကိုပြန်လည်ပေးဆပ်နိုင်မည့် မည်သည့်အရာမှမရှိပါချေ ။ သို့သော်လည်း သူမအသက်ရှင်နေသရွေ့ ပိုင်ကျိုးအပေါ်တင်နေသည့်ကျေးဇူးများကိုပြန်လည်ပေးဆပ်ရန်အချိန်များစွာကျန်ရှိပါသေးသည် ။
နင်အာက ကျေးဇူးတရားကိုပြန်လည်ပေးဆပ်ပြီး လက်တုံ့ပြန်စရာရှိသည်ကိုလည်းပြန်လည်လက်တုံ့ပြန်တတ်သောသူမျိုးဖြစ်သဖြင့် ပိုင်ကျိုးအပေါ်အခွင့်အရေးယူရန်စိတ်ကူးမရှိပါချေ ။ သူမ၏ ဒဏ်ရာသက်သာလာပြီဆိုသည်နှင့် နန်ကျိုးပြည်သို့တစ်ခေါက်ပြန်ရန်နည်းလမ်းရှာရလိမ့်မည် ။
တစ်ဖက်ရှိ ပိုင်ယွမ်ပြည်နယ်တွင်မူ နန်းတော်အတွင်း၌ အလွန်ရှုပ်ထွေးအန္ဓရာယ်များသည့်အခြေအနေသို့ရောက်ရှိနေလေ၏ ။ မင်းသားလင်းအား ဧကရာဇ်ကသူ့အားအပြစ်ပြုမိသည်ဟုဆိုကာ မင်းသားလင်းနှင့် မင်းသားလင်း၏ မွေးမိခင်ကိုယ်လုပ်တော်တို့အား ကွပ်မျက်ပစ်လိုက်သည် ။ ကိုယ်လုပ်တော်က သူမ၏ သားငယ်ဖြစ်သောမင်းသားယု ပိုင်ကျိုးထံအကူအညီလာတောင်းနိုင်စေရန် ကာကွယ်ရင်းအသတ်ခံလိုက်ရခြင်းဖြစ်သည် ။
မင်းသားယုမှာ အသက်ဆယ့်တစ်နှစ်မျှသာရှိသေးသည့်အပြင် သူ၏ မျက်စိရှေ့၌ မိခင်နှင့်အစ်ကိုတော်နှစ်ဦးစလုံးအသတ်ခံလိုက်ရသဖြင့် အသက်ရှင်သန်လိုစိတ်ပျောက်ဆုံးနေ၏ ။ ပိုင်ကျိုးအားမြင်သောအခါမှသာ အားကိုးတကြီးဖြင့်အော်ဟစ်ငိုယိုလေတော့သည်။
ပိုင်ကျိုးက မင်းသားယုဘက်မှရပ်တည်၍ မိဖုရားခေါင်ကြီးစုနှင့် ဧကရာဇ်ငယ်လေးတို့အားလက်တုံ့ပြန်ရန်အလားအလာရှိနေ၏ ။
ပိုင်ယွမ်ပြည်၏ လက်ရှိဧကရာဇ်မှာ ပိုင်ကျိုး၏ အစ်ကိုတော်ဖြစ်သူ ဧကရာဇ်ထန်ချီ၏ သားတော်ဖြစ်ပြီး ကွပ်မျက်ခံလိုက်ရသည့် မင်းသားလင်းနှင့် ထွက်ပြေးလာသည့်မင်းသားယုတို့မှာလည်း ဧကရာဇ်ထန်ချီ၏ သွေးသားရင်းများဖြစ်ကြသည် ။ ဧကရာဇ်လေးက ငယ်ရွယ်သေးသောကြောင့် မိဖုရားကြီးစု၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုခံနေရပုံပေါ်၏ ။ ပိုင်ကျိုးအနေဖြင့် မင်းသားယု၏ ဘက်တွင်ရပ်တည်၍ ထီနန်းသိမ်းပိုက်နိုင်စေရန် အကူအညီပေးလိုက်၍လည်း သူ့အတွက်နစ်နာသွားစရာမရှိပေ ။
စစ်တပ်တစ်တပ်တည်ထောင်ရသည်မှာ သူ့အတွက်ထမင်းစားသည်ထက်ပင်လွယ်ကူနေသေး၏ ။ ထို့အပြင် မိဖုရားခေါင်ကြီးစုနှင့် ဧကရာဇ်ငယ်လေးတို့က သူ၏ နောက်ဆုံးသည်းခံနိုင်စွမ်းကိုလာလာထိပါးနေသည်မှာ အကြိမ်မနည်းရှိနေပြီဖြစ်သည် ။ ယခုတစ်ကြိမ်တွင် မင်းသားလင်းနှင့် တော်၀င်ကိုယ်လုပ်တော်တစ်ယောက်ကိုကွပ်မျက်ပြီး နောက်တစ်ကြိမ်၌မူ မည်သည့်မိသားစုတစ်ခုလုံးကိုသေဒဏ်ချပစ်မည်နည်းမည်သူမျှမသိနိုင်ချေ ။ ဆက်လက်လွှတ်ထားမည်ဆိုပါက တော်၀င်သွေးဆက်မျိုးရိုးပင်ပြတ်တောင်သွားနိုင်ချေရှိ၏ ။
