အပိုင်း ၁၈
Viewers 7k

#sweet
Chapter ( 18 )

အစမှအဆုံးထိ ရှန်းပိုင် ကခေါင်းမော့မကြည့်ခဲ့ပေ ။ သူမ၏ စိတ်ထဲ၌ စိတ်ဓာတ်ကျမှုနှင့် ကူကယ်ရာမဲ့မှုတို့ကပိုမိုပြင်းထန်လာပြီး နှုတ်ခမ်းကိုက်ကာ လက်ကိုသာတင်းတင်းဆုပ်ထားမိသည် ။ 

တစ်ခုခုမှားနေပြီမှန်း ချန်ကျိုးသတိထားမိသွားသောကြောင့် စိတ်ပူပန်စွာဖြင့် ရှန်းပိုင်နားသို့ တိုးကပ်သွားကာ သူမ၏ အမည်ကိုခေါ်လိုက်သည် ။ 

" ရှန်းပိုင် "

သူမ၏အမည် ကိုခေါ်သံကြားသည်နှင့်မိန်းမငယ်လေးမှာ ခေါင်းခါ၍ အခန်းထဲသို့ပြေး၀င်ရန်နောက်လှည့်လိုက်သည် ။ သို့သော်လည်း ချန်ကျိုးက သူမအားအလွတ်မပေးချေ ။

ချန်ကျိုးက သူမ၏ လက်အားဆွဲလိုက်သောကြောင့် ပြေးရန်ပြင်နေသည့်ခြေလှမ်းများရပ်တန့်သွားရပြီး သူမ၏ မျက်၀န်းထောင့်စွန်းမှ မျက်ရည်များအဆက်မပြတ်ကျဆင်းလာတော့၏ ။

ချန်ကျိုးက သူမ၏ လက်ကိုဆွဲထားရင်းမေးလိုက်သည် ။ 

" ဘာဖြစ်လို့လဲ "

ရှန်းပိုင်မှာအခြားသောသူများ သူမအားစိုးရိမ်ပူပန်ပေးနေကြသည်ကိုအကြောက်ဆုံးပင် ။ အဘယ့်ကြောင့်ဆိုသော် ထိုသူများ၏ နွေးထွေးကြင်နာမှုကြောင့် သူမအတွက် အားထားမှီခိုချင်စိတ်များဖြစ်ပေါ်လာရပြီး ကိုယ့်ကိုယ်ကိုအားကိုးချင်စိတ်ပျောက်ဆုံးလာတတ်သောကြောင့်ဖြစ်သည် ။

ရှန်းပိုင်၏ လည်ချောင်းတစ်ခုလုံးတင်းကြပ်နေသည့်အပြင် ခါးသက်သက်ဖြစ်နေပြီး သူမ၏ စိတ်ထဲ၌ ခံစားချက်ပေါင်းစုံရောပြွမ်းဖြစ်ပေါ်နေလေ၏ ။

အခန်းထဲသို့သာအမြန်ပြေး၀င်သွားချင်နေ၍ သူမရှေ့ရှိအမျိုးသားအား သူမ၏ရှက်စရာကောင်းသည့်အဖြစ်ကိုမမြင်စေချင်ပေ ။ ညအချိန်မတော် သူမ၏ အခန်းတံခါးကိုလာခေါက်သည့် ချန်ကျိုးကိုသာ အပြစ်တင်ချင်မိနေသည် ။

သူမအနေဖြင့် စိတ်ခံစားချက်များအား မည်ကဲ့သို့ထိန်းချုပ်ရမည်နှင့်ဖြေဖျောက်ရမည်ကို လုံး၀မသိချေ ။ ငယ်စဥ်ကတည်းကစ၍ သူမ၏ စိတ်ခံစားချက်များကို အတက်အကျအနည်းဆုံးဖြစ်စေရန် ထိန်းချုပ်ထားခဲ့သောကြောင့် မည်သူ့ကိုမျှဆိုးဆိုး၀ါး၀ါးကြီးဒေါသမထွက်ခဲ့ဖူးပေ ။
 
သူမ၏ ဇာတ်ကောင်များအတွက် ဒေါသထွက်သည့်ပုံစံရေးဆွဲသည့်အချိန်ကပင် အင်တာနက်ပေါ်၌ အချိန်ပေါင်းများစွာအကုန်ခံရှာဖွေပြီးမှာသာ ဒေါသတရားကိုတိတိကျကျပုံဖော်ရေးဆွဲခဲ့ရ၏ ။ 

