အပိုင်း ၁၃
Viewers 7k

#sweet  
Chapter ( 13 )


ရှန်းပိုင် ထိုအသံနှင့်အလွန်ရင်းနှီးလှသည် ။ အတိအကျပင် ထိုသူမှာ သူမ၏ အိမ်ရှင်အသစ်လေးဖြစ်၏ ။

ဒါပေမဲ့ သူကဘယ်လိုပြီးရောက်လာတာလဲ ... 

ပြီးတော့... အခုလေးတင် ... ငါ့ကိုဖက်ထားလိုက်တာလား ....

ရှန်းပိုင်မှာ ထိုအကြောင်းကိုတွေးရန်အချိန်ပင်မရဘဲ ထိုသူနှင့်နီးနီးကပ်ကပ်နေရသည်မှာ အလွန်ပူလောင်လာကြောင်းကိုသာခံစားမိသည် ။ ကြမ်းပြင်ကိုသာငုံ့ကြည့်နေမိပြီး သူမ၏နှလုံးသားလေးမှာ ထိန်းချုပ်မရစွာခုန်ပေါက်နေတော့၏ ။

လျှင်မြန်စွာမောင်းနေသည့်ရထား၏ မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိအဆောက်အအုံများမှ နီယွန်မီးရောင်တလက်လက်ကိုမြင်နေရသည် ။ သူ့လက်မောင်းထဲမှ မိန်းကလေးမှာလှုပ်ရှားမူမရှိတော့သဖြင့် ချန်ကျိုးက မျက်မှောင်ကျုံ့ကာစစ်ဆေးနေသည့်အချိန်တွင် သူမ၏ နားရွက်ဖြူဖြူလေးများထံသို့အကြည့်ရောက်သွားလေ၏ ။

ဦးထုပ်ဆောင်းထားသဖြင့် သူမ၏ ဆံပင်များကိုနားနောက်သို့သပ်တင်ထားသောကြောင့် ပါးလျသော်လည်းဖြူအုနေသည့်နားရွက်လေးများကိုအတိုင်းသားမြင်နေရပြီး ထိုနားရွက်ထိပ်လေးမှာသွေးများပေါက်ထွက်တော့မတတ် နီရဲနေလေ၏ ။

ချန်ကျိုး၏ လည်ဇလုတ်မှာအကြိမ်အနည်းငယ်မျှလှုပ်ခတ်သွားပြီး မနည်းအကြည့်လွှဲလိုက်ရသည် ။

မှတ်တိုင်တစ်ခုရောက်၍ ရပ်လိုက်သည့်အချိန်၌ ရှန်းပိုင်၏ လက်ဖ၀ါးတစ်ခုလုံးချွေးများဖြင့်ရွှဲနစ်နေပြီပင် ။ ချန်ကျိုးက နံရံတွင်ကပ်ထားသည့်မြေပုံပေါ်သို့ အကြည့်ရောက်သွားပြီးနောက် 

 " မင်းမှတ်တိုင်ဘယ်နှခုလောက်စီးရမှာလဲ "

ရှန်းပိုင်က လက်လေးချောင်းထောင်ပြလာသောကြောင့် ချန်ကျိုးက နှိုင်းယှဥ်ပြလာ၏ ။

" ရှင်းရွှယ် ပန်းခြံကနေစရေရင်လား "

ရှန်းပိုင် ခေါင်းညိမ့်ပြလိုက်သည် ။ အချိန်ခဏမျှတိတ်ဆိတ်နေပြီးနောက် ချန်ကျိုးက မေးလာပြန်သည်။

 " မင်းဘာလို့ ကိုယ့်ကိုလိုက်ပို့ခွင့်မပြုခဲ့တာလဲကွာ "

ထိုမေးခွန်းမှာအနည်းငယ်ပြင်းထန်သည့်အတွက် တစ်ကိုယ်လုံးတောင့်တင်းသွားရပြီး မည်ကဲ့သို့ပြန်ဖြေရမည်ကိုပင် မသိတော့ပါချေ ။ 

