#lady
Chapter ( 18 )
မြောက်ပြန်လေကြောင့် နင်အာ၏ ခပ်မြင့်မြင့်စီးနှောင်ထားသောဆံနွယ်များလူးလွန့်သွားရသည် ။ အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ၀တ်ရုံစမှာလည်း လေကြောင့်လှုပ်ယမ်းနေသည် ။ ညနေစောင်းချိန်တွင် တည်းခိုခန်းတစ်ခုသို့ရောက်၏ ။ နင်အာက စားပွဲပေါ်သို့ငွေထုပ်ကိုပစ်တင်လိုက်ပြီးနောက် အခန်းတစ်ခန်းပေးရန်တောင်းဆိုလိုက်သည် ။
ထို့နောက် ဧည့်ကြိုလေး၏ လမ်းညွှန်မှုနှင့်အတူ ဒုတိယထပ်ရှိ သူမ၏အခန်းသို့တက်လာလိုက်၏ ။ မိုင်ပေါင်းများစွာ ခရီးနှင်လာရသည်ဖြစ်၏ နင်အာ၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါအလွန်ပင်ပန်းနေပြီဖြစ်သည် ။
အခန်းထဲသို့ဝင်ကာ သူမက ရေချိုးပြီးနောက် ၀တ်ရုံအသစ်ကိုလဲလှယ်ဝတ်ဆင်လိုက်၍ အိပ်ရန်ပြင်လိုက်၏ ။ ထို့နောက် အိပ်မက်ရှည်ကြီးတစ်ခုမက်လေသည် ။
သူမ၏ အိပ်မက်အတွင်း၌ တံတိုင်းကိုးထပ်ကာရံထားသော သူမမလွတ်မြောက်နိုင်သည့် နန်းတော်ကြီးနှင့် ရန်သူသဖွယ်သူမအားအမြဲအေးစက်စက်သာစိုက်ကြည့်တတ်သော မယ်တော်မိဖုရားကြီးတို့ပြောခဲ့သောစကားများကိုထပ်ခါထပ်ခါပြန်လည်ကြားယောင်နေ၏ ။ ထို့နောက် စုကျို ၊ အရှင်ရုံ နှင့် ယွမ်ဖန်တို့ကိုလည်းမြင်မက်လေသည် ။
ယွမ်ဖန်က သူမနှင့်အတူတူကြီးပြင်းလာသူဖြစ်ပြီး ယခုသူမရရှိထားသောလွတ်လပ်မှုသည်လည်း ယွမ်ဖန်ပေးထားခြင်းဖြစ်၏ ။ အရှင်ရုံနှင့် နင်အာမှာ ငယ်စဉ်ကတည်းကအသည်းထဲအူထဲမှလှိုက်လှိုက်လှဲလှဲမုန်းတီးနေကြသည့်ရန်သူများဖြစ်ပြီး မျက်နှာချင်းဆိုင်လိုက်သည်နှင့် ထသတ်ကြသည်ပင် ။
အမှန်တိုင်းပြောရမည်ဆိုလျှင် စုကျိုမှာ နင်အာ၏ ဆရာတစ်ဉီးပင် ။ သူမအား စာရေးစာဖတ်ကိစ္စများအပြင် လက်အောက်ငယ်သားများအပေါ်မည်သို့ထိန်းချုပ်ရမည်ကိုပင်သင်ကြားပေးခဲ့သည် ။
နင်အာပထမဆုံးအကြိမ် မင်းသမီးတစ်ပါးအဖြစ်ရာထူးအပ်နှင်းခံရသည့်အချိန်တွင် ဘ၀တစ်သက်တာလုံးထမ်းထားခဲ့ရသည့်လေးလံမှုကြီးမှာ ပို၍ကြီးမားလာလေသည် ။
…
လွန်ခဲ့သောခြောက်နှစ် ...
