အပိုင်း ၁
Viewers 7k

#Sweet
Chapter ( 1 )


ရှန်းပိုင်မှာ သူမ၏ အိမ်ရှေ့၌ လူတစ်ယောက်ရပ်နေသောကြောင့် ရှေ့ဆက်မတိုးရဲပေ ။ ဤလူနေရပ်ကွက်သို့ သူမပြောင်းလာသည်မှာ တစ်နှစ်ကျော်သာရှိသေးပြီး အစားအသောက်ပို့သူများနှင့် ပစ္စည်းပို့ ဒလီဗာရီသမားများမှ လွဲ၍ မည်သည့်သက်ရှိကမှသူမအားလာမရှာပေ ။

တည်းဖြတ်သူများနှင့် အယ်ဒီတာများပင် သူမအား အွန်လိုင်းပေါ်မှတစ်ဆင့် ဆက်သွယ်စကားပြောကြသည် ။

ရှန်းပိုင်က သူမ၏ အိမ်တံခါး၀ရှေ့မှလူအား သံသစိတ်များဖြင့် စူးစူးစိုက်စိုက်ကြည့်ရူနေမိသည် ။

နောက်ကျောဘက်ကမြင်ကွင်းအရပြောရရင် ...

' အမ် ... တစ်၀က်စီးထားတဲ့ ဂုတ်ထောက်နေတဲ့ဆံပင်နဲ့က သာမန်မိန်းကလေးတစ်ယောက်ရဲ့ပုံစံမျိုးပဲ ... ဒါပေမဲ့ အရပ်ကပုံမှန်ထက်ရှည်နေတယ် ... ပခုံးအကျယ်နဲ့ မတ်တပ်ရပ်နေတဲ့ပုံစံက ယောက်ျားတစ်ယောက်လိုလို '

လက်ဗလာဖြစ်နေပုံအရ ထိုသူမှာ ဒလီဗာရီသမားတစ်ယောက်မဖြစ်နိုင်ပေ ။

ထိုသူက တံခါးကိုဆက်တိုက်ခေါက်နေသောကြောင့် သူမရင်တုန်ပန်းတုန်ဖြစ်လာရ၏ ။ အပြင်းအထန်အားပါပါနှင့်ဆက်တိုက်တံခါးခေါက်သည့် အဓိပ္ပာယ်မှာ လူမူဆက်ဆံရေးအပြစ်ပေးနည်းတစ်မျိုးပင်ဖြစ်သည် ။

လွန်ခဲ့သည့်နှစ်က သားသားနားနား၀တ်စားထားသည့် အမျိုးသမီးနှစ်ဦးအိမ်လခကောက်ရန် လာရောက်ခဲ့လေ၏ ။ ထိုအမျိုးသမီးနှစ်ယောက်က တစ်ဖက်တစ်ချက်စီမှနေ၍ သူမတို့၏ လုံခြုံရေးတံတိုင်းကြီးမှ မကျိုးပေါက်နိုင်ကြောင်း နိုင်ငံတော်သီချင်းနှင့်ဆောင်ပုဒ်များနှင့်ပင်ကြွေးကြော်ကာ သူမအား သူတို့၏ အမြင်ကိုလက်ခံလာစေရန်ကြိုးပမ်းခဲ့သည် ။

ထိုဖြစ်ရပ်ကြောင့် သူမမှာအလွန်ကြောက်လန့်သွားရပြီး တပတ်တိတိပုံကြမ်းပင်မဆွဲနိုင်ခဲ့ပေ ။

ပြန်စဥ်းစားမိရုံနှင့်ပင် ကြက်သီးလာရသည် ။

ထိုသူ ဘယ်လောက်ကြာကြာရပ်မည်မှန်း သူမမသိပါချေ ။ ထို့ကြောင့် လှေကားနားသို့ တိတ်တိတ်လေးလျှောက်သွားသည့်အချိန်တွင် ထိုသူကတံခါးခေါက်နေသည်ကိုရပ်တန့်လိုက်ပြီးနောက် အိပ်ကပ်ထဲမှ ဖုန်းထုတ်၍ ခေါင်းလှည့်ကြည့်လာ၏ ။ 

