Chapter9
Viewers 541


အခန်း (၉) : ထွက်ပြေးရန်ကြိုးစားခြင်း


ချိုးပေါ်သုန့်သည် သူ့အနားရှိ ထူလဲ့နတ်ဆရာကို သတိကြီးစွာ စိုက်ကြည့်နေသည်....။ မီးရောင်မှိန်မှိန်နှင့် ကြေးမီးဖိုက ခပ်လှမ်းလှမ်းတွင်ရှိနေ၏။ လိမ္မော်နီရောင်အလင်းရောင်က အလယ်ပိုင်းလွင်ပြင်ဒေသ၏ မျက်နှာအသွင်အပြင်ထက် ပို၍ထင်သာမြင်သာရှိသည့် ထိုသူ၏ နက်မှောင်အေးစက်သောမျက်လုံးအိမ်များ၊ ဖြူဖျော့ဖျော့အသားအရေတို့နှင့် မျက်နှာကောက်ကြောင်းထင်းထင်းကို ထင်ပေါ်လာစေသည်....။ 


ပင်ပန်းနွမ်းနယ်မှုက ဖြည်းဖြည်းချင်း ချိုးပေါ်သုန့်၏မျက်ခွံများအပေါ် လွှမ်းခြုံသွားတော့၏။ 


တဖြည်းဖြည်းနှင့် အသက်ရှူသံမှန်မှန်က ရှစ်ဝူလော့၏ ပခုံးပေါ်ရောက်ရှိလာသည်။ 


အလွန်တရာပေါ့ပါးလှ၏။ 


ကွေးကွေးလေးအိပ်နေသည့် ကြောင်တစ်ကောင်ထက်ပင် ပို၍မလေးလောက်ပေ။ 


ထူလဲ့နတ်ဆရာသည် မျက်လုံးပွင့်လာ၏။ 


သူ စက်ဝိုင်းထဲထည့်ထားခဲ့သည့် တိုက်ပွဲနိုင်လက်ဆောင်လေးကို လှည့်ကြည့်နေလေသည်။ 


အလယ်ပိုင်းလွင်ပြင်ဒေသမှ သခင်လေးက အိပ်ပျော်သွားလေပြီ။ သူ၏ထူထဲကော့ညွတ်နေသည့် မျက်တောင်များက အပေါ်အောက် တစ်ခုပေါ်တစ်ခုထပ်နေလျက် ကွေးညွတ်နေသည့် အတန်းနှစ်တန်းနှယ် ပုံဆောင်နေ၏။ သူတို့က မျက်ရည်စများနှင့်စိုစွတ်နေသည့်တိုင် ပိုင်ရှင်ဖြစ်သူမှာတော့ သူတို့ကိုစိုစွတ်စေခဲ့သည့် ပုဂ္ဂိုလ်၏ရင်ခွင်ထဲ၌ အိပ်စက်ရုံသာတတ်နိုင်ရှာ၏။ 


ရှစ်ဝူလော့က သူ၏ လက်ချောင်းတို့ဖြင့် မျက်တောင်ရှည်တန်းနှစ်တန်းကို ဆော့ကစားနေလိုက်၏။ 


အမွေးရှည်ဆင်တို့သည် ရေခဲမြစ်ဘေးရှိ ကျောက်စိုင်ကျောက်ခဲတို့ဖြင့် ပြည့်နှက်နေသော ကမ်းခြေပေါ် ဖြတ်လျှောက်နေကြသည်။ 


လွန်ကဲလှသော အအေးဓာတ်ကြောင့် ရေက ရေခဲအဖြစ်သို့ပြောင်းသွားပြီး ကျောက်တုံးများကြားရှိအက်ရာထဲသို့ စိမ့်ဝင်သွား၏။ လေးလံသောဆင်တစ်ကောင်၏ခြေထောက်က ၎င်းပေါ်နင်းချလိုက်သောအခါ ချက်ချင်း အစိတ်စိတ်အပိုင်းပိုင်းကွဲသွားပြီး ဆင်၏နောက်ကျောပေါ်ရှိ သစ်သားအိမ်ငယ်လေးကလည်း မြင့်ချည်နိမ့်ချည်ဖြစ်သွားလေသည်။ 


ထူလဲ့လူမျိုးတို့ကတော့ ဤသို့သော ခလုတ်ကန်သင်းများသောခရီးကို အသားကျနေပြီးဖြစ်ကာ တာဝန်ကျသူမှတစ်ပါး အားလုံးက ပြန်အိပ်ပျော်သည်မှာ မြန်ကြ၏။


