အပိုင်း ၁၆
Viewers 7k

#sweet
Chapter ( 16 )


ထိုည၌ ရှန်းပိုင်မှာ တစ်ညလုံးနီးပါးအိပ်မပျော်ပေ ။ သူမ၏ အတွေးထဲတွင် အမြဲနွေးနွေးထွေးထွေးပြုံးပြလေ့ရှိကာ သူမအပေါ်ဂရုတစိုက်ရှိလှသည့် အမျိုးသား၏ အကြောင်းကိုသာတွေးမိနေလေ၏ ။

မနက်သုံးနာရီထိုးသည့်အချိန်အထိ ရှန်းပိုင်မှာ အားအင်အပြည့်ဖြင့်တက်ကြွနေသည့်အပြင် သူမ၏ နှလုံးသားထဲမှလည်း ထူးဆန်းသည့်ခံစားချက်တစ်မျိုးကိုခံစားနေရလေ၏ ။

ရှန်းပိုင်က သူမ၏ခိုင်မာစွာ ဖြစ်တည်နေသည့်ခံစားချက်ကြောင့် ထိတ်လန့်သွားကာ ဖုန်းကိုယူ၍ အင်တာနက်ပေါ်မှအဖြေရှာကြည့်ရန်ဆုံးဖြတ်လိုက်သည် ။

" လူတစ်ယောက်ကိုသဘောကျနေရင် ဘယ်လိုခံစားရလဲ "

သူမ၏ မေးခွန်းအောက်၌ ၀င်ရောက်ဖြေဆိုသူအများအပြားရှိပြီး အချို့မှာခံစားချက်အမျိုးအစားများကိုပင်ခွဲခြမ်းစိတ်ဖြာပြထားသေး၏ ။

ရှန်းပိုင်က အဖြေတစ်ခုချင်းစီကိုသေသေချာချာဖတ်ကြည့်လေ ပို၍ပင်ရှုပ်ထွေးလေဖြစ်လာရသည်မှာ အဖြေတစ်ခုကိုမတွေ့ခင်အချိန်အထိပင်ဖြစ်သည် ။

" ဒီမေးခွန်းကိုမေးပြီဆိုကတည်းက ချစ်မိနေတာသေချာတယ် "

ရှန်းပိုင်မှာ နှုတ်ခမ်းတင်းတင်းကိုက်ထားလိုက်မိသည်။

မဖြစ်နိုင်တာ ……

ငါတစ်ကယ်ကြီး ချန်ကျိုးကိုချစ်မိနေတာလား ...

ရက်နည်းနည်းလောက်အတူတူနေလိုက်ရုံနဲ့ သူများအပေါ်မကောင်းတဲ့စိတ်တွေ၀င်မိနေပြီ ရှက်စရာကောင်းလိုက်တာ ...

ရှန်းပိုင်မှာ စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ပါးကိုသူမလက်ဖြင့်ပုတ်လိုက်မိသည် ။

အမှန်တကယ် သူမတို့ပြန်လာသည့်အချိန်၌ အောက်ထပ်မှဖြတ်လာခဲ့သောကြောင့် ကဖေးရှိ၀န်ထမ်းတစ်အုပ်လုံးမှာ ချန်ကျိုးမိန်းကလေးတစ်ဦးကိုချီလာကြောင်းတွေ့ခဲ့ရပြီးဖြစ်သည် ။ 

၀န်ထမ်းများက အံ့အားသင့်စွာဖြင့် သူဌေးဟုခေါ်ကြတော့မည့်အချိန်တွင် ချန်ကျိုးက တိတ်တိတ်နေရန်အချက်ပြသည့်အနေဖြင့် ပြင်းပြင်းထန်ထန်စူးစိုက်ကြည့်လိုက်သောကြောင့် မည်သူမျှအသံမထွက်ရဲတော့ပေ။ 

ချန်ကျိုးက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ၀န်ထမ်းတစ်သိုက်အားလျစ်လျူရှုကာ အပေါ်ထပ်သို့တက်သွားလေတော့၏ ။
 
" နိုးပြီလား "

ရှန်းပိုင်က အမြန်ခေါင်းမော့လိုက်ကာ 

"... နိုးပြီ ...နိုးပြီ ..."

