အပိုင်း ၂၂ (Original Flavour 30% Sweet End)
Viewers 7k

#sweet 
Chapter ( 22 ) End

" ပျောက်ဆုံးနေသောမြို့တော် အတွဲသုံး" သည်လည်း ထုတ်ဝေပြီးတစ်လအကြာမှာပင် အလွန်ရောင်းအားကောင်းခဲ့ပြီး ပင်မ၀က်ဘ်ဆိုဒ်တွင်လာရောက်ဖတ်ရှုသည့်စာဖတ်သူများပင်လျှင် ၁၀၀မီလီယမ်အထိရောက်ရှိလာလေသည် ။ ရှန်းပိုင်၏ အခြားသောလက်ရာများလည်း အချိန်တိုအတွင်းကျော်ကြားလာ၏ ။ 

ဟာရာကိုရှာ ကုမ္ပဏီဘက်မှလည်း ရှန်းပိုင်အတွက် လက်တွဲအလုပ်လုပ်ရန်အန်နီမေးရှင်းကုမ္ပဏီတစ်ခုနှင့်မိတ်ဆက်ပေးကြ၏ ။ တစ်ဖက်ကုမ္ပဏ်ီမှာ တရုတ်ပြည်တွင်းတွင်အလွန်ကျော်ကြားသည့်ထိပ်တန်း အန်နီမေးရှင်းကုမ္ပဏီတစ်ခုဖြစ်သောကြောင့် အလွန်များပြားလှသည့်မူပိုင်ကြေးဖြင့်ကမ်းလှမ်းလာသည် ။ 

သူမ၏ ငွေရောင်ဘဏ်ကဒ်ထဲရှိ ဂဏန်းခုနှစ်လုံးကျော်သည့်ပိုက်ဆံများကိုကြည့်ကာ ရှန်းပိုင်တစ်ယောက် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် ။ ခက်ခက်ခဲခဲကြပ်ကြပ်တည်းတည်းနေထိုင်ရသည့်နေ့ရက်များမှာ အဆုံးသတ်သွားခဲ့ပြီပင် ။ 

ယီယီက တက်ကြွကြွနှင့်ပင် ရှန်းပိုင်အားပိတ်ရက်၌ ယွမ်နှစ်ထောင်ကျော်တန်ဆူရှီလိုက်၀ယ်ကျွေးပါရန်ပူဆာနေတော့၏ ။

စူပါမားကတ်ရှိစျေး၀ယ်ခြင်းများမှာ လက်တွန်းလှည်းအသေးစားများကဲ့သို့ ပစ္စည်းများထည့်ပြီးနောက် လက်တစ်ဖက်တည်းဖြင့်တွန်း၍ ဟိုဟိုဒီဒီသွားလာနိုင်မည်ဖြစ်သည် ။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်ချန်ကျိုးက ရပ်လိုက်ကာညည်းတွားလာ၏ ။

" ဒီလိုကအဆင်မပြေဘူး "

" ဘာဖြစ်လို့လဲ ..."  

နှာခေါင်းစည်း၀တ်ထားသည့်မိန်းကလေးထံမှအသံတိုးတိုးလေးထွက်ပေါ်လာခဲ့ပြီး အသေအချာအာရုံမစိုက်ပါက ဆိုင်အတွင်းရှိသီချင်းသံများအောက်တွင် ဖုံးအုပ်ခံရ၍ပျောက်ကွယ်သွားနိုင်သည် ။

ချန်ကျိုးက လက်တွန်းလှည်းတန်းကိုလက်ဖြင့်ဆုပ်ကိုင်ပြကာ 

" ဒ်ီလိုသာသွားရမယ်ဆိုရင် ကိုယ်မင်းရဲ့လက်ကိုကိုင်ထားလို့မရတော့ဘူးလေ ... မင်းထွက်ပြေးသွားရင်ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ "

" ဘယ်မှမပြေးပါဘူး ..."

" ဒိီလိုလုပ်ရအောင် ..." 

