အပိုင်း ၂
Viewers 7k

#honest
Chapter ( 2)

အခန်း ( ၂ ) : ပရော်ဖက်ရှင်နယ် ၀မ်းတွင်းမည်းလူလိမ်ကောင် ( လုထန် )

ဤတစ်လော၌ လုထန်မှာ အလွန့်အလွန်ကိုဖြေရှင်းရခက်ခဲသည့်ပြဿနာတစ်ခုကြုံနေရလေသည် ။ အခြားသောထူးဆန်သည့်အရာမျိုးမဟုတ်ပါဘဲ ယနေ့ခေတ်လူငယ်များကြုံရလေ့ရှိသည့် လက်ထပ်သည့်ကိစ္စနှင့်ပက်သက်၍ မိဘများနှင့်ငြင်းခုန်နေရသည့်ပြဿနာပင် ။

မတတ်သာဘဲ အိမ်ပြန်လာရသည့်အချိန်၌ မစ္စလီမှာ ဧည့်ခန်းမှနေ၍ ရေချိုးခန်းထဲထိမလွတ်အောင် နောက်မှတကောက်ကောက်လိုက်ကာပြောဆိုနေတော့သည် ။

" သားလေး ... မင်းဘယ်အချိန်မှ အမေ့ဆီချွေးမလေးကိုခေါ်လာပြမှာလဲ "

လုထန်က ကားသော့ကိုယူ၍ စက်နိူးလိုက်ပြီးနောက် သူ၏အမေအတွက် ကားတံခါးဖွင့်ပေးကာပြောလိုက်သည် ။

" ကားပေါ်တက်ပါတော့အမေရယ် "

မစ္စလီက မျက်ခုံးပင့်၍ 

" ပစ်မှတ်ကိုရှာတွေ့ထားပြီလား "

လုထန်က ထိုင်ခုံခါးပါတ်ကိုပတ်လိုက်ပြီးနောက် ပေါ့ပေါ့တန်တန်ပြောလာ၏ ။

" ထင်တာပဲလေ "

" ဒါဆိုဘာလို့ တစ်ခါတည်းခေါ်မလာတာလဲ ... ကောင်မလေးက အသက်ဘယ်လောက်လဲ ... ဘာအလုပ်လုပ်တာလဲ ..."

လုထန်က စတီယာရင်ကို လှည့်ရင်းပြုံးလိုက်ကာ 

 " ကောင်မလေးက ဒီနှစ်ဆို အသက်သုံးဆယ့်ရှစ်နှစ်ရှိပြီလေ ပြီးတော့ ကြယ်တံခွန်ကုမ္ပဏီပိုင်ရှင်အမျိုးသမီးဥက္ကဌ တစ်ယောက် ... ဘယ်လိုလဲ သားအရွေးတော်တဲ့အတွက်ဂုဏ်ယူရဲ့လား "

မစ္စလီ : "…"

သူမ၏ မျက်မှာမှာ နီရာမှစိမ်း ၊ စိမ်းရာမှအဖြူရောင်သို့ပြောင်းလာပြီး လုထန်၏ အခြေအနေကိုကြည့်၍ အတတ်နိုင်ဆုံးလေသံကိုညင်သာလိုက်ကာပြောလာ၏။

" သားလေး ... အဆင်ပြေမယ်လို့တော့အမေမထင်ဘူးနော် ... မင်းကောင်မလေးကိုအိမ်ခေါ်လာတဲ့အခါကျရင် သေချာပေါက်မင်းအဖေ ဒေါသထွက်လွန်းလို့မူးလဲသွားမှာပဲ ..."

လုထန်ကရီမောရင်းဖြင့် ကားထဲမှထွက်သွားသည့်အချိန်တွင် မစ္စလီခမျာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့်ကျန်ရစ်ခဲ့ရရှာ၏ ။

 " အနည်းဆုံးတော့ သူဂေးတစ်ယောက်မဟုတ်တာလေးပဲ ဖြေသိမ့်စရာရှိတော့တယ် "


လုထန် ရှေးဟောင်းလမ်းသို့သွားနေဆဲအချိန်မှပင် ၀မ်းကွဲတစ်ဦးထံမှ ဖုန်း၀င်လာလေ၏ ။ တစ်ဖက်လူက အလောတကြီးဖြင့် 

" ကော ! ကော ! မြန်မြန်လာပါဦး ! ကျွန်တော်တော့ အသတ်ခံရတော့မယ် !"

