Ch 38
Viewers 1k

အခန်း (၃၈)


ရှန်းထင်ရွှမ်းသည် ခြံနောက်ရှိ စပျစ်သီးများဖြင့် စတင်ရန် ရည်ရွယ်လိုက်၏။ စပျစ်ခိုင်များက စပျစ်ရွက်များ ပြည့်နေတော့သည်။


“ဒါက အရသာရှိတဲ့ စပျစ်သီးတွေပဲ “


[ဒီစပျစ်သီးက ကြီးလိုက်တာ။]


[စပျစ်နွယ်အောက်မှာ ထိုင်ရတာ လန်းဆန်းပြီး နေရကောင်းလိုက်တာ။]


[ဒါပေမဲ့ အခု ဩဂုတ်လပဲရှိသေးတာလေ။ စပျစ်သီးတွေက ဘာ့ကြောင့် မှည့်နေရတာလဲ။]


[အခု အရင်နဲ့မတူတော့ဘူး။ ရာသီမဟုတ်ဘဲ အပင်တွေအများကြီးစိုက်ထားတာ။ ဒါ့အပြင် စပျစ်သီးတွေက စက်တင်ဘာလမှာ မှည့်တာ ပုံမှန်ပဲလေ။ တစ်လပဲ လိုတော့တာ။]


ရှန်းထင်ရွှမ်းသည် စပျစ်သီးတစ်လုံးကို ယူကာ ကင်မရာရှေ့၌ ထားလိုက်လေ၏။


“အတော်ချိုတယ် “ ထိုသို့ပြောပြီးနောက် စပျစ်သီးကို အခွံခွာလိုက်ကာ ကြည်လင်နေသော စပျစ်သားက ပေါ်လာလေ၏။


ရှန်းထင်ရွှမ်းက တစ်ချက်ကိုက်ပြီးနောက် အထဲရှိ အစေ့ကို ထွေးထုတ်လိုက်တော့သည်။ ထိုစပျစ်သီး၏ အရသာက အလွန်ချိုမြိန်၏။  ချဉ်သည့်အရသာ လုံးဝမရှိပေ။


[ငါလည်း စပျစ်သီးစားချင်တယ်လေ။]


[အခုအချိန် ငါတစ်ချက်ကြည့်ကြည့်တာ။ ပတ်ဝန်းကျင်စူပါမားကတ်တွေမှာ စပျစ်သီးတွေ မရှိဘူး။]


[လျိူ့ဝှက်ချက်ပြောရမယ်ဆိုရင် အစ်မလေးရဲ့ ရတနာဆိုင်တန်းမှာ စပျစ်သီးတွေ ရှိတယ်။]


[???]


[ဖာ့ခ်။ ရောင်းနေပြီတဲ့လား။]


ရှန်းထင်ရွှမ်းက မှတ်ချက်များကို တွေ့လိုက်ရ၏။


“ဟုတ်တယ် ဒီနေ့ စပျစ်သီးတွေ ရောင်းဖို့ရှိတယ်၊ ဒါပေမဲ့ ဝယ်ယူမှုကတော့ လူတစ်ယောက်ကို ဂရမ်နှစ်ရာ ကန့်သတ်ထားတယ်၊ စပျစ်သီးတွေက ထိခိုက်လွယ်တာလေ၊ ဒါကြောင့် ယာယီအားဖြင့် မြို့တော် Bက လူတွေပဲ ဝယ်လို့ရမယ် “


[ထိချက်ပြင်းလိုက်တာကွာ။]


[ဒီစပျစ်သီးအတွက် ငါ မြို့တော် Bကို ပြောင်းနိုင်တယ်လို့ ထင်တယ်။]


[ဟုတ်ပြီကွ။ စင်ပေါ်မှာ ‌နောက်ဆုံးတော့ တွေ့လာပြီ။ ငါ အရင်ဆုံး စပျစ်သီးတွေ ဝယ်လိုက်ဦးမယ်။]


