အပိုင်း ၂၁
Viewers 7k

#sweet 
Chapter ( 21 )

အချိန်မည်မျှကြာသည်အထိ အနမ်းခံနေရသည်ကိုပင် သူမ မသိတော့ပေ ။

ရှည်ကြာသည့်အနမ်းတစ်ခုပြီးဆုံးသည့်အချိန်၌ ရှန်းပိုင်မှာ အမှန်ပင်အားမရှိတော့ဘဲ တစ်ကိုယ်လုံးပျော့ခွေနေသည့်အပြင် ချန်ကျိုး၏ လည်ပင်းအားအသေအလဲဖက်တွယ်ထားမိ၏ ။အမျိုးသားကသူမအားလွှတ်ပေးလိုက်သည့်အချိန်၌ ပါးပြင်တစ်ခုလုံးနီရဲနေသည့်အပြင် မျက်၀န်းထဲတွင်လည်းမျက်ရည်များ၀ဲနေလေသည် ။ 

အသည်းအသန်အသက်ရှုရင်းဖြင့် သူမ၏ရင်ဘက်ရှေ့တွင်လက်နှစ်ဖက်ကိုယှက်၍ကာကွယ်လိုက်ကာ ခန္ဓာကိုယ်ကိုပုဇွန်လေးကဲ့သို့ကွေးလိုက်သည် ။

ရှန်းပိုင်မှာ ရှက်လွန်း၍ သူမရှေ့ရှိအမျိုးသားအားစေ့စေ့မကြည့်ရဲ‌ချေ ။ ချန်ကျိုးက သူမအားစိုက်ကြည့်နေကြောင်းကိုသိသဖြင့် အခါတစ်ရာပြန်သတ္တိရှိလျှင်တောင် မော့ကြည့်မည်မဟုတ်ပေ ။ ချန်ကျိုး၏ အသံမှာသာမန်အချိန်များကဲ့သို့နွေးထွေးသော်လည်း အဓိပ္ပာယ်ဖော်ပြမရသည့် အက်ရှမှုအချို့လည်းပါ၀င်နေ‌ေလသည်။

" ရှန်းပိုင်လေး "

ချန်ကျိုး၏ ခေါ်သံကိုကြားသော်လည်း ရှက်ရွံ့နေသဖြင့် ကြားကြောင်းခေါင်းသာညိမ့်ပြလိုက်သည် ။ 

" ဂုံးကောင်လေး "

ချန်ကျိုးက သူမအားအမည်ပြောင်ပေါင်းစုံဖြင့်စနောက်နေသည်ကို ရှန်းပိုင်ကဆက်တိုက်ခေါင်းညိမ့်၍သာတုန့်ပြန်နေ၏ ။

" ဂုံးကောင်လေးလို့ "

ရှန်းပိုင် : "..."

ချန်ကျိုးက သူမအားတောက်လျောက်စနောက်နေ ရ၍ စိတ်အခြေအနေအလွန်ကောင်းနေပုံရသဖြင့် အေးစက်နေသည့်မျက်နှာထက်၌ နွေးထွေးသည့်အပြုံးပန်းများပွင့်လန်းနေလေ၏ ။ 

ချန်ကျိုးက သူမ၏ဘေးတွင်၀င်ထိုင်လာသည် ။ သူ၏ခြေထောက်များမှာရှည်လျားသောကြောင့် အနည်းငယ်ဆန့်ထုတ်လိုက်ရုံဖြင့်ပင် ကြမ်းပြင်ကိုထိသွားနိုင်၏ ။ တွဲလောင်းချ၍ လှုပ်ယမ်းလျှင်တောင် ထိရန်အဝေးကြီးလိုနေသေးသည့် သူမ၏ ပုတိုတိုခြေထောက်များနှင့်တခြားစီပင် ။

နှစ်ယောက်သားဘေးချင်းယှဥ်ကာ ငြိမ်ငြိမ်လေးထိုင်နေကြပြီး အခန်းတစ်ခုလုံးတွင်ရေပိုက်မှရေကျသံကိုသာကြားရလေသည် ။ ခဏကြာသောအခါ ချန်းကျိုးက လက်သီးဆုပ်သေးသေးလေးအဖြစ်ဆုပ်ထားသည့်သူမ၏ လက်များကိုဆွဲယူလိုက်သည် ။