ထိုမျှပင်မကသေး ပျော်ရွှင်ခြင်း ၊ ၀မ်းသာခြင်း ၊ ၀မ်းနည်းခြင်း ၊ ချစ်ဖို့ကောင်းသည့်အမူအယာစသည်တို့ကိုလည်း သေသေချာချာရှာဖွေပြီးသောအခါမှသာ ပုံဖော်ရေးဆွဲနိုင်ခဲ့ခြင်းပင် ။

သူမ၏ ကမ္ဘာကြီးထဲ၌မူ အကြောက်တရား ၊ စိတ်မလုံခြုံမှု ၊ စိုးရိမ်ပူပန်မှုနှင့် လွတ်ထွက်သွားမည်စိုး၍ ထိန်းချုပ်ထားရသည့်စိတ်အခြေအနေတို့သာရှိသည် ။

ရှန်းပိုင်က ခေါင်းငုံ့ထားဆဲဖြစ်ကာ မျက်နှာပေါ်တွင် အမာရွတ်များအပြည့်နှင့်ရုပ်ဆိုးဆိုးသူတစ်ယောက်က သူ၏ မျက်နှာကိုလူမြင်မခံစေချင်သကဲ့သို့ပြုမူနေလေ၏ ။

ချန်ကျိုးက သူမ၏မေးစေ့ကိုလက်ဖြင့်ကိုင်ကာ ခေါင်းမော့၍ သူ့အားကြည့်စေ၏ ။ သို့သော်လည်း ရှန်းပိုင်ငိုနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ကြောင်အသွားရ၏ ။

သူမက ကြောက်လန့်နေပုံရကာ အဆက်မပြတ်ကျဆင်းနေသည့်မျက်ရည်များက ချန်ကျိုးအား ပို၍ပင်စိတ်ပူလာစေ၏ ။ သူမ၏ လှပသောမျက်၀န်းများက တစ်ကြိမ်သာအကြည့်ချင်းဆုံးပြိိီးနောက် ချန်ကျိုးကို ထပ်မကြည့်လာတော့ချေ ။

ချန်ကျိုး၏ နှလုံးခုန်သံများရပ်တန့်သွားသည်ဟုပင် ထင်မှတ်လိုက်ရကာ သူမ၏ မေးစေ့ကိုကိုင်ထားသည့် လက်ကိုလွှတ်ပေးလိုက်သည် ။

သူမငိုနေပုံက သူ့အား သူမကိုသူ၏ ပေါင်ပေါ်သို့ပွေ့တင်၍ မျက်ရည်စများကိုသုတ်ပေးရင်းအငိုတိတ်စေရန်ချော့မြူချင်လာအောင် ဆွဲဆောင်နေလေ၏ ။ 

ထူးဆန်း၍ အရှက်မရှိသည့်အတွေးတစ်ခုဆိုသော်လည်း ဤကဲ့သို့တွေးမိသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ ။ သူမနှင့်စတွေ့သည့်စတိုးဆိုင်တွင်လည်း သူမကအရမ်းချစ်ဖို့ကောင်းသောကြောင့် စျေး၀ယ်ခြင်းထဲထည့်၍ တွန်းပြေးသွားချင်စိတ်ပေါက်ခဲ့ဖူး၏ ။

ချန်ကျိုးက ကိုယ့်စိတ်ကိုမနည်းတည်ငြိမ်အောင်ပြန်ထိန်းချုပ်လိုက်ပြီး သူမကိုထပ်မထိ၀ံ့တော့ချေ ။ 

" ဘာလို့ငိုနေတာလဲ "

ရှန်းပိုင်က ခေါင်းခါပြလာပြန်၏ ။ ချန်ကျိုးက သူမထိတ်လန့်သွားမည်စိုးသဖြင့် လေသံကိုအတတ်နိုင်ဆုံးညင်သာစွာဖြင့်မေးလိုက်သည် ။

" ကိုယ့်ရဲ့ခုနကအပြုအမူကြောင့်မင်းလန့်သွားတာလား "

ရှန်းပိုင်က ဟုတ်ကြောင်းခေါင်းညိမ့်ပြလာ၏ ။

" ဒါမှမဟုတ် ကိုယ်စကားပြောတာလောသွားလို့လား "

