အပိုင်း ၂၁
Viewers 7k

#lady 
Chapter ( 21 )


ရှုနန်ယုက စုကျိုအား၀င်ခေါ်၍ စစ်စခန်းသို့သွားရန်စဥ်းစားထားပါသော်လည်း စုအိမ်တော်သို့မရောက်မှီလမ်းတစ်၀က်မှာပင်တားဆီးခံလိုက်ရလေ၏ ။ ရှုနင်ယုက မြင်းလှည်းထဲတွင်ထိုင်နေကာ လှပသောအမျိုးသမီးအစေခံနှစ်ဦးက သူမအတွက် စပျစ်သီးအခွံခွာ၍ကျွေးနေကြလေသည် ။ ရှုနင်ယုမှာ လမ်းတစ်၀က်တွင်ရုတ်တရက်တားဆီးခံလိုက်ရသဖြင့် စိတ်မကြည်မလင်ဖြစ်သွားရ၏ ။

စုကျို၏ လူယုံအစေခံက 

" အရှင့်သား ... ဒုတိယသခင်လေးကဒီနေ့အလုပ်မအားလို့ အရှင်နဲ့အတူတပ်စခန်းကိုမလိုက်နိုင်တော့ပါဘူး ... အရှင့်ကိုလမ်းပြဖို့ စစ်သူကြီးယု ရဲ့စံအိမ်ကိုအရင်လိုက်ပို့ပေးပါရစေ "

ရှုနင်ယုက သူမဘေးရှိလှပသောအစေခံမိန်းကလေး၏ ခါးကိုဖက်လိုက်ပြီးနောက် မျက်ခုံးတစ်ချက်ပင့်ကာ 

" စစ်သူကြီးစုက ဘာတွေများအလုပ်များနေရတာလဲ "

 " ပါရှားပြည်ကသံတမန်တစ်ယောက်ရောက်နေလို့ ဒုတိယသခင်လေးအရမ်းစိတ်ရှုပ်နေပါတယ် ... ဆွေးနွေးပြီးတာနဲ့ ချက်ချင်းလိုက်လာခဲ့မယ်လို့ စကားပါးလိုက်ပါသေးတယ် "

ရှုနင်ယုက စုကျို၏ ကိစ္စများအတွင်း၀င်ပါရန်စိတ်ကူးမရှိသဖြင့် မြင်းလှည်းသမားအားအမိန့်ပေးလိုက်သည်။

 " စစ်သူကြီးယုဆီသွားရအောင် "


တစ်ဖက်ရှိ စုအိမ်တော်တွင်မှု စုကျို ဧည့်ခန်းမအတွင်းသို့၀င်လိုက်သည်နှင့် မမြင်ချင်သောသူအားမြင်လိုက်ရ၏ ။ သို့သော်လည်း ဟန်ဆောင်ပြုံးကာ 

" မတွေ့တာကြာပြီနော် အရှင်ချူ "

ပိုင်ကျိုးက မျက်မှောင်ကျုံ့၍ စုကျိုအား အေးတိအေးစက်စိုက်ကြည့်ကာ 

 " ဒီအရှင်ကလူတစ်ယောက်ကိုလာရှာတာ "

" ဘယ်သူပါလဲ "

ပိုင်ကျိုးက စုကျိုအား ပုံတူပန်းချီကားတစ်ချပ်ပစ်ပေးလိုက်၏ ။

" စစ်သူကြီးစုမှတ်မိပါရဲ့လား "

ပန်းချီကားထဲရှိအမျိုးသမီးမှာ ချိုမြိန်တောက်ပစွာပြုံး၍ အဝေးတစ်နေရာသို့ငေးကြည့်နေ၏ ။ သူမ၏ ပျော်ရွှင်နေသောအပြုံးလေးမှာ စုကျိုတစ်ခါမှမမြင်ခဲ့ရသောအရာပင် ။ ထိုကဲ့သို့သော အပူအပင်ကင်းကာပျော်ရွှင်နေသည့်ပုံစံလေးက စုကျို၏ နှလုံးသားထဲတွင်နေရာယူသွား၏ ။

စုကျိုက ထိုပန်းချီကားအား အတွင်းအားဖြင့် တစ်စစီခြေမွဖျက်ဆီးပစ်လိုက်ပြီးနောက် ပိုင်ကျိုးအားကြည့်ကာ သူ၏ ၀တ်ရုံလက်ကိုသပ်ရင်း ခပ်ထေ့ထေ့ပြုံးပြလိုက်သည် ။ 

 " ဒါမင်းသမီးယွမ်အန်းမဟုတ်လား ...အရှင်ချူ သူမက အရှင့်ရဲ့နယ်မြေအတွင်းမှာကိုယ့်ကိုယ်သတ်သေသွားတာလေ အရှင်မမှတ်မိဘူးလား ..."

