အပိုင်း ၁၄
Viewers 7k

#sweet  
Chapter ( 14 )

ရှန်းပိုင်မှာ တစ်နေကုန်လက်မှတ်ထိုးရင်း အလုပ်ကြိုးစားနေပုံပေါ်နေသော်လည်း သူမ၏စိတ်ထဲမှာမူအလွန်အမင်းဂယောက်ဂယက်ဖြစ်နေလေ၏ ။

ချန်ကျိုး ကိုင်သွားသည့် သူမ၏မေးစေ့နေရာမှာ ယခုထိပူလောင်နေဆဲပင် ။

ရှန်းပိုင်မှာ သူမ၏မေးစေ့ကိုခိုးကိုင်မိနေသော်လည်း ချန်ကျိုး၏ ရှေ့၌မူတည်ငြိမ်ချင်ယောင်ဆောင်နေလေသည် ။

မိန်းမငယ်လေး၏ နှလုံးသားတစ်ခုလုံးကိုဗြောင်းဆန်သွားအောင်လုပ်ခဲ့သည့် လူအိုကြီးမှာမူ သူမဟုတ်သကဲ့သို့ အေးအေးဆေးဆေး ကာတွန်းထိုင်ဖတ်နေလေ၏ ။

ဤသို့ဖြင့် တစ်မနက်တာကုန်ဆုံးသွားပြီး ယီယီက သူမ၏ဆင်းရဲ၍သနားစရာအလွန်ကောင်းသော ကာတွန်းရေးဆွဲသူလေးကို တစ်ခုခုကျွေးရန်လာသည့်အချိန်အထိပင် ။

ရှန်းပိုင်မှာ စာအုပ်ပေါင်းနှစ်ထောင်ကျောင်လက်မှတ်ရေးထိုးပြီးဖြစ်သောကြောင့် ယီယီကစိတ်ကျေနပ်စွာဖြင့်ပင် ထမင်းဘူးကိုလက်နှစ်ဖက်ဖြင့်ကမ်းပေးလာလေ၏ ။ ချန်ကျိုးအတွက်လည်းမမေ့ခဲ့ချေ ။

နှစ်ယောက်၏ လက်ခံယူပုံမှာအကွာကြီးကွာလေသည် ။ ရှန်းပိုင်က လက်နှစ်ဖက်ဖြင့်ယူကာ ခါးကိုင်း၍ကျေးဇူးတင်သော်လည်း ချန်ကျိုးကမူ ကျေးဇူးတင်စကားတစ်ခွန်းကိုသာအေးတိအေးစက်ဖြင့်ပြော၏ ။

ယီယီက သူတို့နှစ်ဦးကြားမျက်စောင်းထိုးရှိ ခုံတွင်၀င်ထိုင်လိုက်ပြီးနောက် ရှန်းပိုင် သူမ၏ပါးနှင့်မေးစေ့ကိုခဏခဏကိုင်နေသည်အားတွေ့သောကြောင့်မေးလိုက်သည် ။

" နင်သွားကိုက်နေတာလား "

ရှန်းပိုင်က ခေါင်းခါပြ၍ ထမင်းဘူးကိုသာဖွင့်နေလိုက်သည် ။

" ငါနင့်အကြိိုက်အတိုင်း၀ယ်လာပေးတာ "

ကြက်ဥပြုတ်နှင့် ငါးအသားလွှာများဖြစ်နေ၏ ။ ရှန်းပိုင်က ပုံမှန်အစားရွေးတတ်သူမျိုးမဟုတ်ပေ ။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ယီယီနှင့်အတူတူစားသောက်ခဲ့သည့်အချိန်ကိုပြန်တွေးမိသွားသည် ။ ထိုအချိန်က ယီယီမှာ သူမနှင့်အတူအပြင်ထွက်စားရန် မရမကတိုက်တွန်းနေခဲ့သောကြောင့် ရှန်းပိုင်မှာသဘောတူလိုက်ရလေသည် ။ယီယီက မီနူးကိုကိုင်၍

" နင်ဘာစားချင်လဲ "

စားသောက်ဆိုင်အတွင်းရှိ ဆူညံနေသည့်ပတ်၀န်းကျင်နှင့် လူထူထပ်နေမှုက သူမကိုစိတ်မသက်မသာဖြစ်နေစေသောကြောင့် စားပွဲခုံစွန်းကိုကိုင်ထားပြီး ပြန်မဖြေခဲ့ချေ ။

" နင်စားချင်တာတစ်ခုခုရှိလား "