ရှန်းပိုင်းမှာ ခေါင်းငုံ့ထားပြီး သူမကိုယ်သူမ မြေကြီးထဲတွင်သာ မြုပ်ထားချင်မိတော့သည် ။

သူမ ထိုသူ၏ မျက်နှာကိုတွေ့လိုက်ရ၏ ။ သူစိမ်းအမျိုးသားတစ်ယောက်ပင် ။

နှာတံမြင့်မြင့် ပြတ်သားသည့်မေးရိုးဖြင့် ချောမောသည့် မျက်နှာပိုင်ရှင်တစ်ဦးဖြစ်ပြီး နူတ်ခမ်းမွှေးမုတ်ဆိတ်မွှေးများမရှိပေ ။ ထိုသူ၏ နွေးထွေးဖော်ရွေသည့်မျက်နှာထားကြောင့် ရင်းနှီးလွယ်မည့်ပုံပေါ်နေလေ၏ ။

မျက်နှာထားပုံစံမှာ ပြေပြစ်လှသောကြောင့် မိန်းကလေးတစ်ယောက်ပုံစံ၀တ်စားမည်ဆိုလျှင်ပင် ကြည့်ကောင်းနေဦးမည်ဖြစ်သည် ။

သူ၏ နောက်တွင်လူတစ်ယောက်တိတ်တိတ်လေးရပ်နေကြောင်းသတိထားမိသွားသဖြင့် ထိုသူကနောက်လှည့်ပြီး သူမအားစိုက်ကြည့်လာ၏ ။

ရှန်းပိုင်က အလွန်စိတ်လှုပ်ရှားနေသောကြောင့် မျက်လုံးမှိတ်လိုက်ပြီး ဖွင့်မကြည့်ရဲပေ ။ 

သူမ၏ နှလုံးသားလေးမှာ လည်ချောင်းမှ ခုန်ပေါက်လာနိုင်သည်အထိ ခုန်နေတော့၏ ။

အဲဒီလူက ကားတွန်းစာအုပ်ထဲကနေ ခုန်ထွက်လာသလိုပဲ ... ချောလိုက်တာ ...

စိတ်လှုပ်ရှားနေသည်ကို ဖုံးကွယ်၍မရသောကြောင့် ရှက်သွေးဖျာကာ မျက်နှာတစ်ခုလုံးနီရဲနေတော့သည် ။

ရှန်းပိုင်၏ အိတ်ကပ်ထဲမှ ဖုန်းမြည်သံထွက်ပေါ်လာသည် ။ သူမအားကြည့်နေသည့် ထိုသူ၏အကြည့်များထဲ၌ စိတ်မ၀င်စားရာမှ အံ့အားသင့်နေဟန်သို့ပြောင်းလဲသွားလေသည် ။ သို့သော်လည်း အံ့အားသင့်နေသည့်အမူအယာမှာ အမြန်ပျောက်ကွယ်သွားပြီး စူးစမ်းလိုမူနှင့်ခွဲခြမ်းစိတ်ဖြာသည့်အကြည့်များအဖြစ်ပြောင်းလဲသွားသည် ။

ရှန်းပိုင်က သူမ၏ လက်ထဲမှအိတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားမိသည် ။ 

ထိုသူ၏ အကြည့်က အလွန်စူးရှသဖြင့် သူမ၏ အ၀တ်များကိုပင် ထိုးဖောက်မြင်နိုင်သည့်ပုံဖြစ်နေသောကြောင့် သူမကို အ၀တ်ဗလာဖြင့် နေပူထဲပစ်ထားသကဲ့သို့ ရှက်ရွံ့မူကိုခံစားလိုက်ရသည် ။

အိတ်ကပ်ထဲတွင် အဆက်မပြတ်တုန်ခါနေသည့် ဖုန်းသံက သူမအားစိတ်မသက်မသာခံစားရစေပြီး သေမင်းမှအိမ်တံခါးလာခေါက်နေသည့်အသံကဲ့သို့ ပိုမိုတုန်လှုပ်ကြောက်ရွံ့စေသည် ။ 