ထိုအချိန်က ဧကရီစုအပြင် စုမိသားစုတစ်ခုလုံးမှာ ဧကရာဇ်၏ ပစ်မှတ်ထားခြင်းကိုခံနေရပြီး စွဲချက်အမျိုးမျိုးနှင့် ရင်ဆိုင်နေရချိန်ဖြစ်၏ ။ ရုတ်တရက်ပင် ဧကရီလည်းတိုက်တိုက်ဆိုင်ဆိုင်ကိုယ်ဝန်ရှိလာသည် ။ စုကျိုက အသက်ဆယ်နှစ်သာရှိသေးပြီး ယခုလက်ရှိစုဟွမ်ထက်ပင် ငယ်ရွယ်၏ ။
ငယ်စဉ်ကတည်းကပင် အလွန်အန္ဓာရာယ်များသောအခြေအနေထဲတွင်ကျရောက်နေသည့် စုမိသားစု၏ ကံကြမ္မာကိုပြောင်းပြန်လှန်ကာ မျှော်လင့်ချက်ရောင်ခြည်သမ်းစေခဲ့သည် ။
ချင်ထန်ကျန်း အား စုမိသားစုကငွေအမြောက်အမြားဖြင့်လာဘ်ထိုးထား၏ ။ ကောင်းကင်ယံကိုမော့ကြည့်ရင်းဖြင့် ကြယ်တာရာများကိုတွက်ချက်ကြည့်သောအခါ ဧကရီ၏ ကိုယ်ဝန်မှာ သားယောက်ျားလေးတစ်ယောက်ဖြစ်ကြောင်းသေချာသွားသည် ။ ထို့ကြောင့် အစီအစဉ်တစ်ခုကိုအမြန်စေ့စေ့စပ်စပ်စီစဉ်တော့၏ ။
ဧကရီမှာ အအေးနန်းဆောင်အတွင်းပြစ်ဒဏ်ကျခံနေရာမှ အချိန်တိုအတွင်းပြန်လည်လွတ်မြောက်လာပြီး ဧကရာဇ်အား သူမကိုယ်၀န်မရမှီမက်မြင်ခဲ့သော အိပ်မက်အကြောင်းပြောပြလာ၏ ။
ရုတ်တရက်ပင် မြို့တော်အတွင်း၌ အမျိုးမျိုးသောခန့်မှန်းပြောဆိုချက်များထွက်ပေါ်လာ၏ ။
နန်ကျိုးပြည်နယ်မှာ ကံကြမ္မာနှင့်အတိတ်နိမိတ်ကိုယုံကြည်သက်၀င်သူများဖြစ်ကြ၏ ။ ဧကရာဇ်မှာ ဧကရီစုထက် ကိုယ်လုပ်တော်ကိုသာပိုမိုချစ်မြတ်နိုးသူဖြစ်သည် ။ ပို၍သာလွန်သောအချက်မှာ ထိုကိုယ်လုပ်တော်ကသားတော်တစ်ပါးမွေးဖွားထားပြီး မင်သားငယ်လေးမွေးဖွားချိန်တွင် နန်းတော်ထက်မှ သိမ်းငှက်များဖြတ်ပျံသွားခဲ့၏ ။ ဧကရာဇ်၏ မျိုးရိုးအမည်ဖြစ်သော ရှုမိသားစု၏ ကိုယ်စားပြုသတ္တ၀ါမှာ သိမ်းငှက်ဖြစ်သည့်အပြင် ထိုသားတော်လေးမှာ မွေးဖွားစဥ်ကတည်းကအလွန်ချောမောမျက်နှာချိုသည် ။ မင်းသားလေးမွေးဖွားစဥ်ကတည်းကပင် ဧကရာဇ်၏ အချစ်များကို သိမ်းကျုံးယူထားခဲ့သည် ။
