အပိုင်း ၁၉
Viewers 7k

#sweet
Chapter ( 19 )


ဤအသက်အရွယ်ကြီးသို့ရောက်သည့်တိုင် ရှန်းပိုင် အကြောက်ဆုံးအရာမှာ အခြားသူများနှင့်ရုပ်ပိုင်းဆိုင်ရာထိတွေ့ရမည်ကိုပင် ။ ယခုမူ အမျိုးသားတစ်ဦးက သူ၏ရင်ခွင်အတွင်းထည့်သွင်းပွေ့ဖက်ထားခြင်းနေရပါသော်လည်း ရှောင်ပြေးချင်စိတ်မဖြစ်မိပေ ။ အဆက်မပြတ်ကျဆင်းလာသည့်မျက်ရည်များလည်းတိတ်သွားကာ ထိုအမျိုးသား၏ ရင်ခွင်မှာသူမအပိုင်ဖြစ်သကဲ့သို့ခံစားနေရ၏ ။
 
အခန်းတစ်ခုလုံးအလွန်တိတ်ဆိတ်လျှက် နံရံကပ်နာရီပေါ်မှ တခြောက်ခြောက်အသံကိုသာကြားရလေသည် ။ သူမ၏ ခေါင်းပေါ်ကို သူ၏ မေ့စေ့ဖြင့်မှီထားခြင်းဖြစ်ရာ ထိုအမျိုးသား၏ အသက်ရှုသံကိုပင်ရှင်းရှင်းလင်းလင်းကြားနေရ၏ ။ သူမတို့နှစ်ဦးအလွန်နီးကပ်နေမိကြောင်း သတိထားမိသွားသည်နှင့် ရှန်းပိုင်မှာ ရှက်သွေးဖြာလာရပြန်သည် ။ 

ငါဖွင့်ပြောတာကိုသူလက်ခံလိုက်တာလား ...

ရှက်ဖို့ကောင်းလိုက်တာ ……

စိတ်လှုပ်ရှားနေသောကြောင့် သူမတစ်ကိုယ်လုံးတောင့်တင်းသွား၏ ။ ရင်ခွင်ထဲမှ အမျိုးသမီးလေး၏ တုန်လှုပ်သွားမှုကို ခံစားမိသောအခါ ချန်ကျိုးက သူမကိုလွှတ်ပေးရမည့်အစားပို၍ တင်းတင်းကြပ်ကြပ်ထွေးဖက်ကာ သူမကိုနွေးထွေးစေလိုက်သည် ။

အမျိုးသား၏ သန်မာသောအားနှင့်အပြုအမူတို့က ရုတ်တရက်ကြီးဖြစ်သောကြောင့် ရှန်းပိုင်မှာ ညည်းသံသဲ့သဲ့လေးထွက်သွားရသည် ။ ချန်ကျိုးက သူမနာကျင်သွားပြီဟုမှတ်ယူကာချက်ချင်းလွှတ်ပေးလိုက်၏ ။

ပွေ့ဖက်မှုမှ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် အလွန်ရှက်သွေးဖြာနေသည့်မိန်းမငယ်လေးမှာ ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ပြေးထွက်သွားပြီး တံခါးဆောင့်ပိတ်လိုက်လေတော့သည် ။

အစမှအဆုံးထိ ချန်ကျိုး၏ အကြည့်များမှာ ထိုအမျိုးသမီးငယ်လေးထံမှ တစ်ချက်ကလေးပင်ခွာမသွားခဲ့ချေ ။ သူ၏ မျက်၀န်းထဲ၌ သူမတစ်ဦးတည်းသာရှိ၏ ။ဧည့်ခန်းထဲ၌ အရပ်ရှည်ရှည်အမျိုးသားတစ်ဦးသာကျန်ရစ်ခဲ့ပြီး ထိုအမျိုးသားကမူ စေ့စေ့ပိတ်ထားသည့်တံခါးကိုကြည့်၍ ကြည်နူးစွာပြုံးနေလေ၏။

