#honest
Chapter ( 3 )
အခန်း ( ၃ ) : ရှင်ဘာလို့ကျွန်မအကြောင်းမတွေးရတာလဲ ( ရှုရှု )
စတူဒီယိိုကိုပြုပြင်မွမ်းမံနေသည့်အချိန်အတွင်းတွင် ရှုရှုတစ်ယောက်အပျော်ကြီးပျော်ကာ ဥရောပတိုက်တစ်ခွင်ပြဲပြဲစင်အောင် DLSR တစ်လုံးနှင့်ခရီးပတ်သွားနေလေ၏ ။
သူမပြန်လာသည့်အချိန်တွင်မူ သူမ၏ သင်တန်းအချိန်စာရင်းများမှာ နောက်နှစ်ဖေဖော်၀ါရီလအထိ တိတိကျကျအချိန်ထည့်ထားပြီးဖြစ်နေတော့သည် ။
ရှုရှု : "…"
အခြားသောအကဆရာတစ်ယောက်မှာလည်း သူမအားတွေ့သည်နှင့်ငိုချလုမတတ်ပင် ။
" ရှုရှု ငါတစ်ကယ်မရတော့ဘူး ... မြန်မြန်နင့်အတန်းတွေကိုနင်ဘာသာပြန်သင်တော့ ..."
ရှုရှု : "…"
ဤမနက်အတန်းမှာ ဂျက်စ်အကအတန်းဖြစ်ပြီး သင်တန်းသားအများစုမှာ ငယ်ရွယ်တက်ကြွသည့်ကောလိပ်ကျောင်းသူများဖြစ်ကြသောကြောင့် ရယ်မောနေကြပုံမှာ ငယ်ရွယ်မှုအပြည့်နှင့်ဖြစ်၏
ရှုရှု ကကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီးနောက် အတန်းကိုစတင်လိုက်သည် ။
တစ်နာရီမျှကြာသောအခါ လူတိုင်းပင်ပန်းလွန်း၍ ကြမ်းပြင်ပေါ်တွင်အလဲလဲအကွဲကွဲဖြစ်ကုန်ကြ၏ ။ ရှုရှု ကလူတိုင်းကိုရေဘူးများဝေပေးလိုက်ပြီးနောက် အခန်းထောင့်တွင်ထိုင်၍ သူမ၏ဖုန်းကိုကြည့်လိုက်သည် ။
၀ီချက်ထဲသို့၀င်၍ ကြည့်လိုက်သည့်အခါ၌ သူငယ်ချင်းများတင်ထားသည့် မိုးမန့်များဆက်တိုက်ပေါ်ထွက်လာလေ၏ ။
ပျင်းရိစွာဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေသည့်အချိန်တွင် သူမအားကြွေအိုးရောင်းခဲ့သည့် မစ္စတာမှာလ၀က်အတွင်း၌ မိုးမန့်များစွာတင်ထားကြောင်းတွေ့လိုက်ရသည် ။
ထိုပုံများထဲမှတစ်ပုံမှာ ခွေးလေးကိုဆေးခန်းသွားပြထားသည့်ပုံဖြစ်ပြီး ဘေ့စ်ဘောဦးထုပ်ကိုဆောင်းကာတောက်ပစွာပြုံးနေသည့်ပုံလည်းပါ၏ ။
နောက်တစ်ပုံမှာ မိသားစုတွင်းအကြီးတစ်ယောက်ယောက်၏ မွေးနေ့ညစာစားပွဲတစ်ခုဖြစ်ပုံရပြီး မွေးနေ့ရှင်မှာ သူ၏ပုခုံးကိုဖက်၍ နှစ်ဦးသားအလွန်တောက်ပစွာပြုံးနေကြလေသည် ။
တစ်လဲခွဲနောက်ကျနေပါသော်လည်း သူ၏မိုးမန့်တစ်ခုချင်းစီကို react လိုက်ပေးမိနေသည် ။ ထိုအမျိုးသားအတွက် သူမ၏ နောက်ထပ်ချီးကျူးစကားနှစ်ခွန်းမှာ သိတတ်မှုနှင့် ချစ်တတ်မှုတို့ပင် ။
မကြာမီမှာပင် ထိုသူ့ထံမှစာတစ်စောင်ရောက်လေ၏ ။
" မစ္စရှု ဥရောပကနေပြန်ရောက်နေပြီလား "
ရှုရှုကသူမ၏ နေ့စဥ်ဘ၀အား အကြောင်းရေရေရာရာမသိသည့် သူစိမ်းအမျိုးသားတစ်ဦးအား ရှင်းပြချင်စိတ်မရှိပေ ။
" အင်း ... ဘာကိစ္စရှိလို့ပါလဲ "
" ဒီလိုပါ ခင်ဗျားနေ့လည်မှာ အချိန်ရမယ်ဆိုရင် ချင်းချင်း အကြောင်း ခင်ဗျားနဲ့ဆွေးနွေးချင်တာလေးရှိလိုပါ "
ချင်းချင်း ...