သူမ မတုန့်ပြန်နိုင်သေးခင်မှာပင် လက်သေးသေးလေးမှာ ချန်ကျိုး၏ လက်ဖ၀ါးအကြီးကြီးဖြင့်ဆုပ်ကိုင်ခြင်းကိုခံလိုက်ရသည် ။ အမျိုးသား၏ အပြုအမူမှာအနည်းငယ်ပိုင်စိုးပိုင်နင်းဆန်သည်ဟုထင်ရသော်လည်း ဖီလာအားဖြင့်မထင်မှတ်ဖွယ်နူးညံ့နေလေ၏ ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ချန်ကျိုး၏ လွှမ်းမိုးနိုင်စွမ်းမှာအလွန်မြင့်မားလေသည် ။ ရှန်းပိုင်အတွက်မူအရာအားလုံးကစိတ်ကူးယဥ်ဆန်သည်ထက်ပင် ပိုမို၍ စိတ်ကူးယဥ်ဆန်နေလေ၏ ။

ခပ်မှိန်မှိန်တောက်ပနေသည့်နီယွန်မီးရောင်များအပြင် ကြမ်းပြင်ပေါ်ရှိရေကွက်များပေါ်၌ လရောင်ဖျော့ဖျော့ထင်ဟပ်နေပုံမှာ နတ်သမီးပုံပြင်များထဲကအတိုင်းပင်။ 

" ကြမ်းပြင်ပေါ်က ... ဘယ်လိုလုပ်မှာလဲ ..."

" ရှုး " 

ချန်ကျိုး ကမျက်နှာတည်ဖြင့်

" ပင်လယ်ကြီးကိုကြည့်လိုက် "

ရှန်းပိုင်က ချန်ကျိုး၏ စိတ်ကူးယဥ်ဆန်ဆန်အတွေးကြောင့် ပြုံးလိုက်မိကာ သူမ၏ ပျော်ရွှင်နေသည့်အမူအယာကိုမဖုံးဖိထားနိုင်‌ေတာ့ချေ ။

သူမ၏ ဘေးမှနွေးထွေးသည့်အမျိုးသားနှင့်သာဆိုလျှင် ဤပင်လယ်အတုအား အချိန်အကြာကြီးသာမက တစ်ညလုံးထိုင်ကြည့်ရမည်ဆိုလျှင်ပင် ငြီးငွေ့သည်ဟုခံစားမိမည်မဟုတ်ပေ ။

——

တစ်လအကြာ၌ ' သက်တံ့ရောင်စီးရီး ' ကိုဆိုင်တွင်တရား၀င်စတင်ရောင်းချပြီဖြစ်သည် ။ ထူးခြားပြီးချစ်ဖို့ကောင်းသောရွေးချယ်စရာအမျိုးမျိုးသာမက အရသာမှာလည်း ချိုသည်ဆိုသော်ငြားလည်း အီမသွား‌ေပ။ မျှော်လင့်ထားသည်ထက်ပင် ပိုမိိုရောင်းကောင်းအောင်မြင်၏ ။

ကဖေးက အွန်လိုင်းပေါ်တွင်ကြေငြာခြင်းမပြုခဲ့သော်လည်း စားသုံးသူများ၏ အချင်းချင်းပြန်လည်ဝေမျှမှုဓာတ်ပုံများကြောင့် ချစ်စရာကောင်းသည့်ခွက်ကလေးများမှာ အချိန်တိုအတွင်းကျော်ကြားသွားလေသည် ။

ဝေပေါ် တွင်တစ်သောင်းထက်မနည်းသည့်အားပေးထောက်ခံသည့်မှတ်ချက်များရရှိခဲ့ပြီး hot search ၏ နံပါတ်၅၀အတွင်းပင်၀င်ရောက်နိုင်သွားသည် ။ ပြည်တွင်းစားသုံးသူများသာမက အချို့သော နိုင်ငံခြားသားခရီးသည်များပင်လျှင် တူညီသည့်စီးရီးထဲမှခွက်များကိုစုဆောင်းရန်အတွက် တကူးတကအလည်လာရောက်ကြ၏ ။

အမျိုးသမီးစားသုံးသူအချို့ကလည်း ကဖေးဆိုင်ပိုင်ရှင်မှာ အလွန်ချောမောကြောင်းသတင်းဖြန့်ရန်မမေ့ကြသဖြင့် ကဖေးကျော်ကြားရသည့်အကြောင်းအရင်းထဲ၌ ချန်ကျိုး၏ ချောမောမှုသည်လည်းတစ်ခုအပါအ၀င်ဖြစ်၏ ။ ချန်ကျိုး၏ ဓာတ်ပုံများကိုပါ စီးရီးထဲမှခွက်ကလေးများနှင့်အတူတင်၍ ကြေငြာထားသောကြောင့် ချန်ကျိုးမှာ သာမန်မော်ဒယ်တစ်ယောက်နီးနီးအမည်ကျော်ကြားသွားလေသည် ။ 

