#lady
Chapter ( 23 )
ထိုနေ့ည၌ ရှုနင်ယု ကအရှေ့နန်းဆောင်သို့အလွန်နောက်ကျသောအချိန်မှသာ ပြန်ရောက်ခဲ့ပြီး နောက်တစ်နေ့ နံနက်စောစော၌ သူမ၏ အနီးကပ်အစေခံတစ်ဦးမမျှော်လင့်ဘဲရောက်လာလေသည် ။
" အရှင့်သား အခြေအနေတွေကပိုပြီးဆိုး၀ါးလာပါပြီ ဧကရာဇ်ကရုတ်တရက်ကြီးသတိလစ်သွားပြီး တော်၀င်အစောင့်တပ်တွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်နေကြပါတယ် ... အရှင့်သားလည်း မြန်မြန်တစ်ချက်လောက်သွားကြည့်သင့်တယ်ထင်လို့ပါ "
ရှုနင်ယု၏ အိပ်ချင်စိတ်လေးမှာကြက်ပျောက်ငှက်ပျောက်ပျောက်သွားရ၏ ။
" ဘာတွေဖြစ်နေတာလဲ ...စစ်သူကြီးစုက အခုဘယ်မှာလဲ ..."
" တစ်ယောက်ယောက်က စစ်သူကြီးစုကိုသတင်းပေးလိုက်ပြီးပါပြီ "
အစေခံများက ရှုနင်ယုအား မျက်နှာသစ်ရန်နှင့်အ၀တ်လဲရန်ကူညီပေးကြ၏ ။ ရှုနင်ယု၏ ခါးတွင်ဓားရှည်တစ်လက်ရှိပြီး ထိုဓားရှည်မှာ စုကျိုသူမအားလက်ဆောင်ပေးထားခြင်းပင် ။ ဧကရာဇ်၏ အိပ်ဆောင်သို့ရောက်သည့်အချိန်တွင် ရှုနင်ယုမြင်ရသည့် မြင်ကွင်းမှာ အတန်းလိုက်စီနေကြသည့် တော်၀င်အစောင့်စစ်သည်များပင်ဖြစ်သည် ။ ရှုနင်ယု အိပ်ဆောင်ထဲ၀င်ရန်ပြင်သည့်အခါ ထိုအစောင့်စစ်သည်များက အလန့်တကြားအော်ဟစ်လာကြ၏ ။
" အရှင့်သား ... ဧကရာဇ်ရဲ့ကျန်းမာရေးအခြေအနေက ပိုပြီးကောင်းမွန်လာပါပြီ အရှင့်သာစိတ်မပူပါနဲ့ ... အရှေ့နန်းဆောင်မှာပြန်ပြီး ဧကရာဇ်ဆင့်ခေါ်မဲ့အချိန်ကိုသာအေးအေးဆေးဆေးစောင့်နေပါ "
အစောင့်စစ်သည်များပြောနေကြသည့်အချိန်မှာပင် စုကျို ရောက်လာ၏ ။ စုကျိုက ရိုးရှင်းသည့်အဖြူရောင်၀တ်ရုံကို ငွေချည်ထိုးခါးပတ်ဖြင့်တွဲဖက်၀တ်ဆင်ထားသဖြင့် သူ၏ အသွင်အပြင်မှာနူးညံ့မည့်ပုံပေါ်နေသည် ။ သို့သော်လည်း သူ၏စကားလုံးများမှာမူ လူသတ်လိုရိပ်များအပြည့်ပင် ။
" ဧကရီ တော်၀င်ကိုယ်လုပ်တော်နဲ့ အရှင်ရုံတို့ပါအိပ်ဆောင်ထဲမှာရှိနေကြတာ အိမ်ရှေ့အနေနဲ့လည်း ၀င်သွားသင့်ပါတယ် "
ရှုနင်ယုက ခေါင်းညိမ့်၍
" သွားကြတာပေါ့ "
ထို့နောက် တော်၀င်အစောင့်များက စုကျိုနှင့်ရှုနင်ယုတို့၏ ခါးမှဓားများကိုသိမ်းယူလိုက်သည် ။
" ဧကရာဇ်ရဲ့အိပ်ဆောင်ထဲကိုလက်နက်တွေယူသွားခွင့်မပြုလို့ အရှင့်သားစည်းကမ်းနဲ့အညီလိုက်နာသင့်ပါတယ် "