လုထန်က မီးနီစောင့်နေရင်းဖြင့် စတီယာရင်အားလက်ဆစ်ဖြင့်ခေါက်ကာ ဖြည်းဖြည်းချင်းပြောလာ၏။

" မကြောက်ပါနဲ့ ... မင်းရဲ့ခန္ဓာကိုယ်မအေးသွားခင် ကောမင်းရဲ့အလောင်းကိုလာသိမ်းပေးပါ့မယ်ကွာ "

လုချွမ်ရှန်းက သေမတတ်ညည်းညူလာ၏ ။

" ကော ... ဒီနှစ်တွေအတွင်း ဘယ်သူက ကောအတန်းလစ်ပြေးတဲ့အချိန်တိုင်းဖုံးဖိကာကွယ်ပေးနေခဲ့တာလဲဆိုတာမေ့သွားပြီလား...ကော ကျွန်တော်သေသွားရင် ကောကိုလဲသေချာပေါက်လာသတ်မှာနော် "

နေ့လည်ခင်း၌ ရှေးဟောင်းလမ်းအတွင်းလူသွားလူလာစည်ကားသောကြောင့် ကားဖြင့်၀င်ရန်မလွယ်ကူချေ ။ ထို့ကြောင့် လုထန်က လုချွမ်ရှန်း၏ ဆိုင်သို့လမ်းလျှောက်သွားလေ၏ ။

လုချွမ်ရှန်း၏ အသံမှာ စူးစူး၀ါ၀ါးဟောင်နေသည့်ခွေးတစ်ကောင်ကဲ့သို့ ခြောက်ခြားဖွယ်အီနေသည့်တစ္ဆေတစ်ကောင်ကဲ့သို့ အဆက်မပြတ်ပေါ်ထွက်နေသောကြောင့် လုထန်မှာ အမှန်ပင်စိတ်မရှည်တော့ပေ ။

သူကအံကြိတ်ကာဖြင့် 

" မင်းပြောတာတွေအကုန်ငါအသံသွင်းထားတယ်နော် ... မင်းရဲ့ချစ်လှစွာသောကောင်မလေးဆီပို့ပေးလိုက်မယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲဆိုတာသိချင်လိုက်တာ "

တစ်ဖက်ရှိအူသံများမှာ ခဏတာဗလုံးဗထွေးပြောပြီးနောက် အပ်ကျသံပင်ကြားရလောက်သည်အထိတိတ်ဆိတ်သွားလေ၏ ။ လုထန်က စိတ်ကျေနပ်စွာဖြင့်ဖုန်းချလိုက်ပြီးနောက် လမ်းကြားလေးထဲတွင်ကြပ်ညပ်နေသည့် လူအုပ်ကြားထဲသို့တိုး၀င်လိုက်သည် ။

လုချွမ်ရှန်းမှာ မနှစ်ကမှဘွဲ့ရပြီး ချက်ချင်းပင်ရှေးဟောင်းလမ်းအတွင်း၌ ဆိုင်တစ်ဆိုင်ဖွင့်၍ စီးပွားရေးလုပ်ငန်းလုပ်လိုကြောင်းနေ့မနားညမနားဂျီကျပြောဆိုနေခဲ့သည် ။ 

ပုံဆိုးပန်းဆိုးအနက်ရောင်ဂျာကင်ကိုသာစွဲစွဲမြဲမြဲ၀တ်ဆင်တတ်သည့် လုချွမ်ရှန်းအတွက် မိဘများကမတတ်သာဘဲ အရင်းအနှီးထုတ်ပေးလိုက်ရလေ၏ ။

