#lady
Chapter ( 17 )
နင်အာက ခေါက်ဆွဲပန်းကန်ကိုအမြန်လက်စသတ်ကာစားလိုက်ပြီးနောက် ရေသောက်လိုက်ကာ
" ကျွန်မ ပန်းကန်တွေသွားဆေးမလို့ ပိုင်ကော အေးအေးဆေးဆေးနေနော် "
" အင်း "
နင်အာအတွက်မူ အိပ်ရာမ၀င်ခင်ရေချိုးရန်မှာ အလွန်ရေးကြီးသောကိစ္စဖြစ်၏ ။ နေပူသည်ဖြစ်စေမိုးရွာသည်ဖြစ်စေ ဆောင်းတွင်းအေးခဲေနသည့်တိုင် ရေမချိုးရလျှင်ကောင်းကောင်းအိပ်မပျော်ပေ ။ တောင်ပေါ်ရှိနင်အာရေချိုးနေကျရေကန်ငယ်လေးမှာ ဆောင်းတွင်ဘက်တွင်ခဲမသွားသော်ငြား ရေများကအလွန်အေးစက်နေဆဲဖြစ်သည် ။
နင်အာက ရေထဲသို့ဆင်းကာစိမ်လိုက်ပြီေနာက်မျက်လုံးမှိတ်လိုက်လေသည် ။ သူမခန္ဓာကိုယ်မှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကာ အရှင်ရုံလုပ်ကြံထားသည့်အဆိပ်များကိုလည်း ဖြေရှင်းကုသပြီးဖြစ်သည် ။ အကယ်၍ သာ အရှင်ရုံ၏ ရှေ့တွင်သူမရုတ်တရက်ပေါ်လာမည်ဆိုပါက ထိုသူအတော်လေးထိတ်လန့်သွားလောက်မည် ။ ကြောက်သွားမည့် မျက်နှာပေးကိုတွေး၍ နင်အာမှာ အားရပါးရရယ်မောမိလေသည် ။
သို့သော်လည်း သူမရယ်မောလိုက်သောအခါ မျက်နှာပေါ်တွင် တင်ကျန်နေသောရေမှုန်များက နှင်းပွင့်များအသွင်အေးခဲသွားလေ၏ ။ သိပ်မဝေးလှသောနေရာမှ ပိုင်ကျိုးက လက်နောက်ပစ်လျှက်ဖြည်းဖြည်းချင်းလျှောက်လာမေးလိုက်သည် ။
" မင်းဘာတွေလုပ်နေတာလဲ "
နင်အာ : "..."
" ရေချိုးနေတာလေ ... ပိုင်ကောရော အိပ်ခါနီးရေမချိုးဘူးလား "
ပိုင်ကျိုးက ရေကန်ကိုတစ်ချက်ကြည့်ပြီးနောက် ရေထဲသို့လက်နှစ်ကာရေအပူချိန်ကိုစမ်းသပ်လိုက်သည် ။ သူ၏ မျက်နှာထားမှာမပြောင်းလဲသော်လည်း နင်အာကတစ်ခုခုမူမမှန်ကြောင်းသတိထားမိသွား၍ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ
" ကျွန်မ အအေးမကြောက်ပါဘူး "
ပိုင်ကျိုးနှင့်အတူအိမ်ထဲသို့ပြန်၀င်လာရင်း နင်အာက အတွင်းအားကိုအသုံးပြုကာသူမ၏ ခန္ဒာကိုယ်နှင့် ဆံပင်များကိုခြောက်သွေ့သွားအောင်ပြုလုပ်လိုက်သည် ။ ထို့နောက် ပိုင်ကျိုးအား ပြုံးပြကာ
