#honest
Chapter ( 1 )
အခန်း ( ၁ ) : ပရော်ဖက်ရှင်နယ်မဆန်တဲ့ ကြွေပန်း
အိုးလေးရှုရှု
ရှေ့ရှိဖန်ခွက်ထဲသို့ရေတစ်ခွက်မျှလောင်းထည့်ပြီးနောက် ရှုရှုက ပိုက်ဆံအိတ်ထုတ်၍ ပိုက်ဆံရှင်းရန်ပြင်လိုက်သည် ။ နာရီ၀က်ကျော်ကြာ အောင့်သက်သက်နှင့် စကားထိုင်ပြောနေခဲ့ရသည့် မစ္စတာချန်က ဒေါသမထိန်းနိုင်တော့သောကြောင့် လက်ဖက်ရည်ခွက်ဖြင့် ရှုရှုအားလှမ်းပက်လိုက်လေသည် ။
" မင်း ဘာဖြစ်ချင်နေတာလဲ ... လ၀က်လောက် ကြိုးရှည်ရှည်နဲ့လှန်ထားခဲ့ပြီး အခုမှလမ်းခွဲချင်နေတာလား ..."
သူ၏ အသံမှာအရမ်းမကျယ်ပါသော်လည်း တိတ်ဆိတ်နေသည့်ပတ်၀န်းကျင်ကြောင့် အချို့သောဘေး၀ိုင်းမှလူများ၏ အာရုံကိုမူဆွဲဆောင်မိသွားေလသည်။
ရှုရှုက လူအများ၀ိုင်းကြည့်ခံရသည့်ခံစားချက်ကိုမကြိုက်ပေ ။ အထူးသဖြင့် သူမ၏ မျက်နှာနှင့်ဆံပင်များတွင် လက်ဖက်ရည်များဖြင့်စိုရွဲနေချိန်ဖြစ်၍ အဆပေါင်းများစွာ ပို၍ စိတ်အနှောင့်အယှက်ဖြစ်နေရ၏ ။
သူမ၏ အိတ်ထဲမှတစ်ရှုးထုတ်၍ သုတ်နေသည့်အချိန်အတွင်း ပြောဆိုလိုက်သော စကားများတွင်လည်း ဒေါသတရားကိုမဖုံးကွယ်ထားတော့ချေ ။
" ပထမဆုံးအနေနဲ့ ... ကျွန်မတို့က ဘလိုင်းဒိတ်တွေ့ရုံသပ်သပ်ပဲ တွဲနေတာမဟုတ်တဲ့အတွက် လမ်းခွဲတယ်လို့ပြောစရာ ဘာေသာက်ကြောင်းမှမရှိဘူး ... ဒုတိယအနေနဲ့ ရှင်နဲ့တွေ့တဲ့အကြိမ်တိုင်းမှာ ရှင့်ပိုက်ဆံတစ်ပြားတောင် ကျွန်မမသုံးခဲ့ဖူးဘူး ... တတိယအနေနဲ့ ရှင့်ရဲ့ရည်းစားဟောင်းက ကျွန်မရဲ့စတူဒီယိုကိုလာပြီး အရည်မရအဖတ်မရတွေနဲ့သောင်းကျန်းသွားတယ် ... စတူဒီယိုဆိုတာ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်နေရာ ... ဒီတော့ မစ္စတာချန် ... ရှင့်ကို ကျွန်မနဲ့ဝေးဝေးနေဖို့ပြောရတဲ့အကြောင်းအရင်းတွေထဲမှာ ကျွန်မရဲ့အမှားတစ်ခုမှပါမနေဘူး "
မစ္စတာချန် တစ်ခုခုထပ်မပြောခင်မှာပင် ရှုရှုကစားပွဲပေါ်သို့ဓာတ်ပုံများကိုပစ်တင်လိုက်သည် ။ သူမ၏ အားကိုထိန်းချုပ်ထားခြင်းမရှိသဖြင့် အချို့သောပုံများမှာ ဘေးစားပွဲ၀ိုင်းနှင့် ကြမ်းပြင်ပေါ်သို့ပါ ပြန့်ကြဲသွားလေ၏ ။ ထိုပုံများထဲ၌ မစ္စတာချန်မှာ ရမ္မက်သွေးကြွနေသည့်မျက်နှာထားဖြင့် အပေါ်ပိုင်းဗလာဖြစ်နေသည့် မိန်းမငယ်လေးတစ်ဦးအားဖက်ထားနေသည် ။
မစ္စတာချန်၏ မျက်နှာမှာ ရုပ်ဆိုးစွာတွန့်မဲ့သွားပြီး အချိန်အတော်ကြာ ပါးစပ်ပိတ်လိုက်ပြန်ဟလိုက်ဖြစ်နေပါသော်လည်း စကားတစ်ခွန်းမှထွက်မလာချေ ။
ရှုရှုက သူမ၏ ဆံပင်များကိုသပ်တင်လိုက်ပြီးနောက် နဖူးထက်ရှိရေစက်များကိုပါသုတ်လိုက်သည် ။ သူမ၏ အစာအိမ်အတွင်းမှ ပျို့တက်လာသောခံစားချက်ကြောင့် မတ်တပ်ရပ်လိုက်ကာ .