နင်အာမှာမူ ပိုင်ယွမ်ပြည်တွင်းရေးအကြောင်းကိုမသိသကဲ့သို့ ပိုင်ကျိုးကိုင်တွယ်ဖြေရှင်းရမည့်အရာများရှိနေကြောင်းကိုလည်းမသိချေ ။ သူမတွေးမိသမျှမှာ ပိုင်ကျိုးထံတွင် အရှက်မရှိဆက်လက်နေထိုင်ရန်မသင့်တော်ကြောင်းကိုသာဖြစ်၏ ။
လုရှန်းတောင်နှင့် ချူစံအိမ်တို့၏ တည်နေရာမှာ သိပ်မဝေးလှပေ ။ ယခုကာလအတွင်း ချူစံအိမ်အတွင်း၌ ဟိုဟိုဒီဒီမှလူစိမ်းများမကြာခဏလာနေတတ်သည့်အပြင် လူရှုပ်နေသည်ကိုလည်းမနှစ်သက်သောကြောင့် နင်အာက ပိုင်ကျိုးအား တောင်ပေါ်အိမ်လေးတွင်သာပြန်နေလိုကြောင်းပြောပြလိုက်သည် ။
မင်းသားယု၏ ကိစ္စနှင့်ပက်သက်၍ အလုပ်ရှုပ်နေသည့်အပြင် နင်အာ၏ ခေါင်းသေးသေးလေးထဲတွင်မည်သည့်အရာများစဥ်းစားနေကြောင်းမတွေးတတ်သဖြင့် သူမစိတ်ကြိုက်လုပ်စေရန်သာသဘောတူလိုက်၏ ။
ပိုင်ယွမ်ပြည်၏ တော်၀င်တရားရုံးမှ ပိုင်ကျိုးအား မင်းသားယုကို လက်လွှဲပေးပါရန်တောင်းဆိုလာ၏ ။ ပိုင်ကျိုးက ငြင်းဆန်လိုက်သောကြောင့် ဧကရာဇ်ဒေသပေါက်ကွဲသွားကာ ပိုင်ကျိုးအား ပိုင်ယွမ်ပြည်သို့ပြန်လာ၍ အပြစ်ဒဏ်ခံယူရန်အမိန့်ပေးလာသည် ။ မနက်မှညထိစစ်ရေးပြင်ဆင်မှုများဖြင့်အလွန်အလုပ်များနေပြီး တော်၀င်ခုံရုံး၏ အမိန့်ကိုဖီဆန်၍ ချူစစ်တပ်ကို လေ့ကျင့်ဖွဲ့စည်းပြီးချိန်တွင် ဇန်န၀ါရီလသို့ပင်ရောက်ရှိနေပြီဖြစ်သည် ။
နှစ်သစ်ကူးညစာစားပွဲအတွင်း ပိုင်ကျိုးက မင်းသားယုနှင့်အတူညစာစားချိန်အထိတစ်ခုခုမှားနေကြောင်းမခံစားမိသေးပေ ။ ဤတလောတွင်အလွန်နားအေးနေကြောင်းတွေးမိသောအခါမှသာ ဆူဆူညံညံလုပ်နေတတ်သည့် နင်အာအားသတိရမိသွား၏ ။ အစေခံမိန်းကလေးများကို မေးကြည့်လိုက်သောအခါ
" အရှင် မိန်းကလေးယွမ်က အရှင်သဘောတူလိုက်လို့ တောင်ပေါ်အိမ်ကိုပြန်သွားတာကြာပြီမဟုတ်ဘူလား "
ပိုင်ကျိုးမှာ အချိန်ခဏကြောင်အမိသွားလေသည် ။ မင်းသားယုက ပိုင်ကျိုးစိတ်အခြေအနေမကောင်းကြောင်းသတိထားမိသဖြင့် မေးလာ၏ ။
" ဦးရီးတော် ဘာဖြစ်လို့လဲ "
" မင်းသားပြန်ပြီးအနားယူတော့ ... မိန်းကလေးယွမ်ကိုတွေ့ဖို့သွားလိုက်ဦးမယ် "
မင်းသားယု၏ စိတ်အခြေအနေမှာ အရင်ကထက်စာလျှင်တည်ငြိမ်လာပြီဖြစ်သည့်အပြင် ပိုင်ကျိုး၏ ထောက်ခံမူကပင်သူ့အားစိတ်ခွန်အားရစေသည် ။