အင်တာနက်အသုံးပြုသူတစ်ချို့က ရှန်းထင်ရွှမ်း၏ စျေးဆိုင်သို့ သွားလိုက်ကြသည်။


ရှန်းထင်ရွှမ်းက တစ်ယောက်တည်း တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေတာဖြစ်ပြီး အခန်းထဲ၌ ဝယ်ယူနိုင်သည့် လင့်ခ်ကို တိုက်ရိုက်မချပေးထားဘဲ အောက်ရှိ ဘယ်ဘက်ထောင့်တွင်သာ ရတနာစျေးဆိုင်၏ လင့်ခ်ကို ချပေးထား၏။


စပျစ်စားပြီးနောက် ရှန်းထင်ရွှမ်းက တတိုင်းမွှေးဘယ်ရီပင်ဆီသို့ သွားလိုက်၏။ “ဒီအသီးမျိုး အရင်က စားဖူးကြလား “


[စပျစ်သီးနဲ့တူတယ်။ ဒါပေမဲ့ စပျစ်သီးထက် ပိုနီတယ်နော်။]


[ပြီးတော့ ကိုင်းသေးသေးလေးတွေနဲ့ သစ်ပင်ပေါ်မှာလည်း ပေါက်နေသေးတယ်။]


[တောင်ပေါ်က ကလေးတွေကတော့ အဖြေရှိမှာပဲ။ ဒါက တတိုင်းမွှေးဘယ်ရီလေ။]


“ဟုတ်တယ်၊ တတိုင်းမွှေးဘယ်ရီပဲ “


ရှန်းထင်ရွှမ်းက ဖုန်းကို ဘေးချလိုက်ပြီး သစ်ပင်ပေါ် အမြန်တွယ်တက်ကာ ဘယ်ရီတစ်ခိုင် ခူးလိုက်လေ၏။


ဖန်သားပြင်ရှေ့ရှိ အင်တာနက်အသုံးပြုသူများက ထပ်မံ မင်သက်သွားပြန်၏။ မှတ်ချက်မျက်နှာပြင်က ရုတ်တရက် ရှင်းလင်းသွား၏။ တစ်မိနစ်ကြာသွားသည်။


[!!!]


[အစ်မလေးက သိပ်ကို စွမ်းဆောင်နိုင်စွမ်းရှိတာပဲ။]


[ဒီသစ်ပင်တက်သွားတဲ့ ပုံစံက ...]


[အစ်မလေးရေ နတ်သမီးရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်ဖို့တွေးဖူးလား။]


[ရှိုးပွဲကြီးတစ်ခု လုပ်ပြီးနေပြီပဲ။]


ရှန်းထင်ရွှမ်းသည် ကင်မရာရှေ့၌ တတိုင်းမွှေးဘယ်ရီများကို ချလိုက်သည်။ နီရဲလုံးဝိုင်းနေသည့် သစ်သီးများက အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရသွားလေ၏။


ရှန်းထင်ရွှမ်းကို ၎င်းကို သူမပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ “တတိုင်းမွှေးဘယ်ရီက စပျစ်လောက် မချိုဘူး၊ ဒါပေမဲ့ ချဉ်လည်း မချဉ်ဘူး၊ အသီးကောင်းတစ်မျိုးပဲ “


“တတိုင်းမွှေးဘယ်ရီကို ဆေးအဖြစ်လည်း အသုံးပြုလို့ရတယ်၊ နာကျင်မှုသက်သာစေပြီး အိပ်မပျော်တဲ့ ဝေဒနာရှင်တွေလည်း စားလို့ရတယ် “


ယခုအချိန်တွင် တတိုင်းမွှေးဘယ်ရီများများစားစားမရှိသောကြောင့် ရှန်းထင်ရွှမ်း စားပြီး မကြာခင်၌ သစ်ပင်အောက်တွင် အခွံကို ပစ်လိုက်သည်။ ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းပြီးနောက် သစ်သီးက အညှောင့်ထွက်လာပြီး သစ်သီးအခွံများဖြစ်နေလျှင်ပင် ၎င်းတို့ကို မြေဩဇာအဖြစ် အသုံးပြုနိုင်ပေသည်။


