#lady
Chapter ( 22 )
ရှုနင်ယုမှာ စုကျို၏ အကြံအစည်များအကြောင်းအမှန်ပင်မသိပါချေ ။ သူမ၏ စိတ်ထဲရှိသည်မှာ ပိုင်ကျိုးအား ဤရေဆိုးများအတွင်းမပါ၀င်လိုစေခြင်းတစ်ခုတည်းသာပင် ။ ပိုင်ကျိုးအား နှုတ်မဆက်ဘဲထွက်ခွာလာရသည့်အကြောင်းအရင်းမှာ ပိုင်ကျိုး၏ မျက်နှာကိုမြင်သည်နှင့် သူမမပြတ်သားနိုင်တော့သောကြောင့်ဖြစ်သည် ။ အပေါ်ယံမျက်နှာဖုံးတစ်ခုတပ်ဆင်၍ ဟန်ဆောင်ပြုံးထားသော်လည်း ရင်ထဲ၌မူ ၀မ်းနည်းနေဆဲဖြစ်၏ ။
နှစ်ဖက်လုံးတွင်ခံစားချက်များရှိကြသည့်အပြင် ပိုင်ကျိုးဘက်မှသူမအား အလွန်ကောင်းမွန်စွာဆက်ဆံခဲ့သော်လည်း ခွဲခွာသင့်သည့်အကြောင်းအရင်းများမှာမူ တောင်ပုံရာပုံရှိနေခဲ့သည် ။
ပိုင်ကျိုးအား နောက်တစ်ကြိမ်ထပ်မတွေ့လိုပေ ။ သူ့အားတွေ့လိုက်သည်နှင့် သူမဟန်ဆောင်ကာရံထားသည့်မျက်နှာဖုံးကြီးမှာ တစ်စစီကြေမွသွားလိမ့်မည် ။
အလွန်တရာမှအေးစက်သွားပြီးနောက် လှည့်ထွက်သွားလေတော့သည် ။
စုအိမ်တော်မှပြန်လာပြီးနောက် ရှုနင်ယုက ဧကရာဇ်ထံအရင်ဆုံးသွားတွေ့လေသည် ။ ဧကရာဇ်မှာ နာမကျန်းဖြစ်၍ အိပ်ရာထဲလဲနေသဖြင့် ညီလာခံမတက်သည်မှာ ဤနှစ်နွေဦးအစကတည်းကပင် ။
လမ်းခုလတ်၌ မတော်တဆပြုကျ၍ ရှုနန်ကျိုး၏ ပွေ့ဖက်မှုအတွင်းကျရောက်သွား၏ ။ ရှုနန်ကျိုးမှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက ဖြစ်ပျက်ခဲ့သောကိစ္စကြောင့် ဒေါသထွက်နေဆဲဖြစ်ကာ ရှုနင်ယုအား ထိန်းပေးထားရခြင်းကိုမနှစ်မြို့ချေ ။ အထူးသဖြင့် နေ့နေ့ညညအသေသတ်ချင်နေသည့်ပြိုင်ဘက်တစ်ဦးဖြစ်သဖြင့်ပို၍ အော်ဂလီဆန်နေလေသည် ။
ရှုနင်ယုက ခေါင်းတစ်ချက်အသာညိမ့်ပြပြီးနောက်အေးတိအေးစက်လေသံဖြင့်
" အရှင်ရုံ"
ရှုနန်ကျိုးက အနီရောင်ဘရိုကိတ်၀တ်ရုံကို၀တ်ဆင်ထားပြီး ချောမောသောမျက်နှာလေးထက်တွင် မလိုမကျမှုများအတိုင်းသားပေါ်လွန်နေ၏ ။ သို့သော်လည်း ရှုနင်ယု၏ ရာထူးအဆင့်အတန်းမှာ သူ့ထက်မြင့်မြတ်သောကြောင့် မတတ်သာဘဲခေါင်းငုံ့အရိုအသေပေးရလေသည် ။
" မတွေ့တာကြာပြီ အိမ်ရှေ့စံ "