တစ်ယောက်နှင့်တစ်ယောက် အချိန်တစ်ခုအကြာစိုက်ကြည့်နေကြပြီးနောက် ထိုအမျိုးသားက သူ၏ဖုန်းခေါ်ဆိုမှုကိုအဆုံးသတ်လိုက်သောအခါ ရှန်းပိုင်၏ အိတ်ကပ်ထဲမှဖုန်းလည်း တိတ်ဆိတ်သွားလေ၏ ။

ထိုသူက အတည်ပြုပြီးဟန်ဖြင့် ပြုံးလိုက်ပြီးနောက် သူမထံသို့ တစ်လှမ်းချင်းလှမ်းလာလေသည် ။

အမေရေ ! တစ်ကယ်ကြီး ငါ့ဆီလာတာဟ ...

ထိုသူ ဘာပြောသည်ကို ဂရုမစိုက်အားတော့ဘဲ ကြောက်လန့်တကြီးဖြင့် လှေကားမှဆင်းပြေးလေတော့သည် ။

___________

မွန်းလွဲပိုင်း၌ ချန်းကျိုးက ကျုန်းရီ သို့ပြန်သွားလေသည် ။

' ကျုန်းရီ ' သည် မြို့တော်ရင်ပြင်၌တည်ရှိသည့် နေ့လည်ခင်းကဖေးလေးတစ်ခုဖြစ်၏ ။ ၎င်း၏ကျော့ရှင်းသပ်ရပ်သည့် အလှဆင်စတိုင်နှင့် စူပါစတားတစ်ယောက်ကဲ့သို့ချောမောသည့် သူဌေးကြောင့် အွန်လိုင်းပေါ်တွင် လူပြောများနာမည်ကြီးသည်ကဖေးတစ်ခုဖြစ်သည် ။

ကဖေးဖွင့်သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း လာရောက်သူအများအပြားဖြင့် စီးပွားရေးကောင်းမွန်နေဆဲပင် ။ 

ချန်ကျိုးက ထိုကဖေး၏ ပိုင်ရှင်ဖြစ်၏ ။ 

၀န်းထမ်းနားနေခန်းအတွင်းသို့၀င်သွားသောအခါတွင် ဆိုင်၏သေးအဖွဲကိစ္စများအားစီမံနေဆဲဖြစ်သည့် မန်နေဂျာ ကျိုးချင်းရှုက ခေါင်းမော့ကြည့်လာသည် ။

" မင်း နတ်သမီးကိုတွေ့ခဲ့လား "

ဤစကားက ဟာသတစ်ခုမျှသာဖြစ်ပြီး ခဏအကြာတွင် ...

ဆိုင်ဖွင့်ကာ အမှာစာများကိုစတင်ပို့ဆောင်တော့သည် ။ ၀န်ဆောင်မူပေးသည့် ၀က်ဘ်ဆိုက်မှတစ်ဆင့် ဆိုင်၏ အမှာစာများကိုလိပ်စာနှင့်တကွလက်ခံပြီး ပို့ဆောင်ပေးသည် ။

ကျုံးကျင့် ကောင်တီတွင်နေထိုင်သည့် တစ်နှစ်ပတ်လုံးမိုးရွာရွာနေပူပူ နေ့တိုင်း နို့လက်ဖက်ရည်မှာသောက်တတ်သည့် အမျိုးသမီးအား ' မစ္စ နတ်သမီး ' ဟုထူးခြားသည့်ချစ်စနိုးအမည်တစ်ခုပေးထားပြီး ထိုနတ်သမီးမှာ ၀န်ထမ်းများကြားတွင်ရေပန်းစားလေသည် ။

သူမ၏ အကြိုက်မှာရိုးရှင်းသည့်အပြင် အစွဲအလမ်းလည်းကြီးသေး၏ ။ ကဖေး၌ အမျိုးအစားစုံလင်သည့် နို့လက်ဖက်ရည်များအပြင် အရသာမျိုးစုံရရှိနိုင်ပါသော်လည်း အမျိုးအစားတစ်ခုတည်းကိုသာမှာယူ၏ ။ ကဖေးပိုင်ရှင်ကိုယ်တိုင် အခြားသောအရသာများအားသောက်သုံးကြည့်ရန်တိုက်တွန်းပါသော်လည်း လက်မခံပေ ။ 