အသံမှာတိုးတိုးလေးဖြစ်သည့်အပြင် သူမ၏ မျက်တောင်များမှာလည်း လိပ်ပြာတစ်ကောင်တောင်ပံခတ်နေသကဲ့သို့တုန်ရီနေရှာသည် ။

" အသံကတိုတိုးလေး တစ်ကယ်နိုးတာရောဟုတ်လို့လား " 

အလွန်နီးကပ်နေသောကြောင့် အမျိုးသား၏ အသက်ရှုသံကိုပါခံစားနေရသည် ။ ရှန်းပိုင် ခေါင်းညိမ့်ပြသော်လည်း ချန်ကျိုးက သူမအား စနောက်ချင်နေဆဲပင် ။

" တကယ်နိုးပြီပေါ့ ... အိပ်ချင်မူးတူးနဲ့ချော်မလဲမှာသေချာရဲ့လား "

ရှန်းပိုင်ခမျာ သူမ၏ မျက်နှာပိုပိုပူလာသည်ကိုသာခံစားမိတော့သည် ။ ချန်ကျိုးက သူမကိုအောက်ချပေးလိုက်ပြီးနောက် အဖြူရောင်အ‌ေမွှးအရုပ်ကလေးပါသည့်အိမ်စီးဖိနပ်ကိုထုတ်ကာ သူမ၏ခြေထောက်နားသို့ချပေးလာသည် ။ 

အပြုမူများမှာ အလွန်ရင်းနှီးကျွမ်း၀င်နေပုံရပြီး နှစ်အတော်ကြာအတူတူနေထိုင်ခဲ့ကြသလိုခံစားနေရ၏ ။

——

နောက်တစ်နေ့နံနက်၌ ချန်ကျိုးမှာ ထိုင်ခုံပေါ်တွင်ခြေချိတ်ထိုင်ရင်း စားပွဲပေါ်ရှိ ပန်းချီကားနှစ်ချပ်အား မျက်မှောင်ကျုံ့ကာကြည့်နေမိလေ၏ ။

မန်နေဂျာကျိုးက ချန်ကျိုးအားတွေ့သောအခါ စပ်စပ်စုစုဖြင့် အနားကပ်လာသောကြောင့် ချန်ကျိုးကပန်းချီများကိုဆွဲသိမ်းလိုက်တော့သည် ။

" ဘာတွေကြည့်နေတာလဲ "

ချန်ကျိုးက မန်နေဂျာကျိုးကို ဂရုပင်မစိုက်ဘဲ ထိုင်ခုံပေါ်သို့သာမှီချလိုက်သည် ။ ထို့နောက် ချန်ကျိုးက ကျိုးချင်းရှု၏ နားသို့ကပ်သွား၍ ပန်းချီများကိုပြကာမေးလာ၏ ။

" ဒီပန်းချီတွေကိုဘယ်လိုထင်လဲ"

ကျိုးချင်းရှု : " ကြည့်လို့ကောင်းသားပဲ "

" သေသေချာချာကြည့်စမ်းပါ ထူးခြားတာတစ်ခုခုများမတွေ့ဘူးလား "

ကျိုးချင်းရှုက သေသေချာချာပြူးပြဲကြည့်ရှုနေပြီးနောက် ရုတ်တရက်သဘောပေါက်သွားဟန်ဖြင့် ပေါင်ကိုအားရပါးရလက်ဖြင့်ရိုက်ကာပြောလာ၏ ။

 "အာ ...ဒီဟာတွေက "

" အင်း"

