အပိုင်း ၂၆ (Lady Jiao End)
Viewers 7k

#lady
Chapter ( 26 ) End

ပိုင်ကျိုးက နင်အာအားပွေ့ဖက်၍ သူ့ရင်ခွင်ထဲသူမရှိနေသည်မှာအိပ်မက်မဟုတ်ဘဲ လက်တွေ့စစ်မှန်ကြောင်းသေချာစေရန် သူမ၏ မျက်နှာအားလက်ဖြင့်ပွတ်သပ်လိုက်၏ ။ အမှန်တကယ်၌ သူမအစစ်အမှန်ဖြစ်ကြောင်း သူကိုယ်တိုင်လည်းသိပါ၏ ။

သူမ၏ ခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့က ပိုင်ကျိုးအား စိတ်အေးချမ်းစေသည့်အပြင် တောင်ပေါ်တွင်အတူတူနေထိုင်ခဲ့ကြသောနေ့ရက်များကိုပြန်ရောက်ရှိသွားသကဲ့သို့ပင် ။

အကျဥ်းထောင်ထဲတွင်နေထိုင်ခဲ့ရသည့်ကာလအတွင်း သူမအလွန်ပိန်သွားခဲ့သည် ။ 

ရှုနန်ကျိုး ကိုယ်တိုင် ပိုင်ကျိုးထံလာရောက်၍ ရှုနင်ယုကိုအပ်ခြင်းဖြစ်သည် ။ သူနှင့် ရှုနင်ယုတို့၏ မျက်နှာပုံစံမှာ သုံးပုံပုံလျှင်နှစ်ပုံဆင်တူပြီး ချောမောလှပသည့်အပြင် နှုတ်ခမ်းပါးများတင်းတင်းစေ့ထားပါက အေးစက်သည့်ပုံပေါ်သွား၏ ။

ရှုနန်ကျိုးက ပိုင်ကျိုးအား စိုက်ကြည့်ကာ 

" သူမရဲ့ဦးနှောက်ထဲမှာအပ်သုံးချောင်းစိုက်ထားတာမို့လို့ အတိတ်အကြောင်းတွေဘာကိုမှမှတ်မိမှာမဟုတ်ဘူး ... သိုင်းပညာကိုအတင်းအကြပ်ထုတ်သုံးမယ်ဆိုရင် အပ်တွေကဦးနှောက်ထဲပိုစိုက်၀င်သွားလိမ့်မယ် နုတ်ပစ်ဖို့ကြိုးစားမယ်ဆိုရင်လည်းသေမှာပဲ "

ပိုင်ကျိုး မကျေမနပ်ဖြစ်နေသည်ကိုမြင်သောအခါ ရှုနန်ကျိုးက လှောင်ပြောင်ရယ်မော၍

" သူမကနှစ်ပေါင်းများစွာအိမ်ရှေ့စံတစ်ယောက်အဖြစ်နေထိုင်ခဲ့တာလေ စုကျိုသေဆုံးသွားပြီဆိုပေမဲ့ သူမကိုယ်တိုင်ကလည်း အန္ဒရာယ်ရှိတဲ့ကျားတစ်ကောင်ဖြစ်နေတုန်းပဲ ... သူမကိုလက်လွှဲပေးတယ်ဆိုကတာကပဲ လိုက်လျောလွန်းရာကျနေပြီ ... ကျားတစ်ကောင်ကိုအစွယ်မချိုးဘဲတောပဲပြန်လွှတ်ပေးလိုက်လို့ဖြစ်ပါ့မလား " 

" ဒီလိုမလုပ်ခင်ဘာလို့ငါ့ကိုအသိမပေးခဲ့တာလဲ "

" ဒါဆိုရင် အရှင်ချူကိုမေးပါဦးမယ် ... အကယ်၍ အရည်အချင်းရှိပြီးထောက်ခံမှုအပြည့်အ၀ရနေတဲ့အိမ်ရှေ့စံတစ်ယောက်ကိုအခြားပြည်နယ်တစ်ခုကလာတောင်းမယ်ဆိုရင် ကြည်ကြည်သာသာပေးလိုက်မှာလား ဒါမှမဟုတ် သတ်ပစ်လိုက်မှာလား "

ရှုနန်ကျိုး၏ လုပ်ရပ်မှာလည်းအမှန်၌မမှားပေ ။ စိတ်ချရလောက်သည့် ကာကွယ်မှုမျိုးမလုပ်ဘဲ ပိုင်ကျိုးထံ သူမအားအကောင်းအတိုင်းအပ်လိုက်ရန်မှာ အလွန်အန္ဓာရာယ်များလှ၏ ။ ပိုင်ကျိုးမှာ နင်အာ၏ ပိန်ပါးသောခန္ဒာကိုယ်လေးအားငုံ့ကြည့်လိုက်မိသည် ။ 