သို့သော် ကိုးလကြာမြင့်သောအခါ အိမ်ရှေ့စံမမွေးဖွားခင်အချိန်တွင် စုကျိုက ထူးဆန်းသောမျက်လှည့်ပညာတတ်သည့်လူစိမ်းအမျိုးသားတစ်ဦးအား မင်းသားငယ်လေးမွေးဖွားသည့်အချိန်အတိအကျတွင် ရွှေရောင်နဂါးတစ်ကောင် မင်းသားငယ်လေးထံပျံ၀ဲသွားစေရန်စီမံခဲ့၏ ။
မြို့တော်တစ်ခုလုံးအံ့သြမှင်သက်သွားရသည် ။
ထိုကိစ္စဆောင်ရွက်ပြီးနောက် စုကျိုက ထူးဆန်းသောအမျိုးသားအား လက်စဖျောက်ပစ်လိုက်လေသည် ။
သို့ရာတွင် မည်သူမျှမထင်မှတ်ထားသည့်မတော်တဆဖြစ်ရပ်တစ်ခုမှာ ဧကရီမွေးဖွားလာခဲ့သည့်ကလေးမှာ မိန်းကလေးတစ်ဦးဖြစ်နေ၏ ။
ဧကရီမီးဖွားနေစဥ်ကာလအတွင်း ပြုစုစောင့်ရှောက်သောအပျိုတော် ၊ ၀မ်းဆွဲများသာမက အစေခံလေးများကပါ စုမိသားစုမှလူယုံများဖြစ်ကြသည် ။ ထို့ကြောင့် အကုန်လုံးက ယောက်ျားလေးမွေးဖွားသည်ဟုသာလိမ်ညာပြောဆိုခဲ့ကြပြီး နောက်တစ်နေ့နံနက်သို့ရောက်သောအခါ စုကျိုက အခြားသောယောကျ်ားလေးတစ်ဦးနှင့် အစားထိုးလိုက်၏ ။
ဧကရာဇ်က ရွှေရောင်နဂါးကြီးတစ်ကောင်ပျံ၀ဲလာသည့်ပုံရိပ်အတွင်းနစ်မြုပ်နေဆဲဖြစ်သည့်အပြင် နန်ကျိုးပြည်နယ်တစ်ခုလုံးသည်လည်း ထိုအကြောင်းကိုသာဆွေးနွေးပြောဆိုနေကြ၏ ။ ဧကရီ သားတော်လေးတစ်ယောက်မွေးဖွားကြောင်းကြားသောအခါ မွေးကင်းစကလေးငယ်လေးအားချက်ချင်းလက်ငင်းပင်အိမ်ရှေ့စံအဖြစ်ရာထူးပေးအပ်လိုက်တော့သည် ။
ထိုနေ့မှစ၍ စုကျိုက ထိုအကြောင်းကိုသိသူများအားလုံးကိုဖြည်းဖြည်းချင်းနှုတ်ပိတ်ခဲ့သောကြောင့် နောက်ဆုံး၌ စုကျိုနှင့် ဧကရီတို့နှစ်ယောက်သာ မွေးဖွားခဲ့သောကလေးသည်မိန်းကလေးဖြစ်ကြောင်းသိကြတော့၏ ။ နှစ်အနည်းငယ်ကြာသောအခါ စုကျိုက စုမိသားစု၏ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး အိမ်ရှေ့စံ၏ဆရာတစ်ဦးလည်းဖြစ်လာခဲ့သည် ။