ရလဒ်အနေဖြင့် ကျုံးရီကဖေး၏ ပင်မ၀က်ဘ်ဆိုဒ်စာမျက်နှာ၌ ' ချမ်းသာသည့်အမျိုးသမီးဖန်များ ' များစွာတိုးပွားလေသည် ။ ကောမန့်များ သည်လည်း အချိန်နှင့်အမျှတိုးပွားလာ၏ ။

" ဘာလို့ ဆိုင်ရှင်ရဲ့ကာရိုက်တာကနို့လက်ဖက်ရည်ဖြစ်လောက်မယ်လို့ တွေးမိနေတာလဲမသိဘူး "

" အား... ဆိုင်ရှင်က ငါ့ရဲ့အနာဂတ်ခင်ပွန်းလောင်းစံပြပုံစံပဲ "

" တကယ်လို့သာ နေ့တိုင်းအဲလိုချောမောတဲ့မျက်နှာလေးကိုကြည့်ရင်း နို့လက်ဖက်ရည်သောက်ရမယ်ဆိုရင် ... ပေါင်တစ်ရာလောက်တက်လာမယ်ဆိုရင်တောင်ကျေကျေနပ်နပ်ကြီးကိုလက်ခံလိုက်မယ်ဟာ "

" ဆိုင်ရှင်ကိုရည်းစားရှိလားလို့ ထပ်မမေးကြပါနဲ့တော့ သူ့ရည်းစားကငါပါ "

...

ဝေပေါ်ပင်မ၀က်ဘ်ဆိုဒ်ကိုစာပြန်ရန်တာ၀န်ယူထားရသည့် မန်နေဂျာကျိုးခမျာ မနာလိုလွန်း၍အံတကြိတ်ကြိတ်ဖြင့်သာ သည်းခံ၍စာပြန်နေရသည် ။ ချန်ကျိုးကမူ ထိုသို့သောအရာများကိုတစ်စက်ကလေးမှဂရုမစိုက်ချေ ။ 

တစ်နေ့၌ ချန်ကျိုး ထုတ်ကုန်အသစ်ကိုစမ်းသပ်နေသည့်အချိန်တွင် မန်နေဂျာကျိုးက မက်ဆေ့ဘောက်စ်မှ ချန်ကျိုးအားလာရောက်ချစ်ရေးဆိုဖွင့်ပြောသည့်စာများစွာကြားထဲတွင်နစ်မြုပ်နေသည် ။ အတော်အတန်ကြာသောအခါမှသာ ကွန်ပျူတာကိုပိတ်၍ ချန်ကျိုးဘက်သို့လှည့်ကြည့်ကာပြောလာ၏ ။

" နောက်ဆုံးတစ်ခေါက် အင်တာဗျူးလာလုပ်သွားတဲ့ အစားအသောက်ရီဗျူးကုမ္ပဏီကဆောင်းပါးတစ်ခုတင်ထားတယ် မင်းဖတ်ကြည့်ချင်လား ... ခေါင်းစဥ်က ' နို့လက်ဖက်ရည်က အရည်အသွေးမပြည့်မှီဘူးလို့ဘယ်သူပြောလဲ ' တဲ့ "

ချန်ကျိုးက ရေခဲတုံးများကိုခွက်ထဲသို့ထည့်ကာ ခေါင်းပင်မမော့ဘဲပြောလာ၏ ။

" ပင်မဘလော့ကနေပြန်ဝေမျှလိုက် " 

" ဒါပေမဲ့ ..." 

မန်နေဂျာကျိုးက အနည်းငယ်တုံ့ဆိုင်းနေဟန်ဖြင့်

"... အကျိုးသက်ရောက်မှုရှိပါ့မလား ..."

" လုပ်လိုက်ပါဆို " 

ချန်ကျိုး၏ ဆုံးဖြတ်ချက်မှာပြတ်သားလှသောကြောင့် မန်နေဂျာကျိုးတစ်ယောက် ခိုင်းသည့်အတိုင်းလုပ်ရန်သာတတ်နိုင်ရှာ၏ ။

" အေးပါကွာ " 

——

တစ်ချိန်တည်းမှာပင် ရှန်းပိုင်လည်း ပင်မစာမျက်နှာထဲသို့၀င်၍ တိတ်တိတ်လေးလိုက်ကြည့်နေလေသည် ။ သူမကောင်လေး၏ စီးပွားရေးအလွန်ကောင်းမွန်ကျော်ကြားနေသည်ကိုပျော်ရွှင်မိပါသော်လည်း တစ်ဖက်တွင်မူ အနည်းငယ် စိတ်မချမ်းမသာဖြစ်နေရ၏ ။ချစ်စရာကောင်း၍ နူးညံ့သည့်ကောင်မလေးများသာမက ရင့်ကျက်တည်ငြိမ်လှပသည့်အမျိုးသမီးများစွာက ချန်ကျိုးအပေါ် သူတို့၏ ခံစားချက်များကိုလာရောက်၀န်ခံထားကြသည် ။ 

