အပိုင်း ၁၅
Viewers 7k

#sweet  
Chapter ( 15 )

ညနေခြောက်နာရီထိုးခန့်တွင် ရှန်းပိုင်က နောက်ဆုံးစာအုပ်ကိုလက်မှတ်ထိုး၍ ပုံးထဲသို့ထည့်လိုက်သည် ။ တစ်နေကုန် လက်မှတ်ထိုင်ထိုးနေရသောကြောင့် သူမ၏လက်များပင် ထုံနေပြီဖြစ်သည့်အပြင် တစ်ကိုယ်လုံးကိုက်ခဲနေလေ၏ ။

ယီယီက ရှန်းပိုင်၏ လွယ်အိတ်ကိုသယ်ကာ လမ်းလျှောက်နေပြီး ရှန်းပိုင်က သူမ၏ လက်မောင်းတစ်ဖက်ကိုကိုင်၍ ဖြည်းဖြည်းချင်းလျှောက်နေလေသည် ။

ချန်ကျိုးက မိန်းကလေးနှစ်ယောက်၏ နောက်မှလိုက်လာပြီး အရပ်ပုပုနှင့် သူမ၏လက်ကလေးကိုကိုင်ထားသည့် မိန်းကလေးကိုသာကြည့်နေလေ၏ ။ 

အဆောက်အဦး၏ မလှမ်းမကမ်းတွင် ချန်ကျိုး ငှားထားသည့် တက္ကစီရောက်နေပြီဖြစ်သည် ။ ချန်ကျိုးက ယီယီ၏ လက်ထဲမှလွယ်အိတ်ကိုယူ၍ ရှန်းပိုင်အား ကားထဲ၀င်ထိုင်စေပြီးနောက် သူပါ၀င်ထိုင်လိုက်သည်။

ရှန်းပိုင်က ကားမှန်ကိုချ၍ ယီယီကို လက်ပြနှုတ်ဆက်လိုက်သေး၏ ။

လမ်းမကြီးပေါ်သို့ရောက်သောအခါ ၌ ကောင်းကင်တစ်ခုလုံးမှောင်မဲနေလေပြီ ။ လမ်းဘေးရှိအဆောက်အဦးများမှ နီယွန်မီးရောင်များသာတလက်လက်တောက်ပနေ၏ ။ ရှန်းပိုင်က ထိုင်ခုံပေါ်သို့မှီချလိုက်ပြီး ခေါင်းစောင်းကာအပြင်မှမြင်ကွင်းများကိုကြည့်နေလေသည်။

သူမဘေးတွင် ထိုင်နေသည့်အမျိုးသားနှင့် အလွန်နီးကပ်နေသောကြောင့် သူမ ထိုသူ့ဘက်သို့လှည့်မကြည့်ရဲချေ ။

သို့သော်လည်း ထိုသူက သူမကိုအဖော်ပြုပေးရန်တစ်ခုတည်းအတွက်နှင့်တစ်နေကုန် အချိန်ဖြုန်းကာထိုင်စောင့်ပေးနေခဲ့သည် ။

စတိုးဆိုင်မှာ တစ်ရှုးတောင်သွား၀ယ်ပေးခဲ့သေးတယ် ...

သူမက အလွန်အားနာမိသော်လည်း ချန်ကျိုးကို ကြည့်ရမည်ကိုအလွန်ရှက်ရွံ့သောကြောင့် တိုးတိုးလေးပြောလိုက်သည် ။

"……ကျေးဇူးတင်ပါတယ် ……"

စကားသံမှာ တိုးလျသော်လည်း ချန်ကျိုးကမူ ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏ ။

" ရပါတယ်ကွာ "

ရှန်းပိုင်က လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းစကားမပြောတော့ချေ ။ ချန်ကျိုးက နာရီကိုတစ်ချက်ကြည့်ပြီးနောက် မေးလိုက်သည် ။

" မင်းဗိုက်ဆာနေပြီလား "