" ကျွန်မ သိုင်းကျင့်ဖူးတယ်လေ ... အရည်အချင်းကမဆိုးဘူးလို့တောင်ပြောလို့ရတယ် ... ပိုင်ကော မိန်းကလေးတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကာကွယ်ဖို့ သိုင်းတစ်ကွက်လောက်တော့တတ်ထားသင့်တယ် "
နန်ကျိုးပြည်နယ်တွင် အမျိုးသမီးများလည်းသိုင်းလေ့ကျင့်လေ့ရှိကြောင်းပိုင်ကျိုး သိထားပြီးဖြစ်သည် ။ နင်အာက ရုတ်တရက်ပိုင်ကျိုး၏ လက်ကိုဆွဲဖက်၍
" ၀ါး ... ပိုင်ကောရဲ့ လက်မောင်းကနွေးလိုက်တာ ဒီည ကျွန်မရဲ့အိပ်ရာကိုနွေးထွေးအောင်လုပ်ပေးမယ်မလားဟင် "
အလွန်နီးကပ်နေသဖြင့် နင်အာ၏ ကိုယ်သင်းရနံ့လေးကိုပင်ခံစား၍ရနေ၏ ။ သူမ၏ ရနံ့လေးမှာပြင်းရှခြင်းမရှိဘဲ သိမ်မွေ့ကာဆွဲဆောင်မှုရှိလှသဖြင့် ပိုင်ကျိုးတစ်ကိုယ်လုံးတောင့်တင်းသွားရသည် ။
" ငါ့ကိုလာမထိနဲ့ "
နင်အာက ပိုင်ကျိုးအားမော့ကြည့်ကာ "
" တကယ်ကြီး ကျွန်မထိတာကိုမခံချင်တာလား "
သူမ၏ မျက်နှာသွင်ပြင်အချိုးအစားမှာအလွန်လှပသည့်အပြင် မျက်၀န်းများမှာ ကြည်လင်တောက်ပနေကာ နှုတ်ခမ်းပါးများကမူပန်းနုရောင်သမ်းနေ၏ ။ ပိုင်ကျိုး၏ ဘ၀တစ်သက်တာလုံးတွင် သူမကဲ့သို့လှပသောအမျိုးသမီးမမြင်ဖူးခဲ့ပါချေ ။
ဤမိန်းကလေး၏ ပါးစပ်မှထွက်သမျှတစ်၀က်လောက်သည်အလိမ်အညာများဖြစ်ကြောင်းသိနေသည့်အပြင် မရိုးသားကြောင်း ရှင်းရှင်းလင်းလင်းကြီးမြင်ပါသော်လည်း ထိုအလိမ်အညာများကိုသာစွဲလမ်းနေမိသည် ။
သူမအား တစ်ကြိမ်ပြီးတစ်ကြိမ်ကာကွယ်အလိုလိုက်ပေးနေမိ၏ ။ ပိုင်ကျိုး၏ လည်စေ့မှာအထက်အောက်နှစ်ကြိမ်လှုပ်ရှားသွားပြီးနောက် အသံအက်အက်ဖြင့်ပြောလိုက်သည် ။
" အိပ်တော့ "
ပိုင်ကျိုးက နင်အာအား အိပ်ရာပေါ်သို့ချီခေါ်သွားလေ၏ ။ အိပ်ရာနွေးသွားသည့်အချိန်အထိစောင့်ပြီးမှသာ ပိုင်ကျိုးက သူမအားအိပ်စက်စေလေသည် ။ နင်အာမှာ အိပ်မပျော်သဖြင့် ပိုင်ကျိုး၏ စောင်စကိုဆွဲ၍
" ပိုင်ကော ဘာလို့ အခုအချိန်ထိအိမ်ထောင်မပြုသေးတာလဲဟင် "
" ငါမလုပ်ချင်လို့ "
" အိုး ..."
နင််အာက ပိုင်ကျိုး၏ မေးစေ့ကိုလက်ညိုးဖြင့်ခက်ဖွဖွပွတ်ဆွဲကာ
" ကျွန်မ ကောကို လက်ထပ်ပြီးကောအတွက်ကလေးတွေမွေးပေးချင်တယ် "
ပိုင်ကျိုးက သူမ၏လက်ကိုပုတ်ထုတ်၍
" အရှက်မရှိလိုက်တာ "
နင်အာ : "..."