ဧကရီမွေးဖွားခဲ့သည့် ဖုံးကွယ်ထားသောမင်းသမီးလေးအား ရှုနင်ယု ဟုအမည်ပေးခဲ့ပြီး ရှုနန်ကျိုး ( အရှင်ရုံ ) ၊ အိမ်ရှေ့စံတို့နှင့်တန်းတူ စာပေပညာသာမက ကိုယ်ခံပညာကိုပါသင်ကြားပေးခဲ့သည် ။
ဤသို့ဖြင့် ရှုနင်ယု ( နင်အာ ) လေးမှာ ငယ်စဥ်ကတည်းကသရုပ်မှန်ကိုဖုံးကွယ်ရှင်သန်ခဲ့ရသည့်အပြင် သူမရသင့်ရထိုက်သော လွတ်လပ်ခွင့်များကိုပါဆုံးရှုံးခဲ့ရသည် ။ နှစ်၀က်ကြာက ဖြစ်ပျက်ခဲ့သည့်မတော်တဆမှုတွင်း အိမ်ရှေ့စံအားအရှင်ရုံ၏ လုပ်ကြံမှုကြောင့် ကြားထဲမှ နင်အာက အခွင့်ကောင်းယူကာလွတ်မြောက်ရန်ကြံစည်ခဲ့၏ ။
ယွမ်မိသားစုမှာ ယွမ်ဖန်နှင့် ရှုနင်ယု ( နင်အာ ) တို့မှာ ငယ်စဥ်ကတည်းက အတူတူကြီးပြင်းလာကြသူများဖြစ်သည် ။ နင်အာ၏ သရုပ်မှန်မှာ ဖုံးကွယ်ခံထားရသည့်အပြင် လုပ်ကြံဖန်တီးထားသောနောက်ခံတစ်ခုဖြစ်သဖြင့် မကြာခဏဆိုသလို နင်အာက ယွမ်ဖန်အယောင်ဆောင်၍ အပြင်ခိုးထွက်လေ့ရှိ၏ ။
မူလက ဧကရီနှင့်စုကျို တို့၏အကြံအစည်မှာ နင်အာအား ယွမ်ဖန်၏ ကိုယ်ရေးရာဇ၀င်အတုဖြင့် ဟန်ဆောင်ထားသောအိမ်ရှေ့စံနှင့် လက်ထပ်စေလိုခြင်းဖြစ်သည် ။ နင်အာက ထိုအကြံအစည်ကိုလက်မခံနိုင်သောကြောင့် သူမထွက်ပြေးလွတ်မြောက်သွားစေရန်အတွက် ယွမ်ဖန်က သူမနေရာတွင်ဟန်ဆောင်ကာကူညီပေးခဲ့ခြင်းဖြစ်၏ ။
ထို့နောက် ရှုနန်ယု ကရေထဲပြုတ်ကျသွားပြီး ပိုင်ကျိုး၏ ကယ်ဆယ်ခြင်းကိုခံလိုက်ရလေသည် ။
…
ပိုင်ကျိုးနှင့်အတူ နေထိုင်ခဲ့ရသော နှစ်၀က်စာကာလအတွင်းမှာ ရှုနင်ယု အတွက်မူလှပသောအိပ်မက်လေးတစ်ခုကဲ့သို့ပင် ။
ထိုအိပ်မက်လေးထဲ၌ သူမ၏ ဘ၀မှန်ကိုရရှိခဲ့ပြီး သာမန်ဆိုးသွမ်းသောမိန်းကလေးတစ်ဦးကဲ့သို့ပင် ဆိုးနွဲ့ငိုယိုကာ သူမစိတ်ရှိတိုင်းပြုမူနေထိုင်နိုင်၏ ။ သူမ၏ စိတ်ခံစားချက်များကိုလည်းထိန်းချုပ်ထားစရာမလိုပေ ။
သို့သော်လည်း အိပ်မက်များမှာ တစ်နေ့တွင်နိုးထရစမြဲပင် ။