သို့သော် ချိုးမိသားစု၏သခင်လေးမှာတော့ ယခုလိုဒုက္ခမျိုး မခံစားခဲ့ဖူးပေ။ 


အတိတ်တွင် သူစီးနင်းခဲ့သည့် မြင်းလှည်းများနှင့်လေသင်္ဘောတို့အားလုံးမှာ လက်မှုပညာဆိုင်၊ ရာပေါင်းထောင်ပေါင်းများစွာက အတူတကွဖန်တီး‌တည်ဆောက်ထားခြင်းပင်။ သူတို့သည် သူ့အား သစ်သားများ အစွန်းထွက်ခြင်းကြောင့် အနာတရမဖြစ်သွားစေရန် မြေပြင်ညီပေါ်လမ်းလျှောက်နေရသကဲ့သို့ ချောမွေ့အောင်လုပ်ထားရုံသာမက မြင်းလှည်းနှင့် လေသင်္ဘောအခန်းထဲရှိ နူးညံ့သော ညောင်းစောင်းများထက်တွင်လည်း နူးညံ့အိစက်သော ခု,ထိုင်စရာများကိုပါ အလွှာအထပ်ထပ်ခင်းကျင်းထားပေး၏။ 


ယခုချိန်တွင် သစ်သားအိမ်ငယ်လေးက ခုန်ဆောင့်နေရုံသာမက သူတို့က အပြင်ဝတ်ရုံသာ ခင်းထားသည့် သစ်သားကြမ်းခင်းပေါ်တွင်လည်း အိပ်နေရသေးတာပင်။ 


သူ ကောင်းကောင်းအိပ်မရပေ။ 


သူက မကျေမနပ်ဖြစ်ဟန်နှင့် မျက်မှောင်အသာကြုတ်လာ၏။ 


အကယ်၍ သူသာ ခြေကုန်လက်ပန်း ကျမနေခဲ့လျှင် နိုးသွားသည်မှာ ကြာလှပြီ။


ရှစ်ဝူလော့က သူ့ကိုချီပြီးနောက် သူ့ကိုယ်ပေါ်တွင် တင်ထားလိုက်သည်...။ အိပ်ပျော်နေသော ချိုးပေါ်သုန့်သည် သူ့အောက်မှာ ခပ်အိအိအရာ တစ်ခုရှိနေသကဲ့သို့ ဝိုးတဝါးခံစားလိုက်ရပြီး ယခင်ကထက်ပင် ပို၍သက်သောင့်သက်သာ ရှိသွားတော့၏။ သူက ဟိုရွှေ့သည်ရွှေ့နှင့် နောက်ဆုံးတွင် အဆင်ပြေသည့်အနေအထားကို ရှာတွေ့သွားတော့မှပင် အိပ်မောကျသွားလေတော့၏။ 


သူ့ကိုယ်ပေါ်မှ ကောင်ကလေးက နောက်ဆုံးတော့ ငြိမ်သွားလေပြီ။ 


ရှစ်ဝူလော့ဟာ သူ၏နယ်မြေကို စူးစမ်းနေသော ပိုင်ဆိုင်လိုစိတ်ပြင်းပြသည့် သားရဲတစ်ကောင်ကဲ့သို့ သူ၏ လက်ချောင်းများကို ချိုးပေါ်သုန့်၏ကျောပြင်ပေါ်တင်ရင်း၊ လက်ထိပ်များက ပိန်ပိန်ပါးပါးကျောရိုးဆီသို့ ဖိထားရင်း ကျောရိုးဆစ် တစ်ဆစ်ချင်းစီ တစ်လျှောက်ဆင်းလာလေ၏။ 


နောက်ဆုံးကျောရိုးအဆစ်ရောက်သော် လက်ထိပ်များနှင့် ထပ်ခါတလဲလဲ ပွတ်သပ်လျက်။ 


ဒီနေရာမှာ.......


သူ့အမှတ်အသားရှိနေ၏။ 


……………………


အမွေးရှည်ဆင်အုပ်က ဆီးနှင်းပြင်တစ်လျှောက် ခရီးကြမ်းနှင်နေစဉ် ရှီးကျိုးရှိ ခမ်းနားတင့်တယ်သော ခြံဝန်းတစ်ခုဆီသို့ စာတစ်စောင်က လျှို့ဝှက်စွာရောက်လာလေသည်။ 


အတိအကျဆိုရသော် ခြံဝန်းထဲရှိ ပိန်းပိတ်အောင်မှောင်မဲနေသော အခန်းတစ်ခုပင်ဖြစ်၏။ 


ဤမှောင်မှောင်မဲမဲအခန်းမှာ ကိုယ်ကျင့်တရားစောင့်ထိန်းသူများကို ဖြူရော်သွားစေနိုင်ပေသည်။ 