ရှန်းပိုင်က ခေါင်းခါလိုက်သည် ။ နေ့လည်ခင်းကအစားများသွားသောကြောင့် သူမဗိုက်မဆာသေးချေ ။ ချန်ကျိုးက ' အင်း ' ဟုအသံပြုကာ လက်များကို သူ၏ခြေထောက်ရှည်ကြီးများပေါ်သို့ချထားလိုက်သည် ။

ကားထဲရှိအချိန်မှာ အလွန်ကြာနေသယောင်ထင်ရလေ၏ ။ ချန်ကျိုး၏ အကြည့်များနောက်တစ်ကြိမ် မိန်းမငယ်လေးထံသို့ရောက်သွားသည့်အချိန်၌ မိန်းမငယ်လေး၏ ခေါင်းမှာယိမ်းထိုးနေလေ၏ ။

အိပ်ပျော်သွားတာလား ...

ချန်ကျိုးက ခါးမတ်၍ သေသေချာချာစစ်ဆေးကြည့်လိုက်၏ ။

တစ်နေကုန် ပင်ပန်းခဲ့တာ ... အိပ်ပျော်သွားတာမထူးဆန်းတော့ပါဘူး ...

မျက်တောင်ရှည်ကြီးများမှာ တစ်ခါတစ်ရံတွင်လှုပ်ခတ်သွားသော်လည်း ဖြည်းဖြည်းမှန်မှန်အသက်ရှု၍အိပ်ပျော်နေဆဲပင် ။

ချန်ကျိုးက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီးနောက် ထိုင်ခုံပေါ်သို့ပြန်မှီချလိုက်သည် ။ ဤမြင်ကွင်းမှဆိုလျှင် ရှန်းပိုင်၏ နားရွက်နောက်ထဲသို့သိမ်းထည့်ထားသည့်ဆံစလေးများကိုသာမြင်ရ၏ ။ သူမတစ်ခါက ဆွဲပေးခဲ့ဖူးသည့် ညနေဆည်းဆာရောင်အောက်မှ လိမ္မော်သီးစကတ်ကို၀တ်ဆင်ထားသည့် မိန်းမပျိုလေးနှင့်တစ်ပုံစံတည်းပင် ။
 
စာကြည့်တိုက်ထဲ၌ ယီယီပြောခဲ့သည့် ရှန်းပိုင်၏ အတိတ်အကြောင်းများကိုပြန်တွေးမိသွားရသည် ။ လွန်ခဲ့သည့်ဆယ်နှစ် ရှန်းပိုင် ဂျူနီယာအထက်တန်းစတက်သည့်အချိန်၌ သူမက စာတော်ပြီးထက်မြက်သည့် ကောင်မလေးတစ်ယောက်ဖြစ်သည် ။

ရှန်းပိုင်၏ မိဘများမှာ သူမအသက်သုံးနှစ်အရွယ်ကကွာရှင်းခဲ့ကြပြီး အကြောင်းမှာ အဖေဖြစ်သူကဖောက်ပြန်သောကြောင့်ပင် ။

ကွာရှင်းပြီးသည့် အချိန်ကတည်းကစ၍ ရှန်းပိုင်၏ မိခင်ဖြစ်သူမှာ လူမှုအသိုင်းအ၀ိုင်း၏ ညစ်ထေးမှုများအကြောင်းအမြဲတမ်းညည်းညူပြောဆိုနေခဲ့သည် ။ သူမ၏ စကားများမှာ အလွန်စိတ်ဓာတ်ကျဖွယ်ဖြစ်နေသည့်အပြင်ပြင်းထန်လှကာ တစ်ဦးတည်းသောသမီးဖြစ်သူအတွက် လူ့အသိုင်းအ၀ိုင်းနှင့်ဆက်ဆံရမည်ကိုပင်ကြောက်ရွံ့သွားစေခဲ့၏ ။

ထို့အပြင် သူမ၏ မိခင်မှာ ရှန်းပိုင်တက်နေသည့်ကျောင်း၏ ရူပဗေဒဆရာမတစ်ဦးလည်းဖြစ်ကာ အလွန်စည်းကမ်းတင်းကြပ်လေသည် ။

