#sweet
Chapter ( 17 )
ချန်ကျိုးထွက်သွားပြီးနောက် ရှန်းပိုင်မှာ အိပ်ရာပေါ်၌ လူးလှိမ့်၍ ကျန်ရစ်ခဲ့လေ၏ ။ ခေါင်းအုံးအတွင်း ခေါင်းနှစ်ထားပြီး အသက်ရူမ၀တော့သောကြောင့် မျက်နှာတစ်ခုလုံးနီရဲလာသည့်အခါမှသာ ခေါင်းပြန်ဖော်လေ၏ ။
သူမ၏ စိတ်ထဲတွင် ချန်ကျိုးပြောခဲ့သည့် နို့လက်ဖက်ရည်၏ ကာရိုက်တာဟူသောစကားသာစွဲထင်နေလေသည် ။
" ကိုယ်က အဲ့တာကို နို့လက်ဖက်ရည်ရဲ့ ကာရိုက်တာပုံလို့ထင်လိုက်တာ "
ခွက်ပုံဒီဇိုင်းများနှင့် ကာရိုက်တာစီးရီးအတွက်ဆွေးနွေးတိုင်ပင်ရန် ချန်ကျိုးလာခဲ့သော်လည်း ရှန်းပိုင်မှာ သူ့ကိုသာငေးကြည့်နေမိသဖြင့် ဘာမှရေရေရာရာနားမလည်လိုက်ပေ ။ နောက်ဆုံး၌ သူမခေါင်းညိမ့်၍ သဘောတူလိုက်သည်ကိုသာမှတ်မိလေ၏ ။
ခေါင်းငုံ့ထားပါသော်လည်း ချန်ကျိုး၏ အလွန်ဆွဲဆောင်မှုရှိသည့်အသံနှင့် နွေးထွေးသည့်စကားပြောဟန်တို့ကြောင့် သူမ၏ အာရုံမှာထိုသူ့ထံသို့သာရောက်နေခဲ့ရ၏ ။
ရှန်းပိုင်မှာ ဟိုဟိုဒီဒီလှိမ့်ကာဖြင့် မျက်နှာကျက်သို့သာစိုက်ကြည့်နေမိသည် ။ သူမ၏ နှလုံးသားလေးမှာနေမကောင်းဖြစ်သွားရသည် ။ ချန်ကျိုးနှင့်တွေ့သည့်အချိန်ကစ၍ ထူးထူးဆန်းဆန်းကြီးခဏခဏခံစားနေရ၏ ။
သူမက ယီယီထံသို့ စာပို့၍ သူမ၏ အခြေနေကိုဖွင့်ပြောပြပြီး ဆွေးနွေးတိုင်ပင်ရန်စဥ်းစားမိလိုက်သည် ။ သို့သော်လည်း မက်စ်ဆေ့ဘောက်စ်အားဖွင့်ပြီးကာမှ စိတ်ပြောင်းသွားသောကြောင့်ဖုန်းကိုခေါင်းအုံးပေါ်သို့ပစ်တင်လိုက်ပြန်သည် ။
အတိအကျပင် သူမ၏ ဘ၀ထဲသို့မမျှော်လင့်ထားဘဲ တဖြည်းဖြည်း၀င်ရောက်လာသည့် ထိုသူကိုချစ်မိနေကြောင်းသူမကိုယ်တိုင်လည်းသေချာသိပါ၏ ။
ဤကဲ့သို့ထူးထူးဆန်းဆန်းဖြင့် ဂနာမငြိမ်သည့်စိတ်ခံစားချက်ကို အထက်တန်းတတ်ိယနှစ်တုန်းကလည်း တစ်ခါခံစားမိခဲ့ရဖူးသည် ။
တစ်ဖက်လူမှာ အတန်းထဲမှကောင်လေးတစ်ယောက်ဖြစ်ပြီး သူ၏ အပြုံးများမှာအလွန်တောက်ပလေသည် ။ ထိုအချိန်က သူမတွင်သူငယ်ချင်းမရှိသောကြောင့် ညဘက်စာကြည့်ချိန်ပြီးသည့်အခါ၌ ထိုကောင်လေးက သူမအား ညတိုင်းအိမ်ပြန်ပို့ပေးလေ့ရှိသည် ။