လွန်ခဲ့သောရက်အနည်းငယ်က လုချွမ်ရှန်းက ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး ပစ္စည်းအမြောက်အမြားကို၀ယ်ယူခဲ့ရာ ထိုအထဲတွင် ထန်မင်းဆက်နှောင်းပိုင်းလက်ထပ်က အမိုက်စားရတနာတစ်ခု ပါ၀င်ကြောင်း အားတက်သရောပြောပြခဲ့၏ ။

ရလဒ်အနေဖြင့် မနေ့ညက အိမ်တံခါးလာခေါက်၍ ပစ္စည်းအတုများဖြင့် လိမ်လည်ခံလိုက်ရကြောင်း သူ၏ ဆိုင်လေးမှာ မဖွင့်ရသေးခင်မှာပင် ပိတ်ရတော့မည်ဖြစ်ကြောင်း ညလုံးပေါက်အော်ဟစ်ငိုယိုပြောဆိုလေတော့သည် ။

လုထန်မှာ ၀ံပုလွေအူသံကြီးဖြင့်ငိုယိုနေသည်ကိုမကြည့်ရက်တော့သောကြောင့် ပစ္စည်းများကိုတစ်ချက်လာစစ်ဆေးပေးမည်ဟုသာ ဂတိပေးခဲ့ရ၏ ။

လုထန် ဆိုင်ထဲသို့၀င်လိုက်သည်နှင့်တစ်ပြိုင်နက် လုချွမ်ရှန်းက ပြေးလာကာ မျက်ရည်အ၀ိုင်းသားဖြင့်ဖက်ထားတော့သည် ။

" ပါး ...ကော အခုကစပြီး ကျွန်တော့်ရဲ့ ပါးဖြစ်သွားပြီ"

လုထန် : "…"

လုထန်က ၀ံပုလွေကောင်ကိုတွန်းထုတ်၍ ရိုးရှင်းပြီး အံဝင်ခွင်ကျရှိသော စတိုးဆိုင်မျက်နှာစာကို တစ်ချက်ကြည့်လိုက်ကာ အေးတိအေးစက်ဖြင့် အနောက်တိုင်းပုံစံ နေကာမျက်မှန်ကို အိတ်ထဲမှထုတ်၍တပ်လိုက်လေသည် ။

 "ပစ္စည်းတွေ ဘယ်မှာလဲ"

အမြှီးတနှံ့နှံ့ဖြင့် လုချွမ်ရှန်းက ကောင်တာအောက်မှ သေတ္တာတစ်လုံးကိုထုတ်ယူပြလာ၏ ။ ထိုသေတ္တာထဲတွင် ကျောက်စိမ်းကြွေထည်များနှင့် ကြွေရည်စိမ်ကြွေထည်များအပြင် အဖြူရောင်ကြွေထည်အမျိုးအစားခြောက်မျိုးခုနှစ်မျိုးခန့်ကိုထည့်ထားသည် ။

လုထန်က တစ်ခုချင်းစီကိုစေ့စေ့စပ်စပ်ဂရုစိုက်ကြည့်ရှုနေပြီး အဆင့်မြင့်စစ်ဆေးကိရိယာများမပါဘဲနှင့်ပင် ပစ္စည်းအရည်အသွေးကိုအတိအကျခန့်မှန်းနိုင်သည် ။ လုချွမ်ရှန်းက ရှန်ချူး၏ ဘေးတွင်ရပ်၍အစာချောင်းနေသောခွေးတစ်ကောင်ကဲ့သို့ မျက်လုံးအပြူးသားဖြင့်ကြည့်ရှုနေလေ၏ ။

လုထန်က စားပွဲကိုလက်ဆစ်ဖြင့်ခေါက်နေကာ ကျန်လက်တစ်ဖက်ဖြင့် အ၀ကျယ်ပန်းကန်လုံးတစ်လုံးကိုညွှန်ပြ၍ 

" ထန်မင်းဆက်နှောင်းပိုင်းမှာတူးဖော်ခဲ့တာ "