——

တစ်ဖက်၌မူ ရှန်းပိုင်မှာ တံခါးကိုမှီ၍ ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ပြီးနောက် သူမမျက်နှာကိုသူမလက်ဖြင့်ပြန်အုပ်ထားမိလေသည် ။ မျက်နှာမှာ ပူသထက်ပူလာကြောင်းကိုသာခံစားမိပြီး စိတ်တည်ငြိမ်စေရန်အသက်ပြင်းပြင်းရှုနေရ၏ ။

ရင်ခုန်သံမြန်နေသည်မှာလည်း နှလုံးရောဂါရမတတ်ပင် ။ ချန်ကျိုး၏ တုံ့ပြန်ပုံမှာ သူမတစ်ခါလေးမျှပင် စိတ်ကူးမယဥ်ခဲ့ဘူးသည့်အရာဖြစ်နေလေ၏ ။

လွန်ခဲ့သည့်ဆယ်နှစ်တာအတွင်းရှန်းပိုင် သဘောပေါက်ခဲ့ရသည့်အရာမှာ လူတစ်ဦးနှင့်တစ်ဦးကောင်းမွန်စွာပြောဆိုဆက်ဆံကြခြင်းသည်သာမန်သာဖြစ်သော်လည်း အချင်းချင်း၏ ခံစားချက်များထပ်တူကျနေရန်ကမူ ကောင်းကင်ဘုံသို့တက်လှမ်းရန်ကြိုးစားခြင်းထက်ပိုမိုခက်ခဲသောအရာဖြစ်ကြောင်းကိုပင် ။ 

ကိုယ်သဘောကျနေသည့်သူက ကိုယ့်အားတိတ်တိတ်လေးပြန်လည်နှစ်သက်နေခြင်းဆိုသည်မှာ အလွန်ကြုံတောင့်ကြုံခဲပင်ဖြစ်၏ ။

ရှန်းပိုင်မှာ သူမကိုယ်သူမပြန်ငုံ့ကြည့်ပြီးနောက် သက်ပြင်းချလိုက်မသလို ချန်ကျိုး သူမအားမည်သည့်နေရာကိုကြည့်ကြိုက်သနည်းဟုလည်းတွေးမရဖြစ်နေရှာသည် ။

သူမစိုးရိမ်မိသည်မှာ စိတ်လှုပ်ရှားလွန်း၍ ချန်ကျိုး၏ ရှေ့၌ ရုတ်တရက်နှလုံးရပ်ကာသတိလစ်သွားမည်ကိုပင် ။ 

သူမ၏ ရင်ထဲ၌ ပျော်ရွှင်၀မ်းသာခြင်းနှင့်အတူ အနည်းငယ်သောစိတ်ပျက်အားငယ်မှုများပါရောပြွမ်းနေလေ၏ ။ ရှန်းပိုင်မှာ တံခါးအားစိတ်လှုပ်ရှားစွာဖြင့်ထုရိုက်နေသည့်အချိန်မှာပင် တံခါးတစ်ဖက်ရှိအမျိုးသားမှာ သူမထွက်သွားပါကြောင်းအသံပြုလာသည် ။ 

ရှန်းပိုင် အူကြောင်ကြောင်ဖြစ်နေသည့်အချ်ိန်မှာပင် တံခါးတစ်ဖက်မှအမျိုးသားက သူမ၏ အမည်အားညင်ညင်သာသာ ဆွဲဆောင်မှုရှိစွာခေါ်ဆိုလာ၏ ။

" ကိုယ့်ရဲ့ ရှန်းပိုင်လေး "

ချန်ကျိုးက ပြုံး၍ 

" ကောင်းသောညပါ "

ချန်ကျိုး၏ ပင်ကိုယ်စရိုက်နှင့်အသွင်အပြင်ကြောင့် ရှန်းပိုင်မှာ အမြဲလိုလိုသူနှင့်နီးကပ်စွာနေချင်စိတ်ဖြစ်ပေါ်နေပြီး ထိုသူ၏ စကားတစ်ခွန်းကြောင့်ပင် သူမ၏ ရင်ထဲတွင်ပန်းခင်းကြီးတစ်ခင်းဖူးပွင့်နေသကဲ့သို့ခံစားနေရလေသည် ။

