အပိုင်း ၂၀
Viewers 7k

#lady 
Chapter ( 20 )

နှစ်၀က်တိတိသူမပျောက်သွားသော်လည်း များများစားစားပြောင်းလဲသွားခြင်းမရှိဘဲ အရာအားလုံးပုံမှန်အတိုင်းလည်ပတ်နေ၏ ။

ရှုနင်ယု အမျိုးသားအ၀တ်အစားဖြင့် နန်းတော်အတွင်း၀င်လာသည့်အချိန်တွင် လူတိုင်းက အိမ်ရှေ့စံနန်းတော်ပြင်ခဏထွက်၍ပြန်လာသည်ဟုသာတွေးကြလေသည် ။ စုကျိုက နင်အာ၏ နောက်မှလိုက်လာပြီး မည်သူမျှအိမ်ရှေ့စံလူလဲသွားကြောင်းသတိမထားမိကြချေ ။ 

" အရှင့်သား ... လီရှစ်လန် ကအရှင့်သားကိုတွေ့ချင်လို့လာခဲ့ပေမဲ့ အရှင်အချိန်အတော်ကြာပြန်မရောက်သေးတဲ့အတွက်ပြန်သွားပါတယ် ... နန်းတော်ထဲမှာယခုလက်ရှိဖြစ်နေတဲ့အရာတွေနဲ့ပက်သက်တဲ့အကြောင်းဆွေးနွေးချင်တယ်လို့အရှင့်အတွက်အမှာစကားချန်ခဲ့ပါတယ် "

ရှုနင်ယုက ခေါင်းညိမ့်၍ 

" ငါသိပြီ ... စစ်သူကြီးစုကိုအရင်ဧည့်ခံထားလိုက် "

ယုံလီ နန်းဆောင်၏ ပိုင်ရှင်ဖြစ်သူမှာ ရှုနန်ကျိုး၏ မွေးမိခင်ဖြစ်သည့် ရှန်းကွေ့ဖန်ဖြစ်သည် ။ ရှုနင်ယုက မျက်နှာမကြည်မသာဖြင့်  

" ဒီတစ်ခါဘယ်သူလဲ "

" ပြည်တွင်းရေးရာအမတ် ရှိီလိုင်ဖူပါ "

စုကျိုက ထိုင်ချလိုက်ပြီးနောက်

 " စကားများမနေတော့ဘဲ မြန်မြန်သာရေနွေးကြမ်းသွားယူစမ်းပါ "


ရှုနန်ကျိုး နန်းတော်အပြင်မှလာသောအခါ ရုတ်တရက်ပင် သူ၏မွေးမိခင်ဖြစ်သော ရှန်းကွေ့ဖေးမှာ ရာထူးအဆင့်လျော့ချခံထားရပြီး သုံးလကျော်အပြစ်ပေးခံရမည်ဖြစ်ကြောင်းကြားလိုက်ရသည် ။ အခြားသူများထက်စာလျှင် ရှန်းကွေ့ဖေး၏ ပြစ်မှုအတွက်အပြစ်ဒဏ်မှာ အလွန်ပေါ့လျော့ကြောင်း လူတိုင်းသိ၏။

ထို့ကိစ္စကြောင့် နင်အာမှာ သူမအကြိုက်ဆုံးငှက်သိုက်လေးကိုပင်မသောက်လိုက်ရတော့ဘဲ ပြည်တွင်းရေးရာအမတ်ရှီလိုင်ဖူအား ဆွေးနွေးရန်နောက်တစ်ကြိမ်ပြန်လည်ဖိတ်ခေါ်လိုက်ရလေသည် ။
 
သာမန်ပြည်သူများအနေဖြင့် မင်းသားများမည်မျှပင်အပြစ်လုပ်သည်ဖြစ်စေအပြစ်တင်မခံရဟုတွေးထားကြ၏ ။ နန်းတော်နှင့်ထဲထဲ၀င်၀င်ပက်သက်သည့်သူများကသာ မင်းသားများသည်သာမန်လူများထက်ပို၍ခက်ခက်ခဲခဲရှင်သန်နေရကြောင်းသိကြသည် ။ အကယ်၍ အိမ်ရှေ့စံသာ ကျရှုံးသွားမည်ဆိုပါက ပထမဦးဆုံးသုတ်သင်ရှင်းလင်းခံရမည်မှာစစ်သူကြီးစုနှင့်ယွမ်အိမ်တော်ပင် ။