ထိုအခိုက်၌ ၀င်လာသည့် လူများနှင့်တွန်းတိုက်မိသွားသောကြောင့် အမျိုးသား၏ ရင်ဘတ်နှင့် ပိုမိုတိုးကပ်မိသွားလေ၏ ။ ရုတ်တရက်မီးတောင်ပေါက်ကွဲသွားသကဲ့သို့ပင် သူမ၏ခေါင်းတစ်ခုလုံးပူထူလာသည့်အပြင် နားထဲမှမီးခိုးများပါထွက်လာတော့မည်ဟုခံစားနေရလေသည် ။

ရထားပြန်ထွက်သည့်အချိန်၌ လည်ပင်းတစ်ခုပင် ပန်းရောင်ဖျော့ဖျော့သမ်းနေသည့်မိန်းမငယ်လေးအား ငုံ့ကြည့်နေမိကာ စနောက်လိုသောစိတ်ကိုမထိန်းချုပ်နိုင်တော့ပေ ။

ထို့ကြောင့် သူမ၏ နီရဲနေသောနားရွက်နားလေးသို့ငုံ့ကိုင်း၍ ခန္ဓာကိုယ်ချင်းပိုမိုထိကပ်စေလိုက်ပြီးနောက် အသံအက်ရှရှနှင့်ပြောလိုက်လေ၏ ။

" မင်းက ဒီလိုမျိုးအဖိခံထားရတာကိုကြိုက်တာလား "

ရှန်းပိုင်၏ ဦးနှောက်ထဲသို့ သွေးများတဟုန်ထိုးဆောင့်တက်လာလေတော့သည် ။

တကယ်ကြီး ... တကယ်ကြီး ...

သည်းမခံနိုင်တော့ဘူး ...

သူမတစ်ကိုယ်လုံးပျော့ခွေကျသွားမတတ်ခံစားနေရသော်လည်း အရှေ့သို့တိုးကပ်၍ ချန်ကျိုးထံမှာခပ်ခွာခွာနေရန်ကြိုးစားနေလေ၏ ။

ထိုအချင်းအရာအားမြင်သည့်ချန်ကျိုးမှာ ထပ်မံပြောလာပြန်သည် ။

" တကယ်လို့ မင်းမကြိုက်ဘူးဆိုရင် ကိုယ့်ကိုပဲလိုက်ပို့ခွင့်ပြု ... ဟုတ်ပြီလား ... တကယ်ကို ကလေးလေးတစ်ယောက်လိုဖြစ်နေတဲ့မင်းကို ကိုယ်ဘယ်လိုလုပ်ပြီးတော့များ တစ်ယောက်တည်းစိတ်ချလက်ချလွှတ်လိုက်နိုင်မှာလဲကွာ "

ရှန်းပိုင်၏ အာရုံအလုံးစုံမှာ သူမ၏နားနားတွင်ကပ်ပြောနေသည့် သူ၏ အသက်ရှုသံနှင့်စကားသံများအတွင်း၌သာနစ်မြောနေလေ၏ ။ ထို့ကြောင့် ထိုသူတောင်းဆိုနေသည့်အရာအား သတိလက်လွှတ်နှင့်ပင် ခေါင်းညိမ့်ကာသဘောတူညီလိုက်သည် ။

ဆန္ဒပြည့်၀သွားပြီးဖြစ်သော ချန်ကျိုးမှာ ခါးကိုပြန်မတ်လိုက်ကာ သူ၏အမူအယာမှာ ယခုနကပရောပရီပြောနေသည့်ပုံစံမျိုးမတွေရတော့ပေ ။ 