ရှန်းပိုင်က ခေါင်းညိမ့်ပြလိုက်သည် ။

" ငါးအသားလွှာဆိုရင်အဆင်ပြေလား "

ခေါင်းညိမ့်ပြလိုက်ပြန်၏ ။ ယီယီက အမျိုးအစားစုံလင်သည့် ဟင်းလျာများစွာကိုမှာယူနေသည့်တစ်လျှောက်လုံးတွင် ရှန်းပိုင်၏ အဖြေမှာတစ်မျိုးတည်းသာဖြစ်သည် ။နောက်ဆုံးမှသာ ယီယီက ရပ်တန့်၍ ၀မ်းသာအားရပြောလေ၏ ။

" ဒါဆိုရင် ငါမှာလိုက်တာတွေက နင်ကြိုက်တာတွေဖြစ်နေတာပေါ့ ... ကြည့်ရတာ ငါတို့နှစ်ယောက်ကရေစက်ပါတယ်ထင်တယ် ... အနာဂတ်မှာလည်း ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ကြရအောင်"

အတိအကျပြောရလျှင် ရှန်းပိုင်မှာ အောင့်သက်သက်နှင့်သာသည်းခံခဲ့ရခြင်းဖြစ်၏ ။ အခြားသူများ သူမအားအလိုမကျဖြစ်သွားမည်ကိုလည်းစိုးရိမ်နေရသည့်အပြင် ယီယီနှင့်လည်းကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ခဲ့၏ ။ထိုအချိန်ကအကြောင်းကိုပြန်တွေးမိသည့်အချိန်တိုင်းတွင် သူမမှာသက်ပြင်းသာချမိလေသည် ။

ယီယီက ချန်ကျိုးဘက်သို့လှည့်၍စနောက်လာပြန်၏ ။

" သူဌေးချန်ရဲ့ အိမ်ငှားလေးကို အလုပ်ထိတောင်လိုက်ပို့ပေးတဲ့ဆက်ဆံရေးလေးဖြစ်နေပြီလား "

တစ်ခါသုံးတူကိုခွဲလိုက်သည့်အခါ အားမထိန်းနိုင်တော့သောကြောင့် ကျိုးသွားပြီးတစ်ဖက်တိုတစ်ဖက်ရှည်ဖြစ်သွားရ၏ ။

ယီယီလည်းတိတ်ဆိတ်သွားပြီး ရှန်းပိုင်မှာရှက်လွန်း၍မျက်နှာတစ်ခုလုံးနီရဲနေလေတော့သည် ။ ရှန်းပိုင်မှာ မြေကြီးတွင်တွင်းတစ်တွင်းတူး၍သာ၀င်ပုန်းချင်နေတော့၏ ။ သို့သော်လည်း သူမလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ငြိမ်ငြိမ်လေးခေါင်းငုံ့နေရန်သာဖြစ်သည် ။

ချန်ကျိုးက သူမကိုတစ်ချက်ကြည့်၍ သူ၏တူကိုတစ်ချောင်းချင်းစီခွဲ၍ကမ်းပေးလိုက်သည် ။

 " ကိုယ်မသုံးတော့ဘူး မင်းယူလိုက် "

" မ... မဟုတ်တာ..."

" ကိုယ်မင်းကိုခွံ့ကျွေးရအောင်လုပ်နေတာလား " 

ထိုအမျိုးသား၏ အတည်အကျစနောက်မှုကြောင့် ရှန်းပိုင်၏ခေါင်းမှာပို၍ငုံ့ကျသွားရ၏ ။

ချန်ကျိုးကမျက်ခုံးပင့်လိုက်ကာ

" ယူသာယူစမ်းပါကွာ " 

ရှန်းပိုင်က ကျေးဇူးတင်ကာလှမ်းယူလိုက်သည် ။

" ကျေးဇူး..."