ထို့နောက်ဆက်မေးလာ၏ ။

" မင်းဘယ်လောက်နဲ့၀ယ်ခဲ့တာလဲ "

လုချွမ်ရှန်းက တုန်တုန်ရီရီဖြင့် လက်သုံးချောင်းထောင်ပြလာ၏ ။

" အဲ့တာကလေ သူပြောတာတော့ တော်၀င်လက်မှုဆောင်ကနေထုတ်တာတဲ့ စျေးက နှစ်သိန်းရှစ်သောင်း"

လုထန်က စကားမပြောဘဲ လုချွမ်ရှန်း၏ လက်သုံးချောင်းကိုသာစိုက်ကြည့်နေ၏ ။ လုချွမ်ရှန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ 

" ဘယ်လိုလဲ အဲ့တာအစစ်လား "

" မင်းဘယ်လိုထင်လဲ ဟမ် ... ငါ့အဒေါ်ကမင်းကိုမွေးတဲ့အချိန်တုန်းက ဦးနှောက်ပါမလာဘူးထင်တယ် ... မင်းက ယွမ်ထောင်ဂဏန်းလောက်ပဲတန်တဲ့ ပန်းအိုးအကွဲတွေအတွက် နှစ်သိန်းရှစ်သောင်းတောင် သုံးလိုက်တယ်လေ ခေါင်းပေါ်မှာ ငတုံးငအလို့သာစာကပ်ထားလိုက်ပါတော့လား "

လုချွမ်ရှန်းမှာ မျက်ရည်အ၀ိုင်းသားနှင့်ငိုချလုနီးနီးပင်။

" ကျွန်တော်ဘယ်လိုလုပ်ပြီးသိမှာလဲလို့ ... သူကိုယ့်သူ ကျန်းနန်းကနာမည်ကြီးစုဆောင်းသူတစ်ယောက်လို့ပြောတာလေ ... သူလိမ်နေတယ်ဆိုတာ ကျွန်တော်ဘယ်လိုလုပ်ပြီးသိပါ့မလဲ "

လုထန်က သွေးတက်လာသောကြောင့် နားထင်ကိုလက်ထိပ်ဖြင့်ဖိထားလိုက်သည် ။ အနှီငတုံးငအကောင်နှင့် အမျိုးတော်သည်ဟူ‌ေသာအချက်ကြောင့်ပင် ရှက်လွန်းလို့သေသွားနိုင်၏ ။

" သွားပြီ ... သွားပြီ ... ကျွန်တော့်မှာပိုက်ဆံမရှိတော့ဘူး ... ကျွန်တော်မွဲသွားပြီ ချင်းချင်းက တစ်ခြားတစ်ယောက်နဲ့ထွက်ပြေးသွားတော့မှာပဲ ... ကျွန်တော်တော့ မိန်းမပစ်တာခံရတဲ့ တစ်ခုလပ်ဖြစ်တော့မယ် "

လုချွမ်ရှန်း၏ ဘ၀ပျက်နေပြီ ဟူသည့်အသက်မရှိတော့သလိုအမူအယာကြောင့် လုထန်၏ ညီအစ်ကိုချစ်စိတ်လေးမှာ အနည်းငယ်ပြန်လည်ပျူထွက်လာလေ၏။

လုထန်က ခဏမျှစဥ်းစားပြီးနောက် သေတ္တာအစွန်းကိုလက်ဖြင့်ပွတ်ကာ 

" ဒီလိုဆိုရင်ရော ... ကော မင်းရဲ့ ကြွေအိုးခြောက်လုံးကို ယွမ်နှစ်သောင်းနဲ့ပြန်၀ယ်မယ် "

လုချွမ်ရှန်းက မျက်လုံးအပြူးသားဖြင့် 

" နှစ်‌သောင်း... ပါး တရားမျှတတယ်လို့ရောထင်လို့လားဟမ် ဘယ်လိုလုပ်ပြီးသားအရင်းအပေါ် ခေါင်းပုံဖြတ်နိုင်ရတာလဲ "