——

နူးညံ့ညင်သာသည့်အမျိုးသမီးတစ်ဦး၏ မှတ်တိုင်သို့ရောက်ပြီဖြစ်ကြောင်းကြေငြာသံထွက်ပေါ်လာသည့်အခါမှသာ ချန်ကျိုးက လက်လွှတ်ပေးလိုက်သည် ။ ရှန်းပိုင်က သူမ၏ရင်ဘတ်ကိုဖိ၍ နောက်လှည့်မကြည့်ဘဲ အပြင်သို့ပြေးထွက်သွားလေ၏ ။

ချန်ကျိုးက သူ၏ရှည်လျားသည့်ခြေတံကြောင့် သူမနောက်သို့အမှီလိုက်ရန်မှာအခက်အခဲမရှိချေ ။ ခြေတံတိုတိုလေးများဖြင့် အသည်းအသန်ပြေးလွှားနေသည့် မိန်းမငယ်လေးအားကြည့်၍ ချန်ကျိုးမှာ အားရပါးရပြုံးနေမိလေသည် ။

သူမက ခေါင်းငုံ့၍လျှောက်နေပါသော်လည်း လူထူထပ်သည့်နေရာကိုမူရှောင်ကွင်းပြီးသားပင် ။ ချန်ကျိုးက နောက်မှလိုက်နေရင်း သူမကိုကြည့်ကာ ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်မိသည် ။

ဒီနှစ်တွေအတွင်း လူကြောက်တတ်တဲ့သတ္တ၀ါလေး ဘယ်လိုမျိုး အသက်ရှင်အောင်နေနိုင်ခဲ့တာပါလိမ့် ...

ဟာရာကိုရှာ သို့ရောက်သည့်အချိန်တွင် ယွမ်ယွမ်က ရှန်းပိုင်အား အပေါက်၀တွင်ရပ်စောင့်နေလေ၏ ။ သူမ၏ အိတ်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည့် မိန်းကလေးအစား သူမ၏နောက်မှလူထံသို့အကြည့်ရောက်သွားလေသည် ။

ဒါဖြစ်နိုင်ပါ့မလား ...

" ကဖေးဆိုင်ပိုင်ရှင် ... နို့လက်ဖက်ရည်လာပို့တဲ့ဦးလေးကြီး "

ဆုံတွေ့‌ေသာအခါ၌ ယီယီ က ရှန်းပိုင်အား နူးနူးညံ့ညံ့လေးမေးလာသည် ။ ရှန်းပိုင်က သူမ၏အောက်နှုတ်ခမ်းကိုသပ်လိုက်ကာ ၀န်ခံသည့်အနေဖြင့်ခေါင်းညိမ့်လိုက်လေ၏ ။ အကြောင်းအရင်းမသိရပါဘဲ လည်ချောင်းတစ်ခုလုံးပူလောင်နေကာ ရေအရမ်းသောက်ချင်နေမိသည် ။

" ဘုရားရေ... သူနင့်ကိုလိုက်ပို့ပေးတာလား ... ၀ါး ... ငါတော့ထူးခြားတဲ့အငွေ့အသက်တွေရနေတယ်နော် ... သူကနင့်ကို မင်းသမီးလေးတစ်ယောက်လိုအလိုလိုက်ပေးနေတာပဲဟ "

" ပေါက်ကရတွေမပြောစမ်းပါနဲ့ "

ရှန်းပိုင်မှာ အလွန်မျက်နှာပူလာပြီဖြစ်၍ မစနောက်ပါရန် ယီယီအားအသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။ ယီယီသည်လည်း ရှန်းပိုင်၏ အနောက်မှလူအားလျစ်လျူမရူရဲသောကြောင့် ယဥ်ယဥ်ကျေးကျေးဖြင့်မိတ်ဆတ်လိုက်၏ ။

" နိဟောင် ... ကျွန်မက ရှန်းပိုင်ရဲ့ တည်းဖြတ်သူပါ ပြီးတော့ ကျန်းချန်ရဲ့ ကောင်မလေး "