" ခမည်းတော်ကအခုအိပ်ပျော်နေတယ် မင်း၀င်သွားမယ်ဆိုရင် သူရဲ့ချိုမြိန်တဲ့အိပ်မက်လေးကိုဖျက်ဆီးမိသလိုဖြစ်သွားလိမ့်မယ် ... နောက်တစ်နေ့မှပြန်လာခဲ့ "
ထိုနှစ်ယောက်အကြည့်စစ်ပွဲဆင်နွှဲနေသည့်အချိန်မှာပင် အတွင်းဆောင်အတွင်းမှအလောတကြီးဖြစ်ဟန်ရသောအသံတစ်ခုထွက်ပေါ်လာ၏ ။
" အိမ်ရှေ့စံ ... အရှင်မင်းသား အရှင်မင်းကြီးလန့်နိုးလာပြီးခုနကတည်းက ဆက်တိုက်ချောင်းဆိုးနေလို့ ဒီအစေခံ တော်၀င်သမားတော်သွားပင့်လိုက်ပါဦးမယ် "
ရှုနန်ကျိုးက ၀တ်ရုံစကိုခါ၍
" ဒီအရှင်အရင်၀င်မယ် "
ရှုနင်ယု နားမှဖြတ်သွားစဥ်တွင် အေးစက်စက်လှောင်ရယ်သံတစ်ခုကိုကြားလိုက်ရသည် ။
" အလှလေးကရောဘယ်လိုလဲ ... အရှင်ရုံအခုထိ အလှလေးနဲ့အတွေ့အကြုံအကြောင်းစဥ်းစားနေတုန်းလား ..."
ဤရက်ပိုင်းအတွင်းထိုကိစ္စကြောင့် စုကျို၏ နောက်လိုက်နောက်ပါတစ်သိုက်က အားပါးတရပင် သူ့အားလှောင်ပြောင်၍ပြဿနာရှာနေခဲ့ကြသည် ။ ရှုနန်ကျိုးအတွက် အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ဖြစ်နေသည့်အတွက် ရှုနင်ယုအစပျိုးလာသောအခါ ဒေါသတချောင်းချောင်းထွက်လာတော့၏ ။
ရှုနန်ကျိုး၏ လျှာစောင်းမှာဓားသွားကဲ့သို့ထက်ရှပါသော်လည်း ခါးသိမ်သိမ်လေးမှာမူ ပျော့ပြောင်းလှ၏။
ရှုနင်ယု နှင့် စုကျိုတို့ သူ့အားပစ်မှတ်ထားနေရသည့်အကြောင်းအရင်းမှာ ထီးနန်းအတွက်သာမက ရှန်းကွေ့ဖေးကြောင့်လည်းဖြစ်နိုင်သည် ။ သူ၏ မွေးမိခင်ဖြစ်သော ရှန်းကွေ့ဖေးမှာ လှပသော်လည်းဦးနှောက်မရှိသောအမျိုးသမီးတစ်ဦးပင် ။ သူမ မည်မျှပင် ရှုနန်ကျိုးအတွက် အကွက်ချစီစဥ်ပေးသည်ဖြစ်စေ ပြဿနာတောထဲသို့တွန်းချလိုက်သလိုသာဖြစ်သွားတတ်၏ ။
ရှုနင်ယုက နန်းတော်ပြင်သို့ထွက်ရန် မြင်းလှည်းပေါ်သို့စိတ်ကြည်လင်စွာတက်လိုက်လေသည် ။ ယနေ့၌ လုပ်စရာမယ်မယ်ရရမရှိသည့်အပြင် ရှန်းကွေ့ဖေးနှင့် ရှုနန်ကျိုး တို့သားအမိအား အားရပါးရသွေးအန်သည်အထိ ဒုက္ခပေးစနောက်ခဲ့ရသောကြောင့် အလွန်စိတ်ချမ်းသာနေ၏ ။ ထို့ကြောင့် မြို့တော်ပြင်သို့ခဏထွက်ကာ မြင်းစီးရန်ဆုံးဖြတ်လိုက်သည် ။