" မိန်းကလေးယွမ်လား အဲ့တာဟိုနတ်သမီးလေးလိုလှတဲ့ကျဲကျဲမလား ကျဲကျဲက အရမ်းသဘောကောင်းတာ အရင်ရက်တုန်းကတောင် ကျွန်တော့်ကိုမြေပုံပြပြီး ဘယ်နေရာကလျှောက်လည်ဖို့အကောင်းဆုံးလဲတောင်မေးနေသေးတယ် "
ပိုင်ကျိုးက သူ့ခါးထက်ရှိကျောက်စိမ်းအမိန့်ပြားကိုလက်ဖြင့်ပွတ်ပြီးနောက် မင်းသားယု၏ ခေါင်းကိုအသာပုတ်ကာ
" သွားနားတော့ "
အပြင်ဘက်၌ ကောင်းကင်တစ်ခုလုံးမှောင်မဲနေပြီဖြစ်သည့်အပြင် နှင်းများလည်းကျဆင်းနေ၏ ။ နင်အာက နှစ်တစ်နှစ်၏ နောက်ဆုံးနေ့တွင်မွေးဖွားခဲ့သဖြင့် ဤနေ့မှာ သူမ၏ မွေးနေ့ဖြစ်သည် ။
နင်အာက မီးဖိုချောင်တစ်ခါမှမ၀င်ဖူးသည့် သခင်မလေးတစ်ဦးဖြစ်သော်လည်း သူမတွင်လုပ်ရစရာဘာမျှမရှိသဖြင့် ချက်ပြုတ်ကြည့်ရန်ဆုံးဖြတ်လိုက်၏ ။ အပြင်းအထန်ကြိုးစားပြီးသောအခါမှသာ ရုပ်ဆိုးဆိုးခေါက်ဆွဲတစ်ပွဲရလာ၏ ။ ကြက်ဥမရှိသဖြင့် ငှက်ဥနှစ်လုံးကိုပြုတ်ကာအစားထိုးလိုက်သေးသည် ။
နှင်း၏ အခြားသောအမည်ပြောင်တစ်ခုမှာ အေးခဲနေသောမိုးစက်များဖြစ်၏ ။
နင်အာမွေးဖွားသည့်နေ့တွင် ရာသီဥတုအလွန်ကြည်လင်သာယာပြီးကောင်းကင်တစ်ခုလုံးတိမ်ကင်းစင်နေ၏ ။ သူမမွေးဖွားပြီးသုံးနာရီမှကြာသောအခါ နေ၀င်သွား၍ အလွန်လှပသောနှင်းပွင့်များစွာတဖြည်းဖြည်းချင်းကျဆင်းလာ၏ ။
စုကျိုတစ်ခါက ပြောဖူးသည်မှာ ထိုမြင်ကွင်းကအလွန်လှပသည့်အပြင် နှင်းပွင့်များကလည်းဖြူဖွေးသန့်စင်လွန်းလှသည်ဟုဆို၏ ။ နှစ်ဦးတွင်ပထမဆုံးကျဆင်းသောနှင်းပွင့်များမှာ ကောင်းသောကံကြမ္မာကိုဆောင်ကျဥ်းသဖြင့် သူမအား နင်အာဟု အမည်ပေးခဲ့ကြသည်။
အပြင်ဘက်မှနှင်းကျသံတဖြောက်ဖြောက်နှင့်အတူ နင်အာက မျက်လုံးမှိတ်၍ ၀ါကျင်ကျင်ဖယောင်းတိုင်မီးရောင်ရှေ့တွင်ဆုတောင်းလိုက်သည် ။
သူမတွင် အလွန်ဖြစ်ချင်သည့်အရာများများစားစားမရှိပေ ။ သူမ၏ နှလုံသားအတွင်းမှ အနည်းငယ်စိတ်ကျဥ်းကြပ်နေသလိုခံစားနေရသော်လည်း လွတ်လပ်စွာနေထိုင်နေရသဖြင့် ပျော်ရွှင်နေဆဲဖြစ်၏ ။ နင်အာက သူမ၏ လက်ကိုအချင်းချင်းယှက်ကာ ဆုပ်ကိုင်ပြီးနောက် ဆုတောင်းများကိုစတင်ရေရွတ်လိုက်သည် ။ သူမမပြုံးသည့်အခါ မျက်နှာထားမှာအနည်းငယ်အေးစက်ပုံပေါ်နေ၏ ။
" ပထမဆုံးဆုတောင်းကတော့ နန်ကျိုးပြည်နယ်က ပြည်သူပြည်သားတွေ စိတ်ချမ်းသာပြီးငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြရပါစေ ..."