ချန်ကျိုးက မတ်တပ်ရပ်နေသည့်သူမအားကောက်ချီမလိုက်ပြီးနောက် သူမအံ့သြနေသည့်အချိန်မှာပင် စျေး၀ယ်သည့်လက်တွန်းလှည်းခြင်းထဲသို့ ဂရုတစိုက်နှင့်ချပေးလိုက်သည် ။ 

ထို့နောက် အနောက်မှနေ၍ သူမ၏ နားနားသို့ကပ်ကာ ပူနွေးသည့်အသက်ရှုသံများကိုရှုထုတ်ရင်းပြောလာ၏။

" အခုတော့ ကိုယ့်မျက်စိရှေ့မှာရှိနေပြီ စိုးရိမ်စရာမလိုတော့ဘူး "

ထို့နောက်ထပ်မံစနောက်လာပြန်သည် ။ 

" ကိုယ့်မိသားစုရဲ့အဖိုးတန်လေးကိုသေသေချာချာစောင့်ရှောက်ရမယ်လေကွာ "

ရှန်းပိုင်မှာ ဖြတ်သွားဖြတ်လာများက သူမအားထူးထူးဆန်းဆန်းလူတစ်ယောက်ဟုထင်သွားမည်စိုးသဖြင့် ခေါင်းငုံ့ထား၍သာ ချန်ကျိုးအား တိုးတိုးလေးပြောလိုက်သည် ။ 

" ရှင် ...မစနဲ့တော့ ... "

" ကိုယ်စတော့ဘာဖြစ်မှာမို့လို့လဲလို့ " 

" အခြားသူတွေ ...မြင်သွားလိမ့်မယ် ..."

သူမမှာခေါင်းငုံ့ထားသောကြောင့် ထူထဲသည့်မျက်တောင်မွှေးလေးများကိုသာအပေါ်စိီးမှမြင်‌ေနရ၏ ။
 
" မကောင်းဘူးလေ ..."

စျေးခြင်းတွန်းလှည်းထဲမှ မိန်းမငယ်လေးကိုကြည့်၍ ချန်ကျိုးမှာ ကျေနပ်စွာဖြင့်နှုတ်ခမ်းသပ်လိုက်မိသည် ။ သူမအား စူပါမားကတ်တွင် ပထမဆုံးစတွေ့သည့်အချိန်ကတည်းက ဤကဲ့သို့ပြုလုပ်ချင်ခဲ့သည်ဖြစ်သဖြင့်ရင်ထဲမှကြိတ်ကျေနပ်နေလေ၏ ။

" ဒါဆိုရင်စျေးစ၀ယ်ကြရအောင် " 

သူမနောက်မှအမျိုးသားက ကျေနပ်အားရစွာရယ်မောပြီးပြောသည်ကိုကြားလိုက်ရသည် ။ 

" ကိုယ့်စျေးခြင်းက သူများတွေစျေးခြင်းနဲ့မတူဘူး ... ကိုယ့်စျေးခြင်းထဲမှာ ကမ္ဘာပေါ်မှာအကောင်းဆုံးစားစရာလေးတစ်ခုပါနေတယ်လေ "

——

အိမ်အပြန်လမ်းတွင် တစ်ဖက်တစ်ချပ်စီရှိတောက်ပနေသည့် မီးရောင်များအောက်၌ သန်မာသည့်အမျိုးသားတစ်ဦးက လက်တစ်ဖက်ကစျေး၀ယ်အိတ်အလေးကြီးများကိုသာသာယာယာဆွဲ၍ ကျန်လက်တစ်ဖက်ကမူချစ်ရသူ၏ လက်ကိုဆွဲကိုင်လို့ထား၏ ။ ဘေးချင်းယှဥ်လျှောက်နေကာစကားမပြောသော်လည်း နွေးထွေးမှုအပြည့်နှင့်ပင် ။ 

ထိုသာယာနေသည့်အချိန်လေးအား ရှန်းပိုင်၏ရုတ်တရက် ဖုန်းမြည်သံကဆူညံသွားစေသည် ။ သူမဖွင့်ကြည့်လိုက်သည့်အခါ ပူးပေါင်းလုပ်ဆောင်နေသည့် အန်နီမေးရှင်းကုမ္ပဏီမှ ပေးပို့လာသည့်ဗီဒီယိုအတိုတစ်ခုပင်ဖြစ်သည် ။ ရှန်းပိုင် ထိုဗီဒီယိုအားကြည့်ပြီးနောက် ငိုချလုနီးနီးပင်ဖြစ်သွားရ၏ ။