" သူမတစ်ကယ်သေဆုံးသွားပြီလားဆိုတာ မင်းလည်းအမှန်အတိုင်းသိနေတာပဲမဟုတ်လား "

စုကျို ကထိုင်၍ ရေနွေးကြမ်းတစ်ငုံကိုအေးအေးဆေးဆေးသောက်လိုက်ပြီးနောက် အလွန်အေးစက်သောလေသံဖြင့်ပြန်တုံ့ပြန်ပြောဆိုလိုက်သည် ။ 

 " တကယ်လို့ သူမမသေဘူးဆိုရင်တောင်မှ အရှင်ချုရဲ့ဘက်ကဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး ... ပြဿနာလေးနည်းနည်းရှိခဲ့ပေမဲ့ အိမ်ရှေ့စံနဲ့ ယွမ်အန်းမင်းသမီးတို့ကလက်ထပ်ပြီးသွားပြီ ... ဒါ့အပြင် သူမမှာကိုယ်၀န်ရှိနေပြီလို့တောင်သတင်းကြားသေးတယ်... အရှင်ချူက သူများမိသားစုကိုဖျက်ဆီးပြီး သူမကိုအတင်းအကြပ်ရယူမလို့လား "

ပိုင်ကျိုးမှာ စုကျို၏ စကားများကိုလွယ်လွယ်နှင့်ယုံကြည်မည့်သူမဟုတ်ချေ ။

" မနေ့က ဒီအရှင် မင်းသမီးယွမ်အန်း ကိုအဝေးကနေလှမ်းတွေ့လိုက်တယ် ... စုကျို ... ဒီအရှင် နင်အာရဲ့သရုပ်မှန်ကို ခန့်မှန်းမိပြီးနေပြီ "

စုကျို၏ မျက်၀န်းထဲတွင် လူသတ်ချင်စိတ်များပေါ်ပေါက်လာ၏ ။

" နန်ကျိုးပြည်နယ်ရဲ့ ဧကရာဇ်နဲ့တွေ့ဖို့ဆိုတာတောင် ဒီအရှင်အတွက်မခက်ခဲတာ ... ပုံတူတစ်ပုံထပ်ဆွဲပြီးလူရှာဖို့ဆိုပိုလွယ်တာပေါ့... သူမကိုငါကိုယ်တိုင်လိုက်ရှာရမလား ... မင်းကိုယ်တိုင်ငါ့ရှေ့အရောက်ခေါ်လာပေးမလားဆိုတာကို သေသေချာချာစဥ်းစားကြည့်ပေါ့ "

စုကျိုမှာ ပိုင်ကျိုးအား သတ်ပစ်ချင်စိတ်ကိုထိန်းချုပ်၍မရတော့ပေ ။ ထိုသူမှာ သူ၏မျက်စိတွင်ထိုးစိုက်နေသည့်အပ်တစ်ချောင်းကဲ့သို့ပင် ။ ပိုင်ကျိုးအား မသတ်နိုင်သရွေ့ သူစိတ်ဖြောင့်လက်ဖြောင့်အိပ်စက်နိုင်မည်မဟုတ်ချေ ။ 

စုကျို၏ အတွေးများကိုခန့်မှန်းနေနိုင်ပုံရသော ပိုင်ကျိုးက အေးတိအေးစက်လေသံဖြင့်ပြောလာ၏ ။ 

" မင်းဒီအရှင်ကိုလုပ်ကြံနိုင်မလားဆိုတာကိုအသာထားဦး တကယ်လို့ လုပ်နိုင်ခဲ့မယ်ဆိုရင်တောင် မင်းရဲ့တိုင်းပြည်အတွက် ဘေးဒုက္ခကိုကိုယ်လက်နဲ့ကိုယ်သယ်လာသလိုဖြစ်သွားမှာ "