[ငါစားချင်တယ်လေ။]


[ငါ ကြည့်ရုံပဲကြည့်နေတာ။ ငါတို့နေရာမှာ ရောင်းထွက်သွားပြီ။ ဒါဘာအဓိပ္ပာယ်လဲ။]


ရှန်းထင်ရွှမ်းက ရှင်းပြလိုက်သည်။


“စပျစ်သီးတွေလိုပဲ B မြို့မှာပဲ ရောင်းပါတယ် “


[... ]


[မဟုတ်ဘူး။ မနက်ဖြန် ငါ Bမြို့ကို ပြောင်းတော့မယ်။]


[Bမြို့မှာ တက္ကသိုလ်တက်မယ်လို့ ဆုံးဖြတ်လိုက်ပြီ။]


ရှန်းထင်ရွှမ်း “အရင်တုန်းက တရုတ်ဘယ်ရီသီးတွေ ပြခဲ့ဖူးတယ်၊ ဒါကြောင့် ဒီနေ့ အခု ကီဝီသီးတွေပြမယ် “


ကီဝီပင်သည် တတိုင်းမွှေးဘယ်ရီပင်လောက် မမြင့်ပေ။ သစ်သီးများက အရွက်များကြားထဲ အုပ်နေလေ၏။ အဝေးကနေဆို မြင်နိုင်မှာ မဟုတ်ပေ။ သို့သော် အနီးကပ်ကြည့်မိလျှင် အရွက်အစုအဝေးထဲ ကီဝီသီးများကို တွေ့မြင်နိုင်လိမ့်မည်။


တစ်ခိုင်ကို ကီဝီသီး ဆယ့်နှစ်လုံးခန့် ရှိ၏။ ရှန်းထင်ရွှမ်းက တစ်လုံးခူးလိုက်သည်။ “ကီဝီသီးအခွံကို ဒီလိုခွာလို့ရတယ် “


အခွံခွာပြီးနောက် အစိမ်း‌ရောင်အသားက ပေါ်လာ၏။ တောက်ပသည့်အစိမ်းရောင်က တစ်ချက်ကြည့်ရုံဖြင့် လူအများအား အသီးကို ကိုက်ကြည့်ချင်စိတ် ဖြစ်ပေါ်စေ၏။


ရှန်းထင်ရွှမ်းသည် အင်တာနက်အသုံးပြုသူများကို ထိုဆန္ဒဖြည့်ဆည်းပေးရန် အမြန်ကူညီပေးလိုက်၏။ သူမက တစ်ကိုက်ကိုက်ပြီးနောက် နူးညံ့သော ကီဝီသီးပေါ်၌ ကိုက်ရာများ ထင်လာသည်။


ကီဝီသီးက အလွန်နူးညံ့ပြီး ပါးစပ်ထဲ၌ ချိုမြိန်သောအရည်အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။ ရှန်းထင်ရွှမ်းက အနည်းငယ်ကိုက်ပြီးနောက် ကီဝီသီးတစ်လုံးလုံး စားကုန်သွားခဲ့သည်။


[ငါ သွားရည်ကျတဲ့အသံ ကြားနေရတယ်နော်။]


[စကားပြောတာ ရပ်ကြ။ အရင်ဆုံး မှာလိုက်ဦးမယ်။]


[မှာပြီး ပြန်ရောက်လာတဲ့အချိန် လက်မြှောက်လိုက်‌ဟေ့။]


“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီမှာပြီးပါပြီ၊ ကီဝီသီးတွေ ပို့ဖို့အတွက် လူဆယ်ယောက် မဲနှိုက်ပါမယ်၊ အနိုင်ရတဲ့သူက လိပ်စာချန်ပေးခဲ့ဖို့ ကျေးဇူးပြုပြီး မှတ်ထားပါ “ ရှန်းထင်ရွှမ်းက ကင်မရာကို လက်ဝှေ့ယမ်းပြလိုက်သည်။