စာလေ့လာခြင်းနှင့်ပက်သက်သည့်အရာမဟုတ်သရွေ့ ရှန်းပိုင်၏ ကိုယ်ပိုင်၀ါသနာပါသည့်အရာများကို လုပ်ခွင့်မပေးခဲ့ချေ ။

တစ်ခါတွင် ရှန်းပိုင်က သူမ၏ အတန်းဖော်များနှင့်အတူဆော့ကစားရန်အတွက် အိမ်သို့ခေါ်လာခဲ့သည် ။ သူမ၏ အမေပြန်ရောက်လာသောအခါ၌ အလွန်စိတ်ဆိုးစွာဖြင့် အတန်းဖော်များရှေ့တွင်ပင် ရှန်းပိုင်အားအော်ဟစ်ဆူပူလေတော့သည် ။

ထို့အပြင် ထိပ်ဆုံးအယောက်ငါးဆယ်ထဲတောင်မ၀င်သည့် အသုံးမကျသောသူများက သူမ၏ သမီးနှင့်သူငယ်ချင်းဖြစ်ရန် အရည်အချင်းမပြည့်မှီဟူ၍ ပင်ပြောခဲ့သေး၏ ။

မကျေမနပ်ဖြစ်သွားကြသည့်အတန်းဖော်များက ကျောင်းသို့ပြန်ရောက်သောအခါ ရူပဗေဒဆရာမ၏ သမီးက သွားထိသင့်သည်သူမဟုတ်ကြောင်းပြန်လည်ပြောဆိုကြတော့သည် ။
 
ထိုအချိန်မှစ၍ သူမမည်မျှပင် တောင်းဆိုသည်ဖြစ်စေ မည်သူမှသူမအား အပေါင်းအသင်းမလုပ်ကြတော့ပေ ။ တစ်ခါတစ်ရံ၌ အားတင်း၍ စကားသွားပြောသည့်အခါ၌ သူမ၏အတန်းဖော်များက အရွဲ့တိုက်သည့်စကားလုံးများဖြင့်သာပြန်လည်ပြောဆိုလေ့ရှိသည် ။

" နင့်အမေက ငါ့တို့ကိုအော်ဟစ်လိုက်တာကိုအသာထားဦး ငါတို့က ထိပ်ဆုံးငါးဆယ်ထဲတောင်မ၀င်နိုင်တဲ့အသုံးမကျတဲ့သူတွေလေ နင်နဲ့အပေါင်းအသင်းလုပ်ဖို့ အရည်အချင်းမပြည့်မှီပါဘူး"

ထိုသို့ဖြစ်ဖန်များသောအခါ ရှန်းပိုင်မှာ အခြားသူများနှင့်စကားပြောရန်ကြောက်ရွံ့လာခဲ့လေ၏ ။ လမ်းလျှောက်သောအခါ၌ပင်ခေါင်းငုံ့ထားလေ့ရှိပြီး မည်သူနှင့်မျှအကြည့်ချင်းဆုံ၍ မကြည့်ရဲတော့ပေ ။

သူမ၏ စိတ်ထဲ၌ သူမမည်မျှပင်ကြိုးစား၍ ဆက်ဆံရေးတစ်ခုတည်ဆောက်သည်ဖြစ်စေ တစ်ဖက်မှရွံရှာသည့်တုံ့ပြန်မှုများသာ ပြန်လည်ရရှိလိမ့်မည်ဟု တစ်ထစ်ချစွဲမြဲယုံကြည်သွားတော့၏ ။

ငယ်ရွယ်သည့်ကျောင်းသားကျောင်းသူများအနေဖြင့် လူအဖွဲ့အစည်းနှင့်များစွာထိတွေ့ဆက်ဆံမှုမရှိသေးသောကြောင့် သူတို့၏ အပြုအမူများကတစ်ဖက်လူအပေါ် မည်မျှအကျိုးသက်ရောက်မှုရှိသည်ကိုမသိခဲ့ပေ ။