ထိုမှောင်မိုက်နေသည့်အခန်း၏ နံရံအထက်တွင် လူတစ်ယောက်ကို ရှက်သွေးဖြာသွားစေနိုင်သည့်၊ လက်ရာမြောက်စွာ အသေးစိတ်ကျပြီး ပုံစံအမျိုးမျိုးကွဲပြားသော လိင်စိတ်ကြွဖွယ်ပန်းချီကားများဖြင့် ပြည့်နှက်နေ၏။ ပန်းချီဆရာသည် ပန်းချီကားထဲရှိပုဂ္ဂိုလ်များ၏မျက်နှာကို မဖော်ပြမိစေရန် ဂရုတစိုက်ဆွဲခဲ့သော်လည်း သူတို့၏ပုံပန်းသွင်ပြင်အရ တစ်ယောက်တည်းဆိုသည်မှာ ထင်ရှားနေပြီပင်။ ဤပန်းချီကားများနှင့် “ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ” ရှိသော အခြားပစ္စည်းများစွာအပြင် သံတိုင်များမှချိတ်ဆွဲထားသော လည်ပတ်တစ်ခု၊ ကြိုးတစ်ခုပါသည့် ရွှေရောင်သံလှောင်အိမ်တစ်ခုလည်းရှိသေးကာ အလွန်တရာရင်းနှီး‌သောအငွေ့အသက်ကို ဖော်ထုတ်နေသည်။


ဤမှောင်မှောင်မဲမဲအခန်းနှင့် မအပ်စပ်သည့် တစ်ဦးတည်းသောသူကား စားပွဲပေါ်၌ပန်းချီဆွဲနေသူပင်။ 


—ဤနေရာ၌ ကျိန်းသေပေါက်မရှိသင့်သောသူ။ 


တုန်းကျိုးတွင် အလိုလိုက်ခံသခင်လေးများကြား၌ ခေါင်းဆောင်ရှိသကဲ့သို့ အရည်အချင်းရှိ ပါရမီရှင်များအနက်လည်း ခေါင်းဆောင်ရှိပေသည်။ 


တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့နှစ်ဦးမှာ ဝမ်းကွဲတော်စပ်ကြ၏။ 


ဩဇာတိက္ကမကြီးသောမိသားစုများအကြား ဆွေမျိုးနီးစပ်ချင်းလက်ထပ်ပွဲက ပုံမှန်ပင်ဖြစ်၏။ ချိုးမိသားစုသခင်လေး၏ မွေးမိခင်ဖြစ်သူမှာ ရွမ်နယ်မြေ၏ရွှယ်မိသားစုမှပင်။ သို့သော်ငြား ချိုးပေါ်သုန့်၏လက်ဖွာမှုနှင့်မတူစွာပင် ရွှယ်မိသားစု၌ အလွန်တင်းကြပ်သော မိသားစုစည်းမျဉ်းရှိပေ၏။ ချိုးပေါ်သုန့်၏ဝမ်းကွဲ ရွှယ်ရှန်းချန်မှာ အသက်ငယ်ငယ်လေးနှင့် နာမည်ကျော်ကြားသော “တုန်းကျိုး၏လူကြီးလူကောင်းရှစ်ဦး” ၏ခေါင်းဆောင်ဖြစ်နေချေပြီ။ သူက ကျင့်ဝတ်အရာနှင့် တစ်ပါးသူများနှင့်ဆက်ဆံရာ၌ အပြောင်မြောက်ဆုံးဖြစ်ပြီး လူများက သူ့ကို “ဝါးပင်ကဲ့သို့ကြော့ရှင်းပြီး လစန္ဒာကဲ့သို့ တောက်ပသည်” ဟု ချီးကျူးလေ့ရှိ၏။ 


ချိုးမိသားစုမှ အသုံးအဖြုန်းကြီးပြီး လက်ဖွာသောသခင်လေးနှင့်ယှဉ်လျှင် သူတို့က ကမ္ဘာခြားနေပြီး လုံးဝဆန့်ကျင်ဘက်ပင်။ 


သို့ပေမယ့် ယခုချိန်တွင် ဂုဏ်သတင်းမွှေးလှသည့် အနှီအမျိုးကောင်းသားက ‌ပိန်းပိတ်အောင်မှောင်မဲနေသည့်အခန်းထဲရှိနေ၏။ သူက နှင်းကဲ့သို့ဖြူဖွေးနေသောအင်္ကျီလက်ကိုစုတင်ထားကာ လူကြီးလူကောင်းစကားဝိုင်းတစ်ခုသို့ တက်ရောက်နေသူတစ်ယောက်၏ ရည်မွန်ကြော့ရှင်းမှုနှင့်အတူ နွေဦးမြင်ကွင်းတစ်ခုကို ရေးဆွဲနေလေသည်။ တုန်းကျိုးမိသားစု၏ သခင်လေးသာဆိုလျှင် သူ့အသွင်အပြင်ကိုကြည့်ရုံမျှဖြင့် ပန်းချီကားထဲရှိပုဂ္ဂိုလ်က မည်သူလဲဆိုသည်ကို ပြောနိုင်လောက်ပေ၏။ 


[T/N: You know that နွေဦးမြင်ကွင်း....]