ထိုအမျိုးသမီးများနှင့် နှိုင်းယှဥ်လျှင်သူမ၏ ပုံစံမှာ မည်သူ့အတွက်မဆိုပျင်းစရာကောင်းလှသည် ။ စိတ်ဓာတ်ကျစွာဖြင့် ဟိုဟိုဒီဒီလိုက်ကြည့်မိနေသော်လည်း အချိန်ကုန်သည်ဟုခံစားရသဖြင့် ဖုန်းပိတ်၍ အာရုံစိုက်ပုံကြမ်းဆွဲရန်သာပြင်လိုက်သည် ။ 

ရှန်းပိုင်ပုံကြမ်းဆွဲပြီး သုံးစက္ကန့်မျှကြာသောအခါ ဖုန်းမှအချက်ပေးသံတစ်ခုထွက်ပေါ်လာ၏ ။ သူမယူကြည့်လိုက်သည့်အခါ ကဖေးဘလော့မှနောက်ဆုံးတင်ထားသည့်ဆောင်းပါးတစ်ပုဒ်ကိုပြန်လည်ဝေမျှထားကြောင်းတွေ့လိုက်ရသည် ။ 

ရှန်းပိုင်က ထိုဆောင်းပါးမှာစကားလုံးတစ်လုံးချင်းစီကိုပင် အသေအချာလိုက်လံဖတ်ရှုနေမိသည် ။ အရေးအသားအလွန်ကောင်းမွန်လှပြီး ဖော်ပြချက်များမှာကွက်ကွက်ကွင်းကွင်းရှိသည့်အပြင် စာရေးသူက ကဖေး၏ အမာခံပရိသတ်တစ်ယောက်ဖြစ်ကြောင်းပေါ်လွင်နေ၏ ။

 အင်တာဗျူးသူနှင့်ပြန်လည်ဖြေဆိုသူတို့၏ မေးခွန်းများနှင့်အဖြေများမှာ အလွန်စိတ်၀င်စားဖွယ်ကောင်းလှသောကြောင့် အချိန်တိုအတွင်းမှာပင် ဆောင်းပါးလည်း၀င်ရောက်ဖတ်ရှုသူအများဆုံးဖြစ်သွားပြန်၏ ။

ဆောင်းပါးအောက်ဆုံး၌ အင်တာဗျူးသူနှင့် ဖြေဆိုသူတို့၏ အမည်များကိုပါထည့်သွင်းဖော်ပြထားသည် ။ 

အင်တာဗျူးဖြေတဲ့... သူက ...

အမည်ကိုကြည့်ပြီးနောက် ရှန်းပိုင်၏ မျက်နှာထက်၌ ရူးကြောင်ကြောင်အပြုံးတစ်ပွင့်ပေါ်ထွက်လာလေ၏ ။

သူပဲ ....

အဲ့တာသူပဲ ....

သူမ၏ ချစ်သူကောင်လေးမှာ အလွန်ကျော်ကြားထက်မြက်သည့်အပြင် ရုပ်ရည်မှာလည်းအပြစ်ပြောစရာမရှိသောကြောင့် ရှန်းပိုင်တစ်ယောက် တွေးလေဂုဏ်ယူလေဖြစ်နေသည် ။

နောက်ဆုံး၌ အင်တာဗျူးသူကမေးခွန်းအနည်းငယ်ကိုထပ်မံမေးမြန်းထားသေး၏ ။

' သက်တံ့ရောင်စီးရီး ' ကသေချာပေါက်အောင်မြင်မှာလို့ အရင်ကရှင်တွေးဖူးလား ...

ချန်ကျိုး၏ အဖြေတွင်ဖုံးကွယ်ထားလိုမှုများရှိမ‌ေန‌ေပ။

" သေချာပေါက်ကိုအောင်မြင်မှာလို့ တွေးခဲ့တာပါ " 

"ရှင်ရဲ့ အတွေ့အကြုံအပေါ်အခြေခံပြီးတော့ စီးရီးထုတ်ဖို့ကိုစတင်ဖြစ်ခဲ့တာလား ..."

အဖြူအမည်းစာလုံးများသာဖြစ်သော်လည်း ရှန်းပိုင်မှာ ထိုအမျိုးသား၏ အဖြေမှအကြည့်မခွာနိုင်တော့ပေ။

" မဟုတ်ပါဘူး ... ကျွန်တော့်ကိုနောက်ကွယ်ကနေကူညီပေးနေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်လေ ( ရယ်လျှက် ) "

🐳


Xxxxxxx