ရှုနင်ယု၏ နောက်မှ စုကျိုလိုက်လာလေသည် ။ ဧကရီရော တော်၀င်ကိုယ်လုပ်တော်ပါ အိပ်ရာဘေးတွင်ရှိနေကြပြီး ဧကရာဇ်ကမူ အိပ်ယာပေါ်၌ မျက်နှာတစ်ခုလုံးဖြူဖျော့လျက်လဲေလျာင်းနေသည် ။ စုကျိုနှင့် ရှုနင်ယု တို့အရိုအသေပေးသောအခါ ဧကရာဇ်က အသံဖျော့ဖျော့ဖြင့်ပြောလာ၏ ။
" နင်ယု နဲ့ နန်ကျိုး ဒီနားကိုလာခဲ့ "
ရှုနင်ယုနှင့် ရှုနန်ကျိုး တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် ဧကရာဇ်၏ ကုတင်နားသို့သွားလိုက်သည် ။ ထိုအချိန်တွင် ဧကရာဇ်က ရှုနင်ယု၏ လက်ကိုဆွဲကိုင်၍
" ခမည်းတော်ရဲ့ အသက်ကဒီညလွန်တဲ့အထိခံနိုင်မှာမဟုတ်ဘူး ... နင်ယု ခမည်းတော်က သားတော်ကိုအရမ်းချစ်တာ ခမည်းတော်နဲ့ အတူတူလိုက်ခဲ့ပါလား "
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုနင်ယုသာမက စုကျို ၏ မျက်နှာထားပါပြောင်းလဲသွားရသည် ။ သူမမတုံ့ပြန်နိုင်သေးခင်မှာပင် ရှုနန်ကျိုး၏ လက်ထဲမှဓားသွားက သူမ၏လည်ပင်းပေါ်သို့တင်ထားပြီးဖြစ်၏ ။
ရှန်းကွေ့ဖေးက အမြန်အော်ဟစ်၍
" လာကြပါဦး ... အိမ်ရှေ့စံက ဧကရာဇ်ကိုလုပ်ကြံဖို့ကြိုးစားနေတယ် "
တံခါး၀မှ တော်၀င်အစောင့်စစ်သည်များအဆက်မပြတ်၀င်ရောက်လာသောအခါမှသာ ထောင်ချောက်ထဲသို့ကျရောက်သွားပြီဖြစ်ကြောင်း စုကျို သဘောပေါက်သွားရ၏ ။
ဘေးတွင်ရပ်နေသည့် ဧကရီမှာလည်း ဤဖြစ်ရပ်ကိုမျှော်လင့်ထားပုံမရပေ ။ စုကျိုနှင့် ရှုနင်ယုတို့ကပုန်ကန်ရန်ကြံစည်ထားသည်ဟုထင်မှတ်၍ သူမကိုယ်တိုင်ကိုယ်လွတ်ရုန်းရန်ကြိုးစားတော့သည် ။
" အရှင် ဒီကိစ္စက ဒီမိဖုရားနဲ့မဆိုင်ပါဘူး သူတို့ရဲ့အကြံပါ "
စုကျို၏ အကြည့်များမှာနက်မှောင်သွားရ၏ ။ ဧကရီမှာ အာဏာကြီးမားသည့်စုမိသားစုမှသမီးဖြစ်သော်လည်း သာမန်အသိုင်းအ၀ိုင်းမှလာသော ရှန်းကွေ့ဖေးလောက်ပင် လူကဲခတ်မတော်ပါပေ ။ ဤနှစ်များတစ်လျှောက်လုံး၌ လူရှေ့သူရှေ့တွင် ရှုနင်ယုအား ဂရုစိုက်ပြပါသော်လည်း နောက်ကွယ်၌မူအေးတိအေးစက်သာဆက်ဆံလေ့ရှိသည် ။
ရှန်းကွေ့ဖေးက ဧကရီပြောသည့်စကား၏ ဆိုလိုရင်းကိုဘာမျှနားမလည်သော်လည်း ဧကရီက အိမ်ရှေ့စံဘက်မှကာကွယ်ပေးခြင်းမရှိသည့်အတွက် အားတက်လာသည် ။
" ဧကရီနဲ့ဧကရာဇ်ကအရမ်းချစ်ခင်ကြတဲ့ဇနီးမောင်နှံတွေဆိုတော့ ဧကရာဇ်နောက်ကိုတစ်ခါတည်းလိုက်သွားပါလား "
ဧကရာဇ်၏ မျက်နှာထားမှာအလွန်ဆိုးရွားနေပြီး ရှုနင်ယု အားလက်ညိုးထိုး၍
" ဒါတွေအကုန်နင့်ကြောင့် နင့်ကြောင့် ..."
