#lady
Chapter ( 24 )
သူမအား အကျဥ်းချထားစဥ်အချိန်အတွင်း ရှုနင်ယု မှာ မျက်ရည်တစ်စက်မျှပင်မကျနိုင်ခဲ့ပေ ။ စုကျိုနှစ်ပေါင်းများစွာ စီစဥ်ခဲ့ရသည့်အစီအစဥ်များမှာ တစ်ရက်တည်းဖြင့်ပျက်စီးသွားရ၏ ။ သူမ၏ဖခင်ဖြစ်သူမှာ သူမအားထီးနန်းပေးရန် မည်သည့်အခါကမျှရည်ရွယ်ချက်မရှိသည့်အကြောင်းအားလည်းမသိခဲ့ချေ ။
စုမိသားစုအား ဖျက်ဆီးရန် အချိန်အတော်ကြာကတည်းကကြံစည်ထားခဲ့ပုံရကာ စုကျိုအား ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြသည် ။ ထိုနေရာတွင် သူမလည်းပဲသေဆုံးသွားရန် အကြိမ်ကြိမ်ဆုတောင်းမိ၏ ။
သူမတစ်ကိုယ်လုံးတွင် သူမကိုယ်တိုင်၏သွေးများရွဲနစ်နေ၏ ။ ရှုနင်ယုမှာ တော်၀င်အနွယ်စစ်စစ်ဖြစ်သောကြောင့် သူမ၏သွေးစက်များမှာ အနီရင့်ရောင်ကြည်လင်တောက်ပနေသည် ။ သန့်ရှင်းဆုံးနှင့် အာဏာစက်အပြင်းဆုံးတော်၀င်အနွယ်သွေးစစ်စစ်ပင်။
မှောင်မဲနေသည့် အကျဥ်းခန်းလေးထဲမှတစ်ခုတည်းသောအလင်းရောင်လာသည့်အပေါက်သေးသေးလေးအား စိုက်ကြည့်နေမိသည် ။ တစ်ညပြီးတစ်ည တစ်နေ့ပြီးတစ်နေ့ ထိုတစ်နေရာတည်းသို့သာစိုက်ကြည့်နေကြီး တစ်ခါလေးမျှပင်မအိပ်ခဲ့ပေ ။
တစ်နေ့၌ အကျဥ်းခန်းတံခါးပွင့်လာပြီး ရှုနန်ကျိုးက တော်၀င်နဂါး၀တ်ရုံအား၀တ်ဆင်ထား၏ ။ သူ၏မျက်ခုံးတန်းတန်းကြောင့်မျက်နှာသွင်ပြင်အား အနည်းငယ်ရက်စက်မည့်ပုံပေါ်သွားစေသည် ။
" ငါမင်းအတွက်လက်ဆောင်ယူလာခဲ့တယ် "
ရှုနင်ယုထံသို့ အိတ်တစ်အိတ်ပစ်ပေးလာသဖြင့်ဖွင့်ကြည့်လိုက်သောအခါ ထိုအိတ်ထဲတွင်ရှိနေသည်မှာ လူသားဦးခေါင်းတစ်လုံးဖြစ်နေ၏ ။ အတိအကျပြောရမည်ဆိုလျှင် ထိုသည်မှာ စုဟွမ်၏ ဦးခေါင်းပင် ။ ရှုနင်ယုမှာ အော်ဟစ်ငိုရန်ပင်အားမရှိတော့သောကြောင့် တစ်ခါတည်းသတိလစ်သွားလေသည် ။
ရေအေးများဖြင့်ပက်ကာအနှိုးခံရသည့်အချိန်တွင် ရှုနင်ယုက မျက်လုံးများကိုမနည်းအားယူဖွင့်ကာ အက်ရှရှအသံဖြင့်မေးလာ၏ ။
" အခြားသူတွေရော "
" အကုန်သေပြီ "
ရှုနန်ကျိုးက အေးစက်စက်လေသံဖြင့်
" မင်းကလွဲရင် ငါ့ကိုဆန့်ကျင်တဲ့လူတွေအားလုံးသေသွားပြီ "
ရှုနင်ယု၏ လည်ချောင်းတစ်ခုလုံးတင်းကြပ်လာပြီး စကားတစ်ခွန်းမျှမပြောနိုင်တော့ချေ ။ ရှုနန်ကျိုးက ရှုနင်ယု၏ မေးစေ့ကိုလက်ဖြင့်မကာ
" မင်းငါ့ကိုမုန်းနေပြီမလား ...ဟုတ်တယ်မလား ..."