“ဒီနေ့အမှာစာ တင်သွင်းတဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်၊ အဲ့ဒါတွေကို အရင် ထုပ်ပိုးလိုက်ဦးမယ်၊ ဒါပါပဲ၊ တာ့တာ “


ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်၏။ တိုက်ရိုက်ထုတ်လွှင့်မှုအတောအတွင်း အင်တာနက်အသုံးပြုသူများသည် အမှာငါးထောင်ကျော် ရှိခဲ့သည်။ ကြီးမားလှသည့် အော်ဒါသည် တစ်နေကုန် နေရာယူမည်ဖြစ်သော်ငြား ရတနာသေတ္တာထဲ၌ အချက်အလက်က ရှိနေသေး၏။ ယင်းက မြင့်တက်နေပြီး အော်ဒါအရေအတွက် တိုးနေကြာင်း ညွှန်ပြနေသည်။


ပြောင်းလဲသွားသည့် ဖန်သားပြင်ကို ကြည့်ပြီး အင်တာနက်အသုံးပြုသူများသည် ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုက နာရီဝက်သာကြာကြောင်း သဘောပေါက်လိုက်၏။


တစ်စုံတစ်ယောက်က ရှန်းထင်ရွှမ်း၏ Weibo သို့ သွားလိုက်သည်။


[အစ်မလေးရေ။ မင်းမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် အချိန်ရှိတယ်။ ဒါပေမဲ့ စျေးဆိုင်မှာ ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ကန့်သတ်ချက်တွေ ရှိသေးတုန်းပဲ။]


[ဝယ်ယူမှုကန့်သတ်ထားတာသာ မဟုတ်ရင် ငါ ဆယ်ကတ်တီလောက် ဝယ်လို့ရမှာ။]


[ပြောရရင် အစ်မလေးက ဝယ်ယူမှုကန့်သတ်ထားတဲ့ အကြောင်းရင်းကို ငါလည်း နားလည်နိုင်တယ်။ မဟုတ်ရင် အားလုံးရမှာ မဟုတ်ဘူးလေ။ တရုတ်ဆီးသီးတွေက ဝယ်ပြီးပြီဆိုတာနဲ့ ဆိုင်ပေါ်ကနေ အဖယ်ခံလိုက်ရမှာ။]


ရှန်းထင်ရွှမ်းနှင့် ရှောင်ဖုန်းက ပြေစာများ ပရင့်ထုတ်နေပေ၏။ အော်ဒါမှာသည့် သူများရှိနေသေးသည်။ တရုတ်ဆီးသီးအပြင် မက်မွန်သီးများကလည်း အင်တာနက်အသုံးပြုသူများ ဝယ်ယူပြီးနောက် စျေးဆိုင်ကနေ ဖယ်ရှားခံလိုက်ရသည်။


ရှန်းထင်ရွှမ်းသည် ည ၁၁ နာရီအထိ ပရင့်ဆက်ထုတ်နေခဲ့ပြီး နေ့လယ်က ရှောင်ဖုန်းဝယ်လာသည့် မင်ရည်ကလည်း နောက်တစ်ခု ထည့်လိုက်ရ၏။


ပရင့်မထုတ်ရသေးသည့် အမှာစာများစွာ ရှိနေသေးသည်။ သို့သော်ငြား ရှန်းထင်ရွှမ်းက ပိတ်လိုက်ပြီး ဦးစွာ အိပ်လိုက်တော့သည်။ မနက်ဖြန်မနက် အချိန်ရှိသေးသည်။


အဝေးရှိ အိတ်ချ်မြို့တွင် ချင်ယွဲ့ကျီက အခန်းထဲတွင် ထိုင်နေကာ မနေ့ညက ရှန်းထင်ရွှမ်းပြောလိုက်တာကို မှတ်မိသွား၏။ “ရှင် အစားလျော့နေတာကြောင့် အများကြီးစားလို့မရဘူးဆိုတာ သိတယ်၊ ဒါကြောင့် နေ့တိုင်း တစ်ကိုက်စားရုံပဲ “


