အပိုင်း ၂၀
Viewers 7k

#sweet 
Chapter ( 20 )

ဤသို့ဖြင့် မနက်စာစားသည်မှာနာရီ၀က်နီးပါးကြာမြင့်သွား၏ ။

ချန်ကျိုးက အောက်ထပ်ရှိကဖေးသို့စစ်ဆေးရန်သွားပြီး ရှန်းပိုင်ကမူ ပုံကြမ်းဆွဲရန်အတွက်အခန်းထဲသို့ပြန်၀င်သွားလေသည် ။ သို့သော်လည်း အမှန်တစ်ကယ်၌ တစ်စက်ကလေးမှပင် အာရုံစိုက်၍မရချေ ။ အမျိုးသားနှင့်လက်ချောင်းများယှက်နွယ်ထားစဥ်ကခံစားခဲ့ရသည့်ခံစားမှုမှာ ယခုအချိန်အထိသူမ၏ လက်တွင်စွဲကျန်ရစ်နေသကဲ့သို့ခံစားရ၏ ။ ကံကောင်းစွာနှင့်ပင် ချန်ကျိုးကိုင်သွားသည့်လက်မှာ ဘယ်ဘက်သာဖြစ်နေပြီး ပုံဆွဲနေသည့်ညာလက်မဟုတ်၍သာတော်တော့သည် ။ 

ရှန်းပိုင်မှာ ကာလာပင်ကိုကိုင်၍ ရှက်သွေးဖြာနေ၏ ။ မနက်စာစားပြီးသည့်အချိန်၌ ချန်ကျိုးမှာ အားလပ်သည်ဟုဆိုကာ ပန်းကန်ဆေးပြီး စားပွဲကိုလည်း သူကိုယ်တိုင်သာသန့်ရှင်းရေးလုပ်ရင်း သူမကိုမေးလေသည် ။

" မင်းဒီနေ့ ကာတွန်းဆွဲမှာလား "

ရှန်းပိုင်ခေါင်းညိမ့်ပြလိုက်၏ ။

" ဒါဆိုအခန်းထဲပြန်တော့မှာလား "

ရှန်းပိုင်က ခေါင်းညိမ့်ပြပြီးနောက် သူမ၏ အခန်းဘက်သို့ လျှောက်သွားလေ၏ ။

ချန်ကျိုးလည်းထ၍ သူမ၏နောက်မှလိုက်လာသဖြင့် ရှန်းပိုင်မှာ အံ့သြသွားရသည် ။ ထို့ကြောင့် ရပ်ကာအသံတိုးတိုးလေးနှင့်မေးလိုက်၏ ။

" ရှင်တစ်ခုခုပြောစရာရှိလို့လား "

ချန်ကျိုးလည်းရပ်၍ တောက်တောက်ပပပြုံးကာဖြင့် သူမ၏မေးခွန်းကိုအလေးအနက်ထားဖြေလိုက်သည် ။ 

" မရှိပါဘူး ... ကိုယ့်ရဲ့ကောင်မလေးကို အလုပ်လိုက်ပို့ပေးနေတာလေကွာ "

ကောင်မလေး ...

ထိုစကားက ရှန်းပိုင်အား ခဏတာအတွေးများသွားစေပြီး နောက်မှသဘောပေါက်သွားရ၏ ။

ထမင်းစားစားပွဲနှင့် သူမ၏ အခန်းမှာ မီတာအနည်းငယ်သာကွာဝေးသည် ။ 

တကယ်ကို ...

အခန်းအထိလိုက်ပို့ရန်မလိုပါဘူးဟုပြောချင်သော်လည်း သူမ၏ နှလုံးသားလေးထဲ၌မူ ချိုမြိန်လွန်းလှသည့် ပျားရည်ပူပေါင်းလေးများ၀ဲပျံနေလေ၏ ။

အချစ်အကြောင်းဆိုတော့ ... ဘယ်လိုပြောရပါ့မလဲ ...

ချန်ကျိုးက သူမအားအလွန်အလေးအနက်ထား၍လိုက်ပို့လေသည် ။ 

တစ်ခုခုပြန်ပြီးတုံ့ပြန်သင့်လား ...
 
