Chapter7
Viewers 542


အခန်း (၇) : ပူဇော်ပစ္စည်း



ကောင်လေး၏ မေးရိုးပေါ်တွင် ဖိထားသည့် လက်စွပ်မှာ ဘယ်ဘက်ကိုရွှေ့သွား၏။ သားရဲတစ်ကောင်၏ ဦးခေါင်းအသွင် ထွင်းထုထားသည့် ထိုလက်စွပ်၏ အတောင်ပံပုံစံ အနားစွန်းများက သူ၏ အသားထဲသို့ အန္တရာယ်များသည့်နှယ် နစ်ဝင်နေလျက်ရှိသည်။ ၎င်းမှာ ဆီးနှင်းပြင်ရှိ လင်းယုန်ငှက်က သူ့သားကောင်၏ သေအံ့ဆဲဆဲရုန်းကန်မှုအား ထိန်းချုပ်သည့်အနေဖြင့် အေးစက်မာကြောကာ အင်အားကြီးသော ခြေသည်းတို့ဖြင့် ဖိနှိပ်ထားသည့်အလား... ထိုသူ၏ထက်ရှရှ သွားတို့က အသွေးအသားထဲတွင်စိုက်ဝင်နေပြီး အမှတ်တံဆိပ်ခတ်သံပူ၏ ရှေးခေတ်ကြေးအမှတ်အသားကဲ့သို့ ဖြစ်ပေါ်လာတော့သည်။ 


...သိုးထိန်းများရိုက်နှိပ်ထားသည့် ကြေးအမှတ်အသားတံဆိပ်များ...

၎င်းတို့သည် မီးပုံပေါ်တွင် နီရဲစွာတောက်လောင်နေကြပြီး၊ တွန့်ကွေးနေသောကောက်ကြောင်းတို့က သိုးများကိုပင်အပူလောင်စေသည်အထိ ပူကြပ်လာကြပြီး သူတို့၏မျိုးရိုးနာမည်များကို ဖြစ်ပေါ်လာစေခဲ့သည်။ 


ယခုမူ ထိုတံဆိပ်ကဲ့သို့သော အရာက ပထမဆုံးကျသည့် နှင်းထက်ပင်ဖြူအုပြီး ဆိတ်နို့ထက်ပင် နူးညံ့အိစက်သည့် ကောင်လေး၏လည်ပင်းပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ဖိအားပေးလျက် ကျရောက်လာ၏။ ချွန်ထက်နေသောသွားတို့က အရိုးထိ အောင်ဖိကပ်နေပြီး ရှေးဟောင်းဓလေ့ထုံးတမ်းအရ ထူးခြားသော အမှတ်အသားများကို ခတ်နှိပ်နေသည်။ တစ်ခုစီက နောက်ဆုံးတစ်ခုထက် ပိုပြီးနက်ရှိုင်းလျက်....။ အသက်နှစ်ဆယ်သာရှိသေးသော သခင်လေးမှာ နာကျင်စွာအော်လာတော့သည်။ 


သူ့ကိုယ်သူ ဝါးမြိုခံနေရပြီဟု ထင်မိလုနီးပါးပင်။ 


ကြီးစွာသောတုန်လှုပ်ခြင်းနှင့် အမျက်ဒေါသလှိုင်းလုံးတို့က သူ၏ရင်ထဲတွင် တစ်ပြိုင်နက်လှိုက်တက်လာလေ၏.... 

လူတစ်ယောက်က ဘယ်လိုတောင် သူ့ကိုယ်ပေါ်လက်တင်ရဲရတာလဲ? လူတစ်ယောက်က ဒီလိုအရာမျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ? 

သူက ချမ်းသာကြွယ်ဝသောမိသားစုမှ သားတစ်ယောက်၊ မသေမျိုးလောကရှိ ဩဇာတိက္ကမအကြီးဆုံးသောမိသားစု၏ ပိုးမွေးသလိုဥထားရသည့် ရတနာတစ်ပါးပင်။ သူ့မျက်စိရှေ့မှောက်တွင် ညစ်ညမ်းသည့်အရာ သို့မဟုတ် ဖောက်လွဲဖောက်ပြန်ဖြစ်နေသော မည်သည့်အရာကိုမျှ ခွင့်ပြုခဲ့ခြင်းမရှိပေ။ 