မြို့တော်ကြီးတစ်ခုလုံးမှာ အပျက်အဆီးများထဲတွင်နစ်မြုပ်နေပြီး အခြေစိုက်စခန်း၏ မျှော်လင့်ချက်ဖြစ်သော မွေးဖွားလာသည့်ကလေးငယ်မှာ လူများစွာကိုစိတ်သက်သာရာရစေခဲ့သည် ။ 

ငယ်ရွယ်သည့်ဖခင်ဖြစ်သူက ကလေးငယ်လေးအားသူ၏ လက်ထဲတွင်ပွေ့ပိုက်ထားပြီး ပါမောက္ခဖြစ်သူက ထိုအမျိုးသားအား ကလေးငယ်ကိုပြောချင်သည့်စကားရှိသလားဟုမေးနေလေ၏ ။ 

အခြေစိုက်စခန်းရှိလူတိုင်း၏ မျက်၀န်းထဲတွင်မျက်ရည်များဖြင့်စိုစွတ်နေပြီး ထိုအမျိုးသားက ကလေးငယ်ကိုနမ်းရှုံ့ပြီးနောက်ပြောလိုက်သည် ။

" ငြိမ်ချမ်းတဲ့ သာမန်ဘ၀လေးမှာနေနိုင်ဖို့ဆုတောင်းမိတယ် "

ထိုနေရာမှာ စာအုပ်၏ ကျော်ကြားဆုံးအပိုင်းတစ်ခုပင် ။ ရှန်းပိုင်ငြိမ်နေသောကြောင့် ချန်ကျိုးကမေးလိုက်သည်။ 

" ဘာဖြစ်လို့လဲ "

ရှန်းပိုင်က မျက်ရည်များကိုသုတ်လိုက်ပြီးနောက် ချန်ကျိုးအားခေါင်းခါပြလိုက်သည် ။ သူမမပြောချင်သည့်အရာကို ပြောဆိုရန် ချန်ကျိုးဘက်မှလည်းအတင်းအကြပ်တွန်းအားပေးမည်မဟုတ်ပေ ။ ထိုနေ့က စာကြည့်တိုက်အတွင်း ယီယီပြောပြခဲ့သည့်အကြောင်းများကိုပြန်တွေးမိသွားသဖြင့်သူမ ၏ နောက်ဆုံးသောအကာအကွယ်စည်းကိုမချိုးဖျက်ချင်‌ေပ။ 

သူမဘက်မှထုတ်ပြောရန်ဆန္ဒရှိသည့်နေ့တွင် စိတ်ရှည်လက်ရှည်ဖြင့်ပြောသမျှကိုထိုင်နားထောင်ပေးမည်ဖြစ်သည် ။ သူမဖွင့်မပြောချင်သေးသောကြောင့် သူမသဘောအတိုင်းသာဖြစ်စေရမည် ။

——

ဂျူလိုင်လ၌ ကာတွန်းပြပွဲကို မြို့တော်၌ ကျင်းပလေသည် ။ ကာတွန်းရေးဆွဲသူများ၏ ပြပွဲဖြစ်သဖြင့် လက်မှတ်ထိုးရန်ကာတွန်းဆရာခြောက်ယောက်ကိုဖိတ်ခေါ်ထား၏ ။ ရှန်းပိုင်အား ပြပွဲသို့ဖိတ်ခေါ်ရန်အတွက် ယီယီမှ အသေအကြေပြောဆိုပြီးသောအခါမှသာ ဖိတ်ခေါ်နိုင်ခဲ့သည် ။ 

အခြားသောသဘောတူညီချက်များစွာရှိသော်လည်း အဓိကအချက်မှာရှန်းပိုင်၏ မျက်နှာကိုလုံး၀မဖော်ပြဟူသည့်အချက်ပင် ။ ချန်ကျိုးက ရှန်းပိုင်အား ခန်းမအလယ်အထိလိုက်ပို့ပေးပြီးနောက် ယီယီက သူမအားလက်မှတ်ထိုးရန်ခုံသို့ဆွဲခေါ်သွားလေသည် ။

ချန်ကျိုးမှာ ရှန်းပိုင်သောက်လက်စ နို့လက်ဖက်ရည်ခွက်ကလေးကိုကိုင်၍ ထွက်ခွာသွားသည့်နောက်ကျောလေးကိုကြည့်ကာ ရယ်မောလိုက်သည် ။ 