အကောင်းဆုံးကြိုးစား၍ ကောင်းသောညပါဟု ပြန်လည်နှုတ်ဆက်ချင်ပါသော်ငြားလည်း သူမ၏ ခန္ဓာကိုယ်မှာ စိတ်နှင့်ဆန့်ကျင်ဘက်ဖြစ်စွာ အသံတစ်သံမှထွက်မလာခဲ့ချေ ။

စကားပြန်ပြောရန်မှာ သူမအတွက် ဖြတ်ကျော်ရန်အခက်ခဲဆုံးကိစ္စကြီးတစ်ခုဖြစ်လာ၏ ။ ဘေးကြပ်နံကြပ်ဖြစ်သွားပါသော်လည်း သူမ၏ အကြည့်များမှာ စားပွဲပေါ်ရှိဖုန်းဆီသို့ကျရောက်သွားသည် ။ 

စားပွဲခုံပေါ်မှ ဖုန်းကိုပြေးယူပြီးနောက် တံခါးနားသို့ပြန်ပြေးလာသည့်အချိန်အတွင်း၌ ချန်ကျိုးထံစာရိုက်ပို့လိုက်သည် ။

" ကောင်းသောညပါ "

ကောင်းသောညပါ တစ်ခုတည်းဆိုရင်တုံးတိကြီးများဖြစ်နေမလား ...

လက်သည်းကိုက်ကာစဥ်းစားပြီးနောက် ချစ်စရာကောင်းသည့် အီမိုဂျီလေးတစ်ခုကိုပါ ထပ်ပို့လိုက်သည် ။

အပြင်ဘက်မှာ မက်ဆေ့၀င်သည့်အသိပေးသံထွက်ပေါ်လာဖြင့် အမျိုးသားမှာ ထွက်မသွားသေးကြောင်းပိုသေချာသွားရ၏ ။ 

ရှန်းပိုင်မှာ တံခါးနှင့်နားရွက်ကပ်၍ အပြင်မှအသံကိုတိတ်တိတ်လေးဖြင့်အသေအချာနားထောင်နေမိသည် ။ နည်းနည်းလေးမျှပင်မလှုပ်ရဲပါချေ ။ ခဏအကြာ၌ သူမ၏ ဖုန်းထဲသို့စာ၀င်လာလေသည် ။

" စောစောအိပ်နော် "

သူမဘယ်လိုလုပ်ပြီးစောစောအိပ်နိုင်မှာတဲ့လဲ ...

သို့သော်လည်း သူမ၏ ပူနေဆဲဖြစ်သောပါးလေးကိုကိုင်၍ စာပြန်လိုက်သည် ။

" အင်း "

စာ၀င်ကြောင်းအသံပေးသံကြားနေရသောကြောင့် ချန်ကျိုးတံခါး၀တွင်ရပ်နေဆဲဖြစ်ကြောင်း သူမသိလိုက်ရ၏ ။

ဖွင့်ပြောပြီးသည်နှင့်ပစ်ထားခဲ့ခြင်းမှာမကောင်းသည့်အပြုအမှုမှန်းသူမသိသော်လည်း အမှန်ပင် ချန်ကျိုးအား မျက်နှာချင်းဆိုင်ရန် သတ္တိမရှိပေ ။

ဖွင့်ပြောသည့်အကြောင်းကိုပြန်စဥ်းစားမိသောအခါ ' ကျွန်မရှင့်ကို ' အထိသာပြောလိုက်ရပြီး သဘောကျတယ်ဟု မပြောရသေးကြောင်းသတိရသွားသည် ။ 

ထို့ကြောင့်ရှန်းပိုင်က ချန်ကျိုးထံစာပို့၍သာ သူမမပြောလိုက်ရသည့်စကားကိုရေးပို့လိုက်ပြီးနောက် အခန်းထဲသို့သာပြေး၀င်သွားတော့၏ ။

တစ်ဖက်တွင် ချန်ကျိုးမှာ ရှန်းပိုင်စာပို့သည့်အချိန်တွင်ရေချိုးခန်းထဲသို့ရောက်နေပြီဖြစ်သည် ။ 