ကာယအချိန်၌ ဖြစ်စေ အတန်းတွင်းလုပ်ဆောင်ချက်အချိန်များ၌ဖြစ်စေ သူမ၏ရှေ့တွင် ကောင်မလေးများစွာရှိသော်လည်း ထိုကောင်လေး၏ အကြည့်များမှာ သူမထံသို့သာရောက်ရှိနေတတ်၏ ။
အကြည့်ချင်းဆုံသည့်အကြိမ်တိုင်းတွင် တစ်ဖက်လူမှနွေးနွေးထွေးထွေးပြုံးပြလာတတ်သောကြောင့် ရှန်းပိုင်မှာ အမြဲတမ်းခေါင်းငုံ့ထားမိတတ်သည် ။
အစပိုင်း၌ နေရခက်သော်လည်း နောက်ပိုင်းတွင်မူ သူမလည်းပျော်ရွှင်လာခဲ့သည် ။ သူမနှင့် သူငယ်ချင်းဖြစ်ရန်ဆန္ဒရှိသည့် တစ်စုံတစ်ယောက်ရှိသည်ဟူသည့်အတွေးကပင် သူမကိုပျော်ရွှင်လာစေ၏ ။
တစ်ည၌ ထိုကောင်လေးက သူမကိုသဘောကျနေကြောင်း၀န်ခံလာ၍ တစ်ညလုံးအိပ်မရနိုင်အောင် စိတ်လှုပ်ရှားနေခဲ့ရသည် ။
သိသာစွာပင် ရှန်းပိုင်သည်လည်း ထိုကောင်လေးသဘောကျ၏ ။ ထိုကောင်လေးက နေ့တိုင်းတောင်တက်စက်ဘီးလေးကိုတွန်း၍ သူမ၏ ဘေးမှစကားတတွတ်တွတ်ပြောကာ အိမ်ပြန်လိုက်ပို့လေ့ရှိသည် ။ သူမစကားပြန်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ တောက်ပစွာပြုံး၍ သူမအား စကားပြောနေတတ်သည်ပင် ။
ထိုအရာအားလုံးမှာ တစ်ခုသောညနေခင်းတွင်အဆုံးသတ်သွားရလေသည် ။
ညနေဆည်းဆာချိန်၌ အရာအားလုံးပုံမှန်ဖြစ်နေပုံရကာ ထိုကောင်လေးသည်လည်း သူမကိုအိမ်ပြန်လိုက်ပို့နေခဲ့၏ ။ အိမ်ရာအပေါက်၀သို့ရောက်သောအခါ ရူးသွပ်နေသည့်ပုံဖြင့် အမျိုးသမီးတစ်ဦးကပြေးထွက်လာပြီး ကျိန်ဆဲရင်းဖြင့် ထိုကောင်လေး၏ အကျီစကိုဆွဲဆောင့်လိုက်သည် ။
ထိုအမျိုးသမီးမှာ ရှန်းပိုင်၏ မိခင်ပင်ဖြစ်သည် ။
ထို့နေရာတွင်ဖြတ်သွားဖြတ်လာများစွာရပ်ကြည့်နေကြပြီး ရှန်းပိုင်သည်လည်း ကြောင်အကာရပ်နေမိ၏ ။ နောက်တစ်နေ့၌ အတန်းပြောင်းရန်ဖိအားပေးခံရပြီး ထိုကောင်လေးမှာ သူမ၏ရှေ့တွင် ဘယ်တော့မှထပ်ပေါ်မလာတော့ပေ ။
တစ်ပတ်ကြာသောအခါ အရင်အခန်းမှအတန်းဖော်ကောင်မလေးတစ်ယောက်က ထိုကောင်လေးမှာအနိုင်ကျင့်ခံရ၍ ကျောင်းပြောင်းသွားရပြီဖြစ်ကြောင်းပြောလာ၏ ။
ထိုအချိန်မှစ၍ ရှန်းပိုင်မှာ တစ်ယောက်ယောက်ကိုသဘောကျရန် မစဥ်းစားရဲတော့ချေ ။