ရာသီဥတုသာယာသောကြောင့် ခန်းမအတွင်းအပြင်လူအပြည့်နှင့်ဖြစ်၏ ။ လက်မှတ်ထိုးပွဲအခမ်းအနားမှာ ခြောက်နာရီတွင်တရား၀င်စတင်မည်ဖြစ်ပြီး အခြားသောကာတွန်းဆရာများမှာ ဖက်ရှင်အပြည့်ဖြင့်ထိုင်ခုံတွင်နေရာယူနေကြပြီဖြစ်သည် ။ ရှန်းပိုင်တစ်ယောက်သာ မက်စ်တပ်ထားပြီး မျက်နှာကိုမဖော်ပြထားပေ ။

အမာခံပရိသတ်များစွာက စာတန်းများပါ၀င်သည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ထားပြီး အများစုမှာ ' ရှန်းပိုင် ငါတို့မင်းကိုချစ်တယ် ' ဟုသာဖြစ်၏ ။ အမျိုးသားများသာမက အမျိုးသမီးပရိသတ်များစွာကပါ နီယွန်မီးချောင်းများကိုကိုင်ဆောင်ထားပြီးအော်ဟစ်ကာအားပေးနေကြလေသည် ။ 

အခြားသူများကဲ့သို့တောက်တောက်ပပပြုံး၍ ပရိသတ်များကိုစကားပြောဆိုခြင်းမပြုနိုင်သောကြောင့် ခေါင်းငုံ့၍သာနေ၏ ။ ကာတွန်းဆရာကတိတ်ဆိတ်နေပါသော်လည်း ပရိသတ်များက စိတ်အားထက်သန်နေစေကာမူ သူမစိတ်အနှောင့်အယှက်ဖြစ်စေမည့်အရာများကိုမပြုလုပ်ကြချေ ။ 

ယီယီသည်လည်းအလုပ်များနေသဖြင့်ရှန်းပိုင်အား အချိန်မပေးနိုင်ချေ ။ သူမက ကာတွန်းစာအုပ်များကိုစီပေးပြီးနောက် အမည်ကဒ်ကိုချပေးကာ နှစ်သိမ့်ပေးလာ၏ ။

" တစ်ခုခုဖြစ်လို့လား "

" နေလို့မကောင်းဘူး "

" စိတ်လှုပ်ရှားနေတာပုံမှန်ပါပဲ .... စိတ်မပူနဲ့နော် ခဏလေးနဲ့ပြီးသွားမှာ ... ခဏလောက်နေရင်လက်မှတ်ထိုးပွဲစတော့မယ် "

ထိုသို့ပြောပြီးနောက် ထပ်မံ၍ဟိုဟိုဒီဒီပြေးလွှားရပြန်သည် ။ ရှန်းပိုင်မှာ လုပ်စရာအထွေအထူးမရှိသဖြင့် ၀ီချက်ဖွင့်ကြည့်လိုက်သည့်အခါ၌ သူမထံသို့အကြောင်းကြားစာတစ်စောင်၀င်ထားကြောင်းတွေ့လိုက်ရသည် ။ 

ဖွင့်ကြည့်လိုက်သည့်အခါ၌ သူမကိုကလေးဆန်ဆန်အမည်တစ်ခုပြောင်းပေးထားကြောင်းတွေ့လိုက်ရသဖြင့် ရှန်းပိုင်မှာ အလွန်ပျော်မြူးနေလေ၏ ။ တစ်ယောက်ယောက်က သူမအားထူးခြားသည့်အမည်လေးဖြင့်မှတ်သားထားခြင်းကိုလိုချင်ခဲ့သည်မှာ အလွန်ကြာပြီပင် ။

ထပ်မံပေးပို့လာသည့် စကားမှာ သူမအားစိတ်သက်သာရာရစေ၏ ။

" စိတ်မလှုပ်ရှားနဲ့ ကိုယ်ဒီမှာရှိတယ် "

သူမ ပရိသတ်များကြားထဲသို့မော့ကြည့်လိုက်သောအခါ လူအုပ်ကြီး၏ ရှေ့၌ ရပ်နေသည့်ချန်ကျိုးအားတွေ့လိုက်ရသည် ။ ထူးခြားသည့်ရုပ်ရည်သွင်ပြင်နှင့်အရပ်ကြောင့် လူအများကြားထဲမှာပင် အလွယ်တကူမျက်စိဖမ်းစားဖွယ်ဖြစ်နေ၏ ။ နှာခေါင်းစည်း၀တ်ဆင်ထားသော်လည်း ကွေးညွတ်သွားသည်မျက်၀န်းများကြောင့် သူမအားပြုံးပြလိုက်မှန်းသိသွားသောကြောင့် ပျော်ပျော်ရွှင်ရွှင်သာစာပြန်လိုက်သည် ။ 