" ကျွန်မရှင့်ကိုသဘောကျတယ်... ခုနကပြီးအောင်မပြောလိုက်ရလို့တောင်းပန်ပါတယ် [ ချစ်စရာကောင်းသည့်အီမိုဂျီ ]"

ထိုစာကိုဖတ်ပြီးပြီးချင်း အမျိုးသားမှာ ဆွဲဆောင်မှုရှိစွာပြုံး၍ ရယ်မောလိုက်သည် ။ ထို့နောက်သူ၏ နှုတ်ခမ်းကိုလက်ဖြင့်သပ်ကာ ရှန်းပိုင်အား ပို၍ ကြာကြာမဖက်ထားခဲ့မိသည်ကိုနောင်တရသွား၏ ။ အကယ်၍သူသာပိုကြာကြာဖက်ထားမည်ဆိုပါက သူမ၏ ချစ်စရာကောင်းသည့်ရှက်ရွံ့နေသောအမူအယာများကိုပို၍ကြာကြာမြင်တွေ့နိုင်လိမ့်မည်ပင် ။ 
 
——

နောက်တစ်နေ့နံနက်၌ ချန်ကျိုးက အပြင်မှသာမနက်စာ၀ယ်လိုက်၏ ။ သူကပုံမှန်မနက်စာလုပ်နေကျမဟုတ်သည့်အပြင် မနေ့ညကအိပ်မရသောကြောင့် ပို၍ပင်ပျင်းရိနေသည် ။ 

ကော်ဖီ ၊ပေါင်မုန့်နှင့် အခြားအရာများကိုစားပွဲပေါ်တွက်ခင်းကျင်းပြီးနောက်သူ့အား တံခါးနောက်ကွယ်မှခေါင်းလေးထွက်၍ ချောင်းကြည့်နေသည့်အမျိုးသမီးလေးအားသတိထားမိသွားသည် ။ 

သူမကပုံမှန်ဆိုလျှင်မနက်စောစောထလေ့မရှိသော်လည်း ထူးထူးဆန်းဆန်းပင် ယနေ့မှစောစောနိုးနေလေ၏ ။

ချန်ကျိုးက အံ့သြနေသော်လည်း သူမအားနှုတ်ဆက်လိုက်သည် ။

" မောနင်း "

ရှန်းပိုင်က နှုတ်ဆက်သည့်အနေဖြင့်ခေါင်းပြန်ညိမ့်ပြလိုက်၏ ။ သူမလည်း တစ်ညလုံးအိပ်မရခဲ့ပေ ။ မနက်ခုနှစ်နာရီထိုးခါနီးသောအခါမှသာ ချန်ကျိုးပုံမှန်အိပ်ရာထသည့်အချိန်ဖြစ်ကြောင်းသတိရသွား၍ တံခါးနားသို့နားရွက်ကပ်ထား၍ အပြင်ဘက်မှ သူ၏ လှုပ်ရှားသည့်အသံများကိုနားထောင်နေခဲ့သည် ။ 

ရေချိုးခန်းသို့လျှောက်သွားသည့်ခြေသံများမှအစ အပြင်သို့သွားရန်ပြင်နေသည်အထိပင် ။ နာရီ၀က်ကျော်ကြာသည့်တိုင်အောင် သခင်အိမ်ပြန်လာကိုစောင့်နေသည့်ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ချန်ကျိုးပြန်လာမည်ကိုစောင့်နေခဲ့၏ ။ ချန်ကျိုးအိမ်ပြန်လာပြီး အချိန်အနည်းငယ်ကြာသောအခါမှသာ တံခါးလေးကိုအသာဟ၍ အနောက်မှချောင်းကြည့်နေခြင်းဖြစ်သည်။ 
 
ချောင်းကြည့်ရန်ကိုပင် ဆယ်ကြိမ်တိတိဆုံးဖြတ်ပြီးမှသာ တံခါးလက်ကိုင်ကိုဆွဲလှည့်နိုင်ခဲ့ခြင်းဖြစ်သည် ။