ယွမ်မိသားစုနှင့်စုမိသားစုတို့မှာ အစေးမကပ်ကြသော်လည်း အိမ်ရှေ့စံအတွက်ဆိုလျှင် အသက်စွန့်ရမည်ကိုပင်မနှမြောကြချေ ။ ရှိီလိုင်ဖူမှာ ထိုနေ့က ဆိုးဆိုး၀ါး၀ါးပင်အရိုက်ခံလိုက်ရပြီး အိမ်ပြန်ရန်ထမ်းခေါ်သွားရသည်ပင်ပြောကြ၏ ။

ရှန်းကွေ့ဖေးမှာ သူမအားအရေးပေးသည်ကိုသာကြိုက်နှစ်သက်သူဖြစ်သည် ။ ရှီလိုင်ဖူက ရှန်းကွေ့ဖေးအားအပြစ်မပြုစေရန်အတတ်နိုင်ဆုံးသတိထားနေတတ်သူပင် ။ ရှီလိုင်ဖူက မယ်တော်ကြီးနန်းဆောင်သို့ပို့ပေးရမည့် လက်ဖက်ရွက်များအားလုံးကို ရှန်းကွေ့ဖေးထံပို့ပေးသောကြောင့် ကြိမ်ဒဏ်ဖြင့်အပြစ်ပေးခံရခြင်းဖြစ်သည် ။

ထိုကဲ့သို့လာဘ်ထိုးမှုကြောင့် ရှန်းကွေ့ဖေးက ရှီလိုင်ဖူကိုအလွန်ယုံကြည်သွားတော့၏ ။ သို့သော်လည်း ရှီလိုင်ဖူက အိမ်ရှေ့စံဘက်မှလူဖြစ်သည့်အပြင် ရှန်းကွေးဖေးအားချောက်ချရန်စီစဥ်ထားသည့်နယ်ရုပ်တစ်ရုပ်ပင် ။

ဧကရာဇ်က ကျန်းမာရေးမကောင်းသော်လည်း မိဖုရားများနှင့်အတူ နွေဦးစားသောက်ပွဲကိုကျင်းပဆဲဖြစ်သည် ။ စားသောက်ပွဲတွင် ရှန်းကွေ့ဖေးက နေမကောင်းဟုဆိုကာ သူမ၏နန်းဆောင်သို့ပြန်ခွင့်ပြုရန်တောင်းဆိုခဲ့သည် ။ 

သို့သော် ရှန်းကွေ့ဖေးသောက်သွားသည့် ရေနွေးကြမ်းတွင်အသုံးပြုသောလက်ဖက်ရွက်မှာ ဧကရာဇ်၏ မွေးမယ်တော်အကြိုက်နှစ်သက်ဆုံးလက်ဖက်ရွက်ဖြစ်ကာ တော်၀င်မျိုးနွယ်များပင်မတတ်နိုင်သောအမျိုးအစားဖြစ်သည် ။ 

ထို့ကြောင့် ထိုလက်ဖက်ရွက်အမျိုးအစားမှာမယ်တော်ကြီးနန်းဆောင်တွင်းသာသောက်သုံးခွင့်ရှိသောအမျိုးအစားဖြစ်၏ ။ နန်းတွင်းအစေခံများက တုန်တုန်ရီရီဖြင့် 

" ဒီအစေခံ တခြားရေနွေးကြမ်းနဲ့လဲလှယ်ပေးပါ့မယ် "

ရှန်ကွေ့ဖေး ထင်ထားသည်မှာ ရှီလိုင်ဖူက သူမ၏ မျက်နှာသာပေးမှုကိုလိုချင်သည့်အတွက် ရှားပါးသည့်လက်ဖက်ရွက်များကိုပေးပို့ထားသော်လည်း ဤကဲ့သို့ရှားပါးတားမြစ်ထားသောလက်ဖက်ရွက်ပါလာလိမ့်မည်ဟုမထင်ခဲ့ချေ ။ 
 