ရှုနန်ကျိုးလည်း ဖြူဖျော့နေသည့် ရှုနင်ယုအား ကြည့်နေမိပြီး ထွက်မသွားခင်အချိန်တွင်မှာ ပိုင်ကျိုးအားစေ့စေ့ကြည့်ကာ

" တကယ်လို့ မင်းသူ့ကိုရိုးသွားပြီဆိုရင် သူမကိုမသတ်ပါနဲ့ အနိုင်မကျင့်ပါနဲ့ ... သူမက ငယ်ငယ်လေးကတည်းကမြင့်မြင့်မြတ်မြတ်နဲ့မွေးဖွားလာခဲ့တဲ့အပြင် စုကျိုကလည်း ကမ်းကုန်အောင်အလိုလိုက်ထားခဲ့မို့လို့ မာနကြီးပြီးအညိုးအတေးထားတတ်တယ် ... တကယ်လို့ မင်းသူမကိုရိုးအီသွားခဲ့မယ်ဆိုရင် ... အဲ့ဒီအချိန်ကျ ငါ့ဆီကိုသာပြန်ပို့ပေးပါ "

 
နင်အာ နိုးလာသောအခါ သူမမြင်းလှည်းတစ်ခုပေါ်တွင်ရောက်နေကြောင်းသတိထားမိသွား၏ ။ မျက်လုံးဖွင့်သည့်အချိန်၌ ခေါင်းအနည်းငယ်ကိုက်နေသေးသည့်အပြင် သူစိမ်းအမျိုးသားတစ်ဦး၏လက်မောင်းအတွင်းရောက်နေကြောင်းသိလိုက်ရသည် ။

နင်အာက ထိုအမျိုးသား အားအချိန်အတော်ကြာကြောင်အကြည့်နေပြီးနောက် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာ၏ ။ ပိုင်ကျိုးလည်း သူမရုတ်တရက်ငိုချလာသောကြောင့် လန့်သွားကာ 

" ဘာလို့ငို့တာလဲ "

နင်အာက တိုးတိုးလေးပြောလာ၏ ။

" မျက်လုံးတွေနာနေပြီး ခေါင်းထဲကလည်းနာတယ် "

ပိုင်ကျိုး နင်အာ၏ နဖူးကိုလက်ဖြင့်အသာနှိပ်ပေးကာ 

 " ဒီနေရာကလား "

နင်အာမှာ ခေါင်းကိုက်နေဆဲဖြစ်သဖြင့် ရီဝေဝေဖြင့်မေးလာသည် ။

 " ဘာလို့ ကျွန်မဘာမှမမှတ်မိရတာလဲ "

လူတိုင်းတွင်အတိတ်ရှိနေသင့်သော်လည်း သူမအတိတ်ကြောင်းစဥ်းစားသောအခါ အရာအားလုံးကဗလာဖြစ်နေ၏ ။ ပိုင်ကျိုးက ခဏမျှတိတ်ဆိတ်နေပြီးနောက်  

" မင်းရေထဲပြုတ်ကျပြီး အတိတ်မေ့သွားလို့ ... ငါမင်းကိုကယ်ထားတာ "

နင်အာက သူမကိုယ်သူမလက်ညိုးထိုးပြ၍ 

" ကျွန်မကဘယ်သူလဲဟင် "

" မင်းက ချမ်းသာတဲ့အိမ်တော်တစ်ခုကအစေခံမိန်းကလေးတစ်ယောက် ... မင်းသခင်မလေးနဲ့စေ့စပ်ထားတဲ့သတို့သားလောင်းက မင်းကိုမကောင်းကြံလို့ ရေထဲခုန်ချပြီးကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားတာ "

" မယုံဘူး ... ကျွန်မဘယ်တုန်းကမှ လူတစ်ယောက်ကိုမပြုစုပေးဖူးဘူး ... ကျွန်မကသာပြုစုခံခဲ့တာ ."

ပိုင်ကျိုးက သူမ၏ နဖူးလေးအားညင်ညင်သာသာနှိပ်နှယ်ပေးရင်းဖြင့် 

" အင်းပါ ... တကယ်တော့ကိုယ် ညာလိုက်တာ မင်းကအဲ့ဒီအိမ်တော်ကသခင်မလေးပဲ မင်းနဲ့စေ့စပ်ထားတဲ့သတို့သားလောင်းကိုသဘောမကျလို့ ကိုယ်နဲ့ခိုးရာလိုက်ပြေးလာတာ မနေ့ကမတော်တဆထိခိုက်မိသွားပြီးအတိတ်မေ့သွားတာ "