" ရှင့်ဘာသာရှင် ဘယ်လိုကစားနည်းမျိုးကိုကစားတတ်တဲ့ သူပဲဖြစ်ဖြစ်ကျွန်မ ဂရုမစိုက်ဘူး ... ရှင့် ရည်းစားဟောင်း ကျွန်မရဲ့စတူဒီယိုကိုရောက်လာတဲ့အချိန်ကတည်းက ကျွန်မတို့ရဲ့ဆက်ဆံရေးက ပျက်ဆီးသွားပြီးသားပဲ ... ကြင်ဘက်ရှာတဲ့ အေဂျင်စီက ချိတ်ပေးလိုက်တဲ့ ရှင့်လိုမကောင်းတဲ့အယုတ်တမာနဲ့ အဆက်အသွယ်ထပ်လုပ်ချင်စိတ်လည်းမရှိတော့ဘူး ... နှုတ်ဆက်ပါတယ် "
မစ္စတာချန်၏ ရုပ်ဆိုးပန်းဆိုးဖြစ်နေသည့် မျက်နှာအမူအယာကိုပင် မကြည့်တော့ဘဲ လှည့်ထွက်လာလေသည် ။ လမ်းချိုးလေးတစ်ခုသို့ရောက်သောအခါ သူမ၏ ဖုန်းတုန်ခါလာလေ၏ ။
ဖုန်းခေါ်ဆိုသူမှာ ကြင်ဖက်ရှာပေးသည့် အေဂျင်စီမှ အစ်မလျိုပင် ။ အမူအယာမဲ့စွာဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းချလိုက်ပြီးနောက် သူမ၏ ကိုယ်ပိုင်ရှေ့နေဆီသို့ဖုန်းဆက်လိုက်သည် ။ နှစ်ယောက်သားမှာ နှစ်ပေါင်းများစွာခင်မင်ရင်းနှီးလာသည့် သူငယ်ချင်းများဖြစ်ပြီး မကြာခဏအတူတူတွေ့ဆုံတတ်ကြသည် ။
အကြောင်းစုံ ပြောပြလိုက်သည့်အခါတွင် ချက်ကျလက်ကျဆုံးမစကားဆိုလာတော့၏ ။
" ငါနင့်ကိုပြောသားပဲ အဲဒီဘလိုင်းဒိတ်တွေကအသုံးမ၀င်တဲ့အမှိုက်တွေပါလို့ ... နင်နဲ့အဆင်မပြောတာပဲ ဘယ်နှခေါက်ရှိနေပြီလဲ ... ကြင်ဖက်ရှာပေးတဲ့အေဂျင်စီတွေအကုန် နင့်ကိုလက်လန်နေကြပြီ ... ဘယ်လိုလူမျိုးက နင့်ကိုလက်နက်ချအောင်လုပ်နိုင်မလဲဆိုတာ ငါသိချင်လိုက်တာ "
" ၀က်လိုသူငယ်ချင်းလေး နင်ငါ့ကိုကျိန်ဆဲနေတာလား"
" ကျစ် ... နင်ကမျက်နှာလေးလည်းလှတယ် ပိုက်ဆံလည်းအများကြီးရှာနိုင်ပြီး ကိုယ်လုံးကိုယ်ပေါက်ဆိုရင်ပြောစရာကိုမလိုဘူး ... နင့်မှာဘာတွေများပူပန်နေစရာရှိလို့လဲ ဟမ် "
ရှုရှုက နူတ်ခမ်းကိုက်ထားလိုက်ကာ ထိုမေးခွန်းကိုသူမမဖြေချင်ပေ ။
" နင့်မှာ ကြင်ဖက်တွေ့ရင် ကြီးကြီးမားမားတောင်းဆိုချက်မရှိတာတောင်မှပဲ ဘာလို့ အခုထိအဆင်ပြေတဲ့လူလေးတစ်ယောက်တောင်မတွေ့ရတာလဲ "