နန်းတော်ဂိတ်တံခါးမှထွက်ခါနီးအချိန်တွင် ကုန်းကုန်းလေးတစ်ဦးမှ အမောတကောပြေးလာကာသတိပေးလေ၏ ။
" အရှင့်သား ... ဒီနေ့ည အရေးကြီးတဲ့မွေးနေ့ပွဲတစ်ခုတက်ရောက်ရမှာမို့လို့ မိုးမချုပ်ခင်ပြန်လာမှဖြစ်မှာပါ "
ရှုနင်ယုက ခေါင်းညိမ့်ပြ၍
" ငါသိတယ် ... တစ်နာရီလောက်ကြာမှ သတိပေးဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက် "
ထိုညမိုးမချုပ်မှီအချိန်တွင် ရှုနင်ယု ကရေချိုးကာအ၀တ်အစားလဲပြီးနောက် မြို့စားကြီး၏ မွေးနေ့ပွဲကျင်းပရာစံအိမ်သို့သွားလေသည် ။ မွေးနေ့ပွဲတစ်ခုလုံးမှာအလွန်တက်ကြွနေပြီး အိမ်ရှေ့စံကိုယ်တိုင်တက်ရောက်ချီးမြှင့်သော မွေးနေ့လက်ဆောင်ကိုလက်ခံရရှိသဖြင့် ပါးစပ်နားရွက်တက်ချိတ်မတတ်အလွန်ပြုံးပျော်နေတော့၏ ။
သုံးချီမြောက်သောက်ပြီးချိန်တွင် ရှုနင်ယုက အရက်သောက်ခြင်းကိုရပ်တန့်လိုက်၏ ။ ထို့နောက်အခြားသူများပြောဆိုနေကြသည့်ရောက်တက်ရာရာအကြောင်းများကိုနားထောင်နေရင်း အလွန်ထူးခြားသောသူတစ်ယောက်ပါ မွေးနေ့ ပွဲသို့တက်ရောက်လာကြောင်းတစ်စွန်းတစ်စကြားလိုက်ရသည် ။
လူများစွာ၏ စကားသံများဖြင့်ပွဲတစ်ခုလုံးဆူညံနေသောကြောင့် ရှုနင်ယု စိတ်ရှုပ်လာသဖြင့် ပန်းခြံထဲသို့လစ်ထွက်လာလိုက်သည် ။ ထိုအချိန်တွင်ပန်းခြံထဲ၌ လူမရှိသည့်အပြင် တိတ်ဆိတ်နေသဖြင့် ချောင်ကျကျတစ်နေရာကိုရှာကာ အေးအေးလူလူအနားယူရန်ကြံစည်လိုက်သည် ။ ရုတ်တရက်ပင် တစ်ယောက်ယောက်က သူမ၏ ပုခုံးကိုပုတ်လိုက်ပြီးနောက် ခါးကိုဆွဲကာနံရံတွင်ဖိကပ်လိုက်၏ ။
ထိုသူ၏ သိုင်းပညာမှာသူမထက်သာလွန်နေပုံရသည် ။ သူမ၏ ခါးမှာအားပါပါထိန်းကိုင်ခံထားရပြီး ထိုသူကလှုပ်ရှားခွင့်ပင်မပေးချေ ။ မျက်နှာအားမော့ကြည့်တော့မည့်အချိန်တွင် သူမ၏နှုတ်ခမ်းပေါ်သို့နူးညံ့အိစက်သောအရာတစ်ခုကျရောက်လာ၏ ။
အချိန်အတော်ကြာသောအခါမှသာ သူမအားလွှတ်ပေးလိုက်သည် ။ ရှုနင်ယုက သူမ၏နှုတ်ခမ်းကိုလက်ဖြင့်သပ်၍ မျက်ခုံးတစ်ချက်ပင့်လိုက်ကာ
