#lady
Chapter ( 25 )
ရှုနန်ကျိုးမှာ ရှုနင်ယုအားကိုင်တွယ်ရန်နည်းလမ်းမျိုးကိုစဥ်းစားနေခဲ့၏ ။ သူမသည်ရှုံးနိမ့်သွားပြီဖြစ်သဖြင့် အတောင်ပံများဖြတ်တောက်ခံလိုက်ရသောငှက်တစ်ကောင်ကဲ့သို့ ဘာမျှလုပ်နိုင်တော့မည်မဟုတ်ပေ ။ သူ့အနေဖြင့်လည်း ရှုနင်ယု အားမသတ်ချင်သေးပါပေ ။
ရှုနင်ယုအား နှစ်ပေါင်းများစွာမုန်းတီးလာခဲ့ခြင်းဖြစ်ပြီး အမြဲတမ်းလည်းမုန်းတီးနေမည်ဖြစ်သည် ။ ရှုနင်ယု၏ သရုပ်မှန်အားသိရှိခဲ့ရသောအချိန်က သူမအား ဆိုးဆိုး၀ါး၀ါးခံစား၍ သေဆုံးသွားစေရန်ဆုတောင်းခဲ့ဖူးသည် ။ သူပိုင်ဆိုင်သင့်သည့်အရာများမှာ ထိုဟန်ဆောင်ထားသောအတုအယောင်မှခိုးယူထားခဲ့၏။
ငယ်ရွယ်စဥ်အချိန်တုန်းက ရှုနင်ယုက သူ့အား အစ်ကိုတော်ဟုခေါ်၍နောက်မှတစ်ကောက်ကောက်လိုက်ခဲ့ဖူး၏ ။ သို့သော်လည်း ချစ်စရာကောင်းသောညီငယ်လေးအဖြစ်နေထိုင်ရမှုမှာ အချိန်ခဏသာကြာမြင့်ခဲ့သည် ။ စုကျိုက ရှုနင်ယုအားထိန်းချုပ်ရန်ကြိုးစားလာပြီး ရှန်းကွေ့ဖေးကလည်း သူမ၏သားဖြစ်သူက ရန်သူဖြစ်သောဧကရီ၏ကလေးနှင့် နီးနီးကပ်ကပ်နေသည်ကိုမနှစ်မြို့ချေ ။ ကတောက်ကဆဖြစ်မှုများ များပြားလာသောအခါ နှစ်ဦးသားကြားတွင်တိကျသောမျဥ်းတစ်ကြောင်းဆွဲ၍ သံယောဇဥ်ဖြတ်ပစ်လိုက်ကြသည်။
ရှုနင်ယု၏ နှလုံသားထဲတွင် စုကျိုတစ်ဦးတည်းကိုသာ အစ်ကိုတစ်ယောက်အဖြစ်တွေးပြီး သူ့ကိုမူ အစကတည်းက ရန်သူတစ်ယောက်အဖြစ်သာမှတ်ယူထားခဲ့သည်ပင် ။
ရှုနန်ကျိုး၏ ဘက်တော်သားများမှာ ရှုနင်ယုအား ကွပ်မျက်ပစ်ရန်အဆက်မပြတ်လျှောက်တင်နေကြသည် ။
ရှုနန်ကျိုးမှာ ထိုင်ခုံပေါ်တွင်မှီလျှက်မျက်၀န်းများမှာမူနီရဲနေ၏ ။ သူကိုယ်တိုင်လည်းဖြေရှင်းရမည့်တစ်ခုတည်းသောနည်းလမ်းအားမှန်းဆမိသည်ပင် ။ ရှုနင်ယု သေဆုံးသောအခါမှသာ သူ၏နှလုံးသားထဲမှ ကြိုးထုံးကိုဖြေချနိုင်မည်ဖြစ်သည် ။
နန်ကျိုးပြည်မှ ထီးနန်းပြောင်းလဲမှုသတင်းပေါ်ထွက်သည့်နှင့် အတူ စုကျိုအားကွပ်မျက်လိုက်သည့်သတင်းပါတစ်ပါတည်းပေါ်ထွက်လာပြီး ပြည်နယ်တစ်ခုလုံးရှိ လူတိုင်းကို တုန်လှုပ်သွားစေသည် ။
ပိုင်ကျိုးသည်လည်း အချိန်တိုအတွင်းဤမျှအကြီးအကျယ်ပြောင်းလဲသွားလိမ့်မည်ဟုထင်မထားမိချေ ။ စုကျို သေသည်ရှင်သည်သူဂရုမစိုက်သော်လည်း ရှုနင်ယု ဘေးကင်းမကင်းကိုမူစိတ်ပူမိသည် ။
ဧကရာဇ်နတ်ရွာစံသွားပြီးနောက် ရှုနန်ကျိုးက အသုဘပွဲကိုဦးဆောင်ကျင်းပပေးခဲ့ရသည့်အပြင် စုမိသားစုတစ်ခုလုံးအားလည်းရှင်းလင်းနေရသဖြင့် တစ်နေ့၌နှစ်နာရီသုံးနာရီမျှသာအိပ်ချိန်ရှိသည် ။ ထိုအချိန်တွင် သူ၏အစေခံတစ်ဦးက ပိုင်ယွမ်ပြည်မှ သံတမန်တစ်ဦးလာရောက်ကြောင်းသတင်းပေးပို့လာ၏ ။