ရှန်းကွေးဖေး ငိုယို၍ ရှီလိုင်ဖူကသာသူမထံသို့လက်ဖက်ရွက်များပေးပို့ခဲ့သူဖြစ်ကြောင်းနှင့်အချိန်အတိကျကိုပါ အော်ဟစ်သောအခါ ဧကရာဇ်ပိုမိုစိတ်ဆိုးသွား၏ ။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့က ရှီလိုင်ဖူမှာ ဧကရာဇ်၏အမိန့်ကြောင့်နန်းတော်အပြင်၌ဟိုဟိုဒီဒီပြေးလွှားနေသောကြောင့်ပင် ။ 

ရှန်းကွေ့ဖေးမှာ သူမ၏သားတော်ဖြစ်သောရှုနန်ကျိုး ညစာစားပွဲတွင်မရှိကြောင်းသေချာသွားသောအခါမှသာ ထောင်ချောက်ဆင်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားရသည် ။ 
 
ထိုအခါမှသာ နောက်ထပ်စကားတစ်ခွန်းမှထပ်မပြောရဲတော့ဘဲ လိမ်လိမ်မာမာအပြစ်ပေးခံကာ နန်းဆောင်တွင်းအပိတ်ခံ၍ ရှုနန်ကျိုးပြန်လာသည်ကိုစောင့်နေတော့၏ ။

အကြောင်းစုံနားထောင်ပြီးသောအခါ ရှုနန်ကျိုး၏ မျက်နှာတစ်ခုလုံးမဲမှောင်သွားလေသည် ။ ကိစ္စများက ဤအခြေအနေသို့ပင်ရောက်ရှိနေပြီဖြစ်သဖြင့် ရှုနန်ကျိုးတစ်ခုခုကြံစည်မည်ဆိုလျှင်ပင် အခြေအနေကိုထိန်းသိမ်းရန်အတွက်နောက်ကျနေပြီဖြစ်သည် ။ 
 
ကံကောင်းစွာနှင့် ကပ်ဘေးရောဂါဖြစ်နေသည့်နေရာတွင် သူ၏ စွမ်းဆောင်ချက်များမှာကောင်းမွန်ပြောင်မြောက်သဖြင့် ရှန်းကွေ့ဖေး၏ပြစ်ဒဏ်ကိုခွင့်လွှတ်ပေးလိုက်လေ၏ ။

သို့ရာတွင် ကွဲကြေသွားပြီးသောကြေးမုံတစ်ချပ်ကိုအကောင်းအတိုင်းပြန်ဆက်ရန်မဖြစ်နိုင်သဖြင့် ဧကရာဇ်က ရှန်းကွေ့ဖေး၏ နန်းဆောင်သို့နောက်တစ်ကြိမ်ထပ်မသွားတော့ပေ ။
 
ရှုနန်ကျိုး၏ မူလကအတွေးမှာ ဧကရာဇ်ပေးအပ်ထားသော သူ၏တာ၀န်ပြီးသောအခါမှသာ စုကျိုနှင့်ကောင်းကောင်းစာရင်းရှင်းရန်ဖြစ်၏ ။ သူမထင်ထားမိသည်မှာ စုကျိုက အရင်လက်ဦးသွားသည့်အပြင် သူ့နှင့်ရှင်းရမည့်အစား မွေးမိခင်ဖြစ်သော ရှန်းကွေ့ဖေးနှင့်သာရှင်းသွား၏ ။

နောက်တစ်ချက်မှာ သေဆုံးသွားပြီဟုထင်ထားခဲ့သော ရှုနင်ယုကပါ အသက်ရှင်လျက်ပြန်လာလေသည် ။ 