" ပိုင်ကော "
ပိုင်ကျိုးက အနက်ရောင် ရွှေချည်ထိုး၀တ်ရုံကို၀တ်ဆင်ထားပြီး သူ၏ မျက်၀န်းများမှာ ညကောင်းကင်ယံရှိကြယ်ပွင့်များကဲ့သို့တလတ်လတ်တောက်ပနေဆဲဖြစ်သည် ။ လွန်ခဲ့သည့်နှစ်နှစ်ကနှင့်ယှဥ်ကြည့်မည်ဆိုပါက ဘာမျှပြောင်းလဲသွားပုံမပေါ်ပေ ။ ရှုနင်ယုက ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် အံ့သြတကြီးမေးလာ၏ ။
" ပိုင်ကောက ဘယ်လိုလုပ်ပြီးဒီကိုရောက်လာရတာလဲ"
" မင်းကိုလာရှာတာလေ "
ရှုနင်ယုက ပြုံး၍
" အရင်တုန်းက ကျွန်မပိုင်ကောဆီကိုယ်တိုင်ပစ်၀င်လာတဲ့အချိန်တွေမှာ ပိုင်ကောက ကျွန်မကိုမလိုချင်ဘူးလေ ... အခုလဲ ပိုင်ကော လာရှာပေမဲ့ ကျွန်မကတော့ ကောကိုမလိုချင်တော့ဘူး "
နှစ်နှစ်တာကာလအတွင်းတွင် သူမအရပ်ရှည်လာ၏ ။ ယခင်က သူမခေါင်းမှာသူ၏ရင်ဘတ်နားတွင်ရှိသော်လည်း ယခုမူသူ၏မေးစေ့နှင့်ထိလုနီးနီးဖြစ်နေပြီပင် ။
ပိုင်ကျိုးအတွက် အမျိုးသမီးရုပ်ဆိုးသည်နှင့်ရုပ်ချောသည်ကိုခွဲခြားရန်ခက်ခဲလှ၏ ။ ယခင်ကထိုအရာများအားစိတ်၀င်စားခြင်းမရှိခဲ့သော်လည်း ယခုမူ ရှုနင်ယု အမျိုးသမီးအ၀တ်အစားများ၀တ်ဆင်ထားမည်ဆိုပါက အလွန်လှပမည်ဖြစ်ကြောင်းကိုသာတွေးနေမိသည်။
အကြိမ်များစွာ ပိုင်ကျိုးမှာ ကူကယ်ရာမဲ့နေခဲ့ရရှာသည် ။ ရှုနင်ယုက အိမ်ရှေ့စံတစ်ပါး၀တ်ဆင်သင့်သည့်အဆောင်အယောင်များနှင့်အညီ၀တ်ဆင်ထားသဖြင့် အသွင်အပြင်မှာ အလွန်သြဇာကြီးမည့်ပုံပေါ်နေ၏ ။ ရှုနင်ယုက ၀တ်ရုံစကိုခါ၍
" ပိုင်ကော ... ကျွန်မကအစ်ကိုသိခဲ့တဲ့ နင်အာ မဟုတ်တော့ဘူး ... ကော ကျွန်မကို ကယ်ခဲ့တဲ့ကျေးဇူးကိုမမေ့ပါဘူး ... ကောလိုအပ်တာရှိရင် ကြိုက်တာအကူအညီတောင်းပါ "
" မင်းက အမျိုးသမီးတစ်ယောက်လေ အခုလက်ရှိရာထူးနေရာကမင်းနဲ့မလိုက်ဖက်ဘူး "
ရှုနင်ယု၏ အပြုံးထဲတွင် ခါးသီးသည့် ခံစားချက်များရောယှက်ပါ၀င်နေလျှက်
" လိုက်ဖက်တာ မလိုက်ဖက်တာက အရေးကြီးတဲ့ကိစ္စမှမဟုတ်တာ ... မွေးဖွားလာကတည်းကသတ်မှတ်ထားပြီးသား ပြောင်းလဲဖို့ရော လွတ်မြောက်ဖို့ပါမဖြစ်နိုင်ဘူး "