ချန်ကျိုးက ရှန်းပိုင်၏ စကားကိုပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ မာကာပင်ကိုလှည့်ဖြင့်လှည့်ကစားနေရင်း ယီယီ၏မေးခွန်းကိုပြန်ဖြေလိုက်သည် ။

" အထူး၀န်ဆောင်မှုတစ်ခုပေါ့ဗျာ "

ယီယီက ရှန်းပိုင်နှင့် ချန်ကျိုးကိုတစ်လှည့်စီကြည့်ရှုနေပြီး လေထုအခြေအနေမှာအနည်းငယ်ထူးဆန်းနေလေသည် ။ယီယီက သူမ၏ အမူအယာကိုအမြန်ထိန်းသိမ်းလိုက်ပြီးနောက် 

" ရှင်က အရမ်းသဘောကောင်းတဲ့အိမ်ပိုင်ရှင်ပဲ "

ချန်ကျိုး ကအဓိပ္ပာယ်ပြည့်၀သည့်အပြုံးတစ်ခုဖြင့်ဆိုလာ၏ ။

" ဒါပေမဲ့လည်း လူတိုင်းတော့ဘယ်ဟုတ်မလဲ ... သူမကတော့ထူးခြားတယ်လေ "

ဤတစ်ကြိမ်လည်း ရှန်းပိုင်၏ လက်ထဲရှိတူမှာမတည်ငြိမ်တော့ဘဲ ညှပ်ယူထားသည့်ကြည်ဥမှာပြုတ်ကျသွားလေသည် ။

ဘာကြီး ...

ကံကောင်းစွာနှင့် မည်သူမျှသတိမထားမိလိုက်ပေ ။ အမြန်ပြန်ကောက်ပြီးနောက် မကျေမနပ်ဖြင့်သာ၀ါးစားနေတော့၏ 

——

နေ့လည်ခင်းတစ်ခုလုံးလည်း ရှန်းပိုင်မှာမပြီးမချင်းလက်မှတ်ဆက်ထိုးရပေးဦးမည် ။ ချန်ကျိုးက စောင့်နေဆဲဖြစ်သော်လည်း ယခုတစ်ခါ၌မူ ကာတွန်းဖတ်မနေဘဲ ဖုန်းသုံးနေလေ၏ ။

တစ်နေကုန်သူ့မှာဘာမှလုပ်စရာမရှိဘူးလား...

ပျင်းများပျင်းနေမလား ...

ရှန်းပိုင်မှာ ချန်ကျိုးအား ချောင်းကြည့်မိနေလေ၏ ။ အထူးသဖြင့် ဤမနက်တွင်ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များနှင့် ချန်ကျိုး၏ စကားများကြောင့် အာရုံပျံ့လွင့်သွားပြီး အပြင်ဘက်ကိုငေးကြည့်နေမိကာ အချိန်အတော်ကြာမှအသိပြန်၀င်လာ၏ ။

ရှင်က တကယ်ပဲ ကျွန်မအပေါ်အရမ်းလွှမ်းမိုးထားတာပဲ ...

ဒီနေ့ လက်မှတ်ထိုးလို့မပြီးရင် မနက်ဖြန်ကျရင်လည်းတစ်ခေါက်လာရဦးမှာ ... 

သူမ၏ အိတ်လေးထဲမှ မှတ်စုစာရွက်လေးကိုထုတ်၍ စာရေးပြီးနောက် ချန်ကျိုး၏ အရှေ့သို့ထိုးပေးလိုက်သည် ။

" အောက်ထပ်မှာ ကုန်စုံဆိုင်နဲ့ စာကြည့်တိုက်ရှိတယ် "

အမျိုးသားက သူ၏လှပသောမျက်၀န်းများဖြင့် စာရွက်ကိုကြည့်လိုက်သည် ။

ကောင်းပြီ ...သူ့ကိုမောင်းထုတ်နေတာပေါ့လေ ...

ချန်ကျိုးက မာကာပင်ကိုကိုင်ထားရင်း စာအုပ်များအတွင်းသို့ ခေါင်းနှစ်လုနီးနီးဖြစ်နေသည့် ရှန်းပိုင် ကိုကြည့်လိုက်သည် ။ ပုံမှန်မကျသောထိုင်ပုံထိုင်နည်းကြောင့် သူမ၏ လည်ပင်းမှာငုံ့ကိုင်းနေလေ၏ ။ 

ဒါပြင်ပေးရမဲ့ အကျင့်ဆိုးလေးပဲ ...