စိတ်အားထက်သန်လွန်းလှသည့် ကောင်လေး၏အမည်ကိုကြားလိုက်ရသောအခါ ချန်ကျိုးက ယီယီအား ပြန်လည်နှုတ်ဆက်လိုက်သည် ။ သူမက ချန်ကျိုးကို အဆောက်အဦးထဲလိုက်ပြချင်သော်လည်း ချန်ကျိုးက ငြင်းဆန်လိုက်လေ၏ ။

 " ရပါတယ် ... လော်ဘီမှာပဲစောင့်နေလိုက်ပါ့မယ် "

ယီယီ က မျက်ခုံးပင့်လိုက်ကာ 

" ရှန်းပိုင်က နေ့လည်လောက်အထိလက်မှတ်ထိုင်ထိုးနေရမှာ ... ရှင် သူ့ကိုအဖော်မပြုပေးချင်ဘူးလား "

ချန်ကျိုးက ခဏမျှတွေးနေပြီးနောက် ခေါင်းညိမ့်ကာသဘောတူလိုက်သည် ။အလွန်ချောမောခန့်ငြားလှသည့် အမျိုးသားတစ်ယောက်ရုတ်တရက်ပေါ်ထွက်လာသောကြောင့် အယ်ဒီတာများမှာ ကြက်သွေးထိုးခံလိုက်ရသကဲ့သို့ အားမန်တက်ကြွစွာဖြင့်စပ်စုချင်နေကြတော့၏ ။

ယီယီ က ရှန်းပိုင်အတွက် တိတ်ဆိတ်၍လေကောင်းလေသန့်ရနိုင်မည့်အခန်းတစ်ခန်းကိုသီးသန့်ရွေးပေးထားသည့်အပြင် ချန်ကျိုးအတွက်ပါ ထိုင်ခုံတစ်လုံးစီစဥ်ပေးထားသည် ။

စားပွဲခုံရှည်ကြီးပေါ်၌ ကာတွန်းစာအုပ်ပုံးများအပြင် လက်မှတ်ထိုးရန်အတွက် မာကာငါးချောင်းကိုပါချထားလေသည် ။ ရှန်းပိုင်မှာ ခရီးရှည်ကြီးတစ်ခုဟုတွေးမိသဖြင့် သက်ပြင်းသာချမိလေသည် ။

သို့သော်လည်း ဤသည်မှာ သူမ၏စား၀တ်နေရေးကိုဖြေရှင်းနေရသည့်နည်းလမ်းတစ်ခုဖြစ်လို့နေ၏ ။ ထို့ကြောင့် စိတ်ကိုပြင်ဆင်လိုက်ကာ ပထမဆုံးစာအုပ်၏ ပထမစာမျက်နှာ၌ စကားအချို့ရေး၍ လက်မှတ်ရေးထိုးလိုက်သည် ။

စာအုပ်ကိုဘေးသို့ချလိုက်သည့်အချိန်မှာပင် သူမနားတွင်ထိုင်နေသည့်လူက ဆွဲယူသွားလေ၏ ။

အယ် ...

သူမလှမ်းဆွဲယူ၍ မမှီလိုက်သည့်အပြင် တစ်ဖက်လူကဖွင့်ဖတ်နေပြီဖြစ်သည် ။ သူမ၏ လက်မှတ်အားတွေ့သွားမည်ကိုအလွန်ရှက်ရွံ့နေမိ၏ ။ ဖန်ကလပ်မှစာဖတ်သူများ၏ တောင်းဆိုမှုကြောင့် သူမ၏ လက်မှတ်မှာ ပုံမှန်စာရေးသည့်ပုံနှင့်ကွဲပြားသည့်အပြင် အရိုင်းဆန်ကာကြမ်းတမ်းလေသည် ။