" တကယ်လို့ ငါ့မှာသာနှလုံသားမရှိဘူးဆိုရင် မင်းရဲ့ တုံးအပုံမျိုးနဲ့ သေတာကြာပေါ့ " 

ခဏအကြာ၌ လုထန်က လေသံပျော့ပျော့နှင့်နှစ်သိမ့်ပေးလာ၏ ။

" နောက်လကျရင် အန်တီရဲ့မွေးနေ့ရှိတယ်မလား ... အန်တီစိတ်ချမ်းသာအောင် မင်းရဲ့ဆိုင်ကိုစောစောစီးစိီးပိတ်လိုက်တာ ပိုကောင်းလိမ့်မယ် "

အချိန်အတော်ကြာ ၀ံပုလွေအူသံကြီးဖြင့်အော်ဟစ်ညည်းညူငိုယိုပြီးသည့်နောက်တွင် လုချွမ်ရှန်းက မျက်ရည်စက်လက်ဖြင့် ဆိုင်၏ QR ကုဒ်ကိုပေးလာ၏။

" တကယ်ပဲ ဘယ်ဘ၀ကရေစက်ကြောင့် ကောလိုနှလုံးသားမရှိတဲ့ သူရဲ့ညီလာဖြစ်နေရတာပါလိမ့် "

" ငါကလည်းမင်းလို ၀က်ဦးနှောက်နဲ့ညီမျိုးမလိုချင်ပါဘူး "

"…"

ငွေလွှဲလက်ခံရရှိကြောင်း အသိပေးစာရောက်ရှိလာပြီးနောက်တွင် လုချွမ်ရှန်းက မတ်တပ်ရပ်ကာသူ၏ခါးရိုးကိုနှိပ်နယ်၍ 

" ကော ကျွန်တော့်ကိုလိမ်နေတာမလား ဇာတ်လမ်းတွဲတွေထဲမှာလိုပဲလေ ကျွန်တော့်ကိုကျတန်ဖိုးမရှိတဲ့အတုလို့ပြောပြီး နောက်ကွယ်မှာကျ ကောက စျေးကြီးကြိီးနဲ့ပြန်ရောင်းစားမှာမလား "

လုချွမ်ရှန်းက ငိုသံကြီးဖြင့် သေတ္တာကိုပြန်ဆွဲယူလိုက်ကာ 

" ကော တကယ်ကြီးအဲလိုဖြစ်နေမယ်လို့မမျှော်လင့်ထားဘူး ... ကျွန်တော်မရောင်းတော့ဘူး "

လုထန်က ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီးနောက် သေတ္တာကို လုချွမ်ရှန်းထံမှ ပြန်ဆွဲလု၍ ဒေါသတကြီးကြည့်လိုက်ကာ 

" ကောင်းပြီလေ ... မင်းဘေးက ဘယ်သူကများဒီအတုတွေကို ဒေါ်လာထောင်ချီသုံးပြီး၀ယ်ချင်စိတ်ရှိလဲဆိုတာငါကြည့်ဦးမယ် "

လုချွမ်ရှန်းက ပန်းအိုးတစ်လုံးကို လက်ထဲတွင်ကိုင်ထား၍ ကြည့်ကာ တိုးတိုးလေးရေရွတ်လာ၏ ။

" ဒီလောက်လှတာလေးကို လူတိုင်းကြိုက်ကြမှာပဲ "

နောက်ဆုံး၌ လုချွမ်ရှန်းမှာ အံကြိတ်၍သာထုပ်ပိုးပေးနေရတော့သည် ။ လုထန်က ဆိုင်အတွင်းရှိ အခြားသောပစ္စည်းများကိုလိုက်ကြည့်နေလေသည် ။ အာရုံစိုက်၍ ကြည့်ရှုပြီးနောက် ရုတ်တရက်လှည့်လိုက်သည့်အချိန်တွင် သူ၏ အနောက်တွင်လူရှိနေမှန်းသတိမထားမိသောကြောင့် တိုက်မိကာ အမျိုးသမီးမှာလဲကျတော့မတက်ဖြစ်သွားရ၏ ။

လုထန်က အမြန်ဖမ်းလိုက်သော်လည်း ဒေါက်ဖိနပ်စီးထားသောကြောင့် ခြေကျင်း၀တ်လည်သွားပုံရသည် ။ သူမခေါင်းမော့ကြည့်လာသည့်အခိုက်အတန့်တွင် လုထန်မျက်မှောင်ကျုံ့မိသွားရ၏ ။

ဒါမနေ့က လက်ဖက်ရည်နဲ့အပက်ခံရတဲ့အမျိုးသမီးမဟုတ်ဘူးလား ...