နန်းကျိုးမြို့တော်အတွင်း မျိုးရိုးမြင့်သခင်မလေးများအသည်းအသန်လက်ထပ်လိုသောအမျိုးသားနှစ်ဦးသာဖြစ်သည် ။ တစ်ဦးမှာ စစ်သူကြီးစုဖြစ်ပြီး ကျန်တစ်ဦးကမှု အိမ်ရှေ့စံဖြစ်သော ရှုနင်ယုပင် ။ 

ဧကရာဇ်ပင်လျှင် စုကျိုအား မင်းသမီးတစ်ဦးဦးနှင့်လက်ဆက်ပေးရန်စေ့စပ်ပါသော်လည်း စုကျိုက ငြင်းဆန်ရုံသာမက တစ်သက်လုံးဇနီးမယားလက်ထပ်ယူတော့မည်မဟုတ်ကြောင်းလည်းကျိန်ဆိုခဲ့သေး၏ ။

မူလအစက အိမ်ရှေ့စံတစ်ဖြစ်လဲ နင်အာ အား ယွမ်အန်းမင်းသမီးဖြစ်သော ယွမ်ဖန်နှင့်လက်ထပ်ရန်စီစဥ်ထားခဲ့ခြင်းဖြစ်သည် ။ သို့သော် နင်အာက ငြင်းဆန်သဖြင့် လက်ထပ်ပွဲအခြေအနေကိုပြောင်းလဲရန်အကြောင်းဖန်လာ၏ ။

နွေဦးအစပိုင်းတွင် ရုတ်တရက်ကြီးအိမ်ရှေ့စံနာမကျန်းဖြစ်လာသဖြင့် ယွမ်အန်းမင်းသမီးနှင့်အိမ်ရှေ့စံတို့၏ ဇာတာမှာမကိုက်ညီသောကြောင့်လက်ထပ်ရန်မသင့် ကြောင်း တော်၀င်နက္ခတ်ရေးရာဌာနမှဟောကိန်းထုတ်ပြန်လေသည် ။ 

ကနဦးက လူနှစ်ဦး၏ ဇာတာမှာအလွန်လိုက်ဖက်သည်ဟု ပြည်နယ်တစ်ခုလုံးပြောဆိုနေခဲ့ကြသော်လည်း ယခုမူ လက်ထပ်ရန်မသင့်လျှော်ဟု ဆိုပြန်သဖြင့် ပြည်သူများအူလည်လည်ဖြစ်သွားကြရ၏ ။ 

ထိုအချိန်က လူစိမ်းအမျိုးသားအသုံးပြုခဲ့သည့် မျက်လှည့်မှာ အလွန်ပီပြင်လှသောကြောင့် ရှုနင်ယုအား နဂါး၀ိညာဥ်ပိုင်ဆိုင်သူအဖြစ်သတ်မှတ်၍ ယွမ်ဖန်အား ဇာမဏီ၀င်စားသူအဖြစ်သတ်မှတ်ခဲ့သည် ။ ဧကရာဇ်မှာ လုံး၀ယုံကြည်သွားသဖြင့် ရှုနင်ယုကို အိမ်ရှေ့စံအဖြစ်အပ်နှင်းကာ ယွမ်ဖန်ကိုမူ အိမ်ရှေ့စံကြင်ယာတော်အဖြစ်သတ်မှတ်ခဲ့၍ ယွမ်အန်းခရိုင်ကိုအပိုင်စားပေးကာ ယွမ်အန်းမင်းသမီးအဖြစ်သတ်မှတ်စေသည် ။

နန်ကျိုးပြည်နယ်၌ တော်၀င်မိသားစုပြီးလျှင် ယွမ်မိသားစုမှာအာဏာအရှိဆုံးဖြစ်သည့်အပြင် ယွမ်ဖန်၏ အဆင့်အတန်းသည်လည်းတော်၀င်မျိုးနွယ်၀င်မင်းသမီးများထက်ပင်မြင့်မားသေးသည် ။ စုမိသားစုကလွဲလျှင် ယွမ်မိသားစု၏ အာဏာကိုယှဥ်ပြိုင်နိုင်သည့်သူမရှိပေ ။ ထို့ကြောင့် ယွမ်ဖန်အနေဖြင့် သူမ၏ မိသားစု၀င်များအာဏာတိုက်ပွဲအတွင်းအသက်ရှင်ကျန်စေရန် နယ်ရုပ်တစ်ရုပ်အဖြစ်အသုံးချခံရမည်ဆိုလျှင်ပင် ကျေကျေနပ်နပ်လက်ခံလိုက်မည်ပင် ။