လရောင်အောက်၌ ရှုနင်ယု ၏မျက်နှာထားမှာအလွန်တည်ကြည်နေလေ၏ ။
" ကျွန်မသွားတော့မယ် "
သူမအရက်သောက်ထားသောကြောင့် ခန္ဓာကိုယ်မှာ သူမကိုယ်ပိုင်ကိုယ်သင်းရနံ့လေးနှင့်အတူတူ၀ိုင်ရနံ့လေးပါရောနှောနေ၏ ။ ပန်းခြံလေးနှင့်ဝေးရာသို့လျှောက်ပြီး အတန်ကြာသောအခါမှသာ သူမ၏မျက်နှာကိုလက်ဖြင့်အုပ်ကိုင်လိုက်သောအခါ မျက်ရည်များစီးကျနေလေသည် ။
ပိုင်ကျိုးကသူမအပေါ်တွင်လေးနက်သောစိတ်ခံစားချက်များစွာရှိနေသော်လည်း သူမဘက်မှတုံ့ပြန်မှုမပြုနိုင်ပေ ။ သူမနှုတ်ဆက်စကားမပြောဘဲထွက်လာခဲ့သောကြောင့် ပိုင်ကျိုး သူမကိုလိုက်ရှာနေမည်အားနားလည်ပါ၏ ။ ထိုတောင်ပေါ်တွင် နှင့် တောင်ခြေမြို့ငယ်လေးတွင်ရှာဖွေ၍ သူမအားမတွေ့ပါက မိုင်ထောင်ပေါင်းများစွာ ကွာဝေးသောပြည်နယ်တစ်ခုသို့ လာရောက်ရှာဖွေမည်ဖြစ်ကြောင်းလည်းသိပါ၏ ။
သို့သော်လည်း သူမကမူ သူ့နောက်သို့လိုက်၍မရချေ ။
စုကျိုက မှောင်ရိပ်ကျသောတစ်နေရာမှထွက်လာပြီးနောက် ခပ်ဖွဖွပြုံးကာ
" အရှင်ချူမြင်တယ်မလား အခုလက်ရှိသူမက အရှင်သိကျွမ်းခဲ့တဲ့တစ်ယောက်မဟုတ်ဘူး အရမ်းနှလုံးသားမဲ့နေပြီ ... အရှင့်ရဲ့အာဏာကထူးခြားတယ်ဆိုပေမဲ့ နန်ကျိုးပြည်နယ်ထဲမှာ အရှင်ဘာမှလုပ်လို့ရမှာမဟုတ်ဘူး သူမကသာ ဒီနေရာမှာ အမှန်တကယ်အာဏာရှိတဲ့လူ "
ပိုင်ကျိုးက အေးစက်နေသောမျက်၀န်းများဖြင့်ရုတ်တရက်လှည့်ကြည့်လာသောအခါ စုကျိုက ခပ်ဖွဖွပြုံးပြ၍
" သူမကြီးပြင်းလာတဲ့တောက်လျောက်ကိုစောင့်ကြည့်လာခဲ့တာ ... ငါသူမရဲ့လက်ကိုကိုင်ပြီးစာရေးဖို့သင်ပေးခဲ့ဖူးတယ်... သူမရဲ့ခါးကိုဖက်ပြီး ဓားရေးသင်ပေးခဲ့ဖူးတယ် ... အရှင်ရုံ ခင်ဗျားကရော ... ပိုင်ကျိုး ... ခင်ဗျားသူမရဲ့အသက်ကိုကယ်ခဲ့ဖူးတယ်ဆိုတာနဲ့ ရှိသမျှအရာအားလုံးကိုပစ်ပြီး ခင်ဗျားနောက်လိုက်စေချင်နေတာလား ... ခင်ဗျားက သူနဲ့ခြောက်လလောက်ပဲအတူတူရှိနေခဲ့တာလေ ခြောက်လသံယောဇဥ်က အတူတူကြီးပြင်းလာတဲ့သံယောဇဥ်ကိုယှဥ်နိုင်မှာတဲ့လား ..."