ယမန်နေ့က လုထန်ဖောက်သည်တစ်ယောက်နှင့် ဆွေးနွေးရန်အတွက်ဆိုင်တစ်ဆိုင်သို့သွားရောက်ခဲ့လေ၏ ။ စကားအနည်းပြောဆိုပြီးသည့်အချိန်တွင် ဘေး၀ိုင်းမှအခြေအတင်ပြောဆိုနေကြသံကိုကြားလိုက်ရသည် ။
 
အခြေအနေကြည့်ရသလောက် အမျိုးသမီးက လမ်းခွဲရန်ပြောဆိုသော်လည်း အမျိုးသားဖြစ်သူကလက်မခံဘဲ ဒေါသတကြီးဖြင့် လက်ဖက်ရည်နှင့်ပက်လိုက်ပုံရ၏ ။

လုထန် ဤသို့သောအဖြစ်များကိုတွေ့ဖူးသော်လည်း တည်ငြိမ်နေသောအမျိုးသမီးကိုမူပထမဆုံးတွေ့ဖူးခြင်းပင် ။ ထို့နောက် ၀ဲပျံလာသည့်ဓာတ်ပုံများကိုတစ်ချက်ချောင်းကြည့်လိုက်ရာ အမျိုးသားဖြစ်သူမှာချောမောသော်လည်း ဓာတ်ပုံထဲ၌ အမျိုးသမီးတစ်ဦး၏ ရင်သားထဲသို့သူ၏ဦးခေါင်းကိုနှစ်ထားလုမတတ်ဖြစ်နေကြောင်းတွေ့လိုက်ရသည် ။

ဘလိုင်းဒိတ်ကြောင့်တွေ့ဆုံခဲ့သည့်ဆက်ဆံရေးဟုမဆိုထားနှင့် အမျိုးသားဖြစ်သူ၏ ရည်းစားဟောင်းမှာ တစ်ဖက်အမျိုးသမီး၏ ကိုယ်ပိုင်ဘ၀အထိလိုက်လံနှောင့်ယှက်သည့်အပြင် အမျိုးသားဖြစ်သူကလည်း ဖောက်ပြန်တတ်သည့်ဗီဇရှိနေသေး၏ ။ အမျိုးသမီးဖြစ်သူလမ်းခွဲချင်သည်မှာမဆန်းပါပေ ။

အမျိုးသမီး၏ အမူအယာမှာတည်ငြိမ်နေပြီး ဟန်ဆောင်ထားပုံမရချေ ။ သူမက တိကျသည့်အချက်အလက်များဖြင့် အမျိုးသားဖြစ်သူပြောစရာစကားမရှိတော့သည့်အထိ ဖိနှိပ်ထား၏ ။ သူမ၏ အသံမှာ ကျောက်စိမ်းပန်းကန်ပေါ်ကျလာသည့်ပုလဲတစ်လုံး၏ အသံကဲ့သို့ပြတ်သားတည်ငြိမ်လှသည် ။

လုထန်မှာ သိချင်စိတ်ကိုမထိန်းနိုင်တော့သဖြင့် လှည့်ကြည့်လိုက်သော်လည်း ဖြောင့်တန်းနေသည့်အမျိုးသမီး၏ပုခုံးအစွန်းလေးကိုသာတွေ့လိုက်ရသည် ။ သူမတံခါးမှထွက်သွားသောအခါမှသာ မျက်နှာတစ်ခုလုံးရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ။