ပိုင်ကျိုး၏ ဘက်မှရှက်ကာရှောင်ဖယ်လေ နင်အာက ပို၍စနောက်ချင်လေဖြစ်သည် ။ အမှန်အတိုင်းပြောရမည်ဆိုလျှင် သူမလည်းဤအသက်အရွယ်သို့ရောက်သည့်တိုင် အမှန်တကယ်သဘောကျသောအမျိုးသားကိုမတွေ့သေးပေ ။ ယွမ်ဖန်ကို ၀မ်းကွဲတစ်ယောက်အဖြစ်မှတ်ယူထားပြီး စုကျိုကိုမူ အစ်ကိုတစ်ယောက်ကဲ့သို့သာသဘောထားခြင်းဖြစ်သည် ။ မည်သူ့ကိုမျှ သူမ၏ အိမ်ထောင်ဖက်အဖြစ်မတွေးခဲ့ဖူးချေ ။
နင်အာက သူမကိုယ်သူမ ချီးမွမ်းခန်းဖွင့်၍
" ပိုင်ကော ... ကျွန်မကအရမ်းလှပြီးနာခံတတ်ပါတယ် ... ပိုင်ကော ကျွန်မကိုအရှေ့ဘက်ကိုသွားလို့ပြောရင် ကျွန်မလုံး၀အနောက်ဘက်ကိုသွားမှာမဟုတ်ပါဘူး ... ကောသာကျွန်မကိုလက်ထပ်မယ်ဆို ကောမနစ်နာစေရဘူးလို့ အာမခံတယ် "
ပိုင်ကျိုးက အေးစက်စက်လေသံဖြင့်
" စကားနားထောင်ပြီး... နာခံတတ်တယ်... "
နင်အာက ပိုင်ကျိုး၏ နှုတ်ခမ်းများကိုထိရန်ကြိုးစားကာ
" အင်း ... အရမ်းကိုအပြုအမူကောင်းပြီးနာခံတတ်တာ"
သူမ၏ ခါးသိမ်သိမ်မှာ ရုတ်တရက် ပိုင်ကျိုး၏ ဆွဲဖက်ခြင်းကိုခံလိုက်ရသည် ။ ယောက်ျားတစ်ဦးဖြစ်သဖြင့် ပွေ့ဖက်မှုတွင်ပင်အားပါသောကြောင့် နင်အာမှာ မရုန်းကန်နိုင်ဘဲ လဲကျသွားရ၏ ။
" အားနည်းတယ် ... ရုပ်ဆိုးပြီး ဟန်ဆောင်တတ်သေး ... မင်းလိုမိန်းကလေးမျိုးမလိုချင်ပါဘူး "
ပိုင်ကျိုးက သူမ ထမရစေရန်လက်ဖြင့်ဖိထားလိုက်ကာ
" ပေါက်ကရတွေလျှောက်ပြောမနေဘဲအိပ်တော့ "
နင်အာမှာ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျဆင်းလာတော့၏ ။
" တကယ်ကြီးရုပ်ဆိုးလို့လား "
ပိုင်ကျိုးက သူမ၏ ပေါက်ကရစကားများကိုလျစ်လျှူရှုထားလိုက်သည် ။ ထို့နောက် ပိုင်ကျိုး၏ လက်တစ်ဖက်ပေါ်တွင် ခေါင်းအုံးကာရေရွတ်လာ၏ ။
" ပိုင်ကျိုး ... အရူးကောင် "
ပိုင်ကျိုးက သူမ၏ ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်သည်။
" စကားမပြောနဲ့တော့ "
သူမသာစကားပြောရင်း ထပ်လှုပ်ရှားနေဦးမည်ဆိုလျှင် သူအမှန်ပင် ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ ။
…
ဓားရှည်တစ်လက်မှဓားသွားမှာနေရောင်အောက်တွင်တလက်လက်တောက်ပကာ ပျံ၀ဲသွားလျှက်နှင်းပုံထဲတွင်စိုက်၍သွား၏ ။ တဖွဲဖွဲကျနေသည့်နှင်းမှုန်များကြားထဲရှိဓားရှည်မှာ အလွန်မျက်စိပသာဒဖြစ်လှသည်။