" ငါတို့ဆိုင်က မီနူးအသစ်တွေရဲ့အဓိပ္ပာယ်ကိုထည့်ဆွဲထားတာပဲ "

ချန်ကျိုးက စိတ်ကျေနပ်စွာခေါင်းညိမ့်လိုက်ပြီးနောက် ကျိုးချင်းရှု၏ ပုခုံးကိုပုတ်၍ 

" အဲ့တာပြောတာ"

" ငါအစကသတိမထားမိဘူးကွ မင်းဆွဲထားတာလား "

" မဟုတ်ဘူး "

" အပေါ်ထပ်က ကိန္နရီလေးဆွဲထားတာလား ?"

" ဘာကြီး "

" အပေါ်ထပ်ကတစ်ယောက်လေကွာ..."

ကျိုးချင်းရှုက မျက်ခုံးပင့်လိုက်ကာ 
 
" တကယ်လို့ ငါ့လက်မောင်းထဲမှာကောင်မလေးတစ်ယောက်ကွေးကွေးလေးအိပ်ပျော်နေမယ်ဆိုရင် ငါလည်းသူမကိုနိုးစေချင်မှာမဟုတ်ဘူးကွ "

ချန်ကျိုးခမျာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားရရှာ၏။

" ဟုတ်တယ် ... သူမဆွဲထားတာ ပန်းချီလဲဆွဲတတ်တယ်လေ "

" အိုး ... အနုပညာသမားလေးပေါ့ ...မင်းဘာဆက်လုပ်ဖို့စဥ်းစားထားလဲ "

ချန်ကျိုးက ပန်းချီတစ်ချပ်ကိုမြှောက်ကြည့်ပြီးနောက် သူ၏နဖူးပေါ်တွင်ဖိကပ်လိုက်ကာ

" ငါ စီးရီးတစ်ခုဖန်တီးပြီး ထုပ်ပိုးတဲ့အိတ်တွေမှာ သူမရဲ့ပန်းချီတွေကိုသုံးချင်တယ် "

" ဖန်ပုလင်းတွေမှာရောလား "

" အင်း "

ချန်ကျိုးက အသေအချာစဥ်းစားပြီးနောက် 

" ဥပမာပြောရရင် ... ဒီစတော်ဘယ်ရီမိန်းကလေးရဲ့ အ၀တ်နေရာကိုအကြည်သားနဲ့သုံးလိုက်မယ်ဆိုရင် အအေးထည့်တဲ့အခါကျ အ၀တ်ရဲ့အရောင်က အအေးရဲ့အရောင်အတိုင်းဖြစ်သွားလိမ့်မယ် ... ခွက်အပေါ်မှာ အရောင်ထည့်ရိုက်စရာမလိုတော့ဘူးပေါ့ ... နို့စတော်ဘယ်ရီဆိုရင် ပန်းရောင်ဖြစ်ပြီး ဒိန်ချဥ်ဆိုရင် အဖြူရောင်ဖြစ်နေလိမ့်မယ် ... ထုပ်ပိုးမူစရိတ်ကိုလည်းသက်သာစေပြီး နှစ်ဖက်လုံးအတွက်အကျိုးရှိတယ်လေ "

ကျိုးချင်းရှုက ထောက်ခံလာ၏ ။

" စိတ်၀င်စားစရာပဲ " 

" ပြီးတော့ အထူးအစီအစဥ်တွေလည်းထည့်မလားလို့ ဖရဲသီးဆိုရင်အနီ လိမ္မော်သီးဆိုရင် လိမ္မော်ရောင် ပန်းသီးနဲ့သခွားသီးဆိုရင် အစိမ်းရောင် ဘလူးဘယ်ရီဆိုရင်အပြာရောင်နဲ့ ဂရိတ်ဖရုဆိုရင် ခရမ်းရောင် ... သက်တန့်ရောင်စီးရီးလို့နာမည်ပေးမယ်လေ ... စီးရီးတစ်ခုစာစုဆောင်းမိတာနဲ့ တူညီတဲ့စီးရီးထဲကနေ လက်ဆောင်အပိုပေးတာတွေလုပ်မလားလို့ "