ခေါင်းခါလိုက်၏ ။ သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက်တစ်ခုခုကိုတွေးတောမိသွားပုံရကာ ရှန်းပိုင်ကိုငုံ့ကြည့်၍ ပြောလာသည် ။

" မင်းကိုယ့်ကို ဒီမှာပဲခဏစောင့်နေပေး "

ထိုသို့ပြောပြီးနောက်လှည့်ထွက်သွားလေသည် ။ ချန်ကျိုး နောက်လှည့်လျှောက်သွားသောအခါမှသာ ရှန်းပိုင်က အမျိုးသား၏ နောက်ကျောကိုချောင်းကြည့်လိုက်သည် ။

ချန်ကျိုးပြန်လာသည့်အခါ၌ ရှန်းပိုင်က သူမ၏ မျက်နှာကိုအုပ်၍ ရပ်စောင့်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရ၏ ။
 
ရှက်ဖို့ကောင်းလိုက်တာ ...

သူ့ရှေ့မှာငိုမိသွားတယ် ...

ထိုသူမှာ သူမအပေါ်အလွန်ကောင်းပေးသော်လည်း ထိုသူအား သူမပြန်ပေးမိသည့်အရာများမှာ တိတ်ဆိတ်နေမှု ၊ အကြောက်တရားနှင့် မျက်ရည်များဖြစ်နေသည် ။ သူမကိုယ်သူမ အပြစ်တင်နေသည့်အချိန်၌ ချန်ကျိုးပြန်ရောက်လာပြီဖြစ်သည် ။

ချန်ကျိုးက သူမ၏ အမည်ကိုညင်ညင်သာသာခေါ်ဆိုလာပြန်၏ ။

 " ရှန်းပိုင် "

ရှန်းပိုင်၏ နားရွက်သေးသေးလေးများလှုပ်ခါသွားရ၏ ။
" အခု ကိုယ့်ကိုမော့ကြည့်ပေး "

ရှန်းပိုင် :….

ချန်ကျိုးက မလောဘဲ သူမအားစိတ်ရှည်ရှည်ဖြင့်စောင့်ပေးနေလေ၏ ။ ရှန်းပိုင်အသက်ပြင်းပြင်းရှုပြီးနောက် ချန်ကျိုးအား ဖြည်းဖြည်းချင်းမော့ကြည့်လိုက်သည် ။

ဟမ် ...

တူညီသည့်အ၀တ်အစားတူညီသည့်သူပင်ဖြစ်လင့် ကစား ချန်ကျိုးက နှာခေါင်းစည်းအနက်ရောင်ကို၀တ်ဆင်ထားပြီး သူမ၏ မျက်နှာကိုလည်း သတ္ထုမျက်နှာဖုံးတစ်ခုဖြင့်ဖုံးအုပ်ထားလေ၏ ။ ဤသည်မှာအတိအကျကိုပင် ဓာရေးကလပ်မှချန်ကျိုး၏ မျက်နှာအကာပင် ။

ရှန်းပိုင်မှာ ကြောင်အစွာနှင့်ပင် ချန်ကျိုး ဘာတွေလုပ်နေမှန်းစဥ်းစားရခက်နေလေ၏ ။

ထိုအချိန်တွင် မျက်နှာအကာအောက်မှ အမျိုးသား၏ ညင်သာနွေးထွေးသည့်စကားသံကတစ်ဖန်ပြန်လည်ထွက်ပေါ်လာပြန်သည် ။

" ကိုယ်စကားပြောတာအရမ်းလောပြီး ... အပြုအမူတွေကနည်းနည်းလေးအလောတကြီးဖြစ်နေတာကြောင့် မင်းစိတ်ရှုပ်နေရတာမဟုတ်လား ... အခုမျက်နှာကိုလည်းကာထားလိုက်ပြီ ကိုယ်စကားကိုလည်းဖြည်းဖြည်းချင်းပြောပါ့မယ် ... မငိုပါနဲ့တော့ကွာ "

မျက်နှာအကာကြီးနှင့်ကမှ ပို၍ကြောက်ဖို့ကောင်းနေကြောင်း ရှန်းပိုင်ပြောချင်ပါသော်လည်း အမှန်ပင်ရယ်ချင်နေလေ၏ ။