ညင်သာသောစုတ်ချက်တို့နှင့်အတူ စုတ်တံကခပ်ဖွဖွတို့ထိလိုက်ပြီး အောင်မြင်ခြင်းအရသာကို ပေးစွမ်းနေလေသည်။ 


ရွှယ်ရှန်းချန်မှာ တကယ့်ကို အင်မတန်နှစ်ထောင်းအားရရှိနေ၏။ 


...ချိုးမိသားစုက အနီးကပ်စောင့်ကြည့်နေတော့ရော ဘယ်နေရာများကောင်းသွားလို့လဲ? 

“စေ့စပ်တိကျသောအစီအစဉ်များ၌ပင် ချို့ယွင်းချက်ရှိတတ်သည်” ဟူသည့် ဆိုရိုးအရ သူတို့၏ မိသားစုဝင်တစ်ဦးက သခင်လေးအပေါ် ဆိုးယုတ်သည့်အတွေးတွေရှိနေမည်ဟု ဘယ်သောအခါမှမထင်ထားခဲ့လောက်ပေ။ 


ကံအကြောင်းမလှစွာပင် အနှီလူအိုကြီးချိုးထန်ယွမ်က နောက်ဆုံးမှာ တစ်ခုခုကိုသဘောပေါက်သွားသလား....

အအေးလှိုင်းကို ရင်ဆိုင်နေရတဲ့အချိန်မှာတောင် လေသင်္ဘောကို ဆီးနှင်းပြင်ထဲ အတင်းဆက်မောင်းပြီး ခုခံခဲ့တယ်...

တစ်ခုခုဖြစ်သွားလို့သာ မဟုတ်လျှင် ထိုပုဂ္ဂိုလ်က အိမ်ကိုသုံးရက်အတွင်း ရောက်နေလောက်ပြီ။ 


ကိစ္စမရှိဘူး....

ချိုးထန်ယွမ်က ဇရာထောင်းနေလောက်ပြီထင်၏။ မည်သည့် မျိုးရိုးမြင့်မိသားစုကမှ ဆီးနှင်းပြင်ထဲထိ လက်တံဆန့် မလာနိုင်ဘူးဟု အမှန်ပင်ယုံကြည်နေသည်လေ။ 


ချိုးပေါ်သုန့် ဆီးနှင်းပြင်ထဲ ရောက်နေရင်တောင် လူမသေ သရွေ့ သူနည်းလမ်းရှာပြီး လိုက်ရှာလို့ရတယ်... 


သေသွားလျှင်တော့.....


ရွှယ်ရှန်းချန်၏ အမူအရာက ရုတ်တရက်မှောင်မိုက်သွား၏။ 

သေသွားတော့လည်း ကောင်းတာပေါ့....

သူ မရနိုင်ရင် တခြားဘယ်သူမှမရနိုင်စေရဘူး။


သူက စုတ်တံကို ဝါးဘူးလေးထဲပစ်ထည့်ပြီး နောက်ခြေတစ်လှမ်းဆုတ်ကာ ပန်းချီကားကို ရှုစားနေလိုက်သည်...။ ရွှယ်ရှန်းချန်တစ်ယောက် သူ၏ဝမ်းကွဲအပေါ် မျက်စိကျနေခဲ့သည်မှာ ကြာလှချေပြီ....သူ့ဝမ်းကွဲလေး၊ သူ့အဖိုးတန်ဝမ်းကွဲလေး...သိသိသာသာကိုပင် မာနထောင်လွှားပြီး ကြီးစိုးခြယ်လှယ်ရန် အခွင့်အရှိဆုံးသူဖြစ်သည့်တိုင် သူက အခြားသူတွေဆီမှ ပစ္စည်းတစ်ခုပင်မယူဖူးပေ။ 


အလိုလိုက်ခံထားရသော်ငြား သိမ်မွေ့ညင်သာ၏။ ဟိတ်ဟန်များပေသိ တောက်ပ၏။ 


ယင်းက အကြင်နာတရားနှင့် ကိုယ်ကျင့်သိက္ခာအကြောင်း လျှာရိုးမရှိပြောနေသော်လည်း၊ သူတို့၏စုတ်တံကို ဓားကဲ့သို့ အသုံးပြုပြီး လူများကို မမြင်ကွယ်ရာမှာ ဝါးမြိုနေသည့် အနှီကြောင်သူတော်တွေထက်တော့ ပိုကောင်းသည်မဟုတ်ပါလော?