" မဆိုးပါဘူး ... အအေးသောက်ရတာကြိုက်တဲ့အပြင် မုန့်စားရတာကြိုက်တဲ့မိန်းကလေးတွေကသေချာပေါက်သဘောကျမှာသေချာတယ် "

ချန်ကျိုး၏ အကြည့်များမှာ ပန်းချီများထံမှမခွာချေ။

 " အောင်မြင်မယ်လို့ထင်လား "

ကျိုးချင်းရှုက ချန်ကျိုးထက်ပင်ပိုမိုမျှော်လင့်နေသေး၏ ။

 " သေချာပေါက်အောင်မြင်မှာကွ "

ချန်ကျိုးမှာ ရှန်းပိုင်နိုးလာသည်နှင့် စီးရီးတစ်ခုဖန်တီးရန်ဆွေးနွေးတော့မည်ပင် ။

——

ရှန်းပိုင်မှာမူ သူမပထမဆုံးအကြိမ်ချစ်မိသွားပြီဆိုသည့် အမှန်တရားထဲတွင်တစ်ညလုံးနစ်မြုပ်နေလေ၏ ။ မနက်ခြောက်နာရီထိုးခါနီးသောအခါမှသာ အပြင်ဘက်မှ ငှက်များ၏ ကျီကျီကျာကျာအသံများကိုနားထောင်၍ အိပ်ပျော်သွားလေသည် ။

သို့သော်လည်း ဖုန်းမြည်သံကသူမအားလန့်နိုးသွားစေသည် ။ ရှန်းပိုင်က ဖုန်းကိုင်လိုက်ပြီးနောက် အိပ်ချင်မူးတူးဖြင့် 

" ဘယ် ...ဘယ်သူလဲ ?"

ဖုန်းပြောလျှင်စကားထစ်ရခြင်းမှာလည်း သူမ၏ အားနည်းချင်များထဲမှတစ်ခုပင် ။ ထိုအခိုက်၌ ရင်းနှီးနေသည့်အသံလေးထွက်ပေါ်လာ၏ ။

" ကိုယ်ပါ " 

ရှန်းပိုင်မှာ ဆံပင်စုတ်ဖွားဖြင့်ငုတ်တုပ်ထထိုင်မိလိုက်လေသည် ။

ဘာကြီး ……

ထိုအသံပိုင်ရှင်မှာ သူမအားအတွေးများစေ၍တစ်ညလုံး အိပ်မရအောင်ပြုလုပ်ခဲ့သူပင် ။ထိုသူ၏ အသံကိုကြားကြားချင်းမှာပင် ရှန်းပိုင်မှာမဆီမဆိုင်ရှက်သွေးဖြာလာရသည် ။

" နိုးပြီလား "

"...အွန်း ..." 

ချန်ကျိုးက ဂရုတစိုက်ဖြင့်မေးလာ၏ ။

" မင်း တံခါးဖွင့်ပေးလို့ရမလား ကိုယ်မင်းနဲ့ဆွေးနွေးစရာလေးတစ်ခုရှိလို့ "

ရှန်းပိုင်မှာ အိပ်ခန်းတံခါးကိုကြည့်၍ ကိုယ့်နဖူးကိုသာကိုယ်ပြန်ရိုက်လိုက်မိသည် ။ ကြည့်ရသည်မှာ အခန်းတံခါးကိုအချိန်အတော်ကြာကတည်းကခေါက်နေပုံရ၍ မတတ်သာသည့်အဆုံးမှ ဖုန်းဆက်လိုက်ပုံရသည် ။

အမှန်ပင် ခွေးသေတစ်ကောင်ကဲ့သို့ အိပ်ပျော်မိသွားသည် ။ အသံမကြားရသဖြင့် ချန်ကျိုးက မေးလာ၏ ။

" မင်း အဆင်ပြေရဲ့လား "

" အင်း ပြေတယ် ..." 