ရှန်းပိုင် ခေါင်းငုံ့၍ ခိုးရယ်လိုက်သည့်အချိန်မှာပင် သူမ၏ ရီသံတိုးတိုးလေးထွက်ပေါ်သွားရသည် ။ သို့သော်လည်း အနည်းငယ်ထိတ်လန့်နေဆဲဖြစ်သည့်အတွက် ပါးစပ်ကိုအုပ်ကာ အသံထပ်မထွက်စေရန်အမြန်ထိန်းချုပ်လိုက်၏ ။

မျက်နှာအကာ၀တ်ဆင်ထားသည့်အမျိုးသားက ဂရုစိုက်ပုံမရသည့်အပြင် သူမ၏ ခေါင်းကိုပွတ်၍ သက်ပြင်းချကာညင်ညင်သာသာပြောလိုက်သည် ။

" ဒီနေ့ကိုယ် ကံအရမ်းကောင်းနေတာပဲ မင်းငိုတာကိုလည်းမြင်ရပြီး မင်းပြုံးရယ်နေတာလေးကိုလည်းမြင်လိုက်ရတယ် "

သက်ပြင်းချကာထပ်ပြောပြန်၏ ။

" ကံကောင်းလိုက်တာ "

ချန်ကျိုး၏ စကားများနောက်ကွယ်က အဓိပ္ပာယ်ကိုသူမ မသိသော်လည်း ရှန်းပိုင်အား အားနာမှုနှင့်ရှက်ရွံ့မှုကိုခံစားသွားရစေသည် ။ ချန်ကျိုးမှာ အလွန်စိတ်သဘောထားပြည့်၀သည့်အမျိုးသားတစ်ဦးဖြစ်သည့်အပြင် သူမ၏ စိတ်ခံစားချက်အတက်အကျကြောင့် ငိိုလိုက်ရီလိုက်ဖြစ်နေသည်ကိုပင် ထိုသို့တွေ့ရခြင်းက ကံကောင်းသောကြောင့်ဟုဆိုနေသေး၏ ။

သူမကမူ သဘောကျနေကြောင်းကိုပင် သတ္တိရှိရှိထုတ်မပြောနိုင်ချေ ။

" မင်းတကယ်အဆင်ပြေရဲ့လား " 

သူမခေါင်းပြန်ငုံ့သွားကြောင်းတွေ့သောအခါ ချန်ကျိုးက မျက်နှာအကာကိုချွတ်၍ စိတ်ပူပန်စွာမေးလာပြန်၏ ။ ရှန်းပိုင်က ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်သည် ။

" ဒါဆိုလဲ စောစောအနားယူနော် ... ကောင်းသောညပါ"

ရှန်းပိုင်က သူမ၏ရင်ထဲမှတိတ်တဆိတ်ပြန်လည်နှုတ်ဆက်ပြီးနောက် အခန်းထဲသို့၀င်ရန်နောက်လှည့်လိုက်သော်လည်း ခြေလှမ်းများကအလွန်လေးလံနေလေ၏ ။

သူမကိုယ်သူမလည်းနားမလည်နိုင်တော့ချေ ။ လူတစ်ယောက်ကိုတွေ့သည်နှင့် သူမ၏ ပထမဆုံးအတွေးမှာ ရှောင်ပုန်းရန်သာဖြစ်သည် ။ ဝေးဝေးနေလေပိုကောင်းလေပင် ။ ယခုမူ သုမ၏ နှလုံးသားထဲမှနင့်နင့်နဲနဲကို ချန်ကျိုး သူမအပေါ်ကောင်းပေးသမျှအတွက်ပြန်လည်ပေးဆပ်ချင်နေလေ၏ ။

နှေးနှေးကွေးကွေးဖြင့် အခန်းထဲသို့၀င်လိုက်ပြီးနောက် ပြန်ချောင်းကြည့်လိုက်သည့်အခါ၌ ချန်ကျိုး အပေါက်၀တွင်ရပ်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည် ။ ထိုသူက သူမတံခါးပိတ်သည်ကိုပင် စောင့်ကြည့်သွားချင်ပုံရ၏ ။ 

ရှန်းပိုင်က အမြန်ခေါင်းပြန်ငုံ့လိုက်ပြီးနောက် လက်တစ်ဖက်က တံခါးလက်ကိုင်ကိုကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် တာ့တာပြလိုက်သည် ။

ချန်ကျိုးက ပြုံး၍ ကောင်းသောညပါဟု တစ်ကြိမ်ထပ်ပြော၍ လှည့်ထွက်သွားသည့်အခါမှသာ အမျိုးသားအား အနောက်မှနေ၍ သူမရဲရဲ၀ံ့၀ံ့ကြည့်နိုင်တော့သည် ။