နောက်တစ်နေ့ သူမနိုးလာသောအခါ နေ့လည်သို့ပင်ရောက်နေပြီဖြစ်သည် ။ ထို့နောက်စာတစ်စောင်ရေး၍ ရှင်းကျိုပြည်နယ်တရားရေးဌာနသို့ ဧည့်ကြိုလေးအားပို့ခိုင်းလိုက်၏ ။
ရှင်းကျို တရားစီရင်ရေးရုံးမှာ ထိုဒေသအတွင်း အကြီးဆုံးတရားစီရင်ရေးနှင့်အုပ်ချုပ်ရေးမှုးရုံးဖြစ်၏ ။ သာမန်လူများထိုနေရာသို့လွယ်ကူစွာ၀င်ထွက်သွားလာရန်မဖြစ်နိုင်ပေ ။ အစ၌ ဧည့်ကြိုလေးကနင်အာ နောက်နေသည်ဟုထင်မိသော်လည်း နင်အာ၏ မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်မိလိုက်သောအခါ အလွန်အံ့အားသင့်သွားရ၏ ။
သူ့ရှေ့တွင်ရပ်နေသည့်အမျိုးသားလေးမှာ အရပ်သိပ်မရှည်သော်လည်း ငယ်ရွယ်ကာ ဆယ့်ခြောက်နှစ်ခန့်မျှသာရှိသေးပုံရသည် ။ တန်ဖိုးကြီးသောဘရိုကိတ်၀တ်ရုံကို၀တ်ဆင်ထားပြီး မျက်နှာသွင်ပြင်မှာ ထူးထူးခြားခြားလှပနေ၏ ။ ရှင်းကျို မြို့နယ်၏ အလှပဆုံးအမျိုးသမီးကပင် သူ့လောက်လှပမည်မထင်ပေ ။ နူးညံ့သိမ်မွေ့စွာ တော်၀င်ဆန်သည့်ပုံပေါ်၏ ။
ဧည့်ကြိုလေးမှာ အချိန်မဆွဲရဲတော့ဘဲ စာကိုယူကာတရားစီရင်ရေးရုံးသို့အပြေးသွားလေတော့သည် ။
ရှင်းကျို မြို့၏ အုပ်ချုပ်ရေးမှုးမှာ မျိုးရိုးအမည်လျှိုဖြစ်ပြီး အမည်မှာ ဟန်ရှန်းဖြစ်သည် ။ လျှို၀မ်ရှန်းက အိမ်ရှေ့စံ၏ ဘက်တော်သားတစ်ဦးဖြစ်သော်လည်း စုကျို၏ နောက်လိုက်တစ်ဦးတော့မဟုတ်ပေ ။ လျှိုဟန်ရှန်း ခေါင်းဆောင်သောအုပ်စုတစ်စုမှာ အိမ်ရှေ့စံအပေါ်တွင် သစ္စာရှိဆုံးသောနောက်လိုက်များဖြစ်ကြသည် ။
လျှိုဟန်ရှန်းက အိမ်ရှေ့စံ၏ လက်ရေးကိုမှတ်မိသောကြောင့် စာကိုဖတ်လိုက်သည်နှင့် အလွန်တုန်လှုပ်သွားရ၏ ။ ဧည့်ကြိုလေး၏ နောက်မှလိုက်လာသည့် နင်အာအား တွေ့သောအခါ လျှိုဟန်ရှန်းက ချက်ချင်းဒူးထောက်ချလိုက်ကာ
" အရှင့်သား ... အရှင်မင်းကြီးမကျန်းမာလို့ အရှင်နဲ့ ဧကရီတို့က တစ်ဖက်တစ်ချက်စီကနေပြုစုစောင့်ရှောက်ပေးနေကြတာမဟုတ်လား ... ဘာလို့ရှင်းကျို ကိုလာတာပါလဲ ..."