သူမစကားဆုံးအောင်မပြောရသေးခင်မှာပင် စုကျိုက ဧကရီ၏ လည်ပင်းကိုညှစ်ထားလိုက်သောကြောင့် ဘာမှဆက်မပြောနိုင်တော့ချေ ။ စုကျိုက နှာမှုတ်၍
" ဘာလို့ဒီလောက်တောင်တုံးသွားရတာလဲ ... သူ့ကြောင့်သာမဟုတ်ရင် မင်းရဲ့အသုံးမ၀င်တဲ့အသက်ကအဆုံးသတ်သွားတာကြာလှပြီ သူ့ကြောင့် ဆယ့်ရှစ်နှစ်ကျော်ပိုပြီးရှင်သန်ခဲ့ရတာတောင် ကျေးဇူးမတင်ဘူးလား "
ထိုအချိန်တွင် ဆေးပို့သောသနားစရာအစေခံတစ်ဦးရောက်လာ၏ ။
" ဧ... ဧကရာဇ် အတွက်ဆေး..."
ဧကရာဇ် ကျင်း၀မ်သည်လည်း အပေါ်ယံ၌ အိမ်ရှေ့စံကိုသာချစ်ခင်နှစ်သက်နေဟန်ပြပါသော်လည်း အမှန်တကယ်ရင်ထဲမှတန်ဖိုးထားသောသားသမီးမှာ ရှုနန်ကျိုးသာဖြစ်သည် ။
ဧကရီစုက တစ်ကိုယ်ကောင်းဆန်၍ဥာဏ်မရှိသောမိန်းမဖြစ်သဖြင့် ဧကရာဇ်က သူမအား တစ်ခါမှမချစ်ခဲ့ဖူးပါပေ ။ သူအမှန်တကယ်ချစ်မြတ်နိုးသူမှာ အာဏာမရှိသောမိသားစုမှလာသည့် ရှန်းကွေ့ဖေးပင် ။ ထို့ပြင် ရှုနန်ကျိုးမှာလည်း နှိမ့်ချတတ်သဖြင့် ဧကရာဇ်သဘောကျသောရိုကျိုးသည့်ပုံစံလေးဖြစ်နေ၏ ။
အခြားတစ်ဖက်ရှိအိမ်ရှေ့စံမှာမူ ယွမ်အိမ်တော်နှင့်အလွန်ရင်းနှီးသည့်အပြင် မွေးမိခင်ဘက်မှအိမ်တော်သည်လည်း အာဏာကြီးမားသည့် စုအိမ်တော်ဖြစ်နေသေး၏ ။ ဧကရာဇ်ကျင်း၀မ်အတွက်ခေါင်းကိုက်စရာဖြစ်နေသည့် စစ်တပ်အာဏာကိုကိုင်စွဲထားသည့် စုကျိုမှာလည်း အိမ်ရှေ့စံဘက်မှလူပင် ။ ဧကရာဇ်အနေဖြင့်ထိုကဲ့သို့နောက်ခံမျိုးရှိသည့် အိမ်ရှေ့စံအားထီးနန်းမပေးလိုပါပေ ။
ဧကရာဇ်က ဆေးလာပို့သော အစေခံအားအမိန့်ပေးလိုက်သည် ။
" ချထားလိုက် "
ရှုနန်ကျိုးက ရှုနင်ယု လည်တိုင်နားတွင်ထားသည့်ဓားသွားကိုပို၍နီးကပ်စေကာ အေးစက်စက်ပြောလိုက်သည် ။
" ဆေးကိုပါးစပ်ထဲလောင်းထည့်လိုက် "
ထိုအခိုက်၌ ဧကရာဇ်မှာ မိမိ၏ နားကိုပင်မယုံနိုင်အောင်ဖြစ်သွားရ၏ ။ အစေခံမှာ ရှုနန်ကျိုး ၏ဘက်မှလူဖြစ်ပုံရကာ ဧကရာဇ်၏ ပါးစပ်ထဲသို့ဆေးများလောင်းထည့်တော့သည့် ။ ဆေးကုန်အောင်မတိုက်ရသေးမှီအချိန်မှာပင် ဧကရာဇ်မှာကံတော်ကုန်သွားပြီဖြစ်သည် ။