ဆန့်ကျင်ဘက်လိင်နှင့်ဆက်သွယ်ပြောဆိုရမည်ကိုပင် ကပ်ရောဂါတစ်ခုကဲ့သို့ရှောင်ကျဥ်လာလေ၏ ။
သို့သော်လည်း ထိုသို့သောရှောင်ဖယ်လိုသည့်စိတ်မှာ ချန်ကျိုးနှင့်ဆိုပါက ထူးထူးဆန်းဆန်းပင်ပေါ်မလာေတာ့ချေ ။
ထို့ကြောင့် ချန်ကျိုးကို သဘောကျချစ်ခင်မိနေကြောင်း မိမိကိုယ်တိုင်သေသေချာချာသိ၏ ။
ရှန်းပိုင်မှာ ခေါင်းအုံးထဲမျက်နှာနှစ်၍ အော်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုပြန်လည်မေးခွန်းထုတ်မိနေသည်။
ရှန်းပိုင် နင်ဘာတွေဖြစ်နေတာလဲ ...
နင့်အပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်ကို ဘာလို့ မကောင်းတဲ့အတွေးတွေနဲ့ကြံစည်ရဲရတာလဲ ...
ချန်ကျိုးလည်း ရိပ်မိသင့်သလောက်ရိပ်မိနေလိမ့်မည်ပင် ။
တစ်မိုးအောက်ထဲတွင် အချိန်ကြာမြင့်စွာအတူတူနေထိုင်ရမည်ဖြစ်သောကြောင့် မျက်နှာပျက်ဖွယ်အဖြစ်များကိုရှောင်ရှားရန်အတွက် ချန်ကျိုးနှင့်တတ်နိုင်သမျှမတွေ့ဘဲနေရန်ဆုံးဖြတ်လိုက်သည် ။
ထိုသို့ဆုံးဖြတ်ပြီးနောက် ရှန်းပိုင်၏ အခြေအနေမှာ ဟမ်းစတားလေးတစ်ကောင်းဆောင်းခိုသကဲ့သို့ အခန်းတွင်းအောင်းသည့် ကာလသို့ပြန်လည်ရောက်ရှိသွားလေတော့၏ ။
နှစ်ဆယ့်လေးနာရိီတွင် နှစ်ဆယ့်သုံးနာရီခန့်အခန်းအောင်းနေပြီး ချန်ကျိုးနှင့်စကားပြောသည်မှာရှားပါးလှသည် ။ သို့သော်လည်း ကာရိုက်တာစီးရီးဖန်တီးမှုကြောင့် ချန်ကျိုးက သူမဆီမကြာခဏဆိုသလိုလာလေ့ရှိသည် ။
သူလာသည့်အကြိမ်တိုင်းတွင် အအေးတစ်မျိုးနှင့်မုန့်ချိုများမရိုးရအောင် ယူလာပြီး သူမအားမြည်းစမ်းစေလေ့ရှိသည် ။ အလုပ်သဘောအရလာတွေ့နေရခြင်းဖြစ်သဖြင့် ရှန်းပိုင်မှာ မငြင်းဆန်နိုင်ချေ ။
ချန်ကျိုးအားမော့မကြည့်ဘဲ ကျေးဇူးတင်ကာယူစရာရှိသည်ကိုအမြန်ယူ၍ အခန်းတွင်းသို့ပြန်ပြေး၀င်သွားတတ်၏ ။
ရက်အနည်းငယ်ကြာသောအခါ ရေးဆေးပန်းချီအချို့ကိုအပြီးသတ်ရေးဆွဲပြီးဖြစ်သည် ။ ရှန်းပိုင်၏ လက်ရာများမှာ အလွန်ကောင်းမွန်၍ ချန်ကျိုးအား ဘယ်တော့မှစိတ်မပျက်စေရပေ ။