သူ့အတွက်တော့ ကမ္ဘာကြီးက သူအုပ်ချုပ်၍ရသည့်နယ်ပယ်ပင်။ 


သူ ဘာတွေဖြစ်နေမှန်း လုံးဝမသိတော့ပေ။ 


သခင်လေး၏လှပသော မျက်ဝန်းနက်နက်တို့က စိတ်ရှုပ်ထွေးရိပ်နှင့် ဒေါသရိပ်တို့လွှမ်းမိုးလာ၏။ သူ့ပါးပြင်တို့က ထိန်းချုပ်မရစွာ ကြက်သွေးရောင်တို့ဖြင့် နီမြန်းလာပြီး သူ၏လည်စေ့က ပြင်းပြင်းထန်ထန် မြင့်ချည်နိမ့်ချည်ဖြစ်လာကာ သူ့ရှေ့မှောက်မှာ ဒူးထောက်နေသည့်အမျိုးသားကို အားကုန်သုံး၍ တွန်းထုတ်လိုက်တော့သည်။ 


“ထွက်သွား!”


သူ့လေသံထဲရှိ အမျက်ဒေါသက အကြောက်တရားထက်ပို၍ အလေးသာ၏။ 


ဤအချိန်ထိရောက်လာခဲ့သော်လည်း ချိုးပေါ်သုန့်ဟာ အခြားသူတွေ ပြုသမျှနုရတော့မည့် အကျပ်အတည်းကို အမှန်တကယ်နားလည်ခြင်းမရှိသေးပေ။ 


သူက ပျက်စီးလောက်အောင် အလိုလိုက်ခံခဲ့ရသည်။ 


သူစိတ်တိုနေကြောင်း အသံကျယ်ကျယ်အော်ပြလိုက်သည်နှင့် လူတိုင်းက အကြောက်တရားနှင့် တုန်ယင်နေကြလိမ့်မည်ဟု ယူဆနေကျပင်။ 


ကောင်းကင်ဘုံက သူ့ကိုကူညီမ,စ၏။ သူက ခြိမ်းခြောက်မှုပြုခြင်းနှင့် လုံးဝမအပ်စပ်ပါလေ။ ချိုးမိသားစုအကြီးအကဲများကသာ အမြဲတစေသူ့ဘက်၌ရပ်တည်မနေခဲ့ပါက သူဒုက္ခရောက်တာ ကြာလှချေပြီ....။ သူဒေါသထွက်လာချိန်တွင် သူ့အသံက ကြည်လင်ပြတ်သားပြီး အက်ရှရှဖြစ်လာသော်ငြား အနှီအက်ရှရှအသံက အသံကြည်ကြည်လေးနှင့် ပေါင်းစပ်သွားသောအခါဝယ် အကြိတ်ခံထားရသည့် ရွှေရောင်သကြားခဲ‌လေးကဲ့သို့ပင်။ 


ယင်းက အကြောက်တရားကို သွတ်သွင်းပေးလာမည့်အစား အဆုံးမဲ့စိတ်ကူးစိတ်သန်းများကိုသာ လှုံ့ဆော်လာပေး၏။ 


တုန်းကျိုးရှိ အခြားထင်ရှားကျော်ကြားသော မိသားစုများမှ အရည်အချင်းရှိ‌သည့်ပုဂ္ဂိုလ်များက ဤအလိုလိုက်ခံ သခင်လေး ချိုးပေါ်သုန့်နှင့် ကမ္ဘာမကြေရန်သူတွေဖြစ်ပုံပေါက်နေသော်လည်း....

သို့သော် အမှန်တရားမှာမူ မရေမတွက်နိုင်လောက်သည့်လူများက သူ ဒေါသထွက်လာသည့်အချိန်တွင် ဖြစ်ပေါ်လာသော သူ၏အမူအရာနှင့် ကိုယ်ဟန်လက်ဟန်များကြောင့် ညှို့ယူဖမ်းစားခံလိုက်ရသည်ချည်းပင်။ အကယ်၍ ချိုးမိသားစုအကြီးအကဲများ၏ တင်းကြပ်သည့် စောင့်ကြည့်မှုကြောင့်သာ မဟုတ်လျှင် သူတို့က သူ့ကို မှောင်မဲပြီးသီးသန့်ဆန်သည့်အခန်းထဲ၌ ပိတ်လှောင်ထားပြီးတာ ကြာလှချေပြီ....