ရှုနင်ယု၏သိုင်းပညာမှာ ရှုနန်ကျိုးထက်သာလွန်သည့်အပြင် စုကျို၏ အရည်အချင်းအရဆိုလျှင် လူတစ်ရာကိုပင်အခက်အခဲမရှိအနိုင်ယူနိုင်၏ ။ သို့သော်လည်း လက်နက်များမှာမူ အိပ်ဆောင်ထဲသို့၀င်မလာမှီအချိန်က သိမ်းယူခံလိုက်ရသည် ။
ရှုနန်ကျိုးက အေးတိအေးစက်ရယ်မော၍
" အိမ်ရှေ့စံ ဧကရာဇ်ကိုဆက်သတဲ့ဆေးထဲမှာအဆိပ်ပါနေတာပဲ ... ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ "
ရှုနင်ယုက မလှမ်းမကမ်းတွင်ရပ်နေသည့်စုကျို အားကြည့်လိုက်မိသည် ။ တော်၀င်အစောင့်စစ်သည်များမှာ စုကျိုသည်စစ်တပ်အာဏာကိုလက်ကိုင်ထားသူဖြစ်ကြောင်းသိသဖြင့်မည်သူမျှမတိုက်ခိုက်ချင်ကြပေ။
" ၀မ်းကွဲ စိတ်မပူပါနဲ့ အရင်ထွက်သွားလိုက် "
စုကျိုထံတွင် လက်နက်မရှိသော်လည်း ထွက်ပြေးရန်အတွက်မူမခက်ခဲပါချေ ။ ရှုနန်ကျိုးက ဓားကိုအားပါပါကိုင်လိုက်သည့်အခါ ရှုနင်ယု၏နှင်းကဲ့သို့ဖြူဖွေးသော လည်တိုင်တွင်ပြတ်ရှရာတစ်ခုပေါ်လာပြီးသွေးများစီးကျလာ၏ ။
ရှုနန်ကျိုး၏ နှုတ်ခမ်းထောင့်များမှာ လှောင်ပြောင်လိုဟန်ကွေးညွတ်သွားလျှက်
" မင်းတို့ကတကယ်ညီအစ်ကိုကောင်းပီသကြတာပဲ "
ရှုနန်ကျိုးက ရှုနင်ယု၏ လိင်အမှန်ကိုသိသဖြင့် ' ညီအစ်ကိုကောင်း ' ဟုပြောသည့်နေရာတွင်သူ၏မျက်နှာထားမှာအလွန်ရွံရှာနေသည့်ပုံပေါ်နေ၏ ။ စုကျို၏ မျက်နှာထားမှာအလွန်တင်းမာသွားရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဘေးတွင်ရပ်နေသည့် ရှန်းကွေ့ဖေး၏ လည်မြိုကိုညှစ်လိုက်သည် ။
ရှန်းကွေ့ဖေးမှာ စုကျို သိုင်းပညာတော်ကြောင်းသိသော်လည်း ဤမျှထူးချွန်နေမည်ဟုတင်မထားခဲ့ချေ ။ စုကျိုက ရှုနန်ကျိုးအားမေးငေါ့ပြ၍
" အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း "
ရှန်းကွေ့ဖေးမှာ ကြောက်လွန်း၍မျက်နှာတစ်ခုလုံးဖြူဖျော့လာရ၏ ။
"နင် ... နင် ..."