တူညီသည့်လိပ်စာနှင့် တူညီသည့်အရသာကိုသာ မှာယူနေခဲ့ပြီးအခြားမည်သည်ကိုမှမပေါင်းထည့်ချေ ။ 

သကြားသုံးဇွန်းသာပါသည့် မူလအရသာ နို့လက်ဖက်ရည်ပါပင် ။

ချန်ကျိုးက အဖြေဖြေရန်မလောဘဲ လွန်ခဲ့သည့် နာရီ၀က်ကတွေ့ခဲ့သည့် ပုံရိပ်လေးကိုသာပြန်တွေးနေမိသောကြောင့် အဓိပ္ပာယ်ပါပါပြုံးလိုက်သည် ။

" ငါ တွေ့ခဲ့ပုံပဲ "

ကျိုးချင်းရှု က ကုလားထိုင်ကိုနောက်တွန်း၍

" ဟေ့ ငါမေးတဲ့စကားကိုမင်း ပြန်ဖြေတာမလား "

ချန်ကျိုးက ရေတစ်ခွက်ခပ်ပြီးနောက် ထိုင်ခုံ၌၀င်ထိုင်၍ တံတွေးတစ်ချက်မြိုချလိုက်ကာ 

" အဲ့မိန်းကလေးက ငါ့ကိုတွေ့တာနဲ့ ထွက်ပြေးသွားတယ်လေ "

ကျိုးချင်းရှုက အားရပါးရရီမောကာ စနောက်လိုက်၏ ။

" အဲ့တာဘာလို့လဲဆိုတော့ သူမက ငါတို့ဆိုင်က နို့လက်ဖက်ရည်ကိုသောက်ရတာငြီးငွေ့သွားလို့ဖြစ်မယ်... တစ်လကျော်လောက် မှာမသောက်မိတော့ ဆိုင်ကသူဌေးက ပြဿနာလာရှာမှာကိုကြောက်လို့နေမှာပေါ့ကွ "

ချန်ကျိုး " ... "

 ကျိုးချင်းရှုပြောသည့်အတိုင်းပင် လွန်ခဲ့သည့်နှစ်လအတွင်း သူတို့ကဖေး၏ သစ္စာရှိဖောက်သည်လေးဖြစ်သော နတ်သမီးလေးမှာ နို့လက်ဖက်ရည်တစ်ခွက်မှအော်ဒါမတင်တော့ပေ ။

ထို့ကြောင့် လူတိုင်းထူးဆန်းနေသည်ဟုခံစားခဲ့ရ၏ ။

သူ၏ ကဖေးမှ အစားအစာများအား အပြည့်အ၀ယုံကြည်ချက်ရှိသောကြောင့် နှစ်လကျော်အမှာစာမရောက်ရှိလာခြင်းအကြောင်းမှာ အစားအသောက်နှင့် နို့လက်ဖက်ရည်မကောင်းသောကြောင့် မဖြစ်နိုင်ဟုကောက်ချက်ချလိုက်သည် ။

အချိန်အတော်အကြာ ခေါင်းကိုက်ခံစဥ်းစားပြီးနောက် မိမိဆိုင်၏ ပုံမှန်ဖောက်သည်လေးအား ဂရုတစိုက်ရှိလှသည့် ကဖေးဆိုင်ပိုင်ရှင်တစ်ယောက်အနေဖြင့် နတ်သမီး၏ အိမ်လိပ်စာအတိုင်းသွားကြည့်ရန်ဆုံးဖြတ်လိုက်သည် ။ 

ထို့ကြောင့် အိမ်ပြောင်းသွားသည်လော ဆက်လက်နေထိုင်သည်လော စစ်ဆေးရန်သွားခဲ့ခြင်းဖြစ်သည် ။

တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်ဖက်လူနှင့်တွေ့ခဲ့ရသည် ။

ကျိုးချင်းရှုက ခြေထောက်ကိုလှုပ်နေရင်းဖြင့်

" သူမက ဘယ်လိုပုံစံလဲ ... မနှစ်က ရှောင်ရွေ့ ပစ္စည်းသွားပို့တုန်းက တံခါးလေးသေးသေးလေးပဲဟပြီး အမြန်ပြန်၀င်သွားတာတဲ့ ... ဖြူဖွေးနေတဲ့ လက်သေးသေးလေးပဲမြင်လိုက်ရပြီး မျက်နှာတော့မမြင်လိုက်ရဘူးတဲ့ "

ကျိုးချင်းရှုမှာ အလွန်ကိုပင်စပ်စုချင်နေတော့၏ ။

" တကယ်ပဲ နတ်သမီးလေးလိုလှလား "

ချန်ကျိုးက ' အင်း ' ဟုပြောလိုက်ပြီးနောက် ထိုအချိန်က မြင်ကွင်းကိုပြန်လည်တွေးကြည့်နေမိသည် ။

သေးငယ်ပိန်ပါးသည့်အမျိုးသမီးလေးတစ်ဦးက အနွေးထည်အရှည်ကြီးကို၀တ်ထား၏ ။ ထိုအနွေးထည်ကြီးမှာ သူမနှစ်ယောက်စာ၀င်ဆံ့သည်အထိ ကြီးမားပြီး ဒူးတစ်၀က်စာရှည်လျားလေသည် ။ နှာခေါင်းစည်းလည်း၀တ်ထားပြီး ဦးထုပ်ဆောင်းထားသေး၏ ။

လှပနက်မှောင်နေသည့်မျက်၀န်းတစ်စုံကသာ အူကြောင်ကြောင်ဖြစ်နေသည့်အပြင် မေးခွန်းထုတ်လိုဟန်ဖြင့် သူ့အားကြည့်နေခဲ့၏ ။

သူမ၏ အမူအယာလေးမှာ ရီချင်စရာကောင်းသကဲ့သို့ အနည်းငယ်အူတူတူနှင့်ချစ်စရာလေးဖြစ်နေလေသည်။ချန်ကျိုးကပြုံးလိုက်ကာ 

" ငါသေသေချာချာတော့မမြင်လိုက်ဘူး ဒါပေမဲ့လည်း ဘယ်တော့မှမေ့တော့မှမဟုတ်ဘူး ..."

ကျိုးချင်းရှုက ထပ်မေးပြန်သည် ။

 " နတ်သမီးလေးဆိုတာသေချာလို့လား ..."

 " အင်း "

ကျိုးချင်းရှုက သက်ပြင်းချလိုက်ပြီးနောက်

" ငါတို့ဆိုင်က နို့လက်ဖက်ရည်ကိုမကြိုက်တော့လို့ ဆိုတာထက် အိမ်ပြောင်းနေလို့ အလုပ်ရှုပ်နေတယ်ဆိုတာကမှပိုကောင်းသေးတယ် "

ချန်ကျိုးက တိတ်ဆိတ်နေသော်လည်း သူ၏ အပြုံးမှာပို၍ပင် တောက်ပလာ၏ ။

အကယ်၍ သူမအိမ်ပြောင်းသွားမည်ဆိုလျှင်တောင် ကောင်တီသေးသေးလေးထဲတွင် ပြောင်းရွေ့နိုင်မည့်နေရာများများစားစားမရှိပါချေ ။

သူမက အရသာရိုးပြီးငြီးငွေ့သွားတာပဲဖြစ်ရမယ် ...

အခြားသောဆိုင်များမှ ကောင်းမွန်ထူးခြားသည့်နို့လက်ဖက်ရည်ကို သောက်ကြည့်ပြီးနောက် သူ၏ဆိုင်မှတစ်ခုနှင့်နှိုင်းယှဥ်ပြီး စိတ်ပျက်သွားခြင်းဖြစ်ရမည် ။

မည်မျှပင် အချိန်ကြာမြင့်စွာကတည်းက အားပေးလာသည့်ဖောက်သည်ဖြစ်၍ ရင်းနှီးနေစေကာမူ သူမ၏ အကြိုက်ပေါ်တွင်သာမူတည်ပေလိမ့်မည် ။


Xxxxx