အိမ်ရှေ့စံက သူမအားလက်ထပ်ခြင်းမပြုသည့်တိုင် သူမ၏အဆင့်အတန်းမှာ မင်းသမီးတစ်ပါးဖြစ်နေဆဲဖြစ်၏ ။ ဧကရာဇ်၏ ကျန်းမာရေးအခြေအနေပိုမိုဆိုးရွားလာစဥ်အတွင်း ရုတ်တရက်နယ်မြေသုံးခု၏ တားမြစ်နယ်နိမိတ်ထဲသို့စစ်တပ်တစ်ခုကျူးကျော်လာလေသည် ။

ဤသို့ဖြင့် နှစ်နှစ်တာကုန်လွန်သွားခဲ့၏ ။ 


လွန်ခဲ့သည့်သုံးနှစ်က ဧကရာဇ်၏ ကျန်းမာရေးအခြေအနေမှာအလွန်ဆိုး၀ါးနေသဖြင့် ဆောင်းတွင်ကိုပင်ကျော်နိုင်မည်မဟုတ်ဟု စုကျိုထင်ခဲ့သော်လည်း လူအိုကြီး၏အသက်မှာအလွန်ပြင်းလှ၏ ။ အိမ်နီးချင်းပြည်နယ်ဖြစ်သည့် ပိုင်ယွမ်ပြည်၏ ထီးနန်းဆက်ဆံသူပြောင်းလဲသွားသည့်ကိစ္စကြောင့်လည်း ဧကရာဇ်က အားတင်းကာဆေးမျိုးစုံမှီ၀ဲ၍ စိတ်ချလက်ချသေဆုံးရန်ငြင်းဆန်နေလေသည် ။ 
 
စုကျိုက တော်၀င်စစ်တပ်အာဏာကိုထိန်းချုပ်ထားပြီး ရှုနန်ကျိုးကမူ ကိုယ်ပိုင်စစ်တပ်ကိုလျှို့၀ှက်တည်ထောင်ထားသည်မှာ အလွန်ကြာပြီဖြစ်သည် ။ ဧကရာဇ်မှာမူ တစ်နေ့တစ်ခြားပို၍ တုံးအလာပြီး ရှုနန်ကျိုးဆက်သလာသည့်ပြိုင်ဘက်ကင်းအလှလေးကြောင့် ရှုနန်ကျိုးအား အလွန်မျက်နှာသာပေးနေတော့သည်။ 

မည်သို့ပင်ဖြစ်စေ စုကျိုကမူ ထိုကိစ္စအားစိတ်ထဲမထားပါချေ ။ ဧကရာဇ်၏ မရဏလမ်းသို့ကြွမြန်းမည့်ခရီးကို မြန်မြန်ဆန်ဆန်သွားရအောင်ကြံစည်လိုက်၍ လည်းသူ့ဘက်မှတစ်စုံတစ်ရာနစ်နာသွားလိမ့်မည်မဟုတ်ပေ ။ 

သို့သော်လည်း နွေဦးမရောက်မှီအချိန်၌ နန်ကျိုးပြည်နယ်သို့ အလွန်ထူးခြားသောသူတစ်ဦးရောက်ရှိလာ၏ ။ ထိုသူမှာပိုင်ကျိုးပင် ။ စုကျို ပိုင်ကျိုးနှင့်မတွေ့ဖြစ်သည်မှာ နင်အာ၏အလောင်းအတုကို ပြန်သယ်လာသည့်အချိန်ကတည်းကပင် ။ 