ရှုရှုက ခေါင်းမော့ကြည့်လိုက်သည့်အခါ တစ်ယောက်ယောက်နှင့်စာပို့ရင်းပြုံးနေသည့် ချစ်စရာကောင်းသော ကောင်မလေးအားတွေ့လိုက်ရသည် ။
ရှုရှုရုတ်တရက်သဘောပေါက်သွားရ၏ ။ ထိုသူမှာ ချင်းချင်း၏ ကောင်လေးဖြစ်သောကြောင့် သူမ၏ အလုပ်ကိုသိနေသည်မှာမထူးဆန်းတော့ချေ ။
နှစ်ဦးသားမှာအတန်းပြီးနောက်တွေ့ဆုံရန် ချိန်းဆိုလိုက်ကြ၏ ။ အတန်းပြီးသည့်နောက်၌ ချင်းချင်းမှာ အ၀တ်လဲခန်းသို့ပြေး၍ အော်ရီမိလေတော့သည် ။
ရှုရှု မှာမူ မစ္စတာကြွေပန်းအိုးနှင့် ချင်းချင်းတို့မည်သို့တွေ့ဆုံခဲ့ကြောင်းစဥ်းစား၍မရနိုင်ဖြစ်နေလေ၏ ။
မိနစ်နှစ်ဆယ်ကြာ၍ ကဖေးသို့ရောက်သောအခါ အမျိုးသားမှာ ပြတင်းပေါက်ဘက်သို့မျက်နှာမူ၍ အေးအေးဆေးဆေးခြေချိတ်ထိုင်သည်ကိုတွေ့၍ မေးလိုက်သည် ။
" ချင်းချင်း ဘယ်မှာလဲ "
လုထန်၏ အကြည့်များမှာ သူ့ရှေ့ရှိ အမျိုးသမီးပေါ်၌သာကပ်ညိနေလေ၏ ။ သူမကအလျင်စလိုထွက်လာပုံရပြီး အနည်းငယ်စိုနေသေးသည့်ဆံပင်များမှာ ဂုတ်ပေါ်သို့ဝဲကျနေလေသည့်အပြင် ချိုမြိန်သည့် သင်းရနံ့လေးတစ်မျိုးကိုပါရနေလေ၏ ။
" ကျောင်းမှာ အတန်းတက်စရာရှိသေးလို့ အရင်ပြန်သွားတယ် "
ရှုရှုက စကားပြောရန်ပါးစပ်ဟလိုက်သော်လည်း ထိုသူ၏ အမည်ကိုမသိရသေးသောကြောင့် အနည်းငယ်ရှက်စရာကောင်းသည်ဟုတွေးမိသွားသည် ။
လုထန်က ပြုံးပြီးနောက် နှုတ်ဆက်ရန်လက်ဆန့်လိုက်လေသည် ။
" ကိုယ့်နာမည်က လုထန်ပါ "
ရှုရှု၏ နှလုံးသားလေးမှာ အကြိမ်အနည်းငယ်ခုန်ပေါက်သွားသော်လည်း သူမက တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန်လည်လက်ဆွဲ၍ နှုတ်ဆက်လိုက်၏ ။
" ရှုရှု ပါ"
အမည်များကို အချင်းချင်းမိတ်ဆက်ပေးပြီးနောက် နှစ်ယောက်ကြားရှိလေထုမှာပိုမိုအဆင်ပြေလာသည် ။
ချင်းချင်းမှာနောက်လတွင် မြို့တော်အကဖွဲ့တွင်ပါ၀င်မည်ဖြစ်သောကြောင့် အရည်အချင်းပြည့်မှီစေရန်အတွက် အဆက်မပြတ်လေ့ကျင့်အကဲခတ်နေရန်လိုအပ်လေ၏ ။