အူကြောင်ကြောင်ပုံစံဖြင့် ခုံပေါ်မှဖုန်းကိုယူပြီးနောက် ချန်ကျိုးထံ စာပို့လိုက်၏ ။

" ကဖေးမှာ အလုပ်မရှုပ်ဘူးလား "

ရိုးရှင်းသည့် စကားလုံးလေးများသာဖြစ်သော်လည်း ရှက်သွေးဖြာလာရပြန်သည် ။ ချန်ကျိုးဘက်မှ အမြန်စာပြန်လာသည် ။ 

" အဆင်ပြေပါတယ် ... နေ့လည်ခင်းလောက်မှသာနည်းနည်းအလုပ်များတာပါ "

ရှန်းပိုင်မှာ စိတ်ဓာတ်ကျသွားသောကြောင့် ခေါင်းငိုက်စိုက်ကျသွားရှာသည် ။ သူမက ချန်ကျိုး၏ အလုပ်နှင့်ပက်သက်၍ ဘာမှမသိသော်လည်း ချန်ကျိုးကမူ သူမ၏ အကြောင်းအားလုံးနီးပါးကိုသိနေ၏ ။ 

" အရမ်းလည်း ပင်ပန်းအောင်မလုပ်နဲ့ ..."

အရမ်းစိတ်ပူနေတဲ့ ပုံစံများပေါက်သွားလား ...

ရှန်းပိုင် မှာ နောက်ထပ်စကားလုံးအနည်းငယ်ထပ်ရိုက်ကာ မ၀ံ့မရဲဖြင့်ချန်ကျိုး ထံစာပို့ရန်ပြင်နေသည့်အချိန်တွင် သူမထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခု၀င်လာ၏ ။ အမည်ကိုကြည့်ပြီးနောက် ရှန်းပိုင်မှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် ။ ချန်ကျိုးက အောက်ထပ်မှသူမအားဖုန်းခေါ်နေခြင်းပင် ။ 

အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်ကာ အသံတိုးတိုးဖြင့်

" ဟယ်လို "

တစ်ဖက်မှအမျိုးသား၏ အသံမှာ ညင်သာကာတည်ငြိမ်နေ၏ ။ 

" ဟယ်လို ... နို့လက်ဖက်ရည်သောက်ချင်လား... ကိုယ်မင်းအခန်းတံခါးအရှေ့ထိလာပို့ပေးမယ်လေ 

" မသောက်တော့ပါဘူး ..."

ဖုန်းတစ်ဖက်မှ ထိုအမျိုးသားက ပြုံး၍ 

" ဟုတ်ပြီလေ ... ဒါဆိုနေ့လည်စာရောဘာစားချင်လဲ "

ရှန်းပိုင် : "..." 

သူမကိုယ်တိုင်လည်း ဘာစားချင်သည်မတွေးရသေးသောကြာင့် ချန်ကျိုးအား အထူးတလည်အလုပ်မရှုပ်စေချင်ပါပေ ။

" ဘာပဲဖြစ်ဖြစ်ရပါတယ် ..."

 ချန်ကျိုး : " အင်း "

နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုတို့ကြီးစိုးသွားပြန်၏ ။ ရှန်းပိုင်မှာ ချွေးစေးများထွက်၍ ငိုချင်နေတော့သည် ။

အား ... ဘာဆက်ပြောသင့်လဲ ...

ဘာပြောသင့်မှန်းငါတစ်ကယ်မသိဘူး ...

သွားပါပြီ ... သူငါ့ကို စကားပြောရတာအရမ်းလက်ပေါက်ကပ်တဲ့လူလို့များထင်သွားမလား ...

သို့သော်လည်း ချန်ကျိုးက စကား၀ိုင်းတစ်ခုစတင်ရန်အတင်းဖိအားမပေးပေ ။ 

" နေ့လည်ကျမှတွေ့ကြမယ်"

ရှန်းပိုင်မှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီးချလိုက်မိ၏ ။

" အင်း..."

ဖုန်းချပြီးသည့်အချိန်ထိ ရှန်းပိုင်မှာ အူကြောင်ကြောင့်ဖြင့်ဖုန်းကိုင်ထားဆဲဖြစ်သည် ။ 

ငါအခုလေးတင်အကြာကြီး ဖုန်းပြောလိုက်တာလား ...