ရယ်စရာကောင်းသည်မှာ လူတွေက သူရဲဘောကြောင်တွေကို “မြင့်မြတ်သည်” ဟု သမုတ်ကြပြီး အပြစ်ကင်းစင်သူများကိုတော့ “ကျိုးကြောင်းဆီလျော်မှုမရှိ” ဟု ခေါ်ဆိုတတ်ကြခြင်းပင်။


အကြောင်းမှာ တစ်စုံတစ်ခုက ပိုလှလေလေ လူအများ၏ရင်ထဲရှိ အမှောင်ထုကိုနှိုးဆွပေးလေလေ ဖြစ်သောကြောင့် ဖြစ်မည်ဟု ရွှယ်ရှန်းချန်ခံစားလိုက်ရသည်။ ကြည့်ပါလား... သူ့ရဲ့သနားစရာဝမ်းကွဲလေးအနား ချောင်းမြောင်းကြံစည်ပြီး သွားစွယ်လျက်နေသည့် သူ့လို ဝံပုလွေကောင်ရှိနေသည် မဟုတ်ပါလား?


ရွှယ်ရှန်းချန်၏ ကျေနပ်အားရစိတ်က ကြာရှည်မခံလိုက်ပေ။ 


မှောင်မဲနေသည့်အခန်းထဲသို့ လျှို့ဝှက်စာတစ်စောင်ရောက်လာသည့်အခိုက် စုတ်တံ၊ မင်၊ စာရွက်၊ မင်တုံး စသည့်စာရေးကိရိယာအားလုံးက ကြမ်းပြင်ပေါ်သို့တိုက်ချခံလိုက်ရသည်။ သူ၏အမျက်ဒေါသက တစ်ခန်းလုံးအနှံ့ပျံ့သွားကာ နံရံပေါ်ချိတ်ဆွဲထားသည့် ပန်းချီကားများဆီမှ ကျယ်လောင်သောအသံများ အဆက်မပြတ် ထွက်လာ၏။ 


စာလာပို့ပေးသည့် လူယုံတော်က တစ်ဖက်တစ်ချက်စီမှာရှိသည့် အသေးစိတ်ကျလှသော ပန်းချီကားများကို အကြည့်ပင်မပေးဝံ့ဘဲ ကြမ်းပြင်ပင်ထိလုမတတ် ခေါင်းကိုငုံ့ထားလေ၏။ နောက်ဆုံးအကြိမ်က မတော်တဆကြည့်ခဲ့မိသောသူဆိုလျှင် မျက်လုံးဖောက်ထုတ်ခံလိုက်ရပြီး လူသားကူကောင်အဖြစ် အပြောင်းခံလိုက်ရရှာသည်။ 


“ထူလဲ့....” 

ရွှယ်ရှန်းချန်က ဒေါသထွက်စွာ ရယ်လေ၏။ 

“လူရိုင်းအုပ်စုကများ ဘယ်လိုတောင် ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်ရဲတာလဲ?!”


သူ့မျက်နှာမှာ တွန့်ချိုးသွားသည်အထိ အပျက်ပျက်အယွင်းယွင်းဖြစ်နေလေသည်။ 


ရှန့်ကျွင်းတစ်ဦး၏ကြော့ရှင်းတင့်တယ်မှုကား အဘယ်မှာနည်း?


သို့ပေသိ သူက မြန်ဆန်စွာပင်စိတ်ငြိမ်သွားပြီး သူ့အင်္ကျီလက်ပေါ်ရှိ အနီရောင်ကျောက်ကို ဆတ်ခနဲပုတ်ခါရင်း အတွေးထဲနစ်ဝင်သွား၏။ 


“တုန်းကျိုးကလာတဲ့ လေသင်္ဘော ဒီကိုရောက်ခါနီးပြီပဲ....”