...အဲ့ဒီ နည်းနည်းလေးချိုမြိန်တဲ့ အက်ရှရှအသံက ပြီးပြည့်စုံချက်ပဲ...


...အဲ့ဒီသွယ်လျပြီးနူးညံ့တဲ့ လက်ချောင်းလေးတွေကလည်း အရမ်းကို ပြီးပြည့်စုံလိုက်တာ...


တုန်းကျိုးရှိ မျိုးရိုးမြင့်မိသားစုဝင် လူငယ်များ၏အမြင်မှာ လုံးဝအမှားအယွင်းမရှိကြောင်း ပေါ်လွင်နေပေ၏။ 


တဝေါဝေါတိုက်ခတ်နေသည့် အဖြူရောင်လေပြင်းက နှင်းဖုံးလွှမ်းနေသော လွင်ပြင်တစ်လျှောက် ဖြတ်သန်းသွား၏။ ဤတစ်ကြိမ်တွင်တော့ မိသားစုဝင်တွေရော အစောင့်အရှောက်တွေရော မရှိကြပေ။ သခင်လေး၏ အာဏာစက်ပြင်းပုံရသည့် ပြစ်တင်ကြိမ်းမောင်းသံသည် တဲအိမ်လေးအတွင်း မပျံ့လွင့်ခင်မှာပင် အလန့်တကြား ထိတ်လန့်တုန်လှုပ်သံအဖြစ် ပြောင်းသွားရသည်။


ရုတ်တရက်ပင် သူက သစ်သားအိမ်နံရံထက် တွန်းကပ်ခံလိုက်ရသည်။ 


သူ၏နောက်ကျောက ချောမွေ့သော ဝက်သစ်ချသားနံရံထက်တွင် မှီထားရင်း ချိုးပေါ်သုန့်၏ စိတ်အစဉ်တို့မှာ ဗလာကျင်းသွားလေ၏။ 


သူ့နှုတ်ခမ်းက အတန်ငယ်ပွင့်ဟနေပြီး ရီဝေဝေဖြစ်နေပုံပင်။


ကြေးမီးဖို၏ မီးရောင်အောက်တွင် ထိုနှုတ်ခမ်းတို့က ခူးဆွတ်ခံရဖို့ မွေးဖွားလာသည့်အလား နီရဲတွတ်လာလေ၏။ ဤအခိုက်တွင် အောက်နှုတ်ခမ်းဖူးဖူးလေးမှာ သူ့ဘာသာကိုက်ထားသည့် သွားကိုက်ရာခပ်တိမ်တိမ်လေးပေါ်လာပြီး အရည်ပြည့်လျှမ်းနေသော အလွှာလေးနှင့် တဖိတ်ဖိတ်တောက်နေလျက်...၎င်းမှာသူ့သခင်ဆီသို့ မသိစိတ်ဖြင့် ပိုကြီးမားသည့်ကပ်ဘေးတစ်ခု သယ်ဆောင်လာလေသည်။ 


ထူလဲ့နတ်ဆရာက သူ၏ ရုန်းကန်နေခြင်းကို အလွယ်တကူ ဖိချုပ်ထားလိုက်သည်။ 


ကြီးမားသန်မာသောလက်က သွယ်လျလျလက်ကောက်ဝတ်ရိုးကို ဆုပ်ကိုင်ကာ အပေါ်သို့ဆွဲတင်လိုက်ပြီး ဝက်သစ်ချသားနံရံပေါ်၌ ဖိကပ်ထားလိုက်၏။ 


ထူလဲ့နတ်ဆရာအကြီးအကဲက အတန်ငယ် ခေါင်းငုံ့လိုက်သည်။ 


သူ၏ အကြည့်က ချိုးပေါ်သုန့်၏ ရဲတောက်နေသောနှုတ်ခမ်းထက် ကျရောက်လာလေ၏။ 


...စွဲမယ်ဖွယ်ကောင်းသော မှိန်ဖျော့ဖျော့သွားကိုက်ရာတို့က လူကို ပိုပြီးဆက်သွားချင်စိတ်ဖြစ်ပေါ်လာစေ၏။ 