နန်ကျိုးပြည်နယ်၏လက်ရှိအခြေအနေအရ အခြားသောပြည်နယ်များနှင့်စစ်ထိုးရန်မဖြစ်နိုင်သေးပေ ။ ထို့အပြင် ပိုင်ကျိုး၏ အာဏာသည်လည်းလျှော့တွက်ရန်မဖြစ်နိုင်သည့်အပြင် သူ၏ စစ်တပ်အင်အားမှာ နန်ကျိုးပြည်နယ်တစ်ခုလုံးထက်ပင်သာလွန်နေသေး၏ ။ 

ပိုင်ကျိုး ၏အာဏာကိုမယှဥ်ပြိုင်သောကြောင့် စုကျိုမှာ အံကြိတ်၍သာဟန်ဆောင်အပြုံးလေးတစ်ပွင့်ပြုံးပြလိုက်ရသည် ။

" အရှင်ချူ အတွေးလွန်နေပါပြီ ... သူမရဲ့သရုပ်မှန်ကအရမ်းထူးခြားလွန်းလို့ အရှင့်ရဲ့အာဏာသုံးပြီးဖိအားပေးရင်တောင် သူမကအရှင့်နောက်လိုက်ဖို့ဆန္ဒရှိမှာမဟုတ်ဘူး ... ဒါ့အပြင်သူမကအခု အရှင်သိခဲ့တဲ့သူမျိုးမဟုတ်တော့ဘူး ... အရှင်နဲ့လူချင်းတွေ့ဖို့စီစဥ်ပေးနိုင်ပေမဲ့ ကျန်တာတွေကို ကျွန်တော်အာမမခံနိုင်ဘူး "


ရှုနင်ယုမှာ စစ်သူကြီးယု၏ အိမ်တော်သို့ရောက်သည့်အချိန်မှာပင် စုအိမ်တော်သို့ပြန်လာရန်ဖိတ်ခေါ်ခြင်းခံရပြန်သည် ။ စုကျို၏ ရှုပ်ထွေးသောအတွေးများကိုသူမနားမလည်နိုင်ပါတော့ချေ ။ 

ထိုအချိန်၌ သူမ၏ အစေခံတစ်ယောက်က ဧကရာဇ်၏ ကျန်းမာရေးအခြေအနေမနေ့ညကအလွန်ဆိုး၀ါးနေကြောင်းသတိပေးလာ၏ ။ စုကျို သူမအား အမြန်ပြန်ခေါ်ရသည့်ရည်ရွယ်ချက်မှာ ထိုအကြောင်းဆွေးနွေးရန်ဟုသာတွေးလိုက်သည် ။ 

နွေဦးရာသီတွင်သစ်တော်ပန်းများပွင့်လန်းနေသော်လည်း အရာအားလုံးမှာမူ လွန်ခဲ့သည့်နှစ်နှစ်ကနှင့်ထပ်တူညီမနေတော့ပေ ။ ရှုနင်ယု သည်လည်းဤကာလအတွင်းအရပ်ရှည်လာ၏ ။ စုကျို၏ အရပ်ကိုမမှီသော်လည်း သာမန်အမျိုးသမီးများထက်မူ ပိုမိုရှည်သည်ဟုဆိုနိုင်သည် ။

သူမက နဂါးတစ်ကောင်ပုံငွေချည်ထိုးထားသည့်၀တ်ရုံနက်ကို၀တ်ဆင်းထားပြီး ဆံပင်ကိုတစ်၀က်သာစည်းနှောင်ထား၏ ။ အမျိုးသား၀တ်ရုံနှင့်သူမ၏ အသွင်မှာ ခန့်ညားသည်သာမက ထူးခြားသောပုံစံဖြင့်ဆွဲဆောင်မှုရှိနေသေးသည် ။ 

စုအိမ်တော်သို့ရောက်သောအခါ အစေခံများက စုကျိုရှိရာဆီဦးဆောင်ခေါ်ဆောင်သွား၏ ။ စုကျိုကရေနွေးကြမ်းတစ်ခွက်ကိုအေးအေးဆေးဆေးငှဲ့ကာ 

 " ထိုင် "

ရှုနင်ယုက ပြတင်းပေါက်နှင့်နီးရာတစ်နေရာတွင်၀င်ထိုင်လိုက်သည် ။ လေပြေလေးများတိုက်ခတ်လာချိန်၌ သူမက မျက်၀န်းများကိုမှေးကျဥ်းကာ လေနှင့်အတူပါလာသောပန်းရနံ့သင်းသင်းကိုရှုရှိုက်လိုက်သည် ။