မနေ့က သူ သစ်သီးများ ပြန်သယ်လာသောအခါ အိုက်မင်က အံ့ဩသွားတော့၏။ သူက ထခုန်လုနီးပါး ဖြစ်သွားကာ မေးလိုက်တော့သည်။


“မင်း ညလယ်ခေါင်ကြီး သစ်သီးသွားဝယ်တာလား “


ထိုစဉ်က ချင်ယွဲ့ကျီသည် အသေးစိတ် ရှင်းမပြခဲ့ပေ။ သူက စားပွဲပေါ် သစ်သီးကို တင်လိုက်ပြီး အိုက်မင်ကို မနက်ဖြန်ကျ မြို့တော်အိတ်ချ်ဆီသို့ သစ်သီးများ သယ်လာခိုင်းလိုက်၏။


သူက အဖွဲ့သို့ ရောက်သည့်အချိန်၌ ညနေစောင်းနေပြီ ဖြစ်သည်။ ရုပ်ရှင်စမရိုက်ခင် အခမ်းအနားက ၆နာရီ၌ စတင်ပြီး အရေးကြီးသည့် သရုပ်ဆောင်တိုင်းက ရှိနေ၏။ ချင်ယွဲ့ကျီက ထိုကဲ့သို့ ပွဲများ၌ ပါဝင်လေ့မရှိပေ။ သို့သော် ဒါရိုက်တာ၏ ထပ်ခါတလဲလဲ ဖိတ်ကြားမှုကြောင့် သူက ရောက်လာသေးသည်။ ချင်ယွဲ့ကျီအဖို့ သူအိပ်ခန်းပြန်ရန် သိပ်မကြာလိုက်ပေ။


အိုက်မင်က ဟိုတယ်ရှိ ရေခဲသေတ္တာထဲ၌ သစ်သီးများကို ထည့်ရန် သူ၏လက်ထောက်ရှောင်ယွဲ့ကို ခိုင်းလိုက်လေ၏။ ချင်ယွဲ့ကျီ၏ ခွင့်ပြုချက်မပါဘဲ အိုက်မင်နှင့် ရှောင်ယွဲ့တို့ နှစ်ယောက်လုံးသည် သစ်သီးများစားချင်သော်ငြား မလှုပ်ရှားကြချေ။


ချင်ယွဲ့ကျီက တရုတ်ဆီးသီးကို ထုတ်ပြီးနောက် အခွံနွှာကာ စားလိုက်တော့သည်။ နှုတ်ခမ်းကို အနီးကပ်ကြည့်မိလျှင် အပြုံးဖျော့ဖျော့ ဖြစ်တည်နေလေ၏။ တစ်ခုစားပြီးနောက် ချင်ယွဲ့ကျီက ဇာတ်ညွှန်းစဖတ်တော့သည်။


သမိုင်းကြောင်းထဲတွင် ပထမဆုံးအနေဖြင့် စနစ်က ငါးနာရီတွင် တာဝန်မထုတ်ပြန်ခဲ့ပေ။ သို့သော် ရှန်းထင်ရွှမ်းက ဇီဝနာရီအရ သူမသည် ယခုအချိန်၌ ပုံမှန်နိုးလာလေ၏။


သစ်သီးများခူးပြီးနောက် ရှန်းထင်ရွှမ်းသည် လှည်းလေးကို တောင်အောက်သို့ တွန်းကာ ရောင်းရန် သစ်သီးများကို စားပွဲပေါ်တင်လိုက်၏။


တာဝန်က ယနေ့ ပြီးဆုံးလိမ့်မည်။


စူပါ‌မောက သစ်သီးများကို ချိန်ပြီးနောက် လုမင်ဟွေ့က မလောဘဲ ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။