ပိုင်ကျိုးက ကိုယ်ပိုင်စစ်တပ်ကိုဦးဆောင်၍ မြောက်ဘက်ရှိပိုင်ယွမ်ပြည်သို့စစ်ချီကာ ဧကရာဇ်ငယ်လေးကိုဖြုတ်ချပြီးနောက် မင်းသားယုအား နန်းတင်ပေးခဲ့သည် ။

ပိုင်ယွမ်ပြည်နယ်အတွင်း၌ ပိုင်ကျိုး၏ အဆင့်အတန်းမှာ အလွန်အာဏာကြီးမားလှသည် ။ ပိုင်ကျိုးက သူ့အားတစ်ကြိမ်လိမ်လည်ထားခြင်းကြောင့်မဟုတ်လည်း ပိုင်ကျိုးအား အမြင်ကတ်ကြည့်မရသည့်အပြင်မုန်းတီး၏ ။ အကယ်၍ စိတ်ရှိတိုင်းလုပ်၍ရမည်ဆိုပါက ပိုင်ကျိုးအား သတ်ပစ်လိုက်ချင်သည် ။ သို့သော်လည်း ပိုင်ကျိုး၏ အဆင့်အတန်းကြောင့် သူသွားထိ၍မရနိုင်ပေ ။

စာကြည့်ဆောင်အတွင်း၌ စုကျိုက အေးအေးဆေးဆေးရေနွေးသောက်ကာ လာရောက်အကြောင်းကြားသည့်အစေခံအားပြောလိုက်သည် ။

" သူ့ကိုစောင့်ခိုင်းထားလိုက် "

အရင်အချိန်က စုကျိုမှာ ချူစံအိမ်တွင်တစ်နေကုန်စောင့်ဆိုင်းနေခဲ့ရဖူးပြီး ယခုမူ ပိုင်ကျိုးအား ပညာပြန်ပြရမည့်အလှည့်ပင် ။ နာရီအနည်းငယ်မျှစောင့်ဆိုင်းရခြင်းသည်ဘာမျှမဟုတ်ပေ ။ 

အစေခံကနောက်တစ်ကြိမ်ပြန်၀င်လာ၍ 

 " ဒုတိယသခင်လေး အိမ်ရှေ့စံကလွန်ခဲ့တဲ့နာရီ၀က်တုန်းက ရှီရှန်စစ်စခန်းကိုသွားမယ်ဆိုပြီး ထွက်သွားပါတယ် ... သခင်လေးနောက်ကလိုက်သွားမလား ဒါမှမဟုတ် အရှင်ချူကိုထွက်တွေ့မှာလား ..."

စုကျို၏ မျက်နှာထားမှာအလွန်တင်းမာသွား၏ ။

" အိမ်ရှေ့စံ နန်းတော်ကထွက်သွားတာလား "

အစေခံကခေါင်းညိမ့်ပြလာ၏ ။

" မင်း စစ်သူကြီးယင် ဆီကိုအရင်သွားပြီး အိမ်ရှေ့စံကို တပ်စခန်းထဲမှာဆယ်ရက်လောက်အချိန်ဆွဲထားဖို့ပြောလိုက် ... တစ်ခုခုဖြစ်ရင်လည်း စုအိမ်တော်ဆီလုံး၀ပြန်မလာစေနဲ့ ...စစ်သူကြီးကို ထိန်းထားဖို့သေသေချာချာသတိပေးထားလိုက် "

ထိုအစေခံက အမိန့်အတိုင်းလုပ်ဆောင်ရန်ထွက်သွား၏ ။

နင်အာမှာ အမြဲစကားမနာခံတတ်ကြောင်း စုကျိုသိပြီးဖြစ်၍ ဖြစ်သမျှအကြောင်းအကောင်းဟုသာမှတ်၍ ပိုင်ကျိုးအား စံအိမ်အတွင်းမှခေါ်သွားရန်ဆုံးဖြတ်လိုက်သည် ။ ထိုအခါမှသာ ပိုင်ကျိုးနှင့် နင်အာတို့ မတွေ့မိစေရန် ကြံဖန်လှည့်စားလို့ရမည်ဖြစ်သည် ။

ထို့နောက် စုကျို အလောတကြီးထွက်သွားလေ၏ ။



🐳