ရှန်းပိုင်က အမြန်သဘောတူလိုက်ပြီးနောက် အိပ်ရာပေါ်မှခုန်ဆင်း၍ အနွေးတစ်ထည်တစ်ထည်ကိုအလောတကြီး၀တ်၍ တံခါးပြေးဖွင့်လိုက်သည် ။ ရှုပ်ပွနေသည့်ဆံပင်များကိုလည်း နှစ်ကြိမ်မျှသပ်တင်လိုက်သေး၏ ။

ရုတ်တရက်ကြီးတံခါးဆွဲဖွင့်လိုက်သဖြင့် ချန်ကျိုး၏မေးစေ့မှာ ရှန်းပိုင်၏ ခေါင်းနှင့်တိုက်မိမလိုပင်ဖြစ်သွားရသည် ။

အခန်းအတွင်းရှိ ကောင်မလေးမှာမူ မာရသွန်ပြိုင်ပွဲတစ်ပွဲ၀င်ပြိုင်လာရသကဲ့သို့မောဟိုက်နေလေ၏ ။

လက်တစ်ဖက်၌ နို့လက်ဖက်ရည်ခွက်ကိုကိုင်ထားပြီး ကျန်တစ်ဖက်၌ ပန်းချီပုံများကိုင်ထားသည့် ချန်ကျိုးက သူ၏ လက်ကိုမြှောက်ပြကာ

" အထဲ၀င်ပြီးပြောလို့ရမလား "

ရှန်းပိုင်က ချန်ကျိုးကိုမော့မကြည့်ဘဲ ခေါင်းညိမ့်လိုက်ပြီးနောက် အထဲ၀င်ရန်လမ်းဖယ်ပေးလိုက်လေသည် ။

အခန်းအတွင်း၌ လိုက်ကာစများကိုမတင်ထားပေ ။ ကံကောင်းစွာနှင့် ဧည့်ခန်းအတွင်းမှ အလင်းရောင်ကြောင့် အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နိုင်၏။

အိပ်ရာပေါ်တွင်မူ စောင်တစ်၀က်မှာကုတင်အောက်ကျနေပြီး လဲကျနေသည့်ယုန်ရုပ်လေးတစ်ရုပ်လည်းရှိသည် ။ ပိုင်ရှင်မှာအိပ်ပျော်နေရာမှ အလောတကြီးထသွားသည့်ပုံပင် ။

အလုပ်စားပွဲပေါ်၌မူ များစွာသောပုံဆွဲကိရိယာများအပြင် သွားရေစာမုန့်များကိုပါတင်ထားလေ၏ ။ ကွန်ပျူတာမှာပွင့်နေဆဲဖြစ်၍ ပုံကြမ်းအချို့ကိုမြင်နေရလေသည် ။

ပြတင်းပေါက်နားရှိ ကော်ဖီစားပွဲအပုလေးပေါ်၌မူ မှတ်စုစာအုပ်များအပြင် စာရွက်များနှင့် ပုံကြမ်းများရှိနေ၏ ။ စကားအေးအေးဆေးဆေးပြောနိုင်ရန်အတွက် ချန်ကျိုးက ခုံတစ်လုံးကိုဆွဲယူကာထိုင်လိုက်သည် ။

သူမစဥ်းစားဘဲလာလိုက်ခြင်းကြောင့် ရှန်းပိုင်အထင်လွဲသွားမည်ကိုကြောက်နေရ၏ ။

ထူးဆန်းတဲ့နှာဘူးကောင်လို့တော့ မထင်သွားလောက်ဘူးမလား ...