ရှုနင်ယုက အပြုံးမမည်သောအပြုံးတစ်ခုကိုပြုံးကာ
"မင်းကဘယ်တော့မှ ငါဘာလို့တစ်ယောက်တည်းဖြစ်နေတာလဲဆိုတာကိုမေးမှာလဲ "
လျှိုဟန်ရှန်းက ကြောက်ကြောက်လန့်လန့်ဖြင့် မြေပြင်ကိုနဖူးနှင့်တိုက်ကာ တောင်းပန်လာ၏ ။ ရှုနင်ယုက မျက်ခုံးပင့်ပြီးနောက် အေးအေးလူလူပြောလိုက်သည်။
" လွန်ခဲ့တဲ့လအနည်းငယ်တုန်းက အရှင်ရုံရဲ့လုပ်ကြံမှုကြောင့် ငါ့ဒဏ်ရာကိုတိတ်တဆိတ်ကုသနေရလို့ "
လျှိုဟန်ရှန်းက လွန်ခဲ့သောလအနည်းငယ်ကဖြစ်ခဲ့သည့်မတော်တဆမှုကိုပြန်လည်တွေးတောကာ
" ဒီလပိုင်းအတွင်းမှာပဲ သေသေချာချာမသိရတဲ့အကြောင်းတွေကြောင့် စစ်သူကြီးစုက အရှင်ရုံရဲ့နောက်လိုက်တွေကိုပြစ်မှတ်ထားပြီးရှင်းလင်းနေတယ်အရှင် ... ဆောင်းရာသီအတွင်းမှာ ဖြစ်တဲ့ကပ်ဘေးကိုဖြေရှင်းဖို့အတွက် ဧကရာဇ်ကအရှင်ရုံကို တန်ရှောင်းနဲ့စန်းလွေ့တို့ကိုလက်ထောက်အဖြစ်ပေးလိုက်ပါတယ် ... ဧကရာဇ်က သူတို့နှစ်ယောက်ကို အရှင်ရုံရဲ့အားကိုးရာဖြစ်စေမလား ပျက်စီးရာဖြစ်စေမလားကိုတော့ ဒိီငယ်သားလည်းမသိပါဘူး "
( TN / ဇာတ်လမ်းလေးကတိုတိုလေးဆိုပေမဲ့ နိုင်ငံရေးကတော့ ခပ်ရှုပ်ရှုပ်ရယ်နော် ... နင်အာက အမှန်တကယ်ကို ဧကရီစုရဲ့သွေးသားရင်းဖြစ်ပြီး စုကျိုနဲ့ကျ ၀မ်းကွဲမောင်နှမတော်စပ်ပါတယ် ... ဧကရီမွေးဖွားခဲ့တာက မိန်းကလေးဆိုတော့ အစားထိုးပြီး ယောက်ျားလေးတစ်ယောက်ကိုအိမ်ရှေ့စံအဖြစ်ခန့်အပ်ခဲ့တာပါ ... ဒါပေမဲ့ အတုကိုတော့ နင်အာရဲ့ရုပ်ရည်အတိုင်း ရုပ်ပြောင်းရုပ်လွှဲအတတ်နဲ့မျက်နှာပြုပြင်ထားစေပါတယ် ... ဒါ့ကြောင့် နင်အာကို စာပေသိုင်းပညာအကုန်တန်းတူသင်ပေးပြီး တစ်ခါတစ်ရံ နင်အာကို အိမ်ရှေ့စံရဲ့နေရာမှာတစ်လှည့်ပြန်နေစေပါတယ် ... ယွမ်ဖန်ကတော့ နင်အာရဲ့ မိန်းကလေးဘ၀တစ်ခုဖြစ်ပြီး အိမ်ရှေ့စံနေရာမှာမနေရင် ယွမ်အိမ်တော်ကသခင်မလေးအဖြစ်နေထိုင်တတ်ပါတယ် ... စေ့စပ်ကြောင်းလမ်းတဲ့ ကိစ္စကတော့ ယွမ်ဖန်ဘ၀နဲ့အိမ်ရှေ့စံအတုကိုလက်ထပ်စေပြီး အိမ်ရှေ့စံကို ကာဗာထားပြီး နင်အာကိုတိုင်းပြည်အုပ်ချုပ်ခိုင်းမှာပါ ...
အတတ်နိုင်ဆုံးတော့ ရှင်းပေးထားပါတယ် ... တစ်ခုခုလွဲမှားနေတာပဲဖြစ်ဖြစ် စာဖတ်သူနားမလည်တာပဲဖြစ်ဖြစ် ကဒီကဘာသာပြန်သူရဲ့အမှားပါ ... ချစ်တဲ့စိတ်လေးနဲ့နားလည်ပေးကြပါနော် 👀❤️ )
Xxxx