စေ့စေ့ပိတ်ထားသည့်တံခါးကိုကြည့်၍ ချန်ကျိုးမှာ တံခါးခေါက်ရမည်လောမခေါက်ရမည်လောမသဲကွဲသည်မှာ အကြိမ်ကြိမ်အခါပင် ။ ဤတလောတွင် ရှန်းပိုင်က သူ့အားရှောင်နေပုံရကာ တံခါး၌ မနှောင့်ယှက်ရဟူ၍ စာမကပ်ထားရုံတမယ်ဖြစ်သည် ။
သူမက တံခါးအမြန်ဆွဲဖွင့်၍ ယူစရာရှိသည်ကိုယူကာ အခန်းထဲသို့အမြန်ပြန်ပြေး၀င်သွားတတ်ပြီး သူ့အား ကိုယ်ပျောက်လူသားတစ်ယောက်ကဲ့သို့ လျစ်လျူရှုထား၏ ။
ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ ...
အမျိုးသားမှာ ဖြစ်နိုင်သည့်အကြောင်းအရင်းေပါင်းစုံကိုတစ်ညလုံးတွေးတောနေခဲ့ပြီး နောက်တစ်နေ့မနက်၌ ရှန်းပိုင်အား ရှင်းရှင်းလင်းလင်းမေးရန် ဆုံးဖြတ်လိုက်သည် ။
ကာရိုက်တာဖန်တီးပေးဖို့ပြောလိုက်မိတာက သူမအပေါ်စိတ်ဖိစီးမှုဖြစ်သွားစေတာလား ...
ထိုကောင်မလေးမှာ ပုံကြမ်းဆွဲဖို့အချိန်မရှိသဖြင့် သူ့အားလျစ်လျူရှုထားသည်ဟုသာဖြည့်တွေးနေရ၏ ။
သူမအားအတင်းအကြပ်မေးခွန်းထုတ်လိုက်မည်ဆိုလျှင် နှလုံးသားမဲညစ်၍အကြံဆိုးများဖြင့်ပြည့်နေသည့် မကောင်းသည့်ဦးလေးကြီးဟုထင်သွားမည်ကိုလည်း စိုးရွံ့နေရသေး၏ ။
ချန်ကျိုးမှာ မိမိအဖြစ်ကိုတွေး၍ ရယ်မိလေသည် ။ သူမကို တောင်းပန်စကားပြောရန်အတွက် သင့်တော်သည့်အချိန်နှင့် မကြုံကြိုက်သေးသောကြောင့် အောင့်အီး၍သာနေနေရလေ၏ ။
တစ်ယောက်ယောက်ကိုချစ်မိသွားပြီဆိုလျှင်ထိုသူနှင့်ပက်သက်၍ အရာအားလုံးအတွေးလွန်နေတတ်သည်မှာ သဘာ၀ပါပင် ။ ချန်ကျိုးကဲ့သို့ လူပျိုကြီးသည်လည်း ခြွင်းချက်မဟုတ်ပေ ။
တစ်ဖက်၌မူ ရှန်းပိုင်အား ချန်ကျိုးနှင့်ဆင်တူသည့်အတွေးတစ်ခုကပင်နှိပ်စက်နေလေ၏ ။ သူမဘက်မှသဘောကျနေသည်အား ချန်ကျိုးသိသော်လည်း အလုပ်ကိစ္စအရ မဖြစ်မနေပက်သက်ရမည်ဖြစ်သောကြောင့် သူမအား သည်းခံနေရခြင်းဖြစ်သည်ဟုသာ တွေးနေလေ၏ ။
ထိုအတွေးများက သူမအားနှိပ်စက်နေခဲ့သည်မှာ နှစ်ပတ်တိတိကြာမြင့်ပြီး ၀တ္ထုအတွက်သုံးသပ်ချက်ထွက်လာသည့်အချိန်အထိပင် ။ မှတ်ချက်ပေးသည့်နေရာ၌ စာဖတ်သူများအကြိတ်အနယ်တိုက်ပွဲဖြစ်နေကြ၏ ။
ယီယီမှာ မျက်ရည်အ၀ိုင်းသားဖြင့်အော်ဟစ်ညည်းညူနေတော့သည် ။
ရှန်းပိုင် ...နင်ဒီတစ်လောဘာတွေဖြစ်နေတာလဲ ...