ရှုနန်ကျိုး အနေဖြင့် ပိုင်ယွမ်ပြည်မှ မည်သူတစ်ဦးတစ်ယောက်နှင့်မှအဆက်အသွယ်မရှိသည့်အတွက် ဤကဲ့သို့ရုတ်တရက်ကြီးတစ်စုံတစ်ယောက်ရောက်လာသောအခါ အထူးအဆန်းဖြစ်သွားရ၏ ။ ပိုင်ကျိုး ကိုယ်တိုင်ရောက်လာခြင်းမဟုတ်ဘဲ သူ၏ယုံကြည်ရသောအစေခံတစ်ယောက်ကိုစေလွှတ်လိုက်ခြင်းဖြစ်သည် ။
ရှုနန်ကျိုး ထီးနန်းသိမ်းယူလိုက်သောနည်းလမ်းမှာ သူ့အားဆန့်ကျင်သူတိုင်းကိုအမြစ်ပြတ်သတ်ဖြတ်ခြင်းဖြစ်နေသောကြောင့် ပိုင်ကျိုး၏လူများက ရှုနန်ကျိုးအား မယုံကြည်ကြပေ ။ ထို့ကြောင့် ပိုင်ကျိုးအား နောက်ကွယ်တွင်နေစေကာ သူတို့ကိုယ်တိုင်သတင်းစကားလာပါးရခြင်းဖြစ်သည် ။
ရှုနန်ကျိုးမှာ အူလည်လည်ဖြင့်ပင် ပိုင်ကျိုးဘက်မှကမ်းလှမ်းတောင်းဆိုချက်ကိုငြင်းဆန်လိုက်သည် ။ သံတမန်များပြန်သွားသောအခါမှသာ မိမိကိုယ်ကိုမနည်းတည်ငြိမ်အောင်လုပ်၍စိတ်အေးအေးထားစဥ်းစားနေသည့်အချိန်တွင် ရှုနန်ကျိုး၏ နောက်တွင်နှစ်ပေါင်းများစွာလိုက်ပါခစားခဲ့သည့် သစ္စာရှိအစေခံတစ်ဦးကအကြံပေးလာ၏ ။
" အရှင် ပိုင်ယွမ်ပြည်ကလူတွေကိုသတိထားသင့်ပါတယ် ... ဒီအစေခံကြားရတဲ့သတင်းတွေအရ ပိုင်ကျိုးက ရက်စက်တဲ့သူမျိုးပါ ... အရှင် သူ့ရဲ့တောင်းဆိုချက်ကိုငြင်းဆန်လိုက်တာက ပိုင်ယွမ်ပြည်နဲ့ နန်ကျိုးပြည်နယ်နှစ်ခုကြားစစ်ပွဲရဲ့အစတောင်ဖြစ်သွားနိုင်ပါတယ် "
ရှုနန်ကျိုးက လှောင်ရယ်သည့်ဟန်ဖြင့် ရယ်မောလိုက်ကာ
" ဒါဆိုရင် ငါတို့ကအိမ်ရှေ့စံကို သူ့လက်ထဲထည့်ပေးရမှာလား ... သူ့ကိုမကွပ်မျက်ရဘူးဆိုရင်ငါ့ ရင်ထဲကအမုန်းတရားတွေကလည်းပြေငြိမ်းမှာမဟုတ်ဘူး "
အစေခံကဆက်ပြောပြန်၏ ။
" ပိုင်ကျိုးက ဘာလို့ အိမ်ရှေ့စံကို အသည်းအသန်လိုချင်နေရတာလဲဆိုတဲ့အကြောင်းကို အရင်စုံစမ်းသင့်တယ်လို့ထင်ပါတယ် ... အရှင့်အတွက်ဆုံးဖြတ်ရခက်ခဲတဲ့ကိစ္စဆိုပေမဲ့ အရှင်ချူရဲ့ဘက်မှာလည်းသင့်တော်တဲ့အကြောင်းပြချက်ရှိလိမ့်မယ်လို့ထင်ပါတယ် "
ရှုနန်ကျိုးမှာ တစ်စုံတစ်ခုကိုသဘောပေါက်သွားဟန်ဖြင့် မျက်ခုံးကျုံ့ကာစဥ်းစားလိုက်မိသည် ။ နှစ်ရက်ကြာသောအခါ ပိုင်ကျိုးက ရှုနန်ကျိုးထံ စာတစ်စောင်ပို့လိုက်ပြန်သည် ။ စာပါအကြောင်းအရာမှာလိုရင်းတိုရှင်းပင် ။
ရှုနန်ကျိုးသာ အိမ်ရှေ့စံကိုလွှဲပြောင်းပေးရန်ဆက်လက်ငြင်းဆိုနေမည်ဆိုပါက ပိုင်ကျိုးက စစ်တပ်ကိုဦးဆောင်ကာ နန်ကျိုးပြည်တစ်ခုကိိုစိစိညက်ညက်ကြေအောင်ဖျက်ဆီး၍ ရှုနင်ယုအား မရရအောင်လာရောက်ခေါ်ဆောင်မည်ဖြစ်သည် ။