မနေ့ညက သူဖိနပ်ချွတ်ပေးလိုက်ပြီးနောက် သူမက မျက်နှာကြီးနီရဲလျှက်အခန်းထဲသို့ပြေး၀င်သွားခဲ့သည်။သူ့၌အခြားသောရည်ရွယ်ချက်မရှိသော်လည်း သူမ၏ဘက်ကမူ ထူးဆန်းသည့်အိမ်ပိုင်ရှင်ကြီးတစ်ယောက်ဟုပင်တွေးနေနိုင်၏ ။

ချန်ကျိုးက အကွာအဝေးအနည်းငယ်ခြား၍ထိုင်ရန်ဆုံးဖြတ်လိုက်သည် ။ ရှန်းပိုင်သည်လည်း ပုံမှန်နွေးထွေးသည့်အမူအယာဖြင့် သူမအနားတွင်အမြဲတမ်းကပ်နေတတ်သည့် ချန်ကျိုးက မကပ်လာသောကြောင့် အနည်းငယ်စိတ်မသက်မသာခံစားရသော်လည်း တော်သေးသည်ဟုတွေးမိနေ၏ ။

ချန်ကျိုး အနားတွင်ထိုင်ရမည်ဆိုပါက သူမ၏ ရင်ခုန်သံကိုထိန်းချုပ်ထားနိုင်မည်မဟုတ်ပေ ။

ရှန်းပိုင်ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ချန်ကျိုးက မတ်တပ်ပြန်ရပ်၍ သူမ၏ ပုံကြမ်းအချို့ကို စူးစိုက်ကြည့်ရှုနေကြောင်းတွေ့လိုက်ရသည် ။ ခဏမျှ အူကြောင်ကြောင်ဖြစ်နေပြီးနောက် တစ်ခုခုကိုပြန်လည်သတိရသွားကာ ဦးနှောက်အတွင်းသို့သွေးများဆောင့်တက်လာ၏ ။

အား အား အား အား အား အား အား ...

အသံအိုးကွဲသည်အထိအော်ဟစ်ချင်မိတော့သည် ။

သွားပြီ ....သွားပြီ 

မနေ့ညက သူမအိပ်မပျော်သောကြောင့် စာရွက်အချို့ကိုထုတ်၍ ပြတင်းပေါက်နားရှိ ကော်ဖီစားပွဲလေးပေါ်တွင် အရူးလိုရယ်မောရင်း ချန်ကျိုး၏ ပုံတူများကိုရေးခြစ်နေခဲ့သည် ။

ပုံတူသေးသေးလေးများမှာ အအသေးစိတ်မကျသော်လည်းချန်ကျိုးမှန်း ရှင်းလင်းစွာမြင်နိုင်၏ ။

သွားပြီ ...သွားပြီ ...သွားပြီ ...ငါတော့သွားပြီ ... သေပြီ ...

ရှန်းပိုင်မှာ တစ်ကိုယ်လုံးရှိသွေးများ မျက်နှာပေါ်တွင်စုလာသကဲ့သို့နီရဲလာပြီး လက်ဖျားများအေးစက်၍ ဤရှက်ရွံ့ဖွယ်အခြေအနေကြီးကိုမည်သို့ကိုင်တွယ်ရမည်မှန်းမသိတော့ချေ ။နီရဲနေသည့်မျက်လုံးများဖြင့် အံကြိတ်၍ ကော်ဖီစားပွဲလေးပေါ်ရှိ ပုံကြမ်းများကိုသိမ်းရန်ကြံစည်လိုက်သည် ။

ရှင် ဘာမှမမြင်လိုက်ဘူးလို့ပဲ သဘောထားလိုက်ပါတော့ ...

ကျေးဇူးပြုပြီး ...ရှင်မြင်လိုက်တယ်ဆိုရင်တောင်မှ မမြင်ချင်ယောင်ဆောင်နေလိုက်ပါ ...