ရှန်းပိုင်မှာ ရှက်နေသောကြောင့် မျက်နှာကိုကာထားမိလေ၏ ။ထိုအချိန်တွင် သူမ၏မျက်နှာပေါ်တစ်ခုခုနှင့်ခြစ်မိသွားကြောင်းခံစားမိလိုက်လေသည် ။ သူမလက်ကိုသူမပြန်ကြည့်လိုက်သည့်အခါတွင် မာကာဘောပင်ကို ကိုင်ထားဆဲဖြစ်ကြောင်းတွေ့လိုက်ရ၏ ။

နှစ်စက္ကန့်မျှကြောင်အနေပြီးနောက် 

အားးးးး ... ဘောပင်နဲ့ မျက်နှာပေါ်ကိုခြစ်လိုက်မိပြီ ...

သို့သော်လည်း အခန်းအတွင်း၌ မှန်မရှိသောကြောင့် မည်သည့်နေရာကိုခြစ်မိသွားကြောင်းအတိအကျမပြောနိုင်ချေ ။

ရှန်းပိုင်မှာ သူမ၏စိတ်မှန်းအရသာ လက်ဖြင့်ပွတ်၍ ဖျက်နေရ၏ ။ ချန်ကျိုးက သူမ၏ အပြုအမူကိုသတိထားမိသွားသောကြောင့် ထလာ၍ မေးလေသည်။

" တစ်ခုခုဖြစ်လို့လား "

ရှန်းပိုင်က သူမ၏ ပါးပေါ်မှမှင်ရာကိုမြင်သွားမည်စိုးသောကြောင့် တစ်ဖက်သို့လှည့်၍ ပြန်ဖြေလိုက်သည် ။

" ဘာ... ဘာမှမဖြစ်ပါဘူး ..."

ချန်ကျိုးအားလွယ်လွယ်ကူကူလိမ်ညာ၍ မရဘဲ ထိုသူခေါင်းငုံ့၍ သူမကိုစေ့စေ့စပ်စပ်ကြည့်လာလေ၏ ။ ရှန်းပိုင်မှာ ခေါင်းငုံ့ရင်းငုံ့ရင်းဖြင့်ပင် အလွန်နေရခက်နေလေသည် ။

ချန်ကျိုးက ရုတ်တရက်ထရယ်လိုက်ပြီးနောက်

" မလှုပ်နဲ့ "

ရှန်းပိုင်မှာ အမှန်ပင်မလှုပ်ရဲချေ ။ အမျိုးသား၏လက်မှာသူမထံသို့လှမ်းလာသောကြောင့် ရှန်းပိုင်နောက်ဆုတ်မိလိုက်သော်လည်း ချန်ကျိုးက ထိုသို့ဖြစ်ခွင့်မပေးပေ ။ သူမ၏မေးစေ့ကိုလက်တစ်ဖက်ဖြင့်ထိန်းကိုင်လိုက်သည့်အချိန်၌ ရှန်းပိုင်မှာ ဓာတ်လိုက်သလိုခံစားသွားရသည် ။

သူမ၏ အသက်ရူနှုန်းများပင် မတည်မငြိမ်ဖြစ်လာရပြီး အခွံချွတ်၍ ပန်းကန်ပြားပေါ်တင်ထားခံရသည့် ဂုံးကောင်လေးတစ်ကောင်ကဲ့သို့ခံစားနေရလေ၏ ။

နွေးထွေးသော်လည်း အနည်းငယ်အသားမာတက်နေသည့်လက်ချောင်းများက သူမ၏မေးစေ့ကိုအသာအယာပွတ်သပ်လာလေ၏ ။

အမျိုးသားက မျက်မှောင်ကျုံ့၍ မှင်ရာကိုဖျက်ရန်သာ အာရုံစိုက်နေသောကြောင့် သူမ တစ်ကိုယ်လုံးနီရဲလာသည်ကိုသတိမထားမိပေ ။

အကြိမ်အနည်းငယ်မျှ ကြိုးစားနေပြီးနောက် သူမကိုလွှတ်ပေးလိုက်သည် ။

" ဖျက်လို့မရဘူး "