" လွန်ခဲ့တဲ့ဆယ်ရက်တုန်းက ရှန်းကွေ့ဖေးက နောက်ကွယ်ကနေအကွက်ချပြီး မိန်းမတစ်ယောက်ကို ကုတင်ပေါ်ပစ်တင်ပေးလိုက်တယ်လေ ... အဲ့မိန်းမကသာမန်တော့မဟုတ်ဘူးနော် ခါးသေးသေးလေးနဲ့ ခြေတံတွေကလည်းအရှည်ကြီး အသားကလည်းဖြူဖွေးနေတာမှ နူးညံ့အားနည်းတဲ့ပုံစံလေးနဲ့ ကုတင်ပေါ်မှာပန်းပွင့်တွေခင်းပြီးစောင့်နေတာပါဆို ... ဒါပေမဲ့ ခက်တာကကျွန်တော့်အကြိုက်မဟုတ်ဘူးလေ ... အဲ့တာကြောင့် အဲဒီအခန်းထဲကို ရှုနန်ကျိုးကိုပဲထိုးထည့်ပေးလိုက်တယ် ..."

သူမက စုကျို၏ နားသို့ကပ်ကာခပ်တိုးတိုးပြောနေ၏ ။ မိန်းမသားဆန်ဆန်မနူးညံ့သော်လည်း သူမ၏ အသံမှာချောမွေ့ကာအလွန်ဆွဲဆောင်မှုရှိရှိနားထောင်ကောင်းလှသည် ။

နောက်ကွယ်မှနားထောင်နေသော ပိုင်ကျိုးမှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိသွား၏ ။ သူ နင်အာနှင့်မတွေ့ဖြစ်သည်မှာနှစ်နှစ်မျှသာရှိသေးသော်လည်း သူမကမူသူသိကျွမ်းခဲ့သည့် နင်အာ မဟုတ်တော့ချေ ။ 

သူနှင့်သူမ၏ပက်သက်မှုမှာ အစဦးကတည်းကပင် သူမ၏စကားများထဲ၌ အလိမ်အညာပေါ်အလိမ်ညာဆင့်၍ ပြောဆိုထားသောကြောင့် မည်သည်ကအမှန် မည်သည်ကအမှားဟူ၍ မခွဲခြားနိုင်တော့ချေ ။ 

စုကျိုက ရှုနင်ယု၏ စကားလမ်းကြောင်းအတိုင်းပူးပေါင်းပေးကာ 

 " နောက်တော့ ဘာဆက်ဖြစ်သွားလဲ "

" ပြီးတော့ သူတို့တွေအရမ်းကိုအခြေအနေကောင်းကောင်းလေးထဲသာယာနေတဲ့အချိန်မှာ ရှန်းကွေ့ဖေးကို ကိုယ်တိုင်ကိုယ်ကျမြင်ခိုင်းလိုက်တယ်လေ ... ဒေါသထွက်လွန်းအားကြီးလို့ တစ်စစီဖြဲပြီးသတ်စားပစ်မယ်တကဲကဲဖြစ်နေကြရောပဲ ... ရှုနန်ကျိုးဆိုရင် ဆယ်ဆပြန်ပေးဆပ်ခိုင်းမယ်လို့တောင်ကြုံး၀ါးလိုက်သေးတယ် ... ကျစ် ကြားထဲကသနားစရာကောင်းတာက အဲဒီအကြောင်းကိုသိတဲ့အစေခံလေးတွေပဲ ... အကုန်နှုတ်ပိတ်ခံလိုက်ရရှာတယ်လေ "

စုကျို ကပြုံး၍ 

" မင်း ပိုင်ကျိုးကို မှတ်မိသေးလား "

စုကျို သူ၏ အမည်အားထုတ်ဖော်ပြောပြလာသောအချိန်၌ ပိုင်ကျိုးမှာ အသက်အောင့်ထားလိုက်မိသည် ။ ရှုနင်ယု၏ မျက်နှာထားနှင့် လေသံမှာပြောင်းလဲသွားခြင်းမရှိဘဲ 

" မှတ်မိတာပေါ့ ... ကျွန်မအသက်ကိုကယ်ပေးခဲ့တဲ့သူကိုဘယ်လိုလုပ်မေ့မှာလဲ "

သူမတို့စတွေ့ခဲ့စဥ်အချိန်တုန်းကသာ ပိုင်ကျိုးက သူမအားစုကျိုထံသို့ဖြစ်စေ ရှုနန်ကျိုးထံသို့ဖြစ်စေအပ်ခဲ့မည်ဆိုလျှင် သူမအမှန်ပင် ဧကရီရှင်း၏ ဘက်မှ၀င်ရောက်ကူညီပေးမည်ဖြစ်သည် ။ 