သူမ၏ မွေးနေ့တိုင်းတွင် အမြဲတမ်းဆုတောင်းငါးခုဆုတောင်းသည့်အကျင့်ရှိလေသည် ။
" ဒုတိယတစ်ခုကတော့ စုကျိုရဲ့ နောက်ကိုဘေးဒုက္ခဆိုးတွေအမြဲတမ်းလိုက်နှောင့်ယှက်နေပါစေ "
" တတိယဆုတောင်းကတော့ အားဖန် တကယ်ချစ်တဲ့အမျိုးသားနဲ့သာအိမ်ထောင်ပြုရပြီး ပျော်ပျော်ရွှင်ရွှင်နေသွားရပါစေ "
" စတုတ္ထဆုတောင်းကတော့ မကောင်းတဲ့လူယုတ်မာကောင်အရှင်ရုံဘယ်သွားသွားဘေးတွေ့ပြီး ကောင်းကောင်းမွန်မွန်မနေရပါစေနဲ့ "
" ငါးခုမြောက်ဆုတောင်း..."
နောက်ဆုံးဆုတောင်းအား ဘာဆုတောင်းရမည်မှန်း နင်အာမတွေးတတ်ပါတော့ချေ ။ ဆုတောင်းခဲ့ပြီးဖြစ်သော ဆုတောင်းလေးခုမှာ သူမနှင့်မသက်ဆိုင်သော်လည်း ပုံမှန်အားဖြင့် နောက်ဆုံးသောဆုတောင်းအား သူမကိုယ်တိုင်အတွက်ဆုတောင်းလေ့ရှိခဲ့၏ ။
သို့သော်လည်း ဤနှစ်အတွက်မူ ဆုတောင်းအား သူမအတွက်အရေးပါသည့် တစ်စုံတစ်ယောက်အတွက်ပေးချင်မိလေသည် ။
" ငါးခုမြောက်ဆုတောင်းကတော့ ပိုင်ကောရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေအမှန်တကယ်အကောင်အထည်ပေါ်ပြီး ဘ၀တစ်လျှောက်လုံးဘေးအန္ဒရာယ်ဆိုးတွေမကြုံတွေ့ရပါစေနဲ့ ... အသက်ရှည်ရှည်ကျန်းကျန်းမာမာသားသမီးမြေးမြစ်တွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေ "
ထိုအချိန်မှာပင် တံခါးပွင့်သွားပြီး တစ်ကိုယ်လုံးတွင်နှင်းများဖုံးအုပ်နေသည့် ပိုင်ကျိုး၀င်လာလေ၏ ။ နင်အာက ညအိပ်၀တ်ရုံကိုသာ၀တ်ဆင်ထားသောကြောင့် လေအေးများကိုခံစားမိသည်နှင့် ကြက်သီးတဖြန်းဖြန်းထသွားရ၏ ။
" ပိုင်ကောလား "
" အင်း "
ပိုင်ကျိုးက နင်အာအား ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ
" ဒီလောက်အေးနေတာကို ဘာလို့ပါးပါးလေးပဲ၀တ်ထားရတာလဲ "
နင်အာက ပြုံး၍
" အိမ်ထဲမှာက သိပ်မအေးပါဘူး "
အိမ်ထဲတွင် မီးလင်းဖိုရှိသော်လည်း အပူချိန်မှာမူ အပြင်ဘက်နှင့်ထူးမခြားနားပင်ဖြစ်၏ ။ ပိုင်ကျိုးက နင်အာ၏ နဖူးကိုလက်ဖြင့်စမ်း၍ သူမ၏ ကိုယ်ပူချိန်ပုံမှန်ဖြစ်ကြောင်းသေချာအောင်စစ်ဆေးလိုက်သည် ။ နင်အာက ပြန်ထိုင်၍ ခေါက်ဆွဲတစ်လုတ်ကိုပလုပ်ပလောင်စားလိုက်ကာ
" ပိုင်ကော ထမင်းစားပြီးပြီလား "
" စားပြီးပြီ "
" အပြင်မှာဒီလောက်တောင်နှင်းကျနေတာကို ဘာလို့နှင်းတောထဲကနေ ကျွန်မဆီလာတွေ့ရတာလဲ ကျွန်မကိုလွမ်းလို့လား "
ပိုင်ကျိုးက သူမကိုပြန်ကြည့်ကာ
" မလွမ်းပါဘူး "
🐳