ရင်ထဲမှ မမြင်စေရန်သာမျှော်လင့်၍ သူမကိုယ်သူမနှစ်သိမ့်နေခဲ့သော်လည်း စိတ်သက်သာရာမရချေ ။

သူမ၏ လက်သေးသေးလေးများက ပုံကြမ်းများကိုထိတော့မည့်အချိန်တွင် ရှည်လျားသန်မာသည့် လက်တစ်စုံက ပုံကြမ်းများကိုအရင်ဆွဲယူသွားလေ၏ ။

ရှန်းပိုင်မှာ မတ်တပ်ရပ်နေရင်း ထိုသူ အလွယ်တကူယူသွားသည်ကိုသာကြည့်နေရ၏ ။

ရှက်စရာကောင်းလိုက်တာ ...

ကျွန်မသေသွားပြီလို့ပဲ မှတ်လိုပါ ……

သေသွားတာက ကျွန်မအတွက်ပိုကောင်းပါတယ် ...

တစ်ယောက်ယောက်လောက် ငါ့ကိုမေ့လဲအောင်လာရိုက်ပေးစမ်းပါ ...

ဒီအချိန် ငလျှင်လှုပ်ပြီး တွင်းထဲပြုတ်ကျသွားရင်ဘယ်လောက်ကောင်းလိုက်မလဲ ...

အထူးသဖြင့် လက်တစ်ဖက်ကနို့လက်ဖက်ရည်ခွက်ကိုကိုင်ထားပြီး နောက်တစ်ဖက်က သူ့ရဲ့မျက်နှာပုံကြမ်းကိုသူ စေ့စေ့စပ်စပ်ကြည့်နေတဲ့သူရှိနေချိန်မှာ အငွေ့ပျံ၍သာပျောက်ကွယ်သွားချင်နေမိသည် ။
 
ရှန်းပိုင်မှာ သူမတစ်ကိုယ်လုံး ပူလိုက်အေးလိုက်ဖြစ်နေကြောင်းကိုသာခံစားရပြီး ပျောက်ကွယ်သွားချင်နေသောသူမ၏ ဆန္ဒများမှာမူအမှန်ဖြစ်မလာခဲ့ပေ ။

ခဏကြာအောင်ကြည့်နေပြီးနောက် ချန်ကျိုးက တစ်ခုခုကိုတွေးတောရင်းပြောလာ၏ ။

" ဒီပုံကြမ်းနဲ့ နည်းနည်းလေးရင်းနှီးနေသလို ..."

ရှန်းပိုင်က ၀န်ခံရန်ငြင်းဆိုကာ ခေါင်းတွင်တွင်ခါယမ်း၍ 

" မဟုတ်ဘူး ... မရင်းနှီးနိုင်ဘူး ..."

ချန်ကျိုးမှာ ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သက်သွားရ၏။

သံသယ၀င်မယ်ဆိုလည်း ၀င်လိုက်လေ ... လုံး၀၀န်မခံနိုင်ဘူး ...
 
ရှန်းပိုင်မှာ ဆက်မေးလျှင်အသေခံလိုက်တော့မည်ဟူသောမျက်နှာမျိုးဖြစ်နေသောကြောင့် ချန်ကျိုးမှာ မစရဲတော့ပေ ။

ထို့ကြောင့် ခေါင်းညိမ့်လိုက်ကာဖြည်းဖြည်းချင်းပြောလေ၏ ။

" အင်း ... ဒါလေ့ကျင့်ရုံသပ်သပ်ပဲမဟုတ်လား "

" လေ့ကျင့်ထားတာ "

ရှန်းပိုင်၏ ဖြေရှင်းချက်မှာ ယုံကြည်ချင်စရာတစ်ကွက်မှမရှိကြောင်း ကိုယ်တိုင်ပင် သတိမထားမိပေ ။