သူက လက်ဆန့်လိုက်ပြီး သူ၏ အသားမာတက်နေသော လက်မက ချိုးပေါ်သုန့် နှုတ်ခမ်းကိုဖိလိုက်ရာ သိမ်မွေ့‌သည့်ကောက်ကြောင်းတစ်ခု ဖြစ်ပေါ်လာစေ၏။ ကြေးမီးဖိုမှ မီးရောင်တလက်လက်က သူ၏သမင်ရိုးမျက်နှာဖုံးပေါ် တွင် ထွန်းလင်းနေပြီး ထိုဆန်းကြယ်နက်နဲသော မျက်နှာဖုံးအား ဖတ်ရခက်သည့်အမူအရာ ပိုင်ဆိုင်ထားသည့် ပုံပေါက်စေသည်။ သူ့မျက်နှာ၏ အောက်ပိုင်းတစ်ဝက်မှာ ပေါ်လွင်နေပြီး သွယ်လျဖြူဖျော့ပြီး အေးစက်သောနှုတ်ခမ်းပါးများကိုမြင်နေရသည်။


ချိုးပေါ်သုန့်သည် အမှတ်တမဲ့ သူ့နှုတ်ခမ်းကိုသူကိုက်လိုက်မိသည်။ 


အလယ်ပိုင်းလွင်ပြင်ဒေသမှ သာမန်လူများက အနီးပတ်ဝန်းကျင်ရှိ လူရိုင်းမျိုးနွယ်စုများ၏နတ်ဆရာတွေကို ဘာကြောင့်ကြောက်ရွံ့နေကြလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားချေပြီ။ 


သူတို့က တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းကြကာ အစွမ်းလည်းထက်ကြ၍ပင်။ 


ဆီးနှင်းပြင်၏ လေပြင်းနှင့်နှင်းတို့က သူတို့ကို ဖြူရော်မာကြောသည့်ကျောက်တုံးများအဖြစ်သို့ ပုံသွင်းလိုက်ကြသည်။ သူတို့သည် ရှေးခေတ်၏ ပဲ့တင်သံများကဲ့သို့ပင် မုန်တိုင်းကို လွှမ်းမိုး၊ ကျွဲနွားသိုးတို့ကိုထိန်းကျောင်း၊ နေရာအနှံ့ခြေဦးတည့်ရာလှည့်လည်၍ ရွှေ့ပြောင်းနေထိုင်ကြပြီး ချဉ်းကပ်ရခက်၊ နားလည်ရခက်ကြလေသည်။ သခင်လေး သဘောပေါက်သည်မှာ နောက်ကျသွားလွန်းခဲ့၏။ ကမ္ဘာကြီးပေါ်က မည်သည့်အရာကိုမျှ သူ သိချင်စိတ်မပြင်းပြခဲ့သင့်ပေ။ 


မသိနားမလည်မှုနှင့် သိချင်စိတ်ပြင်းပြမှုတို့အတွက် ပေးရမည့်တန်ကြေး ရှိပေသည်။ 


ထူလဲ့နတ်ဆရာက ခေါင်းငုံ့လိုက်သည်။ 


“အာ့လန်”


သူက ချိုးပေါ်သုန့်၏နှုတ်ခမ်းထက် သူ့နှုတ်ခမ်းတို့နှင့်ဖိကပ်ရင်း ရုတ်တရက် ပြောလာခဲ့သည်။ 


“...ခင်ဗျား ဘာကိုပြောချင်တာလဲ?” 

ချိုးပေါ်သုန့်သည် သူ့ကိုယ်သူ တုန်ရီနေခြင်းမှ ရပ်တန့်နိုင်ရန် အသည်းအသန်ကြိုးစားနေ၏။ ၎င်းသည် အလွန်ရှက်ဖို့ကောင်းပြီး သနားစရာကောင်းလွန်းသလို ခံစားရသည်။ 

“ခင်ဗျားဘာလိုချင်တာလဲ? ခင်ဗျားလိုချင်တာမှန်သမျှ ငါတို့ချိုးမိသားစုက တတ်နိုင်တယ်...”

 

တစ်ဖက်လူ၏လက်ချောင်းများက ရွေ့သွားခြင်းမရှိပေ။ တည်တည်ငြိမ်ငြိမ်ဖြစ်စေရန် ကြိုးစားနေသည့် ကောင်လေး၏အသံဟာလည်း ထိတ်လန့်သံစွက်လာချေပြီ။ 

“ငါ့...ငါ့တတိယဦးလေးလည်း ဆီးနှင်းပြင်မှာရှိတယ်နော်...”