ရှုနန်ကျိုး၏ ဘက်တွင်လည်း စစ်တပ်အာဏာကိုအပြည့်အ၀ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် နန်ကျိုးပြည်နယ်တစ်ခုလုံးတွင် နေရာအနှံ့၌အုပ်စုငယ်လေးများအသီးသီးပုန်ကန်ထကြွနေကြသည် ။ အကယ်၍သာ ပိုင်ကျိုး စစ်ချီလာမည်ဆိုပါက ခုခံရန်ခက်ခဲမည်သာမက နန်ကျိုးပြည်နယ်ကိုပင် ပိုင်ကျိုးထံပေးလိုက်ရနိုင်ချေရှိ၏ ။
ပိုင်ကျိုးတွင် ခြိမ်းခြောက်နိုင်စွမ်းရှိသကဲ့သို့ ခြိမ်းခြောက်ထားသည့်အတိုင်းလုပ်ဆောင်နိုင်သောအာဏာလည်းအပြည့်အ၀ရှိသည် ။
အပေါ်ယံ၌ ပိုင်ယွမ်ပြည်နယ်၏ ထီးနန်းပြောင်းလဲမှုမှာ ဧကရီ၏ထိန်းချုပ်ခြင်းခံနေရသောအာဏာရှင်ဧကရာဇ်လေးထံမှ ညီတော်ထံသို့ထီးနန်းလွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည် ။ သို့သော်လည်း အမှန်တကယ်အာဏာလက်၀ယ်ပိုင်ဆိုင်သူမှာ ပိုင်ကျိုးသာဖြစ်သည် ။ ပိုင်ယွမ်ပြည်နယ်ရှိသူများသာမက အခြားသောပြည်နယ်များကပါ ပိုင်ကျိုး၏ လက်တစ်ချောင်းကိုပင်မထိ၀ံ့ကြချေ ။
ပိုင်ကျိုးမှာ အာဏာကြီးမားသည့်အပြင် ကိုင်တွယ်ရခက်သည့်သူမျိုးပင် ။
အစေခံကထပ်မံအကြံပေးပြန်၏ ။
နောက်တစ်နေ့တွင် ရှုနန်ကျိုးက နယ်မြေအနှံ့ကြေငြာစာတစ်စောင်ထုတ်ပြန်ခဲ့သည် ။ အိမ်ရှေ့စံဖြစ်သောရှုနင်ယုအား အမတ်များရှေ့မှောက်၌ လူသိရှင်ကြားကွပ်မျက်ခဲ့ကြောင်းကိုပင် ။ နဂါးသားတော်များကြားပြိုင်ဆိုင်မှုမှာအလွန်ပြင်းထန်လှပြီး တစ်ဖက်ရန်သူသွေးမြေကျသောအခါမှသာအဆုံးသတ်သောပြိုင်ပွဲတစ်ခုပင် ။
ဤသို့ပြုလုပ်ခြင်းဖြင့် အိမ်ရှေ့စံ၏နောက်လိုက်များကိုပါအပိုးကျိုးသွားစေပြီး ပုန်ကန်ထကြွနေသူများကိုပင် ဆွံ့အသွားစေ၏ ။
အိမ်ရှေ့စံအားကွပ်မျက်သောညတွင်ပင် တစ်စုံတစ်ယောက်မှ ရှုနင်ယုအားပိတ်စဖြင့်ပတ်၍ ပိုင်ကျိုးနေထိုင်သောစံအိမ်ထံသို့ပို့ပေးလာ၏ ။
သို့သော် မပို့မှီအချိန်တွင် ရှုနန်ကျိုးက ရှုနင်ယု နှင့်တစ်ယောက်တည်းတွေ့ဆုံခဲ့သည် ။ ရှုနင်ယုမှာ သတိလစ်နေပြီး အမျိုးသမီးအ၀တ်စားကို၀တ်ဆင်ထား၏ ။ ဤသည်မှာ သူမ နူးညံ့လှပသောမိန်းကလေးတစ်ဦးအသွင်၀တ်စားထားခြင်းကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည် ။
သူမက အလွန်လှပစွာမွေးဖွားလာခဲ့ပြီး နူးညံ့ကာနှစ်လိုဖွယ်ကောင်းလှ၏ ။ အစကတည်းသာ မင်းသမီးလေးတစ်ပါးအဖြစ်မွေးဖွားနေထိုင်ခဲ့မည်ဆိုလျှင် ဤညီမလေးအား အလိုလိုက်၍ချစ်ခင်ပေးမိလိမ့်မည်ပင် ။
ရှုနန်ကျိုးမှာ ရှုနင်ယု၏ နူးညံ့သောပါးမို့မို့လေးကို လက်ဖြင့်တို့ထိလိုက်မိသည် ။
🐳