ရှုနန်ကျိုးက အံကြိတ်ထားသောလေသံဖြင့်
" ဒီနားကိုလာခဲ့ "
နှစ်ဖက်စလုံးမှဓားစာခံများကိုလဲလှယ်ရာ၌ စုကျိုက ရှန်းကွေ့ဖေးကို ရှုနန်ကျိုး ထံသို့တွန်းလွှတ်လိုက်သည် ။ တစ်ဖက်ရှိ ရှုနန်ကျိုးမှာမူ ရှုနင်ယုအား တွန်းထုတ်လိုက်သော်လည်း ရှန်းကွေ့ဖေးကိုမူ မဖမ်းလိုက်သောကြောင့် ရှန်းကွေးဖေးမှာ ကြမ်းပြင်ပေါ်သို့ပုံရက်သားလဲကျသွား၏ ။
ရှုနန်ကျိုးက ရှုနင်ယု၏ ကျောသို့ဓားဖြင့်ထိုးရန်နောက်မှချိန်ရွယ်လာသောအခါ စုကျိုမှာ တစ်ကိုယ်လုံးပူထူသွားပြီး ဓားသွားကို ရှုနင်ယုအစားပြေးခံလိုက်သည် ။
စုကျိုက သွေးတစ်ပွက်အန်လိုက်သောကြောင့် သူ၀တ်ဆင်ထားသည့်အဖြူရောင်၀တ်ရုံပေါ်၌ သွေးများစွန်းထင်သွား၏ ။ ထို့နောက် သူ၏နောက်ကျောမှဓားကိုဆွဲထုတ်၍ နင်အာ၏ လက်ထဲသို့ထည့်ပေးကာ
" ငါမင်းကိုဓားဘယ်လိုသုံးရမယ်ဆိုတာသင်ပေးထားတယ်နော် ... အားနင် ..."
ရှုနင်ယုက စုကျိုအား လက်တစ်ဖက်ဖြင့်ထိန်းကိုင်ထားပြီးနောက်
" ကော ကိုရအောင်ခေါ်ထုတ်သွားပေးမယ် "
နောက်ကျောတွင်ဓားထိုးရာကြီးရှိနေသဖြင့် စုကျိုမှာ လှုပ်ရှားရန်မလွယ်ကူလှချေ ။ ရှုနန်ကျိုးက အမိန့်ပေးလိုက်သောအခါ စစ်သည်တစ်အုပ်ကြီးက ဓားများ၀င့်၍ စုကျိုနှင့်ရှုနင်ယုရှိရာဆီသို့ပြေးလာကြသည် ။ ရှုနင်ယုက စစ်သည်တစ်ဦးအားဓားဖြင့်ထိုးလိုက်ပြီးနောက် ထိုစစ်သည်၏လက်ထဲမှဓားကိုယူကာ စုကျို၏ လက်ထဲသို့ထိုးထည့်ပေးလိုက်သည် ။
မြေပြင်တစ်ခုလုံး၌သွေးများရွဲရွဲနစ်နေပြီး မြင့်မားသည့်နန်းတော်နံရံကြီးများကိုတစ်ဆင့်ပြီးတစ်ဆင့်ဖြတ်ကျော်လာကြသည် ။ ရှုနင်ယုက သူမ၏ ဘေးတွင်စုကျိုအားတွဲ၍ စစ်သည်များကိုတိုက်ခိုက်နေပြီး စုကျိုကမူ သူမအားလမ်းတစ်လျှောက်လုံးကာကွယ်ပေးနေ၏ ။ သည်းထန်စွာရွာသွန်းနေသောမိုးသည်ပင် မြေပြင်ပေါ်မှသွေးများကိုမဆေးကြောနိုင်တော့ချေ ။
စုကျို၏ လှပသောမျက်၀န်းများထဲ၌ မရှိစဖူး စိုးရိမ်ကြောင့်ကြမှုများထွက်ပေါ်လာ၏ ။
" နန်းတော်ဂိတ်တံခါးကိုဖြတ်ကျော်နိုင်ဖို့ လူဘယ်နှယောက်လောက်သတ်ရဦးမယ်လို့ထင်လဲ "
" လူရှစ်ရာကျော် "
ရှုနန်ကျိုးက တစ်ဖက်မှဖြေလာ၏ ။
" အားနင် ... မင်းမှာအတောင်ပံတွေရှိတယ်ဆိုရင်တောင်လွတ်မှာမဟုတ်ဘူး "
ကံမကောင်းစွာနှင့် တိုက်ပွဲအတွင်းရှိနေသည့် ရှုနင်ယုက သူ၏စကားများကိုမကြားပါချေ ။ စစ်သည်များက ပစ်တင်ရန်လေးများကိုအသင့်တင်ထားပြီးဖြစ်ကာ ရှုနန်ကျိုး အမိန့်ပေးလိုက်သည်နှင့် ပစ်လိုက်ကြသည် ။