" ကျွန်မကြိုးစားပါ့မယ် ><"

" မင်းလုပ်နိုင်မှာပါ "

" အွန်း ……"

" မင်းရဲ့အခန့်ညားဆုံးအမာခံပရိသတ်လေးကမျက်စိရှေ့မှာလာအားပေးနေပြီလေ ... သေချာပေါက်လုပ်နိုင်မှာပါ "

ရှန်းပိုင်လည်း အားပါးတရရယ်မောမိ၏ ။ လက်မှတ်ထိုးရန်စတင်တော့မည်ဖြစ်ကာ အစီအစဥ်တင်ဆက်သူကစင်ပေါ်တက်လာနေပြီဖြစ်သောကြောင့် ဖုန်းကိုချ၍ အသင့်အနေအထားဖြင့်ကျောမတ်မတ်ထိုင်လိုက်သည် ။ 

ပရိသတ်များနှင့်တွေ့ဆုံ၍ လက်မှတ်ထိုးခြင်းမစမှီဖိတ်ခေါ်ထားသည့်အထူးဧည့်သည်များနှင့်အတူ အကြိုအင်တာဗျူးသည့်အစီအစဥ်တစ်ခုပါရှိသည် ။ ဤအစီအစဥ်မှာအခြားသောကာတွန်းဆရာများ၏ ပရိသတ်များကိုပါအချင်းချင်းရင်းနှီးစေလိုခြင်းဖြစ်ကာ ကာတွန်းဆရာများ၏ ကိုယ်ပိုင်အကျင့်စရိုက်နှင့်ပက်သက်၍ ပရိသတ်များအနည်းနှင့်အများဆိုသလိုသိရှိစေရန်ဖြစ်၏ ။ 

အစီအစဥ်တင်ဆက်သူ : " ဒီနေရာကိုလာရောက်ကြတဲ့လူတွေအကုန်လုံးက အမာခံပရိသတ်တွေမှန်းသိသာပါတယ် ... ကိုယ်သဘောကျရတဲ့ ကာတွန်းဆရာနဲ့ပက်သက်ပြီးသိချင်တဲ့အကြောင်းတွေကိုမေးခွန်းလေးတွေမေးမြန်းကြပါစို့လား..."

ပထမဆုံးအမျိုးသား ကာတွန်းဆရာမှာအနည်းငယ်၀ပြီးမျက်မှန်နှင့်အမျိုးသားဖြစ်ကာ ထိုသူကခေါင်းကုတ်၍ ပြောလာ၏ ။

" ငါ့မှာ မိန်းမနဲ့ကလေးရှိပြီးသား ပေါက်ကရအစီအစဥ်တွေမှာ မပါနိုင်ဘူးနော် ... အိမ်ပြန်ရောက်ရင်အသတ်ခံရလိမ့်မယ် "

အစီအစဥ်တင်ဆက်သူ : " ဒါဆိုလဲ မနှောင့်ယှက်တော့ပါဘူးဗျာ ... ကျွန်တော်လဲ အိမ်ကမိန်းမကိုအရမ်းကြောက် ... အဲအရမ်းချစ်ရတာ ."

ပရိသတ်များမှာ ၀က်၀က်ကွဲရယ်မောကြကုန်၏ ။ ဒုတိယတစ်ယောက်မှာ ပိုနီတေးပုံစံဆံပင်စည်းထားသည့်ကောင်မလေးတစ်ယောက်ဖြစ်ကာ ငယ်ရွယ်တက်ကြွရွှင်လန်းသည့်မျက်နှာပိုင်ရှင်လေးဖြစ်သည် ။

" တွေ့ရတာ၀မ်းသာပါတယ် ... ကျွန်မကတော့ အမျိုးသမီးသူရဲကောင်း ကာတွန်းရဲ့ရေးဆွဲသူပါ "