ထို့ကြောင့် ရှန်းပိုင်အား အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်းမျိုးမရှိသည့်တိုင် သူမအားမည်သူကမှအပေါင်းအသင်းမလုပ်ချင်ပေ ။ အထူးသဖြင့် သူမမိခင်၏ နှိမ့်ချသောအကြည့်များက အလွန်စိတ်မသက်မသာဖြစ်စေသောကြောင့် လူတိုင်းက သူမအား ဂြိုလ်သားတစ်ယောက်ကဲ့သို့ရှောင်ရှားနေကြတော့၏ ။

အလယ်တန်းမှ အထက်တန်းသို့ရောက်သည်အထိ အတန်းထဲ၌ ရှန်းပိုင်၏ တည်ရှိမှုမှာ လွန်စွာမှမှေးမှိန်လှသည် ။ သူမကိုယ်တိုင်သည်လည်း စိတ်မလုံခြုံမှုများအပြည့်ဖြင့် လူအများနှင့်ပြောဆိုဆက်သွယ်ရမည်အား ပို၍သာကြောက်ရွံ့လာခဲ့ရသည် ။

တက္ကသိုလ် ရွေးချယ်သောအခါတွင်လည်း ရှန်းပိုင်မှာ သူမအမေ၏ သဘောထားအတိုင်း မကြိုက်သည့်ဘာသာရပ်ကိုရွေးချယ်ခိုင်းခြင်းခံခဲ့သည် ။ သူမအမေ၏ သဘောထားကိုဆန့်ကျင်ပါက တာ၀န်မသိတတ်သည့်သမီးမိုက်ဟူ၍ အပြစ်တင်ခံရမည်ကိုလည်းကြောက်ရွံ့နေခဲ့ရ၏ ။

သို့သော်လည်း ရှန်းပိုင်က ငြင်းဆိုခဲ့ကာ သူမ၏မွေးရန်မြေမှ နိုင်းမြို့သို့လာရောက်ခဲ့သည် ။ တက္ကသိုလ်တက်နေသည့်လေးနှစ်တာအတွင်းတွင် တစ်ခေါက်မှအိမ်မပြန်ခဲ့ပေ ။ဤသည်မှာ သူမဘ၀တွင်ပထမဦးဆုံးအကြိမ် သူမ အမေ၏ သဘောထားကိုဆန့်ကျင်ခဲ့ခြင်းဖြစ်သည် ။
 
အကြောင်းစုံကိုကြားပြီးနောက် ချန်ကျိုးမှာ ဘာစကားမှပြန်မပြောနိုင်ခဲ့ပေ ။ နောက်ဆုံး၌ ယီယီကသက်ပြင်းချကာဖြင့်

" ငါဆက်သွယ်ပြီးမေးခဲ့တဲ့အတန်းဖော်ကလည်း ရှန်းပိုင်ကိုသူမရဲ့အမေဆူပူနေတဲ့အချိန်မှာရှိနေတဲ့ထဲကတစ်ယောက်ပဲ ... အဲဒါက ရှန်းပိုင်အမေရဲ့အမှားကြောင့်မှန်းသိသိကြီးနဲ့ သူမကိုဖယ်ကျဥ်ထားမိတဲ့အတွက် သူမလည်းနောင်တရခဲ့တယ်လို့ပြောတယ် ... ရှန်းပိုင်ရဲ့အခြေအနေကိုမေးတော့ ကျွန်မလည်းအဆင်ပြေနေတယ်လို့ပဲဖြေခဲ့လိုက်တယ် "

" အဲတာကြောင့် ရှန်းပိုင်ရဲ့ နှလုံးသားကစာရွက်ဖြူတစ်ရွက်လိုပဲလို့ကျွန်မပြောတာပေါ့ ... ရှင်အဆုံးထိတာ၀န်မယူနိုင်ဘူးဆိုရင် အစမပျိုးတာဘဲ ကောင်းလိမ့်မယ် "