မည်သည့်နေရာမှသတ္တိများထွက်လာသည်မသိသော်လည်း တစ်စုံတစ်ယောက်နှင့်ဤမျှအချိန်အကြာကြီးဖုန်းပြောဆိုသည်မှာ ပထမဆုံးအကြိမ်ပါပင် ။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာခုခံမှုသည်လည်း သာမန်အချိန်များလောက်မပြင်းထန်တော့ဘဲစကား၀ိုင်းတစ်ခုကိုအစမပြုနိုင်ခဲ့သော်လည်း အလိုက်သင့်တုံ့ပြန်နိိုင်ခဲ့၏။

ဖုန်းပြောရသည်မှာ ထင်သလောက်မခက်ခဲသည့်ပုံပင်။

——

ဤတစ်ပတ်တွင်အသစ်တင်သည့် ရှန်းပိုင်၏ ၀တ္ထုမှအပိုင်းအသစ်မှာ ကောမန့်ပေါင်းများစွာဖြင့် လူပြောများနေသည့်အပြင် ဆွေးနွေးသူထောင်ချီရှိနေ၏ ။ 
 
ကြမ်းတမ်းသည့် အမျိုးသားဇာတ်ကောင်နှစ်ယောက်၏ အချစ်ရေးခရီးလမ်းမှာ တိုးတက်ဖွယ်မရှိဟုထင်ခဲ့သော်လည်း စာရေးသူမှာအမှန်ပင် သူ၏ ရည်ရွယ်ချက်ကိုပြောင်းလဲပစ်ခဲ့ပုံရသည် ။ အထူးသဖြင့် ဇာတ်ကောင်များကြားရှိစကားပြောဟန်နှင့် ပုံဆွဲဟန်တို့ကြားထဲတွင်ပြောမတတ်သည့်အချစ်အရိပ်အငွေ့အသက်လေးများသမ်းနေလေသည် ။ အထူးသဖြင့် အမျိုးသားဇာတ်ကောင်များကြားရှိ ပုံမှန်မဟုတ်သည့်ဆက်ဆံရေးမျိုးကိုမျှော်လင့်နေသည့် အချို့သောအမျိုးသမီးစာဖတ်သူများအတွက်မူ သာယာသည့်နွေဦးကာလလေးသို့ရောက်လာပြီဟုပင်အော်ဟစ်နေကြလေ၏ ။

ထိုဆက်ဆံရေးမျိုးကိုလက်မခံသည့် အမျိုးသားအဖြောင့်စစ်စစ်များကမူ သူတို့၏ နတ်ဘုရားများကို ဒီတိုင်းလွှတ်ပေးထားရန်သာတောင်းဆိုနေကြပြီး CP fan များနှင့် CP fan မဟုတ်သူများကြားအကြီးအကျယ်အငြင်းပွားနေကြလေသည် ။ ဖြတ်သွားဖြတ်လာများပင် မနေနိုင်တော့ဘဲ စပ်စုမိသွားကြသဖြင့် စာဖတ်သူဦးရေမှာ အသိအသာကြီးကိုတိုးတက်လာ၏ ။

တည်းဖြတ်သူဖြစ်သည့် ယီယီပင် အခြေအနေကိုအတိအကျသိရရန်အတွက် ရှန်းပိုင်၏ လက်တွေ့ဘ၀မှအချစ်ရေးအခြေအနေကိုမေးမြန်ရတော့၏ ။

" ၀ိုး ... ငါလေ ငါ့ကိုယ်ငါ သမီးလက်ထပ်သွားတာကိုထိုင်ကြည့်နေရတဲ့ အမေအိုကြီးတစ်ယောက်လိုခံစားနေရတယ်သိလား ... နောက်ဆုံးတော့ ငါ့သမီးလေးက နှလုံးသားကိုကုစားပေးနိုင်မဲ့မင်းသားလေးကိုရှာတွေ့သွားရှာပြီပဲ "

ယီယီက အလွန်တက်ကြွစွာဖြင့်စပ်စုတော့သည် ။ 
 
" နင်တို့ဘယ်အဆင့်ထိရောက်ကြပြီလဲ ... နမ်းရောနမ်းပြီးပြီလား ...လက်ရောကိုင်ပြီးပြီလား ...ပြောပြလို့မရတဲ့ဟာလေးတွေရော "

ရှန်းပိုင် : "..."