မြေပြင်ပေါ်၌မူ လဲကျသွားသောလူရုပ်တစ်ရုပ်ရှိနေပြီး လည်ပင်းရှိဓားဒဏ်ရာမှာ သပ်ရပ်လှပစွာတိတိကျကျဖြတ်သွားသောဓားရှည်ကြောင့်ဖြစ်ပေါ်လာသောဒဏ်ရာဖြစ်၏ ။ လူရုပ်တုတစ်ခုဖြစ်သဖြင့် ဒဏ်ရာမှသွေးထွက်လာခြင်းမရှိဘဲ ပြတ်ရှရာကြီးကိုထင်ထင်ရှားရှားမြင်နေရလေသည် ။
ထိုသိုင်းကွက်တစ်ကွက်မှာ ကောင်းကင်ယံကလယဥ်စွန်းချိန် ဖြစ်ပြီး သူကိုယ်တိုင်အိမ်ရှေ့စံအားသင်ပေးခဲ့သည့်သိုင်းကွက်လည်းဖြစ်သည် ။
စုဟွမ်က မျက်ခုံးပင့်၍
" ဒုတိယဦးလေး ဧကရာဇ်ဒီနေ့စိတ်အခြေအနေမကောင်းဘူးလို့ကြားတယ် ... ဧကရီက ဦးလေးကို ဧကရာဇ် စိတ်ငြိမ်သွားစေဖို့အတွက် စကားပြောဖော်လုပ်ပေးစေချင်နေတယ် "
စုကျိုက အေးတိအေးစက်ဖြင့်
" အင်း "
" အခုလေးတင် ဧကရီရဲ့အထိန်းတော်အိုကြီးတစ်ယောက်ဆီကကြားခဲ့တာ ဧကရာဇ်ကအခုထိသူမကိုအရေးမပေးသေးလို့ ဖန်ခွက်နဲ့ကြွေထည်တော်တော်များများကိုပေါက်ခွဲပစ်လိုက်တယ်ဆိုပဲ "
စုကျိုက အစေခံများထံမှ ဖြူဖွေးသန့်စင်သောမြေခွေးသားမွှေး၀တ်ရုံကိုလှမ်းယူကာ၀တ်ဆင်လိုက်သည် ။
" ငါ့မှာလုပ်စရာရှိသေးလို့ အပြင်ကိုရက်တော်တော်ကြာခရီးထွက်ရမယ် "
စုဟွမ်က စုကျို၏ နောက်မှခြေလှမ်းသေးသေးလေးများဖြင့်လိုက်လာရင်း
" ဒုတိယဦးလေး မြို့တော်ကနေထပ်ထွက်သွားလို့မဖြစ်ဘူး ... အဲဒီနေ့ပဲ အိမ်ရှေ့စံကြောင့် အရှင်ရုံထိခိုက်သွားတော့ ဧကရီနဲ့ တော်၀င်ကိုယ်လုပ်တော်တို့ရဲ့ကြားကတိုက်ပွဲကပိုပြီးပြင်းထန်လာနေပြီ ..."
စုကျို မြင်းပေါ်သို့တက်ကာ အိမ်တံခါး၀မှထွက်သွားသည့်အချိန်တွင် စုဟွမ်တစ်ယောက်သာတံခါး၀တွင် သက်ပြင်းချလျှက်ရပ်ကာကျန်နေခဲ့လေသည် ။
…
နောက်တစ်နေ့တွင်မူ နင်အာက ပိုင်ကျိုး အလွန်အလုပ်များနေသည်ကိုအခွင့်ကောင်းယူကာ မြည်းပုလေးကိုစီး၍ တောင်ပေါ်မှဆင်းလာလေသည် ။ ထို့နောက် ပထမဆုံးအနေဖြင့် လုဇီထံသွားရောက်၍ ထိုအမျိုးသမီးအား လက်စားချေသည့်အနေဖြင့် ကြိုးတုပ်ကာအကြိမ်အနည်းငယ်ခန့်ရိုက်နှက်လေ၏ ။
လက်စားချေရမည့်ကိစ္စကို ခွင့်လွှတ်၍ ကျော်ခွသွားသည်မှာ နင်အာ၏ ပုံစံမဟုတ်ပါချေ ။
လမ်း၌ မြင်းကောင်းတစ်ကောင်ကို၀ယ်ယူခဲ့လေသည် ။ နန်ကျိုးပြည်နယ် နယ်စပ်စစ်သည်များ၏ အမူအကျင့်များကိုသိသဖြင့် ခိုး၀င်ရာ၌အလွန်လွယ်ကူ၏ ။
ပိုင်ကျိုး နင်အာနှင့်တွေ့သည်အချိန်တိုင်းတွင် သူမအမြဲပြောသည့်စကားမှာ ' ပိုင်ကောကို လက်ထပ်ပြီး ပိုင်ကောအတွက်ကလေးတွေ မွေးပေးမယ် ' ဟုသာဖြစ်သောကြောင့် ထိုစကားအား ပိုင်ကျိုး၏ နားထဲတွင်ထပ်တလဲလဲကြားနေမိသည် ။