တက္ကစီက ကဖေး၏ရှေ့တွင်ရပ်သွားပြီး လေထုထဲ၌ဖုန်နံ့နှင့်အတူ ကဖေးအတွင်းမှထွက်ပေါ်လာသည့်ချိုမြိန်သည့်ရနံ့လေးလည်းရောနှောနေလေ၏ ။

တက္ကစီမောင်းသူက နောက်ခုံမှလှုပ်ရှားသံကိုမကြားရသောကြောင့် နောက်လှည့်ကြည့်၍ တစ်ခုခုပြောတော့မည့်အချိန်တွင် နောက်ခုံ၌ထိုင်နေသည့်အမျိုးသားက တိတ်တိတ်လေးနေပါရန်အချက်ပြလာလေသည် ။ ဘေးမှအမျိုးသမီးလေးနိုးသွားမည်ကိုစိုးရိမ်နေပုံပင် ။ 

ကားဆရာက ပိုက်ဆံလက်ခံလိုက်ပြီးနောက် ကားပေါ်မှဆင်း၍ နောက်တံခါးကိုအသံမမြည်စေဘဲသတိထား၍ဖွင့်ပေးလိုက်သည် ။

ရှန်းပိုင်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ဖြစ်သောကြောင့် သူမကိုနှိုး၍မရခဲ့ပေ ။

ချန်ကျိုးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် သူမအားကြည့်နေမိသည် ။ လရောင်ဖျော့ဖျော့မှာလည်း သူမ၏ မျက်နှာတစ်ခြမ်းအပေါ်ကျရောက်နေလေ၏ ။

ချန်ကျိုး သူမအားတိုက်ရိုက်ပင်ပွေ့ချီလိုက်တော့သည် ။ ချစ်သူမိန်းကလေးတစ်ယောက်ကိုပွေ့ချီသည့်ပုံစံမျိုးမဟုတ်ဘဲ လူကြီးတစ်ယောက်က အိပ်မောကျနေသည့်ကလေးတစ်ယောက်ကိုချီ၍ အိမ်ပြန်နေပုံနှင့်ဆင်တူနေလေ၏ ။
 
ရှန်းပိုင်၏ ခေါင်းမှာ ချန်ကျိုး၏ ပုခုံးပေါ်တွင်တင်မိရက်သားဖြစ်နေလေသည် ။

အိပ်ချင်မူးတူးဖြစ်နေသည့် ရှန်းပိုင်မှာ သူမအားတစ်ယောက်ယောက်မှချီထားကြောင်းမသိသေးပေ ။

ဒါဘယ်သူ့လည်ပင်းကြီးလဲ ...

နှာခေါင်းထိပ်ဖျားလေးကိုသာမြင်ရပြီး ထိုသူ၏ ညှပ်ရိုးမှကိုယ်ပူချိန်ငွေ့ငွေ့ကိုလည်းခံစားမိနေသည် ။ ချန်ကျိုးက သူမကိုလက်တစ်ဖက်တည်းဖြင့်ပွေ့ချီထိန်းထားရင်း ကျန်လက်တစ်ဖက်ဖြင့် တံခါးပိတ်လိုက်လေ၏ ။

ထိုသူ၏ရှည်လျားသည့်ခြေတံများကြောင့် ချန်ကျိုး၏ လမ်းလျှောက်နှုန်းမှာမြန်ဆန်လှသည် ။ လှုပ်ရှားနေသောကြောင့်ရှန်းပိုင်မှာ ရီဝေဝေဖြင့်မျက်လုံးဖွင့်လိုက်မိလေ၏ ။

……အာ ……?

ခြေချောင်းတွေ ……

ရှန်းပိုင်မှာ လန့်လန့်ဖြပ်ဖြပ်ဖြင့်နိုးလာလေ၏ ။

သူမရဲ့ခြေထောက်တွေ ... ဟမ် ငါ့ခြေထောက်တွေရှည်ထွက်လာတာလား ...

ဘယ်ရောက်နေတာလဲ ...

ရှန်းပိုင်က မျက်လုံးအပြူးသားဖြင့်လိုက်ကြည့်နေမိတော့သည် ။

ငါအခု ဘယ်သူ့ပုခုံးကြီးပေါ်မှီထားတာလဲ ...