ထိုအမျိုးသားအားအမှန်ပင် မြင်တွေ့ချင်နေမိ၏ ။
 
တစ်ညလုံးအချိန်ကုန်ခဲ့ရသည် ။ ထိုသူက သူမအားသဘောကျကြောင်းသိလိုက်ရသည့်အခါ သူမအမှန်ပင်ပျော်ရွှင်သွားခဲ့ရသည် ။ သို့သော်လည်း သူမကထိုအမျိုးသားအားအနှောင့်အယှက်ပေးမိမည်ကိုစိုးရိမ်မိပြန်၏ ။ 

သူမကသာ သူ့ဘ၀ထဲသို့အတင်း၀င်ရောက်လာသူဖြစ်သောကြောင့် သူ၏နေ့စဥ်ဘ၀အားအနှောင့်အယှက်ပေးမိနေသည်မျိုးမဖြစ်ချင်ပေ ။

သူမတွေဝေနေသည့်အချိန်မှာပင် ချန်ကျိုး၏ နွေးထွေးသည့်အသံအားကြားလိုက်ရသည် ။ 

" အဲမှာဘာရပ်လုပ်နေတာလဲ ... မနက်စာစားမယ်လေ ဒီကိုလာခဲ့ "

သူမကိုယ်သူမဆက်တိုက်အပြစ်တင်နေသည့်စိတ်များချက်ချင်းဆိုသလိုပင်ပျောက်ကွယ်သွားရပြီး ချန်ကျိုးနှင့် မျက်နှာချင်းဆိုင်ရှိထိုင်ခုံပေါ်တွင်၀င်ထိုင်လိုက်သည် ။

သို့သော်လည်း ခေါင်းမော့၍ ချန်ကျိုးအားမကြည့်ရဲချေ ။ သူမ၏ မြင်ကွင်းထဲတွင် နွားနို့ပူပူတစ်ခွက်ကိုကမ်းပေးလာသည့် လက်နှင့် အစားအစာအချို့ကိုသာမြင်နေရ၏ ။

" ကိုယ် အစောနကလေးတင်မှ အောက်ကိုသွားခဲ့သေးတယ် " 

နို့လက်ဖက်ရည်ကိုသူမရှေ့သို့ချပေး၍ 

" မင်းပုံမှန်သောက်နေကျအတိုင်း သကြားသုံးဇွန်းနဲ့ "

သကြားသုံးဇွန်းထည့်ထားသည့်နို့လက်ဖက်ရည်ဟူသောအသုံးအနှုန်းက ရှန်းပိုင်အား ကိစ္စအတော်များများကိုပြန်တွေးသွားမိစေသောကြောင့် ရှက်သွေးဖြာလာရ၏ ။

သူမက ခေါင်းငုံ့ထားရင်းဖြင့်ပင် ချန်ကျိုး၏ ရှေ့မှ နို့လက်ဖက်ရည်ခွက်ကိုဆွဲယူရန်ပြင်လိုက်သောအခါ ချန်ကျိုးက ညင်ညင်သာသာတားလိုက်သည် ။

 " ခဏနေပါဦး"

ဘာဖြစ်လို့လဲ စဥ်းစားနေသည့်အချိန်၌ ချန်ကျိုးက ထပ်ပြောလာ၏ ၏ 

" မင်းလက် ကိုယ့်ကိုပေး "

လေသံမှာ အလေးအနက်ဖြစ်နေပုံရ၏ ။

နားမလည်သော်လည်း သူမ၏ ညာလက်ကိုဆန့်ထုတ်ပေးလိုက်သည် ။ ခေါင်းငုံ့ကာလက်ဆန့်ထုတ်ပေးလာသည့် သူမ၏ ပုံစံမှာ ဆရာ၀န်ထံသွေးဖောက်စစ်ရန်အတွက်လက်ထိုးပေးနေရသည့် ကြောက်တတ်သောကလေးလေးတစ်ယောက်ကဲ့သို့ပင် ။