ထူလဲ့နတ်ဆရာက သူ၏နီရဲနေသော မျက်ဝန်းတို့ကိုကြည့်လာပြီး သူတို့မျိုးနွယ်စုဘာသာစကားနှင့် စကားတစ်ခွန်းပြောလိုက်သည်။ 


အလယ်ပိုင်းလွင်ပြင်ဒေသ၏ ကွန်ဖြူးရှပ်ဝါဒသည် ယောက်ျားနှင့်မိန်းမများအကြား ဆက်ဆံရေးကို ရေနှင့်မီးထက်ပို၍ တင်းကြပ်ထားပြီး မယဉ်ကျေးသူများအပေါ်တွင်လည်း အလွန်စက်ဆုပ်မုန်းတီးကြ၏။ “အရပ်လေးမျက်နှာမှတ်တမ်း”ကို ပြုစုခဲ့သည့် ပညာရှင်တွေပင် ထူလဲ့လူမျိုးစုက တိုက်ပွဲနိုင်လက်ဆောင်ကို မည်သို့စီရင်မှန်းသိထားခဲ့ပါက သူတို့ဘယ်တော့မှ မှတ်တမ်းတင်ဖြစ်ခဲ့မှာမဟုတ်ပေ။ 


ချိုးပေါ်သုန့်ဟာ သူဘာပြောနေလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။ 


“ထူလဲ့” နှင့်ဆင်တူသည့် အသံစုတစ်စုကိုသာ နားလည်လိုက်၏။ 


သူ့နှုတ်ခမ်းပေါ်တွင် ရှိနေသည့်လက်ချောင်းတွေက ဖယ်ခွာသွားလေပြီ။ ထူလဲ့နတ်ဆရာက သူ၏မျက်နှာဖုံးကိုချွတ်လိုက်ပြီး တိုင်းတစ်ပါးအသွင်အပြင်နှင့် အေးစက်စက်နိုင်သည့် ချောမောသောမျက်နှာ၊ ကွေးတက်လျက်ရှိသောမျက်ခုံး၊ စူးရှရှနှင့် ကြောက်စရာကောင်းသည့် အရောင်ဖျော့မျက်လုံးများကို ပေါ်လွင်လာစေ၏။ 


သူက မျက်နှာဖုံးကို ကြမ်းပြင်ပေါ်ခင်းထားသည့်ဝတ်ရုံပေါ်ချထားလိုက်ပြီး ချိုးပေါ်သုန့်ကို မမှိတ်မသုန်စိုက်ကြည့်နေလိုက်သည်။ 


ချိုးပေါ်သုန့်မှာ တစ်ဖက်လူ၏ရောင်ဝါဖြင့် လွှမ်းခြုံခံလိုက်ရသည်။ 


အနောက်မြောက်ဘက်ရှိ နှင်းလွင်ပြင်များမှ အတောမသတ်နိုင်သောလေနှင့် နှင်းကဲ့သို့ပင် ယင်းက အေးစိမ့်သလို အားလည်းကောင်းလှ၏။  


အမွေးရှည်ဆင်ကြီးတို့က ကျယ်ပြန့်သောဆီးနှင်းပြင်တစ်လျှောက် ခရီးကြမ်းနှင်နေကြလျက်...


ကျိုးနွံနာခံတတ်သော တောဆိတ်နှင့်သိုးတို့က ရှေးခေတ်သိုးထိန်းတို့၏ ကျာပွတ်ရာနောက်ကိုလိုက်နေကြပြီး မွေးကာစသိုးပေါက်လေးများက တယိမ်းတယိုင်နှင့် သယ်ဆောင်သွားခံရလေသည်။ 


ဖြတ်သန်းသွားစဉ်တွင် ထင်းရှူးတော၏ အကိုင်းအခတ်များသည်လည်း သစ်သားအိမ်ငယ်လေးကို ပွတ်တိုက်သွားလျက်။


ဆောင်းရာသီ စားကျက်မြေလွှတ်ပြီးသွားသည့် ထူလဲ့စစ်သည်တော်တို့က သူတို့၏သစ်သားအိမ်ငယ်ထဲတွင် ထက်ထက်သန်သန် ဆုတောင်းနေကြသည်....။ ဆီးနှင်းပြင်တွင်နေထိုင်ကြသူများက လေနှင့်နှင်းတို့မှ ခိုလှုံခွင့်ပေးသည့် အဆောက်အအုံအားလုံးကို သူတို့၏ကိုယ်ပိုင်အသက်အလား မရှိမဖြစ်အရေးပါသည့် နေရာများအဖြစ် သတ်မှတ်ကြသည်။ 