နှစ်ပေါင်းများစွာကြာသည့်တိုင် ပိုင်ကျိုးအား ထိုကဲ့သို့သောလေသံမျိုးဖြင့် မြှူစွယ်ဖျားယောင်းရဲသောမိန်းမမျိုးမရှိခဲ့ချေ ။ သို့သော် နင်အာကမူအရှက်ရှိပုံမရဘဲ သူ့အားလက်ထပ်ချင်ကြောင်းကိုသာတဖွဖွပြောနေတတ်၏ ။ သူမ၏စကားများကြောင့် ပိုင်ကျိုး ကိုယ်တိုင်ပင် မိန်းမယူချိန်တန်ပြီဖြစ်ကြောင်းတွေးမိလာသည်အထိပင် ။
ညနေခင်းအချိန်၌ နင်အာ အားတွေ့ရန်တောင်ပေါ်အိမ်လေးသို့ပိုင်ကျိုးသွားသောအခါ အိမ်ထဲတွင်မည်သူမျှရှိမနေသည့်အပြင် မြည်းပုလေးကိုလည်းမတွေ့ရပေ ။ ပုံမှန်ကဲ့သို့ သူမတောင်ခြေမြို့လေးတွင် လျှောက်လည်နေသည်ဟုသာထင်မှတ်၍ ထိုင်စောင့်နေခဲ့သော်လည်း သူမကမူတစ်ညလုံးပြန်မလာချေ ။
နောက်တစ်နေ့၌ ပိုင်ကျိုးက နင်အာအားရှာရန် ချူစံအိမ်သို့ထွက်လာလေသည် ။ သူ၏ အတွေးမှာရိုးရှင်းလှပြီး တောင်ပေါ်အိမ်လေးတွင်မရှိလျှင် နင်အာလာစရာရှိသည်မှာ ချူစံအိမ်တစ်ခုသာရှိ၏ ။ ပိုင်ကျိုး ချူစံအိမ်သို့ရောက်သောအခါ တွေ့လိုက်ရသူမှာ နင်အာ မဟုတ်ဘဲ တစ်ကိုယ်လုံးဒဏ်ရာများဖြင့်ပြည့်နေသည့် လုဇီသာဖြစ်သည် ။
ပိုင်ကျိုးက သူ၏ မြင်ကွင်းအတွင်းမှနင်အာ ပျောက်သွားသဖြင့် စိတ်မကြည်မသာဖြစ်နေသည့်အပြင် သူမအားရှာမတွေ့သဖြင့် အနည်းငယ်လည်းဒေါသထွက်နေလေ၏ ။ ထိုအချိန်တွင် လုဇီက နင်အာအား ' အရှက်မရှိ ရိုင်းစိုင်း ' သောမိန်းကလေးဟု ပြစ်တင်ပြောဆိုလာသဖြင့် ပိုင်ကျိုး တစ်ကိုယ်လုံးမှလူသတ်ချင်စိတ်များတငွေ့ငွေ့ထွက်ပေါ်နေလေသည် ။
သူကသာ နင်အာကို အရှက်မရှိသည့်မိန်းမဟူ၍ ပြောဆိုဝေဖန်မည်ဖြစ်ပြီး အခြားသူများက သူမအားအပြစ်တင်ပြောဆိုခြင်းကိုမူ လက်မခံနိုင်ပေ ။ သူမ မည်မျှပင်ဆိုးရွားသည့်မိန်းကလေးတစ်ဦးဖြစ်ပါစေ အခြားသူများကသူမကိုအနိုင်ကျင့်ခွင့်တော့ပြုမည်မဟုတ်ပေ ။
ပိုင်ကျိုးက လုဇီအား ရွံရှာစွာကြည့်၍
" အဲဒီတုန်းက အပ်စိုက်တာကအသုံးမ၀င်မှန်းသိသိကြီးနဲ့ မင်းသူမကိုနာကျင်အောင်လုပ်ခဲ့တာလေ ... အခုသူမကလက်စားပြန်ချေတော့မင်းလုပ်တဲ့ဒဏ်ကိုသေချာပေါက်မင်းခံရမှာပေါ့ "
လုဇီ၏ မျက်နှာတစ်ခုလုံးဖြူဖျော့သွား၏ ။ ပိုင်ကျိုးက သူမအား စံအိမ်မှနှင်ထုတ်လိုက်ပြီးနောက် စစ်သည်များစွာခေါ်၍ နင်အာကိုရှာရန်ထွက်သွားလေသည် ။
🐳