သူမမှာ မအူမလည်ဖြင့်သာခေါင်းစောင်း၍ ချောင်းကြည့်နေရ၏ ။ ချန်ကျိုးက သူမ၏ အနွေးထည်အကျိီလက်ကိုလက်ကောက်၀တ်ပေါ်သည်အထိဆွဲတင်၍ ခေါက်ပေးလိုက်ကာ လက်ပတ်လေးတစ်ခုပတ်ပေးလိုက်သည် ။

လက်ပတ်က သူမ၏ လက်တွင်နေရာယူသွားမှသာ ချန်ကျိုးကစိတ်ကျေနပ်စွာပြုံး၍ပြောလာ၏ ။ 

" မင်းရဲ့အင်္ကျီလက်တွေကရှည်နေတယ်လေ အရှေ့ကိုတိုးလိုက်ရင် ပေကုန်လိမ့်မယ် "

ရှန်းပိုင်က ချန်ကျိုး၏ စကားများထဲတွင်နစ်မြောနေပြီး ဂရုစိုက်ခံရသောကြောင့်ပျော်ရွှင်နေလေသည် ။ 

" နောက်လက်တစ်ဖက်ပေး " 

ရှန်းပိုင်က နောက်လက်တစ်ဖက်ထုတ်ပေးလိုက်သောအခါ ချန်ကျိုးက ကြင်နာနွေးထွေးဂရုစိုက်တတ်သည့်အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သူမ၏ အင်္ကျီလက်များကိုခေါက်တင်ပေးနေလေသည် ။

ချန်ကျိုး အင်္ကျီလက်ခေါက်ပြီးသောအခါ ရှန်းပိုင်က သူမ၏လက်ကိုပြန်လည်ဆွဲယူရန်ကြိုးစားလိုက်သော်လည်း ချန်ကျိုးကမလွှတ်ပေးဘဲ သူ၏ ကြီးမားသည့်လက်ဖြင့် သူမ၏ လက်သေးသေးလေးအားဆုပ်ကိုင်လာ၏ ။ 

ချန်ကျိုး၏ လက်မှာ ရှန်းပိုင်၏ လက်သေးသေးလေးကို အပြည့်အ၀ဖုံးအုပ်ဆုပ်ကိုင်ထားနိုင်သည့်အပြင် သန်မာသောကြောင့် သူမရုန်းလည်း ရုန်း၍ရမည်မဟုတ်ပေ ။ 

ရှန်းပိုင်မှာ ထိတ်လန့်သွားရပြီး မလှုပ်ရဲ‌ေတာ့ချေ ။

သူမ၏ ထိတ်လန့်သွားမှုကိုခံစားရသောကြောင့် အမျိုးသား၏ လက်မှာနေရာရွေ့ပြောင်း၍ လက်ချောင်းချင်းယှက်ကာဆုပ်ကိုင်လိုက်၏ ။ နှစ်ဦးသား၏ လက်ငါးချောင်းမှာအချင်းချင်းထိစပ်နေကြပြီး နှစ်ယောက်ကြား၌ လျှပ်စီးကြောင်းလေးတစ်ခုစီးဆင်းနေသကဲ့သို့စိတ်လှုပ်ရှားနေကြသည် ။ 

" မင်းအရင်တုန်းက တစ်ယောက်ယောက်နဲ့လက်ကိုင်ဖူးလား " 

မျက်နှာချင်းဆိုင်မှအမျိုးသားက အပြုံးလေးတစ်ပွင့်ဖြင့် ရုတ်တရက်မေးလာ၏ ။

ဒီလိုမေးခွန်းမျိုး...

ရှန်းပိုင်မှာ မျက်နှာကြီးနီရဲနေလျှက် ခေါင်းခါပြလာသည် ။ 

" အိုး ... ဒါဆိုရင် လက်ကိုင်တာထက်ပိုနေတာများလား" 

အမျိုးသား၏ အပြုံးမှာပိုမိုနက်ရှိုင်းလာ၏ ။ ထိုသူအင်္ကျီလက်ခေါက်တင်ပေးရသည့်အဓိကရည်ရွယ်ချက်မှာ သူမကိုစနောက်ရန်သာဖြစ်နေခဲ့၏ ။



Xxxxxx