ရှန်းပိုင်မှာ မျက်နှာနီရဲလျှက်ပြန်ဖြေလိုက်သည် ။ 
 
" ဘာမှမလုပ်ရသေးဘူး ..."

ရှန်းပိုင်က ထိုင်ခုံနောက်သို့မှီချလိုက်ပြီးနောက် ဤရက်ပိုင်းအတွင်း ချန်ကျိုးနှင့်ဖြတ်သန်းခဲ့သည့်အချိန်အားလုံးကိုပြန်စဥ်းစားနေမိသည် ။ ထမင်းအတူတူစား၍ ချန်ကျိုးကလည်း သူမသောက်ရန်အတွက် နေ့တိုင်းနို့လက်ဖက်ရည်ပြင်ပေး၏ ။
 
တစ်ယောက်ယောက်၏ ဂရုစိုက်ပေးမှုကိုခံစားရခြင်းမှာ နွေးထွေးသည်ထက်ပင်ပိုသောကြောင့် ရှန်းပိုင်မှာ လက်မလွှတ်နိုင်ဖြစ်နေရသည် ။ တစ်ဖက်သား၏ ဂရုစိုက်မှုနှင့် နွေးထွေးသည့်အပြုအမှုများ မှာသူမတစ်ဘ၀လုံးတွင်တစ်ခါမှမခံစားခဲ့ရဖူးသည့်အရာများပင်ဖြစ်သည် ။

——
ညဆယ်နာရီကျော်လောက်တွင် ချန်ကျိုးက ရှန်းပိုင်ကိုရှာရန် အပေါ်ထပ်သို့တက်လာ၏ ။" သက်တံ့ရောင်စီးရီး" ၏ ပရိုမိုးရှင်းနှင့်ရောင်းချမှု အစီအစဉ်မှာစတင်တော့မည်ဖြစ်သောကြောင့် မြည်းစမ်းရန်နှင့် အကြံဉာဏ်ပေးရန် သူ၏အရသာအကဲဖြတ်သုံးသပ်သူလေးကို တောင်းဆိုရမည်ဖြစ်သည်။

 ရှန်းပိုင်က အိပ်မပျော်သေးသောကြောင့်ချက်ချင်း ခေါင်းညိမ့်သဘောတူကာ အောက်ထပ်သို့ လိုက်လာသည်။

 ဤနေရာသို့ရောက်ပြီးနောက် ပထမထပ်ရှိ နို့လက်ဖက်ရည်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။

 နှစ်တွေကြာလာသည်နဲ့အမျှ နို့လက်ဖက်ရည်၏ မွှေးရနံ့က သစ်သားပရိဘောဂတွေထဲသို့စိမ့်ဝင်သွားပုံရသောကြောင့် အခန်းတစ်ခုလုံးနို့လက်ဖက်ရည်နံ့သင်းသင်းလေးရနေလေ၏ ။

ရှေးခေတ်ကာလများမှ ယနေ့အထိ လူတို့သည် စိတ်ကို အေးချမ်းစေသောကြောင့် အိပ်ခန်းများထဲတွင် အမွှေးနံ့သာများထွန်းညှိခြင်းကို နှစ်သက်ကြသည်။ ရှန်းပိုင်အတွက် သက်တောင့်သက်သာဖြစ်စေသော ရနံ့တစ်ခုကိုပြောပါဆိုလျှင် ၎င်းမှာသေချာပေါက် နို့လက်ဖက်ရည်၏အနံ့ပင် ။

 အပြင်ဘက်ရှိအဆောက်အဦးများမှနီယွန်မီးရောင်များမှာတောက်ပနေပြီး အလင်းရောင်များမှာ စတိုးဆိုင်ထဲသို့ ပြင်သစ်စတိုင်လ်မှန်ပြတင်းပေါက်ရှည်များမှတစ်ဆင့်ဖြာကျနေသည်။