ရှုနင်ယုက တံတွေးဖြင့်လှမ်းထွေးလိုက်ကာ
" အယုတ်တမာကောင် "
" အယုတ်တမာကောင်ဟုတ်လား ...ဟားဟား..."
ရှုနန်ကျိုးက ဒေါသတကြီးရယ်မော၍ နောက်ဆုတ်ကာ
" နိုင်ရင်အသက်ရှင်မယ် ရှုံးရင်သေမဲ့လမ်းနှစ်ခုပဲရှိတယ် ... တကယ်လို့ ငါသာရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ငါ့လူတွေရဲ့အဆုံးသတ်ကမင်းလူတွေထက်အများကြီးဆိုး၀ါးသွားမှာ စုကျို ငါ့လူတွေကိုသတ်တာကျမင်းခွင့်ပြုနိုင်ပြီး ဘာလို့ငါသူ့ကိုသတ်တာကိုကျတော့ မင်းခွင့်မပြုနိုင်ရတာလဲ "
ရှုနင်ယုက အေးစက်စက်လေသံဖြင့်
" ဒါပေမဲ့လည်း အမြစ်ပြတ်သုတ်သင်တာကဘယ်လောက်တောင် အကုသိုလ်များလဲသိရဲ့လား "
" အားနင် ... မင်းကမိန်းမကလေးတစ်ယောက်ပဲ အစကတည်းကမင်းကငါပိုင်ရမဲ့အရာတွေကိုခိုးယူထားခဲ့တာ "
"မင်းသာယောက်ျားတစ်ယောက်အဖြစ်ဟန်မဆောင်ခဲ့ရင် အိမ်ရှေ့စံရာထူးကိုငါရခဲ့မှာ ဆယ့်ရှစ်နှစ်တာလုံးမင်းပိုင်ဆိုင်ခဲ့တဲ့အရာတွေကိုငါ့အပိုင်ဖြစ်ခဲ့ရမှာ "
" နန်ကျိုးပြည်နယ်ကရှုမိသားစုရဲ့အပိုင် စုမိသားစုပိုင်တာမဟုတ်ဘူး ... မင်းက စုကျိုကို အရမ်းယုံကြည်လွန်းပြီး အာဏာအကုန်ပေးထားလို့ စုမိသားစုရဲ့အာဏာက တဖြည်းဖြည်းတော်၀င်မိသားစုနဲ့တောင်ယှဥ်လာနိုင်တာ ... စုကျိုက မင်းရဲ့၀မ်းကွဲဆိုပေမဲ့ ကျန်တဲ့စုမိသားစုတစ်ခုလုံးကရော အခု ခမည်းတော်နတ်ရွာစံသွားပြီ စုမိသားစုကပုန်ကန်လာမှာကိုမင်းမကြောက်ဘူးလား "
ရှုနင်ယုမှာ စုကျို၏ အမည်ကလွဲအခြားသောစကားလုံးများကိုမကြားတော့ပါချေ ။ ဥာဏ်များကာ လှည့်စားတတ်သော်လည်း သူမအတွက်ဆိုလျှင်မူ အညင်သာနွေးထွေးဆုံးပြုံးပြကာ ကာကွယ်ပေးတတ်သည့် စုကျို၏ မျက်နှာကိုသာမြင်ယောင်နေမိ၏ ။ ထို့နောက် ရှုနန်ကျိုးအား အေးစက်စက်တစ်ဖန်ပြန်ကြည့်ကာ