အောက်ထပ်က နို့လက်ဖက်ရည်တွေသောက်တာများပြီးရူးသွားပြီလား ...
——
တစ်ည၌ ရှန်းပိုင်ပုံကြမ်းဆွဲနေသည့်အချိန်တွင် ရုတ်တရက်တံခါးခေါက်သံကြားလိုက်ရသည် ။ ရှန်းပိုင်က သတိထား၍ လှည့်ကြည့်လိုက်သော်လည်း သူမ၏ မျက်၀န်းထဲ၌မူ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုရှိနေလေ၏ .။ထိုသူမှာ ချန်ကျိုးပါပင် ။
" ကိုယ်ပါ အိပ်နေပြီလား "
ထိုသူမြင်နိုင်မည်မဟုတ်သော်လည်း ရှန်းပိုင်မှာ ခေါင်းခါပြလိုက်မိသည် ။ နာရီကြည့်လိုက်သည့်အခါ ဆယ်နာရီထိုးခါနီးနေပြီဖြစ်သည် ။ ချန်ကျိုး တစ်ခါမှသူမအား ဒိီလောက်နောက်ကျသည့်အချိန်မျိုးတွင် လာမတွေ့ခဲ့ဖူးပေ ။
တစ်ခုခုအရေးကြီးတာများရှိလို့လား ...
ရှန်းပိုင်က ထိုင်ခုံပေါ်မှခုန်ဆင်းပြီးနောက် ဖိနပ်အပါးကိုစီး၍ ပြေးလွှားကာတံခါးသွားဖွင့်လေတော့သည် ။ သူမက တံခါးကိုဖြည်းဖြည်းချင်းဖွင့်ရင်းဖြင့် အပြင်ဘက်မှတိုး၀င်လာမည့်အလင်းရောင်ကိုခုခံသည့်အနေဖြင့် မျက်၀န်းများကိုမှေးကျဥ်းထားမိသည် ။
ရှန်းပိုင်၏ အပြင်လောကနှင့်ဆက်ဆံရန်ကြောက်ရွံ့မှုမှာ ပို၍ဆိုးရွားလာပုံပင် ။
သို့သော်လည်း တံခါး၀တွင်ရပ်နေသည့် အရပ်ရှည်ရှည်နှင့် လူမှာ တံခါး၀တွင်ဖြောင့်တန်းစွာရပ်၍ အပြင်လောကနှင့် သူမကြားပိုင်းခြားထားသည့် နယ်နိမိတ်စည်းပါးပါးလေးတစ်ခုလိုပင် ။
ထိုသူ၏ တည်ရှိမှုအရှိန်အ၀ါကိုရှင်းရှင်းလင်းလင်းပင်ခံစားနေရပြီး ဦးရောပြားများပင်ထုံထိုင်းလာရ၏ ။
ဘာလို့ရောက်လာတာလဲဆိုတာပြောလေ ...
ဘာလာရှာတာလဲ ...