တတိယမြောက်မှာရှန်းပိုင်၏ အလှည့်ဖြစ်သည် ။ မီလီယံနှင့်ချီ၍ ရောင်းအားကောင်းသည့်အပြင် အန်နီမေးရှင်းနှင့်ရုပ်ရှင်အဖြစ်ပါပြန်လည်ရိုက်ကူးနေသည့် ပျောက်ဆုံးနေသောမြို့တော်၏ မူရင်းဖန်တီးသူမှာ ပရိသတ်များ၏ ခန့်မှန်းချက်နှင့်ကွဲလွဲစွာဖြင့် သေးသေးကွေးကွေးကောင်မလေးတစ်ယောက်ဖြစ်နေ၏ ။

အစီအစဥ်တင်ဆက်သူက ရှန်းပိုင်အားမိတ်ဆက်ပေးလိုက်သည် ။ 

" အကုန်လုံးလည်း ကျွန်တော့်လိုအံ့သြနေကြလိမ့်မယ်လို့ထင်ပါတယ် ... သွေးသံရဲရဲဇာတ်ကွက်တွေရဲ့နောက်ကဖန်တီးရှင်က ဒီလိုမျိုးမိန်းမငယ်လေးဖြစ်လိမ့်မယ်လို့မမျှော်လင့်ထားကြဘူးမလား ... ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ ပါးစပ်တွေကိုစိပေးကြပါဦး ... "

ရှန်းပိုင်၏ အောင်မြင်မှုမှာ သာမန်မဟုတ်ကြောင်းကန်းနေသည့်သူပင်သိနိုင်၏ ။ သူမအလှည့်၌ ထွက်ပေါ်လာသည့်အားပေးသံများမှာ အချိန်အတော်ကြာသည့်တိုင်ရပ်တန့်မသွားချေ ။ 

ရှန်းပိုင်ကမတ်တပ်ရပ်ကာနှုတ်ဆက်ပြီးနောက် ခေါင်းငုံ့၍ သူမ၏ ရင်ထဲမှပရိသတ်တစ်ဦးချင်းစီကိုကျေးဇူးတင်နေမိ၏ ။ ဤကဲ့သို့အလွန်တက်ကြွနေသူများအား မည်ကဲ့သို့ပြန်လည်တုံ့ပြန်ရမည်ကိုသူမမသိတော့ပေ ။ 

" ကြည့်ရတာ ဆရာမရှန်းက အရမ်းရှက်တတ်တယ်ထင်တယ် ... "

ပရိသတ်များက အရူးအမူးအော်ဟစ်အားပေးနေကြလေသည် ။ ရှန်းပိုင်ကဲ့သို့ ချစ်စရာကောင်းသည့်ကာတွန်းဆရာတစ်ယောက်အား လူအများက၀ိုင်း၀န်းချစ်ခင်ပေးကြသည်မှာထိုက်တန်၏ ။

အစီအစဥ်တင်ဆက်သူက ရှန်းပိုင်၏ စိတ်ကူးယဥ်ထားသည့်လက်တွဲဖော်ပုံစံအားမေးသောအခါ ပြန်ဖြေချင်ပါသော်လည်း စကားပြောရန်မ၀ံ့မရဲဖြစ်နေရသောကြောင့် အစီအစဥ်တင်ဆက်သူအားအသံတိုးတိုးလေးဖြင့်မေးလိုက်သည် ။ 

" ကျွန်မ စာနဲ့ရေးပြလို့ရမလား "

၀န်ထမ်းတစ်ဦးက အနက်ရောင်စာရွက်တစ်ထပ်ကိုလာပေးသောအခါ ရှန်းပိုင်စာစရေးတော့သည် ။ သူမ၏ စာရွက်ကိုကင်မရာဖြင့်ချိန်ထားသဖြင့် ပွဲ၏နောက်ခံစခရင်ပေါ်၌ စာသားများပေါ်လာခဲ့၏ ။

" မူလအရသာထက် 30 %ပို၍ ချိုမြိန်သော "

လက်ရေးလက်သားမှာလှပသော်ငြား အမြန်ရေးသားထားရပုံပင် ။ လူအုပ်ကြီးတစ်အုပ်လုံးငြိမ်ကျသွားပြီး အစီအစဥ်တင်ဆက်သူပင်လျှင်မည်သို့ပြန်လည်တုန့်ပြန်ရမည်မတွေးတတ်တော့ချေ ။ 