ရှုရှုက ခဏမျှစဥ်းစားပြီးနောက်ပြောလိုက်သည် ။
" ကျွန်မပြန်ပြီး အခြားဆရာတွေနဲ့အချိန်စာရင်းကိုကြည့်လိုက်ပါဦးမယ် ... အတန်းချိန်တွေကြောင့် လေ့ကျင့်တာကိုတော့ ညနေဘက်ဒါမှမဟုတ်ညမှလုပ်နိုင်လိမ့်မယ် "
လုထန်က ခေါင်းညိမ့်လာ၏ ။
" အဆင်ပြေပါတယ် ... တစ်ယောက်ယောက်ကအမြဲတမ်းအကြိုအပို့လုပ်ပေးလိမ့်မယ် "
ထိုအချိန်တွင် လုထန်က ချင်းယု၏ နာမည်ကိုအပြည့်အစုံခေါ်နေကြောင်းသတိထားမိသွားသည် ။ ချင်းချင်း၏ အမည်အရင်းမှာ ချင်းယုဖြစ်သော်လည်း သူမက အသိအကျွမ်းများအား ချင်းချင်းဟုသာခေါ်စေသည် ။ အမည်အရင်းထက် ချစ်စနိုးပေးထားသည့် အမည်ကိုသာပိုမိုနှစ်သက်သည်ပင် ။
တုံ့ဆိုင်းခြင်းမရှိပါဘဲ သူမကမေးလာ၏ ။
" မစ္စတာလုက ချင်းချင်းနဲ့ဘယ်လိုမျိုးပက်သက်တာလဲမသိဘူး..."
" ကျွန်တော့်ညီ၀မ်းကွဲရဲ့ကောင်မလေးပါ "
လုထန်က လက်ဖက်ရည်တစ်ကျိုက်သောက်ပြီးနောက် အေးအေးဆေးဆေးပြောလာ၏ ။
" မကြာသေးခင်ကမှ ကိုယ့်ရဲ့ညီ၀မ်းကွဲလေးက ပြဿနာရှာထားလို့ အိမ်မှာပိတ်ခံထားရတယ်လေ ဒါကြောင့် သူ့အစားမေးပေးဖို့ကိုယ့်ကိုအကူအညီတောင်းခဲ့လို့ပါ "
ရှုရှုမှာ ကြောင်အသွားရ၏ ။ နှစ်မိနစ်မျှအနေရခက်စွာထိုင်နေပြီးနောက် ထသွားရန်ပြင်လိုက်သည့်အချိန်တွင် လုထန်က တားလာလေသည် ။
" အမှန်အတိုင်းပြောရရင် ... ချင်းယုရဲ့ကိစ္စကြောင့် လာတယ်ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတစ်ခုကြောင့်လဲပါပါတယ် "
ရှုရှု အူလည်လည်ဖြစ်နေသည့်အချိန်မှာပင် လုထန်က အသံနိမ့်နိမ်ဖြင့်ဆိုလာ၏ ။
" ကိုယ်ကြားတာကတော့ မစ္စရှုက ဒီတစ်လော ဘလိုင်းဒိတ်တွေသွားနေပေမဲ့ တစ်ယောက်ကိုမှစိတ်တိုင်းကျတာမတွေ့သေးဘူးဆို "
စကားဆုံးသည်နှင့်ရှုရှုက သက်ပြင်းချလိုက်လေသည်။
" အထင်မလွဲပါနဲ့ ကိုယ် မင်းရဲ့ကိုယ်ရေးကိုယ်တာကိုနှောင့်ယှက်ဖို့မရည်ရွယ်ပါဘူး ဒီတိုင်း..."