သူက ဝတ်ရုံကိုမ,ပြီး တံခါးဘောင်ကိုကျော်ကာ သူ၏ပုံမှန်ကျက်သရေရှိသော အမူအကျင့်အတိုင်း ပြန်ဖြစ်သွားသည်။ 


နှုတ်ခမ်းထက်အပြုံးပန်းဆင်ရင်း ယဉ်ကျေးသိမ်မွေ့နေလျက်ရှိ၏။ 


“ဟုတ်တယ် အဒေါ့်ကို သွားကြိုရမဲ့အချိန်ရောက်ပြီ”

……………………


အမွေးရှည်ဆင်အုပ်က ဒုတိယမြောက်နေ့လယ်ခင်းတွင် ရေခဲမြစ်ဝှမ်းလွင်ပြင်ဒေသသို့ ရောက်ရှိလာကြ၏။ 


ရေခဲမြစ်ဝှမ်းလွင်ပြင်ဒေသတွင် သိသာထင်ရှားသောကျောက်အိမ်များရှိပြီး ထူလဲ့မျိုးနွယ်စု၏ အခြေချရာအဖြစ် ဆောင်ရွက်ပေးနေလေသည်။ အထဲတွင် ရေခဲထားသောအသားများကို ခပ်မြင့်မြင့်တွင် ချိတ်ဆွဲထားပြီး အရက်များသိုလှောင်ထားသည်။ ထူလဲ့သားတွေက ရောက်သည်နှင့် မီးမွှေး၊ ရေနွေးတည်၊ သမင်ကိုသတ်ပြီး အသားဟင်းချက်ကြတော့သည်။ သူတို့က အသားညှီနံ့ပျောက်စေရန် အထူးရေညှိတစ်မျိုးကိုပါ ထည့်ချက်လိုက်သေးသည်။ 


ချိုး‌ပေါ်သုန့်သည် ထိုအလုပ်များ အတော်လေးပြီးစီးသွားသည့်တိုင်အောင် အိပ်ပျော်နေပြီး တရစပ်တံခါးခေါက်သံကြောင့် နိုးလာခဲ့၏။ 


သူနိုးလာသည့်အချိန်တွင် အိပ်မှုန်စုံမွှားဖြစ်နေဆဲပင်။ 


ဘယ်နေရာရောက်နေလဲဆိုတာ သူမသိတော့။ 


သူကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ 


အစပိုင်းတွင် အိပ်ရာက မာတောင့်နေပြီး လှုပ်ခါနေသဖြင့် သူ အလွန်အမင်း မသက်မသာခံစားခဲ့ရသည်။ ထို့နောက်တွင် အိပ်ရာမှာ သက်သောင့်သက်သာဖြစ်သွားပြီး၊ နှင်းဖုံးလွှမ်းနေသောလွင်ပြင်ဒေသကို ဖြတ်တိုက်နေသည့် လေပြင်းက သူ့ကျောရိုးထဲ အဆက်မပြတ်ထိုးဖောက်သွားသည်ဟု အိပ်မက်ထပ်မက်လေ၏။ ထူးဆန်းသည်မှာ ထိုလေက သိပ်မအေးပေ.....ကျောက်ဆောင်ကြားထဲသို့ ရေခဲများ စိမ့်ဝင်ကာ အေးခဲပြီး ပြန့်ကားလာသကဲ့သို့ပင်...။


အရိုးများကြားရှိ အဟလေးမှာလည်း ထိုအရှိန်အဝါတို့ဖြင့် ပြည့်နှက်သွားရသည်။ 


သူနိုးလာသည့်အခိုက် နာကျင်သည်လည်းမဟုတ် မနာကျင်သည်လည်း မဟုတ်သည့် တရွရွခံစားချက်က အတော်ကြာရှိနေခဲ့၏။


ချိုးပေါ်သုန့်က မျက်တောင် ပေကလပ်ပေကလပ်လုပ်လိုက်ပြီးနောက် အမြင်ရှင်းသွား၏။ တိုက်ချွတ်ထားသော ဝက်သစ်ချသား၊ သစ်သားကွင်းများ၊ မီးလင်းဖိုရှိ တဖျတ်ဖျတ်တောက်နေသောမီးတောက်....။


ယမန်နေ့ညမှ မှတ်ဉာဏ်များက ဒီရေအလား စီးဝင်လာ၏။  


သူ့မျက်နှာက နီတစ်လှည့် ဖြူတစ်လှည့်ဖြစ်သွားပြီး လက်ချောင်းသွယ်သွယ်တို့က ထူထပ်နေသောအနက်ရောင်ဝတ်ရုံကို ထိုးဆွနေသော်လည်း သူကိုင်ထားသည့်ဝတ်စုံက မည်သူ့ဝတ်စုံလဲဆိုတာ သတိရသွားချိန်ဝယ် ချက်ချင်းလွှတ်ချလိုက်တော့သည်။ 


သူ ရုတ်တရက် ထထိုင်လိုက်ပြီး ကျောပြင်က တောင့်တင်းသွားလေရဲ့.... 