သူမကိုယ်သူမ သူရဲဘောကြောင်သူတစ်ယောက်ဟု ခံစားနေရပြီး တံခါးလက်ကိုခပ်တင်းတင်းဆုပ်ကိုင်မိထားသောကြောင့် လက်ဆစ်များပင်ဖြူဖျော့လာရ၏။

သူမ၏ အကြည့်များမှာ လမ်းလျှောက်သွားသည့်အမျိုးသားပေါ်တွင်သာစွဲမြဲနေပြီး တစ်ခုခုပြောရန်ကြိုးစားပါသော်လည်း အသက်ရှုသံပြင်းပြင်းများသာ ထွက်ပေါ်လာ၍ လည်ချောင်းအတွင်းမှ အသံထွက်မလာပေ ။

ခက်ခဲလိုက်တာ ...

သူမကရေငုပ်သမားတစ်ယောက်ကဲ့သို့ အသက်ရှုသွင်းပြီးနောက် အသက်အောင့်ထားလိုက်လေ၏ ။

လူတစ်ယောက်ကသေခါနီးအချိန်မှာဆိုရင် ဘာကိုမှမကြောက်တော့ဘူးလို့ ကြားဖူးတယ် ...

သူမ၏ မျက်နှာတစ်ခုလုံးနီရဲလာပြီး မူးဝေလာကာ မျက်လုံးဖွင့်လိုက်ပြီးနောက် ချန်ကျိုးအား အော်ခေါ်လိုက်သည် ။

" ချန်ကျိုး --"

ခေါ်လိုက်ပြီ ...

ဘုရားရေ ...

တကယ်ကြီး ခေါ်လိုက်ပြီ ...

မိန်းမငယ်လေး၏ ကြည်လင်သည့်အသံမှာ ချန်ကျိုး၏ ခြေလှမ်းများကိုရပ်တန့်သွားစေ၏ ။

တကယ်ကြီးခေါ်လိုက်တာ ...

တကယ် ...

အမျိုးသားလှည့်ကြည့်လာသည့်အခါ၌ သူ့၏ မျက်နှာထက်တွင် အံ့အားသင့်နေမှုများအတိုင်းသားပေါ်လွင်နေလေသည် ။

" ဘာဖြစ်လို့လဲ "

ချန်ကျိုးနှင့် အကြည့်ချင်းဆုံသွားသည့်အခါ၌မူ ရှန်းပိုင်၏ သတ္တိလေးများအငွေ့ပျံသွားရ၏ ။ တောင့်တောင့်ကြီးရပ်နေမိကာ ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းမသိဖြစ်နေတော့သည် ။

သူ့ကိုဘာပြောရမှာလဲ ... သေမှာတောင်မကြောက်ဘဲအော်ခေါ်ဖို့ ဘယ်နားက သတ္တိတွေရလာတာလဲ ... ဟမ် ...

ဘာဆက်လုပ်ရမလဲ ...

ချန်ကျိုးက ရှန်းပိုင်အား စိတ်ရှည်လက်ရှည်ဖြင့်ရပ်စောင့်၍ သူမ၏ အမူအယာပြောင်းလဲနေပုံအဆင့်ဆင့်ကိုစိတ်၀င်တစားကြည့်ရှုနေလေ၏ ။

ရှန်းပိုင်မှာမူ အမျိုးသား၏ တည်ငြိမ်သောအကြည့်များကြောင့် တစ်ကိုယ်လုံးပူလောင်နေရပြီပင် ။

သတ္တိမွေးကာ ခေါ်လိုက်ပြီးဖြစ်သောကြောင့် ဖွင့်ပြောရန်သာဆုံးဖြတ်လိုက်သည် ။ အနာဂတ်၌ သူမဤကဲ့သို့ရဲရင့်ကာသတ္တိရှိနေမည်မဟုတ်ကြောင်းရှင်းရှင်းလင်းလင်းသိသဖြင့် ယခု၀န်မခံလျှင်အနာဂတ်၌ အခွင့်အရေးတစ်ကြိမ်ထပ်ရှိရန်မဖြစ်နိုင်ပေ ။