ရှုရှုက သူမ၏ နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လိုက်မိလေ၏ ။
စိတ်ထားကောင်းပြီး ကိုယ်ကျင့်တရားလဲကောင်းတဲ့ ယောက်ျားတစ်ယောက်ကိုရှာရတာ ဒီခေတ်ကြီးထဲမှာ ဘယ်လောက်တောင်မှခက်ခဲလိုက်သလဲ ...
ခဏအကြာမှ ရှုရှုက သက်ပြင်းချလိုက်ကာ
" ယွမ်ယွမ် ... ငါတစ်ခေါက်ထပ်ကြိုးစားကြည့်မယ် ... တကယ်လို့ ဒိီတစ်ခေါက်သာအဆင်မပြေဘူးဆိုရင် ငါယောက်ျားမယူတော့ဘူးဟာ "
___
စနေနေ့နံနက်၌ ရှုရှုက စတူဒိီယိုကိုပြင်ဆင်ရန်မနက်စောစောထလေ၏ ။ သူမရောက်လာသည်ကိုမြင်သောအခါ ရှေ့တည့်တည့်ရှိစားပွဲမှ ရှောင်းပန် မှာ ထရပ်လိုက်မိသည် ။
ရှုရှု : " လွန်ခဲ့တဲ့ ရက်အနည်းငယ်က သင်တန်းတွေအတွက် စီစဥ်ပြီးသွားပြီလား "
ရှောင်းပန်က အမြန်ခေါင်းညိမ့်၍
" ပြီးသွားပြီ ... အကုန်အဆင်ပြေတယ် နောက်လထဲမှာ တရား၀င်ကြေငြာလို့ရပြီ ... အသင်း၀င်ကတ်အကြောင်းကိုမကျေနပ်တဲ့ မစ္စကျန်းက လွဲရင် ကျန်တဲ့မိဘတွေအားလုံးကနားလည်ပေးကြပါတယ် "
ရှုရှုက အကအကယ်ဒမီမှ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး ဘွဲ့ရပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏အတန်းဖော်အချို့နှင့်အတူ ကိုယ်ပိုင်စတူဒီယိုတစ်ခုထောင်ခဲ့သည် ။ လွန်ခဲ့သည့်ငါးနှစ်တာအတွင်း၌ အောင်မြင်မှုရလာခဲ့ပြီး အတော်အတန်နာမည်ကျော်ကြားလေသည် ။
ဒီဇိုင်းအလှဆင်တာ၀န်ခံနှင့်အသေးစိတ်အချက်အလက်အချို့ကိုဆွေးနွေးပြီးနောက် ရှုရှုက ရှေးဟောင်းလမ်းသို့သွားရန်ဆုံးဖြတ်လိုက်သည် ။ မစ္စတာချန်၏ ရည်းစားဟောင်းကောင်မလေး၏ လက်ချက်ကြောင့် အလှဆင်ပစ္စည်းအချို့ပျက်ဆီးသွားရခြင်းကြောင့်သာမဟုတ်လျှင် အသေးစိတ်ကအစလိုက်လံပြင်ဆင်ဖို့ရာ သူမတွေးမိမည်မဟုတ်ချေ။
ထိုမိန်းကလေးက သူမနှစ်သက်သည့် ကြွေထည်ပန်းအိုးကိုဖျက်ဆီးလိုက်သောကြောင့် အလှဆင်ပစ္စည်းအသစ်တစ်ခုရှာဖွေရန်ထွက်လာရခြင်းဖြစ်သည် ။