လုထန်မျက်ခုံးပင့်လိုက်မိ၏ ။ သူ၏ပထမဆုံးအတွေးမှာ ဤ အမျိုးသမီးက ဘလ်ိုင်းဒိတ်များနှင့်အကျိုးမပေးဟူ၍ပင် ။ ဒုတိယအတွေးမှာမူ ဤကဲ့သို့အမျိုးသမီးတစ်ဦးက ဘလိုင်းဒိတ်လုပ်ရန်အမှန်ပင် ပြီးပြည့်စုံလွန်းနေသည်ဟူ၍ပင်ဖြစ်သည် ။

မမျှော်လင့်ထားစွာပင် ဤကဲ့သို့ ခပ်မြန်မြန်ပြန်လည်တွေ့ဆုံရပြန်သည် ။ ဒီတစ်ကြိမ်၌မူအမျိုးသမီး၏ တုန်ရီကာအားနည်းသည့်တစ်ဖက်ခြမ်းကိုသူမြင်လိုက်ရ၏။

လုထန်က အန္ဒရာယ်မရှိပုံရသည့် ဟန်ဆောင်မျက်နှာဖုံးကိုတပ်ဆင်ပြီး နွေးထွေးစွာပြုံးလိုက်ကာ 

" မစ္စက ကြိုက်တယ်ဆိုမှတော့ မူရင်းစျေးအတိုင်းပဲရောင်းပေးပါ့မယ် "

အမျိုးသမီး၏ မျက်နှာထားမှာမပြောင်းလဲသော်လည်း သူမ၏ မျက်၀န်းများမူ ပျော်ရွှင်မှုကြောင့် တောက်ပနေလေ၏ ။

" ဘယ်လောက်လဲ "

လုထန်က ပိုမိုနွေးထွေးစွာပြုံးပြ၍ 

" နှစ်သောင်းနှစ်ထောင် "

ဘေးမှတစ်ချိန်လုံးရပ်ကြည့်နေသည့် လုချွမ်ရှန်းမှာ တိတ်တိတ်လေးဆဲရေးမိသွားရှာသည် ။

ထိုအမျိုးသမီးက တစ်ခွန်းမှထပ်မမေတော့ဘဲ ၀ီချက်မှအပ်လိုက်ကာ ကျသင့်ငွေကိုလွှဲပြောင်းပေးလာ၏ ။

လုထန်က ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သူမ၏ အကောင့်ကိုချောင်းကြည့်လိုက်သည့်အခါ၌ သူငယ်ချင်းများများစားစားမရှိဘဲ အက၀တ်စုံနှင့်ကလေးများအကကျင့်နေကြသည့်ပုံအချို့ကိုသာတင်ထားကြောင်းတွေ့လိုက်ရသည် ။

လုထန် သူမ၏ အလုပ်အကိုင်အား အနည်းနှင့်အများဆိုသလိုခန့်မှန်းမိသွားပြီပင် ။ 

သူမ၏ ၀ီချက်မိုးမန့် ထဲသို့၀င်ကြည့်လိုက်သည့်အခါ တစ်နေရာအရောက်၌ လုထန်၏ မျက်လုံးများအေးခဲသွားရ၏ ။

ယောဂ၀တ်စုံဖြင့် အမျိုးသမီးက ဘားတန်းပေါ်သို့သူမ၏ ခြေတစ်ဖက်ကိုဖြောင့်တန်းစွာတင်ထားကာ အောက်မှကလေးမလေးတစ်ယောက်က သူမအားမော့ကြည့်နေလေသည် ။

ရုတ်တရက်ရိုက်ထားပုံရသည့် ထိုပုံထဲ၌ အမျိုးသမီးက ကလေးမလေးအား ပြုံးပြနေလေ၏ ။ လုထန်က သူ၏ အောက်နှုတ်ခမ်းကိုသပ်လိုက်မိသည့်အပြင် အမျိုးသမီး၏ အပြုံးမှာတောက်ပ၍ ဆွဲဆောင်မှုရှိလှကြောင်း တွေးနေမိလေသည် ။



Xxxxx