နင်အာက ခေါင်းမော့၍ပိုင်ကျိုးအားကြည့်ကာ 

" တကယ်လား"

သူမ၏ မျက်၀န်းထဲတွင်မျက်ရည်စများရှိနေကာ အနိုင်ကျင့်ခံထားရသည့်ပုံပေါ်နေ၏ ။ ပိုင်ကျိုးက သူမအားပွေ့ဖက်ကာ

" ဒီတစ်ခါတော့တစ်ကယ်ပါ ကိုယ်မင်းကိုမညာပါဘူး "

နင်အာက မျက်လုံးမှိတ်၍ငြိမ်ငြိမ်လေးသာနေလိုက်သည် ။ သူမတွင်မှတ်ဥာဏ်များစွာရှိခဲ့ပုံပေါ်
သော်လည်း စဥ်းစားသောအခါခေါင်းတစ်ခုလုံးနာကျင်ကိုက်ခဲလာ၏ ။ ဘာတစ်ခုကိုမျှစဥ်းစား၍မရပါချေ ။ ပိုင်ကျိုးက သူမ၏ကျောကို ကလေးလေးများအားချော့မြူနေသည့်နှယ်ခပ်ဖွဖွပုတ်ပေးရင်း 

 " ကိုယ်မင်းကိုအိမ်ပြန်ခေါ်သွားမယ် ... လမ်းမှာလည်း မင်းမှတ်မိနိုင်ဖို့ ကိုယ် ကူညီပေးပါ့မယ်ဟုတ်ပြီလား "

ပိုင်ကျိုး၏ အသံမှာအက်ရှသော်လည်း ညင်သာနွေးထွေး၏ ။ နင်အာမှာ ပိုင်ကျိုး၏ တည်ငြိမ်သောအသံကြောင့်တဖြည်းဖြည်းစိတ်ငြိမ်လာလေသည် ။ ပိုင်ကျိုးက သူမအားအကြောင်းအရာများစွာကိုပြောပြခဲ့ပြီး သူမတို့ မည်ကဲ့သို့ချစ်ကျွမ်း၀င်ခဲ့ကြသည်ဟူသောအကြောင်းပင်ပါသေး၏ ။ 

" ကျွန်မတို့ဘယ်သွားနေကြတာလဲ "

ပိုင်ကျိုးက သူမ၏ နဖူးကိုမြတ်မြတ်နိုးနိုးနမ်းရှိုက်၍ 

" အိမ်ခေါ်သွားမလို့လေ ... အားနင် ... ကိုယ်မင်းအတွက်အိမ်လေးတစ်လုံးဖန်တီးပေးမယ် "

နင်အာမှာ အပြင်လောကအားယခုမှပထမဆုံးမြင်ဖူးသည့်ကလေးလေးတစ်ယောက်ကဲ့သို့အလွန်စပ်စုလိုစိတ်ပြင်းပြနေ၏ ။ အချိန်ကြာလာသည်နှင့်အမျှခေါင်းကိုက်ဝေဒနာပျောက်ကင်းလာသည့်အပြင် အတိတ်ကိုထပ်စဥ်းစား၍လည်းမရတော့ပေ ။

အစ၌ အမှောင်ထဲတွင်လမ်းလျှောက်နေသကဲ့သို့စမ်းတ၀ါး၀ါးဖြစ်ကာကြောက်လန့်နေခဲ့ရသော်လည်း သူမ၏လက်ကိုပိုင်ကျိုး ဆွဲကိုင်ထားသရွေ့ လုံခြုံစိတ်ချရသည်ဟုသူမခံစားရ၏ ။

အချိန်မည်မျှပင်ကြာမြင့်သည်ဖြစ်စေ ပိုင်ကျိုးက သူမ၏လက်ကိုဆွဲကိုင်၍ ညင်သာသည့်စကားများကိုသာပြောဆိုကာ နွေးထွေးသည့်အိမ်လေးတစ်လုံးကိုဖန်တီးပေးလိမ့်မည်ပင် ။



The End .❤️


( ထရွမ်စီလိတ်တာလေးမှာပြောစရာရှိပါတယ် - ဒီလိုနဲ့ ချိုချိုအီအီလေးများ ကတော့ပြီးဆုံးသွားပါပြီ ... အမှားတစ်စုံတစ်ရာရှိခဲ့တယ်ဆိုရင်လဲ ထရွမ်စီလိတ်တာလေးကို ချစ်တဲ့စိတ်လေးနဲ့ ခွင့်လွှတ်ပေးကြပါ ... နောက်များလဲဘာသာပြန်အသစ်လေးတွေမှာထပ်တွေ့ချင်ပါတယ်ရှင် 🐳💛 အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ပိုက်ဆံများများ၀င်ကြပါစေ )


Translate by Mori Sue❤️