ရှန်းပိုင်က ချန်ကျိုးညွှန်ပြသည့်နေရာကို တုံ့ဆိုင်းမနေဘဲလျှောက်သွားပြီး ကောင်တာနောက်၌ ရပ်နေသည်ကိုကြည့်ပြီးမှသာ ချန်ကျိုးက လိုအပ်သည့်ပစ္စည်းများကိုယူ၍ မုန့်လုပ်သည့်အခန်းထဲသို့၀င်သွားလေသည် ။ ရုတ်တရက်ထွက်လာသည့် ကြက်ဥမွှေစက်မှအသံကြောင့် ရှန်းပိုင်လန့်၍ အော်လိုက်မိသည့်အခါ ချန်ကျိုးက စိတ်ပူသွားကာလှည့်ကြည့်လာ၏ ။ 

——

ချန်ကျိုးက မုန့်အချို့လုပ်ရန်အခန်းထဲ၀င်သွားခြင်းဖြစ်သော်လည်း ရှန်းပိုင်က ခွဲစိတ်ခန်းထဲ၀င်ကာခွဲစိတ်နေရသကဲ့သို့စိတ်လှုပ်ရှားနေ၏ ။ အခန်းတစ်ခုလုံးတွင် ပြတင်းပေါက်မှဖြာကျနေသည့်အလင်းရောင်မှလွဲ၍ အခန်းမီးများမဖွင့်ထားချေ ။ 

သူ့နောက် လိုက်သွားသင့်လား ....

အထဲ၀င်ကြည့်ပြီး ဘေးမှာအတူတူနေပေးလိုက်ရမလား ...

ရှန်းပိုင်ကတံခါးဖွင့်၍ အခန်းထဲသို့၀င်လာလိုက်၏ ။

ဟမ် ... ရေကျနေတဲ့အသံလား ...

အဘယ့်ကြောင့်ကြမ်းပြင်၌ရေများစိုရွှဲနေရသည်ကိုမစဥ်းစားနိုင်သေးမှာပင် ခြေချော်သွားသောကြောင့်လဲကျမလိုဖြစ်သွားရ၏ ။ သူမ၏ အလန့်တကြားအော်သံကိုကြားသည့်အချိန်ကတည်းက စိတ်ပူနေသည့်ချန်ကျိုးမှာ မီးဖွင့်၍ သူမထံသို့ပြေးလာကာဖမ်းဆွဲလိုက်သည် ။ 

မီးရောင်ကြောင့် ရေချိုးခန်းတစ်ခန်းကဲ့သို့တစ်ခန်းလုံးရေများစိုရွှဲနေသည်ကိုတွေ့လိုက်ရသည် ။ ချန်ကျိုးက သူမထပ်ချော်လဲမည်စိုးသောကြောင့် ချီမလိုက်ကာ ကောင်တာစားပွဲရှည်ကြီးပေါ်သို့တင်လိုက်သည် ။ 

ထို့နောက် ပွင့်နေသည့်ရေပိုက်ကိုပိတ်ရန်အတွက် တဘတ်သေးသေးလေးတစ်ထည်ဖြင့်ရေပိုက်ကိုပတ်လိုက်ပြီးနောင် ရေစုပ်သွားစေရန်အတွက်အခြားသောတဘတ်များကိုပါ ယိုစိမ့်နေသည့်ဘေးတွင်၀န်းရံထားလိုက်၏ ။

ထပ်မံ၍ ရေစိမ့်သည့်နေရာမရှိတော့ကြောင်းသေသေချာချာစစ်ဆေးပြီးသောအခါမှသာ ခါးထောက်၍ ရေစိုရွှဲနေသည့်ကြမ်းပြင်ကိုခါးထောက်ကြည့်ကာသက်ပြင်းချလိုက်လေသည် ။ မနက်ဖြန်တွင် သေချာပေါက် ကျိုးချင်းရှုနှင့်စာရင်းရှင်းရမည် ဟုလည်းတွေးနေ၏ ။

တဘက်များဖြင့်ပတ်ထားသည်မှာစိတ်ချရသည့်နည်းလမ်းတစ်ခုမဟုတ်သောကြောင့် ယယိုစိမ့်နေသည်ကိုပြုပြင်ရန်အတွက် ပစ္စည်းသေတ္တာထဲမှ ပလာယာ၀က်အူလှည့် နှင့်လိုအပ်သောပစ္စည်းများကိုထုတ်ယူလိုက်သည် ။ 