ဘာလို့ ဘာမှမပြောတာလဲ ...
ဘာလို့ ရုတ်တရက်ကြီးရောက်လာတာလဲ ...
ရှန်းပိုင်မှာ အလွန်စိတ်လှုပ်ရှားနေပါသော်လည်း ချန်ကျိုး၏ အသွင်အပြင်ကိုမူအသေအချာကြည့်ရှုလိုက်သေး၏ ။
လက်ထဲမှာဘာမှမပါလာဘူး ...
အိမ်နေရင်းအ၀တ်အစားနဲ့ ...
ဖိနပ်အပါးပဲစီးထားတာ ...
ဒါဆိုရင် ဘာကိစ္စနဲ့လာတာလဲ ...
သူမအကဲခတ်နေသည့်အချိန်မှာပင် ချန်ကျိုး၏ အသံမှာဆွဲဆောင်မှုရှိစွာပေါ်ထွက်လာသည် ။
" ကိုယ်ခဏလောက်စကားပြောလို့ရမလား "
ဟမ် ... ဘာပြောစရာရှိလို့လဲ ...
ဒီအချိန်ကြီး ပြောစရာဘာအကြောင်းရှိလို့လဲ ...
သူတစ်ခုခုများရိပ်မိသွားလို့လား ... ရိပ်မိသွားလို့ ငါ့ဆီကဖြေရှင်းချက်လာတောင်းတာလား ...
သေရင်တောင်မှ ၀န်ခံလို့မဖြစ်ဘူး ...
ရှန်းပိုင်က ခေါင်းတတွင်တွင်ခါနေသောကြောင့် ချန်ကျိုးက ထပ်မေးလာ၏ ။
" စကားပြောချင်စိတ်မရှိဘူးလား "
ဤအခြေအနေအတွင်း ရှန်းပိုင်၏ အမြင်၌ ချန်ကျိုး၏ စကားများမှာ သူမအား၀န်ခံလာစေရန်အတွက် သွေးဆောင်ဖြားယောင်းနေသည်ဟုသာထင်မှတ်နေလေသည် ။ အခန်းအတွင်းသို့ပြန်ပြေး၀င်သွားချင်ပါသော်လည်း စိတ်သွားတိုင်းကိုယ်မပါသဖြင့် လက်ကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေ၏ ။
ချန်ကျိုးက သူမစိတ်သက်သာရာရစေရန်အတွက်အတတ်နိုင်ဆုံးကြိုးစားပေးနေလေသည် ။
" ကိုယ်မေးသမျှကို ခေါင်းညိမ့်ခေါင်းခါပဲ လုပ်ပြပေးလေ အဆင်ပြေရဲ့လား "
ဤသည်က စကားပြောရခြင်းထက် များစွာပိုမိုလွယ်ကူသောကြောင့် ရှန်းပိုင် သဘောတူလိုက်သည် ။
" ကိုယ်တို့တစ်အိမ်တည်းမှာအတူတူနေနေကြတာလေ ..."
ရှန်းပိုင် ခေါင်းညိမ့်လိုက်၏ ။
" ကိုယ့်စကားမဆုံးသေးဘူးလေကွာ "
"..."