ရှေးဟောင်းလမ်းမှာ စနေ့တွင် ပုံမှန်ထက်လူသွားလူလာထူထပ်နေလေ့ရှိသည် ။ သူမက အစိမ်းဖျော့ဖျော့ ဂါ၀န်ကို၀တ်ဆင်ထားပြီး ဒေါက်ဖိနပ်အမြင့်ကိုစီးကာ တစ်ဆိုင်၀င်တစ်ဆိုင်ထွက် သူမမျက်စိကျသည့်အလှဆင်ပစ္စည်းကိုရှာဖွေလို့နေ၏ ။
နေ့လည်ခင်းသို့ရောက်သည့်တိုင် သူမ၏ လက်တွင်ပတ်ထားသည့်အနီရောင် ချည်ကြိုးလေးမှလွဲ၍ အခြားမျက်စိကျသည့်ပစ္စည်းမရှိသေးချေ ။ သူမကဲ့သို့ အနုပညာအသိုင်းအ၀ိုင်းတွင်း အလုပ်လုပ်ကိုင်နေသူများ၏ ပစ္စည်းရွေးချယ်၀ယ်ယူမှုမှာ သာမန်လူများထက် ပိုမိုအသေးစိတ်စနစ်ကျသောကြောင့် စျေး၀ယ်ရာတွင်အလွန်ရွေးချယ်လေ့ရှိသည် ။
သူမအား စိတ်ကျေနပ်စေလောက်မည့်ပစ္စည်းမှာလည်းအလွန်ထူးခြားနေရမည်ပင် ။ ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်ပြီးနောက် အခြားသောဆိုင်များတွင် ဆက်လက်ရှာဖွေရန်ဆုံးဖြတ်လိုက်သည် ။
တိုက်ဆိုက်စွာနှင့်ပင် ဆိုင်တစ်ခုရှေ့တွင်သူမရပ်လိုက်သည့်အချိန်၌ ကောင်တာရှိအမျိုးသား၏ လက်ထဲတွင်ကိုင်ထားသည့် အဖြူရောင်ကျောက်စိမ်းကြွေထည်ကိုမြင်တွေ့လိုက်သည် ။
ပန်းအိုးအရှည်မှာအနေတော်ပင်ဖြစ်ပြီး အ၀အကျယ်မှာလုံး၀န်းသည့်အတွက် ပန်းအလှဆင်သည့်အိုးအဖြစ်အသုံးပြုရန် သင့်ေလျှာ်လှသည် ။
ရှုရှု ကပန်းအိုးကိုသွားကြည့်ရန်ခြေလှမ်းလိုက်သည့်အချိန်မှာပင် ကောင်တာ၌ ငွေရှင်းပြီးထွက်လာသည့်တစ်ယောက်ယောက်နှင့်တိုက်မိသွားပြီး ခြေချော်ကာ နောက်ပြန်လဲကျလာလေ၏ ။
သို့သော်လည်း နွေးထွေးသန်မာသည့်လက်မောင်းတစ်ဖက်က သူမ၏ ခါးကိုပွေ့၍ မလဲကျစေရန်ထိန်းကိုင်ပေးထားလေသည် ။
" အဆင်ပြေရဲ့လား "
သူမ၏ ခေါင်းထက်မှ သာယာငြိမ့်ညောင်း၍ နူးညံ့သည့်အမျိုးသားတစ်ဦး၏အသံထွက်ပေါ်လာ၏ ။
ရှုရှုက ထိတ်လန့်တုန်လှုပ်စွာဖြင့်မော့ကြည့်လိုက်သည့်အခါ၌ နက်ရှိုင်းလှသည့်မျက်၀န်းတစ်စုံနှင့်အကြည့်ချင်းဆုံသွားရလေသည် ။