သစ်သားအိမ်ငယ်လေးတိုင်းတွင် ယဇ်ပလ္လင်အသေးလေးတစ်ခုစီရှိကြပြီး သွေးလိုရဲရဲနီနေသည့် ကတ္တီပါအခင်းက ၎င်းအပေါ်တွင် လွှမ်းခြုံထား၏။ 


သွေးချင်းချင်းရဲနေသည့်အခင်းပေါ်ဝယ် လောလောလတ်လတ်လှီးဖြတ်ထားသည့် ဝံပုလွေဘုရင်အသားတုံးတွေရှိနေ၏။ 


ထူလဲ့စစ်သည်တော်များက စတင်ဆုတောင်းပထ္ထနာပြုလာကြပြီး သူတို့ကိုကာကွယ်ပေးသည့် နှင်းနတ်ဘုရားထံ ဝံပုလွေဘုရင်၏အသွေးအသားတို့ကို ဆက်ကပ်နေကြသည်။ 


ထူလဲ့နတ်ဆရာအကြီးအကဲမှလွဲ၍ပင်။


—သစ်သားအိမ်လေးထဲ ယဇ်ပလ္လင်ဆောက်ဖို့မလိုသည်မှာ သူတစ်ယောက်ထဲသာရှိ၏။ 


သို့သော် ယခုအချိန်မှာတော့ သူ့တွင် သူ့ကိုယ်ပိုင်ယဇ်ပလ္လင်နှင့် ပူဇော်ပစ္စည်းလေးရှိနေပြီပင်။ 


အလယ်ပိုင်းလွင်ပြင်ဒေသ၏ မီးလျှံနှင့်ဆင်တူသော ဝတ်ရုံတို့က သစ်သားအိမ်၏ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းခံလိုက်ရပြီး အရောင်က ထူလဲ့မျိုးနွယ်စုရှိ မည်သည့်ကတ္တီပါသားထက်မဆို ရင့်ကာ စီးဆင်းနေသောသွေးအလား ရဲရဲနီနေ၏။ အနှီအန္တရာယ်များလောက်အောင် မက်မောဖွယ်ကောင်းသည့် အနီရောင်ဝတ်ရုံပေါ်၌မူ မည်သည့်ပူဇော်ပစ္စည်းထက်မဆို မြင့်မြတ်လှပသည့် ဖြူစင်သန့်ရှင်းသောပူဇော်ပစ္စည်းလေးက လှဲလျောင်းနေလေသည်။ 


………………


ချိုးပေါ်သုန့်သည် နှင်းဝံပုလွေဘုရင်၏သွေးကို စိတ်ပူမနေတော့ပေ။


တစ်ခုပင်......


သင်္ဘောပျံပျက်ကျသွားစဉ်က သူဒဏ်ရာရခဲ့သည့်နေရာကို မတော်တဆအထိခံလိုက်ရသဖြင့် မျက်ရည်တို့က ထိန်းချုပ်မရစွာ ဝေ့တက်လာတော့၏။


“နာတယ်...” 

သူက ငိုသံလေးနှင့် ညင်သာစွာပြောလိုက်၏။


“အရမ်းနာတယ်”



_________

[စာရေးသူ၏မှတ်ချက်:ဝေဖန်ချက်ရေးတဲ့ကိုကိုတို့မမတို့၊ သခင်လေးရဲ့သင်္ဘောပျံပျက်ကျသွားတော့ အနီရောင်ဖီးနစ်ငှက်က သူ့ကိုဖမ်းခေါ်သွားပေးတယ်။ ဖီးနစ်ငှက်ရဲ့ခြေသည်းတွေနဲ့ အကုတ်ခံထားရတဲ့နေရာက အတွင်

းကြေဒဏ်ဖြစ်သွားတော့ ထိလိုက်တိုင်း နာနေတာပါ။ တကယ်ကိုဘာမှမဟုတ်ပါဘူး၊ တောင်းဆိုပါတယ်။]


သူတို့က ဆင်ပေါ်က သစ်သားအိမ်လေးထဲမှာပဲ ရှိပါသေးတယ်နော်🤍