" ကိုယ်တို့တစ်အိမ်တည်းအတူတူနေနေကြတာမို့လို့ သူစိမ်းတွေလိုမသိချင်ယောင်ဆောင်နေလို့မရဘူးလေ ... မင်းနားလည်တယ်မဟုတ်လား "
ခေါင်းညိမ့်လိုက်ပြန်၏ ။
" မင်းကိုယ့်ကိုတစ်ခုခုပြောချင်တယ်ဆိုရင် စာရေးပြီးပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မှတ်စုစာရွက်သေးသေးလေးတွေရေးထားတာပဲဖြစ်ဖြစ်လုပ်လို့ရတယ် "
ခေါင်းညိမ့်လိုက်သည် ။
" မင်းကိုယ့်ကိုပြောချင်တာရှိလား "
ချန်ကျိုးမေးလာသောအခါ ရှန်းပိုင်က သတိလက်လွတ်ဖြင့်ခေါင်းညိမ့်ပြိီးကာမှ အမြန်ခေါင်းပြန်ခါလိုက်သည် ။အမျိုးသားက ထိုပုံလေးကိုကြည့်၍ ရီမောကာဖြင့်
" တကယ်မရှိဘူးပေါ့ "
နှစ်ကြိမ်မျှခေါင်းညိမ့်ပြလာ၏ ။
" တကယ်မရှိဘူးလား ... ကိုယ့်ကိုပြောပြလို့ရတယ်နော်"
ချန်ကျိုးမှာ ရှန်းပိုင်နှင့်ပက်သက်လာလျှင် အလွန်စိတ်ရှည်ဆဲပင် ။
" ဟေ့ ..."
သူမ၏ ခေါင်းနားမှသူက သက်ပြင်းအရှည်ကြီးချ၍
" ကိုယ့်ကိုပြောပြလို့ရပါတယ်ဆိုကွာ "
ချန်ကျိုး၏ အပြုအမူက သူမအပေါ် စိတ်ရှည်၍နူးညံ့လေ သူမကိုယ့်ကိုယ်ကိုပို၍ အပြစ်တင်မိလေလေဖြစ်သည် ။ ခေါင်းပေါ်နှင့်ရင်ဘတ်ပေါ်သို့ အလေးတုံးကြီးဖြင့်ဖိထားသလိုခံစားနေရ၏ ။
သူမသတိမထားမိခင်မှာပင် မျက်ရည်၀ဲလာပြီး တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း လက်တွေ့၌မူစကားတစ်ခွန်းမှ ပြောမထွက်တော့ချေ။
ပါးစပ်ဖွင့်၍ စကားလေးတစ်ခွန်းပြောရန်ကပင် သူမအတွက် အလွန်ခက်ခဲလို့နေ၏ ။
ရှန်းပိုင်မှာ သူမ၏ မျက်ရည်များကိုမသုတ်ရဲပေ ။ သူမသုတ်လိုက်သည့်အခါတွင်ငိုနေကြောင်း ချန်ကျိုးသတိထားမိသွားမှာကြောက်လို့နေ၏ ။
အသက်ရှုကြပ်လာသည့်အပြင် ချန်ကျိုးကိုမော့မကြည့်ရဲဘဲ နှလုံးသားထဲမှအသံတိုးတိုးလေးဖြင့်သာ၀န်ခံပြောဆိုလိုက်သည် ။
" ကျွန်မရှင့်ကိုသဘောကျတယ် "
ကြည်လင်သည့် မျက်ရည်တစ်ပေါက်မှာရှန်းပိုင်၏ ပါးပြင်ထက်သို့ကျဆင်းလာ၏ ။ သူမတတ်နိုင်သည့်အရာတစ်ခုမျှမရှိပေ ။
တောင်းပန်ပါတယ် ...
ကျွန်မကိုပဲအပြစ်တင်လိုက်ပါ ... လူတစ်ယောက်နဲ့ ဘယ်လိုစကားပြောရမယ်တောင် မသိတဲ့အသုံးမကျတဲ့လူတစ်ယောက်ပါ ... ကျွန်မက ရှင့်ကိုဆွဲချမိသွားလိမ့်မယ် ....
စတွေ့ကတည်းကနေအခုထိ ရှင့်ဘက်ကပဲ တောက်တောက်ပပပြုံးပြီး အမှောင်ထဲကနေဆွဲထုတ်ပေးခဲ့တာ ... ကျွန်မကအသုံးမကျလွန်းလို့ စကားလေးတစ်ခွန်းကိုတောင် ထုတ်မပြောနိုင်ဘူး...
တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ...
🐳xxxxx