ထိုအမျိုးသား၏ သွင်ပြင်မှာ သဘောကောင်းကာနွေးထွေးမည့်ပုံပင် ။
ရှုရှုက စိတ်ထိန်းလိုက်ပြီးနောက် ထိုအမျိုးသား၏ လက်အတွင်းမှရုန်းထွက်ကာ နောက်သို့ခြေနှစ်လှမ်းမျှဆုတ်လိုက်သည် ။
" အဆင်ပြေပါတယ် "
ထိုအမျိုးသားက သူမ၏ခြေကျင်း၀တ်ကိုကြည့်နေပြီးနောက် ဖြည်းဖြည်းချင်းပြောလာ၏ ။
" မနာဘူးလား "
ရှုရှုက ခေါင်းခါ၍ ငြင်းဆန်တော့မည့်ဆဲဆဲမှာပင် တစ်ခုခုကိုတွေးမိသွားပုံရကာ စကားကိုပြောင်းလဲပြောဆိုလိုက်သည် ။
" နည်းနည်းနာနေသလိုပဲ "
ထိုအမျိုးသားက ပြောလာ၏ ။
" ဆေးရုံလိုက်ပို့ပေးရမလား "
" အဲ့လောက်ထိတော့မဟုတ်ပါဘူး ..."
ရှုရှုက ထိုအမျိုးသား၏ ဘယ်ဘက်လက်ကိုလက်ညိုးထိုး၍
" ကျွန်မကိုဒါလေးရောင်းပေးလို့ရမလား တောင်းပန်တဲ့အနေနဲ့ရောင်းတယ်လို့ပဲသဘောထားလိုက်ပါ "
အမျိုးသားက တိတိဆိတ်နေသောကြောင့် ရှုရှုကထပ်ပြောလိုက်သည် ။
" ကျွန်မတကယ်၀ယ်မှာပါ ... ရှင်စျေးပြောလိုက်တာနဲ့ ကျွန်မ၀ယ်မှာ "
ကောင်တာနောက်ရှိအရောင်း၀န်ထမ်းမှာ ထိုနှစ်ယောက်အားကြည့်၍ တစ်ခုခုပြောတော့မည့်အချိန်မှာပင် အမျိုးသားကခေါင်းညိမ့်လာ၏ ။
" မစ္စက ကြိုက်တယ်ဆိုမှတော့ မူရင်းစျေးအတိုင်းပဲရောင်းပေးပါ့မယ် "
ရှုရှုမှာ အလွန်ပျော်ရွှင်သွားလေသည် ။
" စျေးကဘယ်လောက်လဲ "
" နှစ်သောင်းနှစ်ထောင် "
ရှုရှုက ထိုအမျိုးသားစိတ်ပြောင်းသွားမည်ကိုစိုးရိမ်းသောကြောင့် ချက်ချင်းပင်ငွေလွှဲရန်အတွက် သူမ၏ ဖုန်းကိုယူလိုက်သည် ။ ၀ီချက် အကောင့်အပ်နေသည့်အချိန်အတွင်းထိုအမျိုးသား၏ ကိုယ်ရေးအကျဥ်းပရိုဖိုင်မှပုံကိုလည်းခိုးကြည့်လိုက်သေး၏ ။
ရိုးရှင်းသည့်အနက်ရောင်နောက်ခံပေါ်တွင် အမျိုးသား၏ အမည်အတိုကောက်ဖြစ်ပုံရမည့် L ဟုသာရေးထိုးထားလေသည် ။ ထို့နောက် လူအုပ်အတွင်းရောနှောပျောက်ကွယ်သွားသည့် အမျိုးသားအားလှမ်းကြည့်၍ သူမ၏ စိတ်ထဲ၌ ထိုအမျိုးသားမှာစိတ်ကောင်းရှိသူတစ်ဦးဖြစ်ကြောင်းကောက်ချက်ချလိုက်လေ၏ ။🐳
Xxxxx