အခြေအနေကိုသဘောပေါက်သွားသည့်အခါ၌ ရှန်းပိုင်မှာ စိတ်လှုပ်ရှားလွန်း၍ ရင်ဘတ်ထဲမှနှလုံးပင်အပြင်ခုန်ထွက်လာတော့မတတ်ဖြစ်နေလေ၏ ။ သူမခေါင်းမော့ကြည့်ချင်ပါသော်လည်း သတ္တိမရှိပေ ။

သူမ၏ မျက်၀န်းထောင့်စွန်းမှ ချန်ကျိုး၏ သန်မာသည့်လက်မောင်းကြွက်သားများကိုသာမြင်နေရ၏ ။

ငါအခု ချန်ကျိုး အပေါ်မှာရောက်နေတာလား ...

ချီခံထားရတာ ...

အား အား အား အား အား ...

သူ့ရဲ့လည်ပင်းကိုတောင်ဖက်ထားမိလိုက်သေးတယ် ...

ရှန်းပိုင်မှာ ရေနွေးပူပူထဲတွင်ထည့်ပြုတ်ခံထားရသည့် ခရမ်းချဥ်သီးလေးတစ်လုံးကဲ့သို့ တစ်ကိုယ်လုံးနီရဲလာတော့သည် ။ ထိုအချိန်မှာပင် အမျိုးသားကခေါင်းငုံ့၍ သူမ၏နားရွက်နားသို့ကပ်ကာအသံအက်အက်ဖြင့်တီးတိုးပြောလာ၏ ။

" နိုးပြီလား "

ရှန်းပိုင်မှာ တောင့်တောင့်ကြီးဖြင့်မလှုပ်ရဲပတော့ချေ ။ သို့သော်လည်းချန်ကျိုး၏ လက်မောင်းအတွင်း၌ ပို၍ပင်ဆက်၍မအိပ်ရဲပေ ။

တခြားသူတွေမြင်သွားလားမသိဘူး ...

ရှန်းပိုင်၏ နှလုံးသားအတွင်း၌ ရှက်ရွံ့မှုနှင့်နေရခက်မှုတို့အပြည့်ဖြစ်နေလေ၏ ။ သူမအမှန်ပင် အောက်ဆင်းလိုကြောင်း ငိုယိုကာပြောပြပစ်လိုက်ချင်သည် ။

မမျှော်လင့်ထားစွာပင် သူမ၏ခါးကိုထိန်းချီထားသည့်သူ၏ လက်မှာပိုမိုတင်းကြပ်လာပြီး သူမအား သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်း၍ ပေါင်းစပ်ချင်ပုံရနေ၏ ။

သူမခေါင်းကိုလှုပ်ရှားလိုက်သည့်အခါ အမျိုးသားက သူမ၏ခေါင်းကို သူ၏ပုခုံးပေါ်သို့ပြန်ဖိချကာမှီစေပြန်သည် ။

အပြုအမူမှာညင်သာနေပါသော်လည်း သူမအားငြင်းဆန်ခွင့်မပေးချေ ။

နီရဲနေသည့်မျက်နှာလေးမှာ မီးပွင့်မတတ်ဖြစ်နေပြီး မလှုပ်ရဲတော့ပေ ။ တစ်ချိန်တည်းမှာပင် ချန်ကျိုးက သူမ၏နားနားသို့ကပ်၍ ဆွဲဆောင်မှုရှိလှသည့်အသံဖြင့် ညင်ညင်သာသာဆိုလာပြန်၏ ။

" နောက်ထပ်သုံးမိနစ်လောက်ပဲ ဆက်ပြီးအိပ်ချင်ယောင်ဆောင်ပေးနော် "

ရှန်းပိုင်မှာ သူမ၏ဗိုက်ထဲတွင် လိပ်ပြာလေးများပျံ၀ံနေသလိုခံစားနေရတော့သည် ။

🐳
( TN / အချီခံချင်လိုက်တာ TwT )

Xxxxxx