လုထန်က ခါးမတ်မတ်ထိုင်လိုက်ပြီး သူ၏ စူးရှသည့်အကြည့်များမှာမူ ရှုရှု၏ မျက်နှာထက်၌သာကပ်ညိနေလေ၏ ။
" ကိုယ့်ကိုလည်း အိမ်ကလက်ထပ်ဖို့အတင်းတိုက်တွန်းနေတာ ... ဘာလို့ မစ္စရှု ကိုယ့်ကိုထည့်မစဥ်းစားပေးတာလဲ "
…
ကဖေးမှထွက်လာသည့်တိုင် ရှုရှု၏ အတွေးများမှာချာချာလည်နေဆဲပင် ။
ရုတ်တရက်ကြီး ဘလိုင်းဒိတ်ထပ်တွေ့ရဦးမယ် ...
သူမ၏ စာပြန်မှုမှာ ' စဥ်းစားကြည့်ဦးမယ် ' ဟုဖြစ်သော်လည်း အမှန်တကယ်၌မူလက်ခံလိုက်သင့်ကြောင်းကို သူမကိုယ်တိုင်လည်းသိပါ၏ ။ ပြောရမည်ဆိုလျှင် နှစ်ကြိမ်သာတွေ့ဖူးသော်လည်း ထိုအမျိုးသားနှင့်ပက်သက်၍ ရှုရှုမှာ မှတ်ချက်ကောင်းကောင်းရှိလေသည် ။
လုထန်ထံ၌ ညင်သာနွေးထွေးသည့် စရိုက်ရှိပြီး ပညာတတ်တစ်ယောက်လည်းဖြစ်သည် ။ ထိုသူမှာ မိသားစု၀င်များအပေါ်သာမက တိရစ္ဆာန်များအပေါ်၌ပါ ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်သူပင်။
ကဖေးအတွင်းထိုင်နေချိန်၌ သူ့အားအရော၀င်ရန်ကြိုးစားသည့်မိန်းကလေးများစွာရှိပါသော်လည်း လုထန်က အကြည့်တစ်ချက်ပင်လှည့်မကြည့်ပေ ။
အရေးအကြီးအဆုံးအချက်မှာ လုထန်၏ ရုပ်ရည်သည် သူမ၏အကြိုက်နှင့်ကွက်တိကျနေလေ၏ ။
ရှုရှုက ၀က်ရုပ်ခေါင်းအုံးကိုဖက်၍ အိပ်ရာပေါ်တွင်လှဲကာ မျက်နှာကျက်ကိုမော့ကြည့်၍ အတွေးများနေချိန်တွင် သူမ၏ ဖုန်းထဲသို့စာ၀င်လာလေသည် ။ စာမှာလုထန် ထံမှဖြစ်၏ ။
ထူးထူးခြားခြားကြီးမဟုတ်ပါဘဲ စနောက်၍ မေးမြန်းလာသည့်စာသာဖြစ်သည် ။
" မင်းအရမ်းစိတ်လှုပ်ရှားနေပြီလား "
ရှုရှုမှာ တစ်ဖက်အမျိုးသားက ဖုန်းကိုင်၍ စာရိုက်နေရင်းပြုံးနေမည့်ပုံကိုပင်မြင်ယောင်မိလာလေသည် ။ ထိုသူမှာ ပြုံးရယ်ရသည်ကိုကြိုက်နှစ်သက်ပုံရပြီး သူ၏ အပြုံးမှာညင်သာနွေးထွေးလေ၏ ။
ရှုရှုက စာပြန်လိုက်သည် ။
" ရှင် ဒီတစ်ပတ်ပိတ်ရက်အားလား ကျွန်မရှင့်ကိုထမင်းလိုက်ကျွေးချင်လို့ပါ "
တစ်ဖက်မှ စာချက်ချင်းပြန်ပို့လာ၏ ။
" ဒါကို ဘလိုင်းဒိတ်လုပ်ဖို့ဖိတ်တာလို့ ယူဆလိုက်လို့ရလား "
ရှုရှုက ခဏမျှစဥ်းစားနေပြီးနောက်စာပြန်လိုက်သည် ။
" အင်း "
🐳
Xxxxxx