" မင်းက သူမရဲ့လက်ကိုကိုင်ပြီးစာရေးသင်ပေးခဲ့ဖူးတယ် ... ခါးကိုကိုင်ခဲ့ဖူးတယ် ဒါပေမဲ့ ဒီအရှင်ကတော့ ခုနကလေးတင်သူမကိုနမ်းခဲ့တာ "
စုကျို၏ လှပသောမျက်၀န်းများထဲ၌ လူသတ်လိုစိတ်များအပြည့်ဖြစ်လာ၏ ။
" မင်းသူမကိုတောက်လျှောက်စောင့်ကြည့်လာခဲ့မှန်းသိသာပါတယ် ... သူမကတကယ်ကိုကြီးပြင်းလာပြီပဲ "
စုကျိုက ဒေါသတကြီးရယ်မော၍
" ပိုင်ကျိုး ... မင်းကိုယ်မင်း သိပ်တော်လှပြီထင်မနေနဲ့ ... မင်းငါ့ထက်ငယ်ပါသေးတယ် "
" မင်းကဒီအရှင်ရဲ့အသက်ကိုတောင်သိနေတယ်ဆိုတော့ ... ဒီအရှင်ကိုမနာလိုပြီးအများကြီးလိုက်စုံစမ်းထားတာပဲ "
ပိုင်ကျိုးက အေးတိအေးစက်ရယ်မောကာ အဝေးသို့လျှောက်သွားရင်း
" ဒါပေမဲ့ မင်းမှာ ဒီအရှင်ထက်သာနေတဲ့နေရာတစ်နေရာမှမရှိဘူး "
စုကျိုမှာ အခုလေးတင် ပိုင်ကျိုး ရှုနင်ယု အားနမ်းခဲ့သည့်အကြောင်းကိုတွေးမိကာ မျက်နှာမသာမယာဖြစ်လာရ၏ ။ ပိုင်ကျိုး ထွက်သွားပြီးမကြာမှီမှာပင် ရှုနင်ယု ကလူသတ်ချင်နေဟန်ဖြင့် မျက်ခုံးကျုံ့ကာရောက်လာလေသည် ။
" ၀မ်းကွဲအစ်ကို ... သူ နန်ကျိုးပြည်နယ်ကိုလာသွားခဲ့တယ်ဆိုတာ ဘာလို့ဖုံးကွယ်ထားရတာလဲ "
စုကျို : "..."
စုကျိုက လှည့်စားတတ်သော မြေခွေးပေါက်လေးတစ်ကောင်နှင့်တူသော ရှုနင်ယုအားကြည့်ကာ
" ဘယ်လိုလုပ်ပြီးသတိထားမိသွားတာလဲ "
" ခန့်မှန်းဖို့မခက်ပါဘူး ဘာအကြောင်းအရင်းမှမရှိဘဲနဲ့ ၀မ်းကွဲက သူ့အကြောင်းရုတ်တရက်ကြီးထပြောတယ်လေ ... ပြီးတော့ မြို့စားနဲ့ ကျွန်မကလည်းအရမ်းအဆက်အဆံရှိတာမဟုတ်ဘူး ၀မ်းကွဲက ဒီနေရာကိုလာဖို့စီစဥ်ပေးတယ်ဆိုကတည်းက တစ်ခုခုထူးခြားနေပြီဆိုတာသတိထားမိပြီးသား ... ပိုင်ကောကလည်း အားယားနေတဲ့သူမှမဟုတ်တာ ဒီနေရာကိုအကြောင်းပြချက်မရှိဘဲလာပါ့မလား "
စုကျိုက နင်အာ၏ ခေါင်းကိုပုတ်၍
" ငါက မင်းသူနဲ့ ယောက်ျားနဲ့မိန်းမကြားကခံစားချက်မျိုးရှိသွားမှာကို စိုးရိမ်ရုံတင်ပါ ... အားနင် သူကမင်းနဲ့ မလိုက်ဖက်ဘူး "
ရှုနင်ယု၏ မျက်၀န်းထောင့်များမှာ မျက်ရည်စများဖြင့် စိုစွတ်လာကာနီရဲလာလေ၏ ။
" သိပါတယ် ... လက်ရှိအခြေအနေက အဲ့ကိစ္စကိုဆွေးနွေးဖို့အချိန်ကောင်းမဟုတ်ဘူး ပွဲထဲအရင်သွားလိုက်ဦးမယ် နောက်မှဆက်ပြောကြတာပေါ့ "
Xxxxx