သို့သော်လည်း နှစ်နှစ်တာကာလအတွင်း၌ ပိုင်ကျိုးက သူမအပေါ်အလွန်ကောင်းမွန်စွာဆက်ဆံခဲ့သောကြောင့် ထိုကာလတစ်ခုလုံးမှာသူမအတွက်အိပ်မက်လေးတစ်ခုကဲ့သို့ချိုမြိန်လှသည် ။

 သူမ၏ သရုပ်မှန်ကြောင့်နှစ်ဦးစလုံးအေးအေးချမ်းချမ်းအတူတူနေထိုင်ရန်မဖြစ်နိုင်ပါချေ ။ အချို့သောဆန္ဒများကို သူမ၏နှလုံးသားအတွင်း၌သာမြိုသိပ်ထားရ၏ ။

" ထူးထူးဆန်းဆန်း ဘာလို့သူ့အကြောင်းထမေးရတာလဲ "

" သူပိုင်ဆိုင်တဲ့အာဏာက အခုဆိုရင် နန်ကျိုးပြည်နယ်ကတောင်မယှဥ်ပြိုင်နိုင်တဲ့အထိဖြစ်နေပြီ ... ပိုင်ယွမ်ပြည်နယ်တစ်ခုလုံးကိုသူထိန်းချုပ်ထားတာလို့တောင်ပြောလို့ရတယ် ... အားနင် ... ရှုနန်ကျိုးကို ရှင်းပစ်ဖို့ သူရဲ့အာဏာကိုအသုံးမချချင်ဘူးလား "

ရှုနင်ယု၏ မျက်နှာထားမှာ တဖြည်းဖြည်းသုန်မှုန်လာလေ၏ ။

သူမ ပိုင်ကျိုး၏ ရှေ့တွင်မည်မျှပင်အရှက်မရှိသောအပြုအမူများပြုမူသည်ဖြစ်စေထိုကဲ့သို့လှည့်စားအသုံးချသောလုပ်ရပ်မျိုးကိုမလုပ်လိုပါပေ ။ အသက်ကယ်ခဲ့သည့်ကျေးဇူးကိုမပေးဆပ်ရသေးသည့်အပြင် နီးကပ်ခဲ့သောခံစားချက်များကိုအသုံးချ၍ ပိုင်ကျိုးအားမချည်နှောင်ချင်ပါချေ ။

ပိုင်ကျိုးက အလွန်ရိုးသားသောသူတစ်ယောက်ဖြစ်သဖြင့် ပိုင်ကျိုးအားနာကျင်အောင်သူမ မလုပ်ရက်ပါချေ ။ ရှုနင်ယုက စုကျိုငှဲ့ပေးထားသည့်ရေနွေးကြမ်းကိုတစ်ငုံမျှသောက်ကာ 

" ၀မ်းကွဲအရမ်းစိတ်ကူးယဥ်လွန်းနေပြီ "

" အိုး ... အားနင် ... ငါကမင်းကိုမင်းရဲ့အာဏာအတွက်အကျိုးအမြတ်ရအောင်ပြောပြပေးတာပါ တခြားဘာစိတ်ကူးမှမရှိဘူး " 

" တကယ်လို့အဲ့လိုလုပ်လို့ရခဲ့မယ်ဆိုရင်တောင် လုပ်ဖို့မဖြစ်နိုင်ဘူး ... ပိုင်ကျိုးက အသက်သခင်ကျေးဇူးရှင်ဆိုပေမဲ့ သူနဲ့ရင်းရင်းနှီးနှီးကြီးခင်မင်နေတာတော့မဟုတ်ပါဘူး ... ပြီးတော့လဲ သရုပ်မှန်ကိုသူ့ကိုပြောပြဖို့ကအဆင်မပြေဘူး ... ပြည်နယ်အတွင်းကကိစ္စကို အချင်းချင်းတံခါးပိတ်ဖြေရှင်းတာပဲကောင်းပါတယ် ”

စုကျို၏ အပြုံးမှာ တစ်မျိုးတစ်ဖုံလှည့်စားလိုဟန်အတိုင်းသားပေါ်လွင်နေ၏ ။

" အဓိပ္ပာယ်ရှိသားပဲ "




🐳