“စင်ပေါ် သစ်သီးအသစ်တွေ ဘယ်ချိန်တင်မှာလဲ “


အမှန်တကယ်တွင် လုမင်ဟွေ့က ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို follow ထားပြီး ရှန်းထင်ရွှမ်းက သစ်သီးအသစ်များ စိုက်ပျိုးနေကြောင်းလည်း သူသိထားသည်။ အစက ရှန်းထင်ရွှမ်းက ဦးစွာ ပြောလာလိမ့်မည်ဟု သူထင်ထား၏။ သို့သော် ရှန်းထင်ရွှမ်းက ထိုအကြောင်း ဘယ်တော့မှ မပြောခဲ့ပေ။


မနေ့တုန်းက တိုက်ရိုက်ထုတ်လွှင့်မှု၌ ရှန်းထင်ရွှမ်းသည် ရတနာဆိုင်၌ သစ်သီးအချို့တင်ခဲ့၏။ ရှန်းထင်ရွှမ်းက ယနေ့မနက်၌ ထိုအကြောင်း ပြောလိမ့်မည်ဟု သူထင်ခဲ့သော်ငြား ထိုအကြောင်းကို ပြောမလာခဲ့ပေ။


လုမင်ဟွေ့က မမေးဘဲ မနေနိုင်တော့ချေ။


ရှန်းထင်ရွှမ်းက ပြော၏။ “ဒါဆို ဒီနေ့ စင်ပေါ်မှာ ဒါ တစ်ဝက်လောက် တင်လိုက်လေ၊ မနက်ဖြန်ကျမှ အဲဒီအကြောင်း ပြောရင်‌ရော “


လုမင်ဟွေ့က မင်သက်သွား၏။ သူက ရှန်းထင်ရွှမ်းဆိုလိုသည်ကို နားမလည်သည်မှာ သိသာ၏။


စူပါမောသည် ပထမအဆင့် စူပါမားကတ်ဖြစ်ပြီး စူပါမောဆီသို့ သူတို့၏ ကုန်ပစ္စည်းများပို့ရန် ရောင်းသူများက အမြဲတမ်း စိတ်လောနေတတ်သည်။ သို့သော်ငြား ရှန်းထင်ရွှမ်းကမူ သူမ၏ ကိုယ်ပိုင်သစ်သီးများကို တင်ပို့ရန် အထူးအခွင့်အရေးရှိထားပြီး ရှုပ်ထွေးသည့် လုပ်ငန်းဆောင်တာများ ဘယ်တော့မှ မလိုအပ်ပေ။


ထိုအရာက ရှန်းထင်ရွှမ်း စိတ်မပူပင်ရသည့် အကြောင်းရင်းပဲဖြစ်သည်။


လုမင်‌ဟွေ့ စကားမပြောသည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “ဒါဆို ဒီသစ်သီးအသစ်တွေအတွက် ကတ်တီတစ်ထောင်စီ ပေးမယ်ဆိုရင်‌ရော၊ ဒါပေမဲ့ ကိုးနာရီထိစောင့်ပြီးမှ ကုန်ပစ္စည်းတွေ ကောက်လို့ရမှာ၊ လိုချင်သေးလား “


လုမင်ဟွေ့သည် သူ့ဘေးရှိ တရုတ်ဘယ်ရီကို ကြည့်လိုက်၏။ ရှန်းထင်ရွှမ်း၏ သစ်သီးများက ယခုအချိန်တွင် ခူးရန်လိုအပ်မှန်း သူသိနေသည်။ သစ်သီးအသစ်က ခြောက်မျိုးရှိ၏။ တစ်ခုချင်းစီကို တစ်ထောင်ကတ်တီစီ ရမည်ဆိုလျှင် ကတ်တီခြောက်ထောင် ဖြစ်သွားလိမ့်မည်။ “ကောင်းပြီလေ၊ ငါတို့ ကိုးနာရီကျ လာခဲ့မယ်၊ တန်ကြေးကတော့ မင်းလက်ရှိသတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်းပဲ ရဦးမယ် “