သစ်သားအိမ်ထဲတွင် သူကလွဲ၍ မည်သူမျှမရှိ။ 


အနှီဟိတ်ဟန်များသည့်ပုဂ္ဂိုလ်က ဒီမှာမရှိပေ။ 


ကြေးမီးဖိုက လောင်ကျွမ်းနေဆဲ။ 


အထဲမှာရှိသည့် ထိပ်တန်းထင်းရှူးသားက နူးညံ့ပြီးမြည်သံတစ်မျိုးတစ်မည် ထုတ်လွှတ်နေ၏။ 


ချိုးပေါ်သုန့်တစ်ယောက် တဖြည်းဖြည်း စိတ်အေးလာ၏။ ထိုအခါမှသာ သူ့အောက်တွင်ခင်းထားသည့်ဝတ်ရုံက သူ့ပိုးထည်ဝတ်ရုံမဟုတ်ဘဲ ထူထဲသော ငွေဝံပုလွေသားရေ အလွှာပေါင်းများစွာဖြစ်နေမှန်း သတိထားမိသွားသည်။ ဘယ်အချိန်ကတည်းက သွေးတွေကိုသန့်ရှင်းပေးသွားပြီး အဝတ်လဲသွားပေးလဲဆိုတာကို သူမသိ။ ဘယ်သူအဝတ်လဲပေးသွားလဲဆိုတာကိုတော့....။


ချိုးပေါ်သုန့် မတွေးချင်တော့ပေ။ 


သူက သစ်သားအိမ်ငယ်လေးထဲ၌ စိတ်ထဲဗလာကျင်းစွာထိုင်နေပြီး သွားကိုက်ရာတစ်ထပ်ပြီးတစ်ထပ်မထင်လာခင်အထိ သူ့နှုတ်ခမ်းဖူးဖူးကို ကိုက်နေခဲ့၏။ သူအိမ်ပြန်ချင်သည်။ သူ မဖြစ်ချင်....အတိုချုပ်ပြောရလျှင် သူ ဆီးနှင်းပြင်၌ ဆက်မနေချင်တော့ပေ။ 


သို့ပေမဲ့ သူဘာလုပ်ရမည်ကို မသိနေပေ။ 


....ချိုးမိသားစုက သူ့ကို ကာကွယ်လွန်း၏။ 


လေသင်္ဘော ချို့ယွင်းသွားသည့် အခိုက်မှစ၍ သူကြုံခဲ့ရသည့်အရာအားလုံးက ယခင်က တစ်ခါမှမကြုံဖူးခဲ့သည့်အရာများပင်။ တကယ်တမ်း ဤသို့သောကိစ္စမျိုး သူ့ဆီဖြစ်လာလိမ့်မည်ဟု စိတ်ကူးထဲပင်ထည့်မယဉ်ဖူးပေ။ 


ဒေါက် ဒေါက် ဒေါက်


တံခါးခေါက်သံက ဆက်မြည်နေဆဲ။ 


သူက အပြင်ဘက်စခန်းမှလာသည့် ဆူညံပွက်လောရိုက်နေသံများကို မသဲမကွဲကြားနေရသည်။ ချိုးပေါ်သုန့်က ငေးကြောင်နေရာမှ အသိပြန်ကပ်လာပြီး သူ့အဝတ်များကို အပူတပြင်းလိုက်ရှာလေတော့ရာ ထောင့်တစ်နေရာတွင်တွေ့သွားသည်။ 


....၎င်းက မမှတ်မိနိုင်လောက်အောင် တွန့်ကြေနေချေပြီ။ 


ရှားအာလူသည် သူ့နှာမောင်းရှည်နှင့် ခဏတာတံခါးဆက်ခေါက်နေသေး၏။


အထဲ၌ မည်သည့်လှုပ်ရှားသံမှ မကြားရပေ။ သူ၏မျက်ဝန်းနက်နက်တို့က စွပ်ပြုတ်ခပ်ဖို့ပြင်နေသည့် အခြားသူများကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ထို့နောက် တံခါးထပ်ခေါက်ပြန်၏။ သို့သော် အခြားသူများမှာ အသားကိုခပ်ထုတ်နေပြီးဖြစ်ကာ အခန်းထဲရှိ သူက ပြန်မဖြေလာသေးပေ။ ရှားအာလူက ခေါင်းခါလိုက်ရင်း တစ်ဖက်လှည့်ကာ သူ့သခင်ဆီ အပြေးနှင်တော့၏။ 


ထူလဲ့လူမျိုးတို့က သူ့ကို လှမ်းအော်ပြော၏။ 

“ဟေး ရှားအာလူ! မင်း နတ်ဆရာအကြီးအကဲကို သွားရှာစရာမလိုဘူး!”


“ရှားအာလူ! ဒီမှာပဲနေ!”


"..."