 အခွံလေးထဲသို့ပြန်၀င်ပုန်းကာ ထပ်မံဖွင့်ဟပြောဆိုရန်ကြိုးစားမိတော့မည်မဟုတ်ချေ ။ ထို့ကြောင့် အသက်ပြင်းပြင်းရှုနေပြီးနောက် သူမ၏စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်လိုက်သည် ။ ခေါင်းမော့ရင်ကော့၍ ခါးမတ်လိုက်ကာ အလွန်ကိုစွမ်းအားကြီးသည့်အမျိုးသမီးစစ်သည်တစ်ဦးနှယ်ကိုယ်နေဟန်ထားကိုပြောင်းလဲလိုက်၏ ။

ထို့နောက် ……

" ကျွန်မ ……"

ဘာလို့ စကားဆက်ပြောလို့မရပြန်တော့တာလဲ ...

ရှန်းပိုင်မှာ အမှန်ပင် ငိုချချင်မိနေပြီဖြစ်၏ ။

" ကျွန်မ ……"

ချန်ကျိုးရပ်နေသည့်နေရာမှာ သူမနှင့်အနည်းငယ်လှမ်းသောကြောင့် မကြားလိုက်မည်ကိုလည်း စိုးရိမ်နေရသေးသည် ။ 
...

...

ချန်ကျိုးမှာ သူမ၏ စကားပြောထွက်ရန်ရုန်းကန်နေမှုများကိုကြည့်ရှုနေခဲ့ကာ ဆိုလိုချင်သည့်အကြောင်းအရာကိုလည်းသဘောပေါက်နေပြီဖြစ်သည် ။

သူမတစ်ကိုယ်လုံးချွေးများဖြင့်ရွဲနစ်နေသည့်တိုင် ထုတ်ပြောရန်လက်မလျှော့သေးပေ ။ သာမန်လူများအတွက်ရိုးရှင်းသည့်စကားများဖြစ်သော်လည်း သူမကမူခက်ခက်ခဲခဲရုန်းကန်နေရလေ၏ ။

" ကျွန်မ ရှင့်ကို ..."

' သဘောကျတယ် ' ဟုပြောတော့မည့်အချိန်မှာပင် သူမ၏ ပုခုံးကိုဆွဲလှည့်၍ ပွေ့ဖက်လိုက်သည်ကိုခံစားလိုက်ရသည် ။ ထိုသူမှာ သူ၏ လက်မောင်းအတွင်း၌ သူမအားပွေ့ဖက်ထား၏ ။ ရှန်းပိုင်မှာ မျက်လုံးအပြူးသားဖြင့် သူမ၏ အသိစိတ်တစ်ခုလုံးလွတ်ထွက်သွားတော့မတတ်ပင် ။

သူ့ဘက်ကရော ဘယ်လိုခံစားရမလဲ ...

အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရှန်းပိုင်အတွက် အမှန်ပင်လေးလံလှ၏ ။ အလွန်နီးကပ်လွန်း၍ နောက်တစ်ကြိမ်ငိုချမိလုမတတ်ဖြစ်လာရသည် ။

ချန်ကျိုးက သူမ၏ ပုခုံးပေါ်တွင်ခေါင်းမှီထားပြီးနောက် နားရွက်နားသို့ကပ်ကာ အလွန်ညင်သာသည့်လေသံဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲပြောလာ၏ ။

" ကိုယ်ရောပဲ "

ထိုစကားကပင် ရှန်းပိုင်အား တာကျိုးသကဲ့သို့မျက်ရည်များအလုံးအရင်းကျလာစေသည် ။ သူမက အခြားသူများနှင့်မတူညီသောကြောင့် အခြားသူများအတွက်စိတ်မပါလက်မပါပြောဆိုရန်လွယ်ကူသည့်စကားလေးသည့် သူမအတွက်အသက်တမျှအရေးကြီးနေခဲ့၏ ။

ချန်ကျိုးသည်လည်း ရှန်းပိုင်၏ အခြေအနေအားကောင်းကောင်းကြီးကိုနားလည်သဘောပေါက်သည် ။ သူမစိတ်ထဲဖြစ်ပျက်နေသမျှကိုထုတ်ပြောရန်မဖြစ်နိုင်သည့် မိန်းကလေးအတွက် သူကအားကိုးအားထားပြုနိုင်စရာတစ်ခုဖြစ်ချင်မိ၏ ။

ထိုမိန်းကလေးအား နောက်ထပ်မနာကျင်စေချင်တော့ပေ ။

🐳

Xxxxxxxx