လုမင်ဟွေ့နှင့် ကိစ္စရပ်များ ဆွေးနွေးပြီးနောက် ရှန်းထင်ရွှမ်းက သစ်သီးများ သွားခူးတော့သည်။ ကိုးနာရီထိုးပြီးနောက် စူပါမောက ယနေ့ တင်သွင်းမှု ပြီးဆုံးသွားပြီ ဖြစ်၏။


သို့သော် ရှန်းထင်ရွှမ်းက ပျင်းရိမနေဘဲ ရတနာဆိုင်၏ အမှာများကို စတင်တော့သည်။


ရှောင်ဖုန်းက လိပ်စာများကို ပရင့်ထုတ်ပေးနေစဉ် စာတစ်စောင် ရုတ်တရက် လက်ခံရရှိလိုက်၏။ အကြောင်းအရာကို မြင်သောအခါ ရှောင်ဖုန်းက ရယ်မောလိုက်တော့သည်။


ရှင်းယွမ်ရှန်၏ လက်ခွဲပို့ဆောင်ရေးက အတည်ပြုချက် ရသွားပြီဖြစ်သည်။ ရှောင်ဖုန်း စာရင်းသွင်းထားသည့် လိပ်စာက အောက်ထပ်ရှိ သိုလှောင်ရုံဖြစ်သည်။


ရှောင်ဖုန်းသည် လိပ်စာများကို ဦးစွာ ပရင့်ထုတ်ပေးပြီးနောက် သူ၏မိခင်ကို ထိုအကြောင်း ပြောလိုက်သည်။


ရှောင်ဖုန်း၏မိခင်က ရှောင်ဖုန်းသည် ဓာတ်ပုံဆရာတစ်ယောက်အနေဖြင့် ပိုက်ဆံရှာနိုင်ကြောင်း မြင်ရချိန်မှ စပြီး ရှောင်ဖုန်း၏ မိခင်က သူ၏ အသက်မွေးဝမ်းကျောင်းကို စိုးရိမ်ပူပန်လွန်းခြင်း သိပ်မရှိပေ။ သူ ပစ္စည်းပို့ဆောင်တော့မည်ဟု ပြောသည်ကို ကြားသောအခါ သန့်ရှင်းပေးရန် ကူညီပေး၏။


ရှောင်ဖုန်းက မြို့တော်ဘီသို့ ထပ်သွားပြန်သည်။


နေ့လယ်သုံးနာရီ၌ လောင်တုသည် သူ၏ ကုမ္ပဏီဆီသို့ သစ်သီးအပြည့်ပါသည့် စတုတ္ထမြောက်ကားကို မောင်းသွားလိုက်၏။ မနက်ဖြန်ကျ ကုမ္ပဏီကို ပိုကြီးသည့် ကားတစ်စီးတောင်းရမလားဆိုတာ သူသိချင်နေသည်။


ရှန်းထင်ရွှမ်းက ယနေ့ ပင်ပန်းလွန်းနေပြီဖြစ်သည်။ သစ်သီးများ ခူးယူခြင်း၊ ဝိညာဉ်စွမ်းအင်ဖြင့် ရေ‌လောင်းခြင်း၊ သစ်သီးများဆက်တိုက်ခူးယူပြီး ထပ်မံ ရေလောင်းရပြန်၏။ သူမသည် လောင်တုက သစ်သီးများကို စတုတ္ထအကြိမ်မြောက် ယူသွားသည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက ဝါးတောအုပ်အောက်၌ တန်းထိုင်ချလိုက်တော့၏။ ယနေ့က တကယ် ပုံမှန်မဟုတ် ပင်ပန်းလွန်းနေ၏။ သို့သော် ပိုပင်ပန်းစရာကောင်းသည့် ကိစ္စရပ်က ရောက်မလာသေးပေ။


ရှန်းထင်ရွှမ်း ခဏတဖြုတ် အနားယူပြီးနောက် ဆက်လက် စိုက်ပျိုးရန်အတွက် တောင်ပေါ်သို့ ပြေးသွားလိုက်သည်။