ရှန်းပိုင်က တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူမ၏ တောင့်တင်နေသည့်နောက်ကျောမှာ သူမအား သစ္စာဖောက်နေသည်ကိုမသိရှာပေ ။

ချန်ကျိုးက သူမအတွက်ကိုယ်ပိုင်အချိန်ပေးလိုသောကြောင့် 

" ဒါဆိုရင် ကိုယ်အပြင်သွားလိုက်ဦးမယ်နော် "

ရှန်းပိုင်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် ။ သို့သော်လည်း သူမ၏ကျောမှာတစ်ဖန်တောင့်တင်းသွားရပြန်၏ ။ သူမ၏နောက်မှဖြတ်သွားသည့်ထိုသူမှာ သူမ၏ ကျောကိုပုတ်၍ ပြုံးကာဆိုလာ၏ ။

" စာအုပ်ထဲ၀င်သွားတော့မလို့လား ခေါင်းမော့ပြီးသက်တောင့်သက်သာနေစမ်းပါကွာ "

သူ၏အသံအနေအထားနှင့်စကားပြောဟန်တို့မှာ နူးညံ့ညင်သာမှုအပြည့်ရှိသည့်အပြင် စိတ်မရှည်ဖြစ်နေပုံလည်းမတွေ့ရပေ ။

ရှန်းပိုင် ချက်ချင်းကျောမတ်ကာခေါင်းမော့လိုက်၏ ။ စာသင်ခန်းထဲတွင် စံပြအနေအထားဖြစ်အောင်ကြိုးစားထိုင်နေသည့် ကျောင်းသားတစ်ယောက်ကဲ့သို့ပင် ။ သူမအမှန်ပင် ခေါင်းမငုံ့ရဲတော့ချေ ။

——

ချန်ကျိုးက စာကြည့်တိုက်ထဲတွင်အချိန်ဖြုန်းနေတော့သည် ။ သပ်သပ်ရပ်ရပ်စီရီထားသည့် စာအုပ်စင်ပေါင်းများစွာနှင့် အမျိုးအစားစုံလင်သည့်ကော့မစ်စာအုပ်အများအပြားကိုတွေ့လိုက်ရသော်လည်း ချန်ကျိုးမှာ ဖွင့်မကြည့်ချေ ။

သူပြောခဲ့သလိုပင် သူ၏စိတ်၀င်စားမှုမှာထူးခြားသည့်တစ်ယောက်သောသူအတွက်သာဖြစ်သည် ။ သူမစိတ်အနှောင့်အယှက်ဖြစ်၍ အလုပ်လုပ်နေသည်ကိုမထိခိုက်စေလို၍သာမဟုတ်လျှင် အရှက်မရှိဆက်လက်ကပ်တွယ်နေမိဦးမှာဖြစ်သည် ။

စာအုပ်များကိုကြည့်နေရင်း ယီယီနှင့်တိုးလေသည် ။ သူမက စာအုပ်များကိုစစ်ဆေးနေပုံရပြီး ချန်ကျိုးအားတွေ့သည်နှင့်မေးလာသည် ။

" စာလာဖတ်တာလား "

" မဟုတ်ပါဘူး ဒီတိုင်းလျှောက်ကြည့်ရုံတင်ပါ "

" ရှန်းပိုင်ရဲ့ ကော့မစ်တွေကိုဖတ်ဖူးလား "

ချန်ကျိုးက ခေါင်းငုံ့ကာပြောလိုက်သည် ။ 

 " ဖတ်ဖူးပါတယ် "

ယီယီက အားပါးတရပြုံးလိုက်ကာ သူမ၏ ကာတွန်းရေးဆွဲသူလေး၏အရည်အချင်းအပေါ်ယုံကြည်မှုအပြည့်အ၀ရှိနေပုံရသည် ။

" သူမရဲ့စာအုပ်တွေကအရမ်းထူးခြားတယ်လေ ... ဟုတ်တယ်မလား "

ချန်ကျိုးက ' အင်း ' ဟုအသံပြု၍ ထောက်ခံလိုက်သည် ။ သို့သော်လည်း ဤအချိန်တွင် သူစိတ်၀င်စားနေသည့်အရာမှာ ကာတွန်းများမဟုတ်သည့်အတွက် စကားလမ်းကြောင်းပြောင်း၍ အခြားသောအရာများကိုမေးရန် ရှက်ရွံ့နေခြင်းမရှိပါပေ ။

" သူမက အရင်ကတည်းကဒီလိုပဲလား "

ယီယီလည်း ချန်ကျိုး သိချင်နေသည့်အရာကိုအတိအကျနားလည်၏ ။

" ကျွန်မ သိတဲ့အချိန်ကတည်းက အဲလိုပဲ "

ချန်ကျိုးက ပြန်မဖြေတော့ပဲ ထွက်သွားရန်ပြင်လိုက်သောကြောင့် ယီယီ ကစာအုပ်စင်ကိုလက်ဖြင့်ထောက်ထားထားရင်းတားလိုက်သည် ။

" ရှင်ထပ်မသိချင်တော့ဘူးလား "