ရှန်းပိုင်အားလှည့်ကြည့်လိုက်သောအခါ လုပ်လက်စအလုပ်များပင်ရပ်တန့်သွားရ၏ ။ သူမကလည်းသူ့အားတစ်ချိန်လုံးနောက်မှကြည့်နေခဲ့သည်ပင် ။ 

အမျိုးသား၏ မျက်နှာမှာ အလေးအနက်ဖြစ်နေသည့်အပြင် အနည်းငယ်ဒေါသထွက်နေပုံလည်းရသောကြောင့် ရှန်းပိုင်က ထိုသူအား သူမကြောင့်အနှောင့်အယှက်မဖြစ်စေရန်အတွက် အသံမထွက်စေရဘဲ ငြိမ်ငြိမ်လေးသာထိုင်ကြည့်နေခဲ့ခြင်းဖြစ်သည် ။ 

သူမ၏ မျက်နှာကိုကြည့်ပြီးနောက် ချန်ကျိုး၏ အကြည့်များမှာ သူမစီးထားသည့်ဖိနပ်အပါးလေးပေါ်သို့ကျရောက်သွားလေ၏ ။ ကြမ်းပြင်ပေါ်ရှိရေများမှာ စီတီမီတာအနည်းငယ်အထိမြင့်တက်သွားခဲ့သောကြောင့် သူမ၏ ခြေထောက်များစိုသွားလိမ့်မည်မှာအသေအချာပင် ။ 

ပိုက်ပြင်ရန်အလျှင်မလိုတော့ဘဲ သူမထံသို့လျှောက်သွားကာ ဖိနပ်အပါးလေးကိုချွတ်ပေးလိုက်သည် ။ အသေအချာကိုပင် အေးစက်သည့်ရေများစိုရွှဲနေလေ၏ ။

ရုတ်တရက်ကြီး ချန်ကျိုးက သူမ၏ ခြေထောက်ကိုထိတွေ့လာသောကြောင့် ရှန်းပိုင်ကနေရခက်စွာရုန်းကန်လိုက်မိသည် ။ သူမ၏ ခြေချောင်းလေးများမှာအလွန်အေးစက်နေသဖြင့် ချန်ကျိုးက နွေးထွေးသွားအောင်ပြုလုပ်ပေးချင်နေ၏ ။

ရှန်းပိုင်က ခြေချောင်းလေးများကိုကွေးကာရုန်းနေသောကြောင့် ချန်ကျိုး၏ အာရုံအလုံးစုံမှာ ဖြူဖွေးကာပန်းရောင်သမ်းနေသည့်နုနုနယ်နယ်ခြေချောင်းလေးများထံသို့ကျရောက်သွားလေသည် ။ ရှန်းပိုင်မှာ ရှက်လွန်း၍ မြေကြီးထဲသို့သာတွင်းတူးပြီးပုန်းနေချင်မိ၏ ။

" မထိပါနဲ့..." 

ချန်ကျိုးက သူမအားမော့ကြည့်လာ၏ ။ ရှန်းပိုင်က ကောင်တာပေါ်တွင်ထိုင်နေခြင်းဖြစ်သဖြင့် ချန်ကျိုး၏ မျက်နှာအစိတ်အပိုင်းအလုံးစုံကိုအပေါ်စီးမှတိတိကျကျမြင်နေရသည်ပင် ။ အမျိုးသား၏ မျက်ခုံးတန်းတန်းများမှာ တိကျပြတ်သားသည့်အမျိုးသား၏ အကျင့်စရိုက်ကိုဖော်ပြနေပြီး နှုတ်ခမ်းပါးများကမူတင်းတင်းစေ့ထားသော်လည်း သူမအတွက်မူ စိတ်ရှည်ကာနူးညံ့ညင်သာသည့်စကားများကိုသာပြောဆိုလေ့ရှိ၏ ။