စုကျို၏ တစ်ကိုယ်လုံးတွင်သွေးများဖြင့်ဖုံးအုပ်နေပြီး ရှုနင်ယုမှာလည်း သူနှင့်ထူးမခြားနားပင် ။ စုကျိုအား မြှားမှန်သည့်အခါ ရှုနင်ယုမှာ မထိန်းချုပ်နိုင်ဘဲငိုကြွေးမိလေသည် ။ စုကျိုက သူ၏ပုခုံးထက်တွင်စိုက်နေသည့်မြှားကိုဆွဲထုတ်၍
" အားနင် ... ငါ့ကိုထားခဲ့ပြီးသွားတော့ ... မင်းလွတ်မြောက်သွားမှရမယ် "
ရှုနင်ယု၏ မျက်၀န်းများမှာငိုထားသောကြောင့်နီရဲနေသော်လည်း သူမ၏ ဓားကို၀င့်၍ စုကျိုအား ကာကွယ်ရန်တစ်ကြိမ်မျှပင်လက်လျှော့ခဲ့ခြင်းမရှိချေ ။
" ကော ... ကျွန်မတောင်းပန်ပါတယ် ... အရင်တုန်းက ရှုနန်ကျိုးကို သတ်ဖို့အခွင့်အရေးရခဲ့ပေမဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်လို့သတ်မှတ်ပြီးမသတ်ခဲ့ဘူး ... ကျွန်မမလုပ်နိုင်ခဲ့ဘူး "
သို့သော် နောက်ဆုံးတွင်သူမအားကာကွယ်ပေးမည့်ဆွေမျိုးမှာ စုကျိုတစ်ဦးတည်းသာဖြစ်၏ ။ စုကျိုက ခဏမျှတိတ်ဆိတ်နေပြီးနောက်မှပြောလာသည် ။
" ငါသိတယ် "
ရှုနင်ယု အံ့သြသွားရသည် ။
" မင်းငယ်ငယ်တုန်းကအရမ်းကိုကြောက်တတ်တဲ့ကလေးလေးတစ်ယောက်ဖြစ်ခဲ့တာ ပုရွက်ဆိတ်တွေကိုတောင်သတ်ရက်တာမဟုတ်ဘူး အခုတော့ငါ့ကြောင့် လူတွေသတ်နေရပြီ "
စုကျို၏ တစ်ကိုယ်လုံးသွေးများရွှဲနစ်နေသော်လည်း နင်အာ အားကြည့်နေသည့် သူ၏အကြည့်များကမူညင်သာနွေးထွေးနေ၏ ။
" ငါမင်းဘ၀ကိုဖျက်ဆီးခဲ့မိတာ ... အားနင် မင်းကအလိုလိုက်ခံပြီးနေထိုင်သွားရမှာ ဓားကိုင်ဖို့မဟုတ်ဘူး"
နောက်တစ်ကြိမ်မြှားချိန်ရွယ်လိုက်သောအခါ ပစ်မှတ်မှာ စုကျိုမဟုတ်ဘဲ ဤတစ်ကြိမ်၌ရှုနင်ယုဖြစ်သည် ။ ရှုနင်ယု ထံဦးတည်လာမည့်မြှားကို စုကျိုက ခံယူဦးမည်ဖြစ်ကြောင်း ရှုနန်ကျိုးအတပ်သိ၏ ။ စုကျိုမှာ ရှုနင်ယုအား ပြောစရာစကားများစွာရှိသော်လည်း အသံသဲ့သဲ့သာထွက်နိုင်တော့သည် ။
" တောင်တန်းလေးပေါ်က သစ်ပင်တွေ ... ကောမင်းကိုနောက်ဘ၀မှပြန်ပေးဆပ်ပါ့မယ် "
ရှုနင်ယု ကြားမကြားမသဲကွဲသော်လည်း သူမ၏မှတ်ဥာဏ်ထဲတွင် သူ၏ပုံရိပ်မှာအမြဲဥာဏ်များလှည့်စားတတ်သည့်သူတစ်ဦးအဖြစ်မကျန်ရစ်ခဲ့ချင်ပါချေ ။
" အားနင် ... မင်း အစ်ကို့ကိုအမြဲတမ်းသတိရနေရမယ်နော် "
စုကျို၏ ပါးစပ်မှသွေးတစ်ပွက်အန်လိုက်ချိန်၌ သူအသိစိတ်လွတ်သွားမည်ကို ရှုနင်ယု အလွန်စိုးရိမ်နေရသည် ။ လူပေါင်းများစွာ၏ သေဆုံးခြင်းကိုတွေးခဲ့ဖူးသော်လည်း စုကျို ကယခုလိုသူမအားထားသွားမည်ကိုတော့လက်မခံနိုင်ပါချေ ။
🐳