ချန်ကျိုးက ရပ်လိုက်၍ 

" မင်းဘာတွေသိထားတာလဲ "

ယီယီကပြုံးကာဖြင့်

" သူမရဲ့ပုံစံကြောင့်သိချင်စိတ်ဖြစ်တာ ရှင်တစ်ယောက်တည်းလို့ထင်နေတာလား ... ကျွန်မလည်း သိချင်လွန်းလို့ သူမရဲ့ အရင်အတန်းဖော်ဟောင်းတွေအပြင် သူငယ်ချင်းတွေနဲ့ပါသွားတွေခဲ့လို့ နည်းနည်းတော့သိခဲ့ရတယ် "

သူမ၏ အသံမှာဆွဲဆောင်မှုရှိစွာထွက်ပေါ်လာ၏ ။

 " ရှင်သိချင်လား "

ချန်ကျိုးက သူမ၏ရည်ရွယ်ချက်ကိုစိတ်မ၀င်စားသောကြောင့်ပြောလိုက်သည် ။

" တစ်နေ့နေ့မှာ သူမကိုယ်တိုင်ဖွင့်ပြောလာပါလိမ့်မယ်"

ယီယီက ခေါင်းခါ၍

" သူမရဲ့ နှလုံးသားကိုဖွင့်ပြပြီး ပြောလာလိမ့်မယ်လို့မျှော်လင့်နေတာလား "

" အင်း "

ယီယီက သက်ပြင်းချလိုက်ကာ 

" ပြောပြမှာမဟုတ်ဘူး "

" သူမမပြောပြဘူးလို့ မင်းဘယ်လိုလုပ်ပြီးသေချာနေရတာလဲ "

ယီယီက စာအုပ်များကိုစီနေရင်းဖြင့် ချန်ကျိုးကိုလေးလေးနက်နက်ပြောလာ၏ ။

" ကျွန်မတို့က အရာအားလုံးကိုကျွန်မတို့ ချစ်ရတဲ့သူတွေ ဒါမှမဟုတ်ရင်းနှီးတဲ့သူတွေဆီကိုစိတ်ချလက်ချဖွင့်ပြောနိုင်တယ် ဒါပေမဲ့ ရှန်းပိုင်ကတော့မတူဘူး ... သူမက စကားပြောစရာအကြောင်းမရှိရင် လုံး၀ပြောမှာမဟုတ်ဘူး ... သူမခံစားနေရတာတွေကိုအပြင်လောကဆီထုတ်မပြတတ်တာကလည်း သူမမထိခိုက်မခံစားရအောင် ကိုယ့်ကိုယ်ကိုကာကွယ်တဲ့ပုံစံတစ်မျိုးပဲ ... သူမကငြိမ်ငြိမ်လေးထိုင်နေပြီး သူမ ကြိုက်တဲ့အရာတွေကိုအေးအေးချမ်းချမ်းလုပ်နေနိုင်တာကပဲလုံလောက်နေပါပြီ ... ကျွန်မ သူမကိုမထိခိုက်စေချင်ဘူး အပြင်လောကကြီးမှာ သူ့လိုလူမျိုးဘယ်နှစ်ယောက်ကများ ဒီလိုအေးအေဆေးဆေးနေနိုင်နေတယ်ထင်လို့လဲ သူတို့အတွက် အရမ်းကိုခက်ခက်ခဲခဲဖြတ်သန်းနေကြရတာ ... ကျွန်မကတော့ သူမကိုအတတ်နိုင်ဆုံးကာကွယ်ပေးချင်တယ် "

ယီယီက သက်ပြင်းချလိုက်ပြန်၏ ။

" ကျွန်မဘာလုပ်နိုင်မှာတဲ့လဲလေ ... ကမ္ဘာကြီးထဲမှာတိတ်တိတ်လေးရှင်သန်သွားချင်နေတဲ့ တစ်စုံတစ်ယောက်ကို ဘေးကကူညီနေရုံလေးပဲတတ်နိုင်တာပေါ့ "

စကားဆုံးသောအခါ၍ ချန်ကျိုးအား ပေါက်ထွက်မတတ်စူးစူးစိုက်စိုက်ကြည့်လာလေသည် ။

" ရှင်ပြောတဲ့ ရှင့်အတွက် အရမ်းထူးခြားတဲ့တစ်စုံတစ်ယောက်ဆိုတဲ့စကားကိုကျွန်မအတည်ယူလို့ရလား "



Xxxxxx