ရှင်းယွမ်ရှန်၏ တောင်ခြေ၌ ရဲကားတစ်စီးက ရှန်းထင်ရွှမ်း၏ ခုံလေး၌ ရပ်တန့်သွားသည်။ ကားထဲ၌ ရဲသုံးယောက်ရှိသည်။ ကားမောင်းလာသည့်သူက ပထမဆုံး မေးလိုက်တော့သည်။ “ဒါ ဟုတ်လား “


ခရီးသည်ခုံတွင် ထိုင်နေသည့် အသက်ပိုကြီးသည့်ရဲက ပြောလိုက်၏။ “ဒီနေရာ ဖြစ်လောက်မှာပါ၊ မြေပုံပေါ်က တောင်က ပြထားတာတော့ ရှင်းယွမ်ရှန်နဲ့ သစ်သီးတွေက ရောင်းကုန်လုနီးပါးပဲ “


ညာဘက်ဆီသို့ မောင်းသွားသောရဲသည် တောင်ပေါ်သို့ ဆက်သွားရန် ပြင်လိုက်၏။ ဤနေရာကို ရှန်းထင်ရွှမ်းက အစီအရင် ချထားသောကြောင့် ရဲကားက မတက်နိုင်ဖြစ်နေသည်။


မကြာမီ၌ ကားထဲရှိ အသက်ပိုကြီးသည့်ရဲက တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။ “နေဦး၊ ငါတို့ တစ်နေရာထဲမှာပဲ လည်နေသလိုပဲ “


ကျန်သည့်နှစ်ယောက်က စကားပြောနေကြသည်။ သို့သော် အသက်ပိုကြီးသည့် ရဲပြောတာကို ကြားသောအခါ သူတို့က ချက်ချင်း တိတ်သွားတော့သည်။


ကားထဲ၌ ငယ်ရွယ်သည့်ရဲက အလုပ်လုပ်တာ လအနည်းငယ်သာ ရှိသေးသည်။ ထိုသို့သော အခြေအနေကို ပထမဆုံးအကြိမ် တွေ့ကြုံသောအခါ သူ၏ မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွား၏။


ခဏကြာပြီးနောက် ရဲက တီးတိုးပြောလိုက်တော့၏။ “တကယ် သရဲ နံရံကို ထိမိတာပဲ “


ရလာဒ်အနေဖြင့် အသံထွက်ပေါ်လာပြီးနောက် ကားက တောင်ပေါ်သို့ တက်သွားတော့သည်။


ရဲသုံးယောက်။


ရှန်းထင်ရွှမ်းသည် ရဲကားတစ်စီး တောင်အောက်သို့ ရောက်လာကြောင်း တောင်ပေါ်ရှိ ငှက်လေးတစ်ကောင် ပြောတာ ကြားလိုက်ရသည်။


ရှင်းယွမ်ရှန်သို့ ရဲကားက မည်သည့်အကြောင်းကြောင့် ရောက်လာမှန်းမသိပေ။ သို့သော် သူမက အစီအရင်ကို ဖယ်လိုက်ပြီး ရဲကားကို တက်လာခွင့်ပေးလိုက်၏။


ရဲများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ ကားမောင်းသူက မေးလိုက်၏။ “ငါ ဘာလုပ်သင့်လဲ “


“သွား “ အသက်ပိုကြီးသည့်ရဲက မကြောက်ပေ။ ထို့ကြောင့် သူတို့က တက်သွားရန် ဆုံးဖြတ်လိုက်ပြီး တစ်ချက်ကြည့်ဖို့ စဉ်းစားလိုက်သည်။


ရဲကားသည် ရှင်းယွမ်ရှန်သို့ ရောက်သောအခါ ရှန်းထင်ရွှမ်းသည် ‌‌‌ကော်ဖီစေ့များကို ကြိတ်နေလေ၏။ ကားထဲတွင် ထိုင်နေသော ရဲလေးက သတိလက်လွတ်မေးလိုက်လေ၏။ “သူက လူလား သရဲလား “