" ခန့်မှန်းကြည့်ရသလောက်ဆိုရင် အဲ့တာနို့လက်ဖက်ရည်ရဲ့အရသာ ဟုတ်တယ်မလား "

ရှန်းပိုင်က ဟုတ်မှန်ကြောင်းခေါင်းညိမ့်ပြလိုက်သည် ။ 

" ဟားဟားဟား ကျွန်တော်တို့ရဲ့ မစ္စရှန်းက တကယ်စိတ်ကူးယဥ်ဆန်တာပဲ "

သူမ၏ အပြုအမူက ပျောက်ဆုံးနေသောမြို့တော်စာအုပ်ထဲမှ ဇာတ်ကောင်တစ်ကောင်နှင့်တူညီနေသဖြင့် စာဖတ်သူများမှာစာအုပ်ဖတ်စဥ်ကအမှတ်တရများကိုပြန်တွေးမိသွားကာပြုံးမိကြလေသည် ။ 

စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်ပြီး သူမ၏ရင်ဘတ်ကိုပုတ်လိုက်သည် ။ ထို့နောက် ချန်ကျိုးအားလှမ်းကြည့်လိုက်သည့်အခါ၌ ထိုအမျိုးသားက မူလနေရာတွင်ရပ်နေဆဲဖြစ်သည့်အပြင် သူမအားတောက်လျှောက်ငေးကြည့်နေခဲ့ကြောင်းတွေ့လိုက်ရသည် ။

ဆူညံနေသည့်လူအုပ်ကြီး၏ အလယ်၌ ချန်ကျိုးမှာ တိတ်တဆိတ်သာရပ်၍ သူမအားကြည့်နေခဲ့၏ ။ အမျိုးသားက သူမအား ပြုံးပြလာသောအခါ၌ ရှန်းပိုင်မှာ ရှက်သွေးဖြာလာရပြန်သည် ။ တစ်ဦးနှင့်တစ်ဦး အချိန်အတော်ကြာ စိုက်ကြည့်နေကြမိပြီးနောက်မှာ အချင်းချင်းအပြန်အလှန်ပြုံးပြလိုက်ကြသည် ။

အခြားသူများနားလည်သည်ဖြစ်စေ နားမလည်ကြသည်ဖြစ်စေ အရေးမကြီး‌ေပ။ သူမ၏ ရည်ရွယ်ချက်အား ထိုအမျိုးသားတစ်ယောက်တည်းနားလည်နိုင်မည်ဆိုလျှင်ကျေနပ်ပြီဖြစ်သည် ။ 

ဒီကမ္ဘာကြီးမှာ .... လူတွေသန်းပေါင်းများစွာရဲ့ကြားထဲမှာ .. .ကိုယ်မင်းကိုသိစေချင်တာက ဘယ်လောက်ပဲအရောင်အသွေးစုံတဲ့ပန်းတွေများပါစေ ... ကိုယ့်ရဲ့အကြည့်ကမင်းတစ်ယောက်တည်းရဲ့အပေါ်မှာပဲ ...

ကျွန်မလည်းသိစေချင်တာက ဘယ်လောက်ပဲချိုမြိန်တဲ့အရသာတွေဖြစ်ပါစေ ... ရှင်တစ်ယောက်တည်းကိုပဲ ...

—— ပြီးပါပြီ ——

မူရင်းစာရေးသူမှာပြောစရာလေးရှိပါတယ် : ဒီလိုနဲ့အဆုံးသတ်သွားခဲ့ပါပြီ ဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ... အားလပ်တဲ့အချိန်တွေကျရင် ငါ့ရဲ့ဝေပေါ်အကောင့်လေးဆီလာလည်ကြပါဦး.... @七宝 

( ဘာသာပြန်သူမှာလည်းပြောစရာလေးရှိပါတယ် : တိုတိုလေးပေမဲ့ချိုချိုလေးပါပဲ ဘာသာပြန်တိုင်းနို့လက်ဖက်ရည်သောက်ချင်လိုက်တာမှဆိုတာ ... တစ်စုံတစ်ရာအမှားအယွင်းရှိသွားခဲ့ရင်တောင်းပန်ပါတယ်နော် ... ဖတ်ရတာပေါ့သွားရင်လဲချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးကြပါကုန် 🐳❤️)


Translate by Mori Sue❤️