ချန်ကျိုးက နို့လက်ဖက်ရည်ခွက်ကိုစားပွဲပေါ်သို့တင်လိုက်ပြီးနောက် ပြုံးကာပြောလာ၏ ။

" ကိုယ်က အဲ့တာကို နို့လက်ဖက်ရည်ရဲ့ ကာရိုက်တာပုံလို့ထင်လိုက်တာ "

ဟမ် ……

ကာရိုက်တာပုံလား ……

အူတူတူဖြင့် နို့လက်ဖက်ရည်ခွက်ကိုကိုင်လိုက်သည့်အခါမှသာ သူမ၏ စိတ်လေးနည်းနည်းတည်ငြိမ်လာရလေ၏ ။ သို့သော်လည်း ခွက်ဖြင့်မော့၍ သောက်တော့မည့်ဆဲဆဲတွင် တစ်ခုခုကိုသတိထားမိသွား၍ မျက်နှာတစ်ခုလုံးနီရဲလာရပြန်သည် ။

ခွက်၌ စာလုံးသေးသေးလေးများဖြင့် ရေးထားသည်မှာ ' အထူးသီးသန့် မူလအရသာထက်သုံးဆယ်ရာခိုင်နှုန်းပို၍ချိုမြိန်သော ' ဟူ၍ပင် ။

×××

( ထရွမ်စီလိတ်တာလေးမှာပြောစရာရှိပါတယ် -

အမှန်တကယ်က မြန်မာစကားမှာ ( သူမ ) ဆိုတဲ့နာမ်စားအသုံးမရှိပါဘူး ( သူ ) ဆိုပြီးတော့ပဲရှိတာပါ ... ဒါပေမဲ့ ဘာသာပြန်တဲ့အခါကျ ( သူ ) တစ်လုံးတည်းဆိုရင် အမျိုးသားလော အမျိုးသမီးလော မသဲကွဲတာမို့ ဒီမှာ ( သူမ ) ဆိုတဲ့ အသုံးအနှူန်းကို မိုရီတစ်ကောင် ဖောဖောသီသီကိုသုံးထားခဲ့ပါတယ် ... အရမ်းကြီးတော်တတ်နေလို့ဘာသာပြန်နေတာမဟုတ်တဲ့အတွက် သဲငယ်လေးတို့ကပဲ ချစ်တဲ့စိတ်လေးနဲ့ ခွင့်လွှတ်ပေးကြဖို့တောင်းဆိုချင်ပါတယ် 🐳 ...

မူလအရသာထက်သုံးဆယ်ရာခိုင်နှုန်းပို၍ချိုမြိန်သောဆိုတာရဲ့အဓိပ္ပာယ်က ရှန်းပိုင်က အမြဲမှာရင် ပုံမှန်အရသာကိုသကြားသုံးဇွန်းပဲထည့်ခိုင်းလေ့ရှိတာပါ ... အဲတော့ကာ နို့လက်ဖက်ရည်ကိုသကြားသုံးဇွန်းနဲ့ဆိုတာက ချိုကိုမချိုတဲ့အထဲမှာပါပါတယ် ... ချန်ကောကသူရဲ့အချစ်တွေကိုဖော်ပြဖို့အတွက် သကြားသုံးဇွန်းတည်းထည့်ထားရင်တောင်မှ သူ့အချစ်တွေကြောင့် သုံးဆယ်ရာခိုင်နှုန်းပိုချိုလိမ့်မယ်လို့ ဖလစ်ထားတဲ့စကားပေါ့ရှင် ...

အရသာသိချင်ရင်တော့ ကိုယ့်ဘာသာဖျော်သောက်ကြပါ ... မိုရီတစ်ကောင် ကဖေးမှာအဲ့လိုမှာသောက်ကြည့်တာ သူများလို ကဖေးပိုင်ရှင်ကောင်လေးမရှိတော့ တစ်ကယ်ကြီးကိုမှချိုမနေပါဘူး ... ❤️🐳 )


Xxxxxx