ရယ်မောသံနှင့်ဆူညံသံများအလယ် မျက်စိလျင်သည့်စစ်သည်တော်တစ်ဦးက နတ်ဆရာအကြီးအကဲလျှောက်လာသည်ကို သတိထားမိသွားသဖြင့် သူ့ညီအစ်ကိုများကို တို့ပြီး အသံတိုးရန်ဆော်ဩလိုက်၏။ ကံကောင်းထောက်မစွာပင် နတ်ဆရာအကြီးအကဲက တဲထဲမဝင်ခင်တွင် သူတို့ဘက်သို့ တစ်ချက်သာ ငဲ့ကြည့်သွားလေသည်။ သူတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး သူတို့မျက်နှာအမူအရာကမူ “နတ်ဆရာအကြီးအကဲတစ်ယောက် နှစ်တွေအကြာကြီး တစ်ကိုယ်တည်းဖြစ်နေတာ မအံ့ဩတော့ပါဘူး” ဆိုသည့် အကြည့်ဖြင့်။ 


တကယ်ကိုပဲ။


အလှလေးကတော့ အမွေးရှည်ဆင်ကြီးရဲ့ကျောပေါ်က ဘယ်တော့မှဆင်းလို့ရမှာမဟုတ်တော့ဘူး။ 


အလှလေး၌ ဆင်တစ်ကောင်ကိုသတ်နိုင်စွမ်းရှိမရှိအား လောင်းကြေးထပ်နေကြသည့် ထူလဲ့စစ်သည်တော်တစ်ယောက်နှစ်ယောက်မှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့၏ဓားများကို ဖယ်ထုတ်ဖို့ပြင်လိုက်သည်။ 


သူတို့ဓားတွေကို လက်လွှဲပေးတော့မည့်ဆဲဆဲ... ရုတ်တရက်ပင် နတ်ဆရာအကြီးအကဲက သစ်သားအိမ်ငယ်လေးထဲမှ ဆင်းလာပြီး နှင်းထဲတွင် ရပ်ကာ လက်မောင်းကိုဖွင့်ဟထားလိုက်သည်။ တစ်စုံတစ်ယောက် တစ်ယောက်ယောက်ကို.... ပွေ့ချီတော့မည့်အလား။ 


သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် သစ်သားတံခါးက ထပ်ပြီးဆွဲဖွင့်ခံလိုက်ရပြန်သည်။ 


အလယ်ပိုင်းလွင်ပြင်ဒေသမှ လူချောလေးက ထူလဲ့ဝတ်စုံကို လဲဝတ်ထားသည်။ သူက အမွေးရှည်ဆင်၏ကုန်းနှီးပေါ်ရှိ ကြိုးလှေကားကို လက်ဖြင့်တစ်ဖက်စီဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်းဆင်းလာလေ၏။ ကြိုးလှေကားမှာ ထူလဲ့လူမျိုး၏အရပ်နှင့်အညီ ပြုလုပ်ထားခြင်းဖြစ်ရာ မြေပြင်အထက်မှ လူတစ်ယောက်၏အရပ်နီးပါးအရောက်တွင် ရပ်သွား၏။ 


အလှလေးက နောက်ဆုံးကြိုးလှေကားပေါ် ခြေချလိုက်ပြီး ရေခဲဖုံးလွှမ်းနေသောမြေပြင်ကို ငုံ့ကြည့်လိုက်သည်။ 


ထို့နောက် သူက သူ့ကိုလှမ်းဖမ်းဖို့ပြင်နေသည့် နတ်ဆရာအကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။ 


“မလိုဘူး” 

အလှလေးက ခက်ထန်စွာ ပြောလိုက်၏။

 “ငါနဲ့ဝေးဝေး‌‌နေ”


ထိုသို့ပြောပြီးနောက် ချိုးပေါ်သုန့်သည် မြေကြီးပေါ်ရှိ အချွန်အထက်များနှင့် ကျောက်တုံးများကိုကြည့်ရင်း စိတ်ပိုင်းဆိုင်အသင့်ပြင်ရန် အချိန်အတော်ကြာယူခဲ့ရသော်လည်း အဆုံးမှာ မခုန်ချရဲသေးပါချေ။ 


ရှစ်ဝူလော့တစ်ယောက် သူ အချီမခံချင်သဖြင့် ကြိုးအား တင်းတင်းဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ၊ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ကျောက်ခဲအပြည့်နှင့် ကမ်းခြေပေါ်သို့ ဒူးထောက်ချကာ ချိုးပေါ်သုန့် တက်နင်းရန်အလို့ငှာ သူ၏ တည့်တည့်မတ်မတ်ကျောပြင်ကို ရှေ့ထုတ်လျက် တောင်တစ်လုံးနှယ် ကုန်းထားပေးလိုက်တော့သည်။



______________


တကယ် in a world of boy he is a gentle man ပါ🥺💛