ချန်ကျိုးက မဖွင့်ရသေးသည့် မာကာအသစ်ကိုကိုင်လိုက်ပြီးနောက် 

" အလုပ်ပဲဆက်လုပ်နေလိုက်ပါ ... ကိုယ်နည်းလမ်းရှာလိုက်မယ် "

အခန်းအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် အနီးအနားရှိ စတိုးဆိုင်သို့သွားရန်ပြင်လိုက်သည် ။

ရှန်းပိုင်မှာ အူတူတူနှင့်ကျန်ခဲ့ရပြီး သူမ၏ အတွေးထဲ၌ ထိုအမျိုးသား၏ သန်မာသည့် အရှိန်အ၀ါနှင့် နွေးထွေးသည့်အငွေ့အသက်များကိုသာတွေးမိနေလေ၏ ။

ချန်ကျိုးပြန်လာသည့်အချိန်တွင် တစ်ရှုးစိုတစ်ထုပ်ပါလာလေသည် ။

ထိုအချိန်တွင် သူကမထိုင်ဘဲ ရှန်းပိုင်၏ရှေ့တွင်ရပ်၍ ငုံ့ကိုင်းလိုက်ကာ သူမပွတ်ထား၍ နီရဲနေသည့်နေရာပေါ်တွင် တစ်ရှုးဖြင့်ဖိကာညင်ညင်သာသာဖြင့်ဖျက်ပေးနေလေ၏ ။

အထိအတွေ့များကြောင့် ရှန်းပိုင်မှာ ၀ိညာဥ်လွင့်ထွက်သွားမတတ်ပင် ခံစားနေရလေသည် ။ ရှက်ရွံ့နေသည်အားဖုံးကွယ်ရန်ကြိုးစားနေပါသော်လည်း တုန်ရီနေသည့် မျက်တောင်လေးများမှာမူသစ္စာဖောက်နေကြလေ၏ ။

သူမ၏ ခံစားချက်များကိုထိန်းချုပ်နိုင်ရန်အတွက် လက်သီးဆုပ်ထားမိကာ ချန်ကျိုးသည်လည်း သူမအား မနှောင့်ယှက်ဘဲဘေးမှရပ်ကြည့်နေသည် ။ အချိန်အတော်ကြာ ကြည့်နေပြီးနောက် သူမအခြေအနေတည်ငြိမ်သွားသည့်အခါမှသာ ချန်ကျိုးက ပြုံးကာစနောက်တော့သည် ။

" လက်မှတ်ထိုးတာကို မင်းမျက်နှာပေါ်မှာမင်းလေ့ကျင့်စရာမလိုပါဘူးကွာ "

ချန်ကျိုး စနောက်နေသည်ကိုရှန်းပိုင် ကြားသောအခါမှသာ သူမကိုထိုသူက တစ်ချိန်လုံးထိုင်ကြည့်နေကြောင်းသတိထားမိသွား၏ ။ သူမ၏ မျက်နှာကိုလက်ဖြင့်ကာရန်တွေးမိလိုက်ပြီး လက်ထဲ၌ ဘာမှရှိမနေသည်မှာသေချာအောင်လည်းစစ်ဆေးလိုက်သေးသည် ။

ချန်ကျိုးက မျက်နှာကိုကာထားသည့် သူမ၏လက်ကိုဆွဲယူ၍ မာကာပင်တစ်ချောင်းကိုထည့်ပေးလိုက်ကာ ညင်ညင်သာသာဖြင့်ပြောလေသည် ။

" ကိုယ်ကလည်း မင်းရဲ့ပရ်ိသတ်တစ်ယောပ်ပါပဲ ... တစ်ကယ်လို့မင်းလေ့ကျင့်ချင်တယ်ဆိုရင် ကိုယ့်အပေါ်မှာလေ့ကျင့်လေ ... ဟုတ်ပြီလား "



Xxxxxx