ထိုသူက သူမအပေါ်အလွန်နွေးထွေးပါသော်လည်း မကောင်းသည့်တစ်ခုတည်းသောအချက်မှာ သူမကိုစနောက်ရသည်အားအလွန်နှစ်သက်နေခြင်းပင် ။ သေချာကို ခဏအကြာ၌ သူမ၏ ခြေထောက်ကိုလွှတ်ပေးလာပါသော်လည်း ထိုသူပြောသည့်စကားများမှာမူ ကျီစယ်သည့်အငွေ့အသက်များအပြည့်နှင့်ဖြစ်၏ ။

" ကိုယ်ထိတော့ရောဘာဖြစ်လဲ ... ကောင်းကင်ဘုံရဲ့စည်းမျဥ်းကိုချိုးဖောက်နေတာမှမဟုတ်တာ "

ချန်ကျိုးက ရှန်းပိုင်၏ အူတူတူဖြစ်နေသည့်အမူအယာလေးအားကြည့်ကာညင်ညင်သာသာခေါ်ဆိုလာ၏ ။

" ရှန်းပိုင် "

သူမအားထပ်မံစနောက်လိုစိတ်ကိုထိန်းမရချေ ။ အထူးသဖြင့် သူမကတစ်ကိုယ်လုံးနီရဲနေသည်အထိရှက်သွေးဖြာနေချိန်တွင်ဖြစ်၏ ။

ရှန်းပိုင်ခေါင်မော့လိုက်သည်နှင့်တစ်ချိန်တည်းမှာပင် အလွန်တရာနူးညံ့နွေးထွေးလှသည့်အရာတစ်ခုက သူမ၏ နှုတ်ခမ်းထက်သို့ထိကပ်လာလေသည် ။ အထိအတွေ့ကြာချိန်က ထိကပ်ပြီးသည်နှင့်ပြန်ဆုတ်သွားခြင်းဖြစ်သော်လည်း ရှန်းပိုင်က ထိုအရာဘာဖြစ်သည်ကိုမှန်းဆမိပြီးဖြစ်၏ ။

သူမ၏ရင်ထဲ၌ နူးကလီးယားဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ခံစားလိုက်ရပြီး မျက်စိရှေ့မှအမျိုးသားကိုသာကြောင်အအနှင့်စိုက်ကြည့်နေမိသည် ။ ထိုသူ၏ လက်များမှာသူမ၏ ပုခုံးထက်တွင်ရှိ‌ေနပြီး တဖြည်းဖြည်းနီးကပ်လာသည်မှာလည်း အမျိုးသား၏ မျက်နှာထက်မှအပူချိန်ကိုပင် သူမခံစားမိလုနီးနီးပင် ။ 

" အခုတော့ကိုယ့်ကို စေ့စေ့ကြည့်ရဲပြီပေါ့ " 

ချန်ကျိုးက အလွန်အားရကျေနပ်စွာပြုံးရင်းဖြင့် 

" ဒါပေမဲ့ ကိုယ်တို့နမ်းနေတဲ့အချိန်မှာတော့မင်းမျက်လုံးမှိတ်ထားလို့ရပါတယ်ကွာ "

ချန်ကျိုးက ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးများကိုသူ၏ ကြီးမားနွေးထွေးသည့်လက်များဖြင့်အုပ်ကိုင်လိုက်သောကြောင့် ရှန်းပိုင်၏ အမြင်အာရုံတစ်ခုလုံးအမှောင်အတိဖြစ်သွားရ၏ ။

အမျိုးသားတစ်ဦး၏ ဟော်မုန်းဓာတ်အပြည့်ပါသည့်အသက်ရှုသွင်းရှုထုတ်သည့်လေက သူမနှင့်ပိုမိုနီးကပ်လာလေ သူမ၏ နှလုံးသားလေးမှာရူးလောက်သည်အထိခုန်ပေါက်နေတော့၏ ။ နှုတ်ခမ်းများမှာလည်းထိန်းချုပ်မရစွာတုန်ရီနေသည့်အပြင် ခုန်ပေါက်နေသည့်နှလုံးသားမှာ စိတ်လှုပ်ရှားလွန်း၍ heart attack ဖြစ်ကာသတိလစ်တော့မည်ဟုပင်ထင်မှတ်ရလေသည်။ 🐳


Xxxxx