" သူက ငါ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ် ... ငါရဲ့မိခင်ကငါ့ကိုမုန်းတီးပြီးရွံရှာတယ် ငါရဲ့ဖခင်က ဘယ်တုန်းကမှငါ့ကိုအမှန်တကယ်မချစ်ခဲ့ဖူးဘူး ငါ့မှာဆွေမျိုးဆိုလို့သူတစ်ယောက်တည်းရှိခဲ့တာ "
ရှုနန်ကျိုးက မျက်ခုံးတစ်ချက်ပင့်ကာ
" သူကသေသွားပြီ အားနင် ... မင်း မျက်စိစုံမှိတ်ပြီးသူ့ကိုယုံနေတယ်ဆိုရင်တောင် သူကစစ်တပ်အာဏာကိုအသုံးချပြီး စုမိသားစုရဲ့အာဏာကိုချဲ့ထွင်နေခဲ့တာ ... သူမင်းအပေါ်ကိုကောင်းပေးတယ်ဆိုပေမဲ့ အဲ့တာကတိုင်းပြည်အပေါ်မှာသစ္စာရှိတာမှမဟုတ်တာ ... "
ရှုနန်ကျိုးက ဆက်ပြောလာ၏ ။
" ငါသူနဲ့ စုမိသားစုတစ်ခုလုံးကိုသတ်ပစ်ခဲ့တယ် ငါသူ့ကိုမသတ်ဘူးဆိုရင် နောင်တစ်ချိန်သူလက်စားချေတဲ့အခါ ငါ့ရဲ့သေခြင်းတရားက အခုသူသေဆုံးသွားတဲ့ပုံစံထက်အဆပေါင်းများစွာပိုပြီးဆိုးရွားလိမ့်မယ် ... ဒီနှစ်တွေတစ်လျှောက်လုံး ငါ့လူတွေကို စုကျိုရဲ့ သစ္စာခံတွေကလိုက်လံသုတ်သင်နေခဲ့တာ ... သူတို့ရဲ့အသက်တွေကရော ... သူတို့ရဲ့တရားမျှတမှုကရော ... မင်းတို့ငါ့လူတွေကိုသတ်ပေမဲ့ ငါဘက်ကရောပြန်မတိုက်ခိုက်ရတော့ဘူးတဲ့လား ... မင်းတို့လူတွေရဲ့အသက်ကပဲတန်ဖိုးရှိပြီး ငါ့လူတွေကျတော့ရော "
ရှုနင်ယုမှာ ရှုနန်ကျိုးနှင့် ဆက်လက်၍ မငြင်းခုန်ချင်တော့ချေ ။ ရှေးယခင်ကတည်းက အောင်နိုင်သူနှင့်ရှုံးနိမ့်သူတို့၏ ကြားတွင်ပြတ်သားသောစည်းမျဥ်းတစ်ခုရှိပြီး တရားမျှတမှုမှာ အောင်နိုင်သူ စိတ်တိုင်းကျဖြစ်ခဲ့သည်မှာကြာပြီပင် ။ ရှုနန်ကျိုး၏ ဘက်မှကြည့်မည်ဆိုလျှင်လည်းမှန်ကန်ပါ၏ ။ သူသာပြန်မတိုက်ခိုက်လျှင် သူ၏သေဆုံးခြင်းမှာ စုကျိုထက်ပက် ပိုမိုဆိုးရွားလိမ့်မည် ။
သို့သော်လည်း ထိုအချက်က သူမ ရှုနန်ကျိုးအား မုန်းတီးနေခြင်းကိုမူတားဆီး၍မရနိုင်ပါချေ ။
🐳