#sweet
Chapter ( 12 )
နို့သရက်သီးဖျော်ရည်ကို ခွက်အပြည့်သောက်ပြီးနောက် ရှန်းပိုင်၏ ဗိုက်မှာပြည့်အင့်နေပြီဖြစ်သည် ။ ပထမဆုံးပြောင်းလာသည့်နေ့မှာပင် ချန်ကျိုးနှင့်စကားအများကြီးပြောခဲ့ရသည့်အပြင် သူမအပေါ်လုပ်ပေးခဲ့သမျှအတွက် သူမဘက်မှလည်းတစ်ခုခုပြန်လုပ်ပေးချင်နေသည် ။
အိပ်ရာပေါ်တွင်လှဲ၍ သူမ၏ဗိုက်လေးကို အချိန်ခဏမျှပွတ်သပ်နေပြီးနောက် အလုပ်စားပွဲတွင်ထိုင်၍ ပုံစဆွဲရန်ပြင်လိုက်သည် ။
သို့သော်လည်း အလုပ်လုပ်ရမည့်အစား ' ချိစ့်ကအရမ်းအရသာရှိတယ် ' ဟူသည့်ရုပ်ပြကာတွန်းလေးကိုသာဆွဲလိုက်မိသည် ။ သူမစကားလုံးများဖြင့်မဖော်ပြနိုင်ခဲ့သည့် ခံစားချက်များအား ရေးဆေးများဖြင့်ပန်းချီပေါ်တွင်ပုံဖော်နေမိ၏ ။
ပန်းချီတစ်ချပ်လုံးကိုစိတ်ရှိလက်ရှိ ချယ်သပြီးနောက် ပြတင်းပေါက်နားတွင်ထား၍အခြောက်ခံလိုက်သည် ။
ညလေပြည်အေးလေးမှာ မိန်းကလေးတစ်ယောက်ကခုန်နေသကဲ့သို့ ညင်သာစွာတိုက်ခတ်နေလေ၏ ။
စာရွက်ပေါ်၌ ပိုးသားဂါ၀န်အပွကို၀တ်ဆင်ထားသည့် ဖရုံသီးမိန်းမပျိုလေးတစ်ယောက်ရှိနေသည် ။ သူမ၏ အသားအရေမှာတိမ်ကဲ့သို့ဖြူဖွေးသန့်စင်ပြီး မျက်လုံးများသည်လည်း ၀ိုင်းစက်တောက်ပနေလေ၏။
သရက်သီး၏ ပုံမှန်အရသာသည်ပင် ချိုမြိန်ကာစေးကပ်မှုမရှိသည့်အပြင် နွားနို့အမြုပ်ကလေးများနှင့်ဒိန်ချဥ်အနည်းငယ်ကိုပါပေါင်းစပ်လိုက်သောအခါ အရသာမှာအလွန်စွဲမက်ဖွယ်ဖြစ်၍သွား၏ ။
သူမ၏ နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်မိသည့်အခါ၌ နို့နှင့်သရက်သီးအရသာအပြင် လိမ္မော်နှင့်လက်ဖက်အရသာအနည်းငယ်ပါ သူမ၏ နှုတ်ခမ်းပေါ်၌ စွဲကျန်နေသည်ဟုထင်ရသည် ။
ဒါကမှ သရက်သီးရဲ့ပြိုင်ဘက်ကင်းတဲ့အရသာပဲ ...
ပန်းချီရေးဆွဲပြီးနောက် သူမ၏ ကိုယ်ပိုင်၀တ္ထုဆွဲရန်ပြင်ဆင်ရတော့သည် ။ သို့သော်လည်း ယီယီက သူမအဆင်ပြေမပြေသိချင်နေသောကြောင့် စာပြန်လိုက်သည် ။
" အဆင်ပြေပါတယ် ... အိမ်ပိုင်ရှင်ကအရမ်းသဘောကောင်းတယ် "
ယီယီ : " ကျန်းချန်ပြောတာတော့ နင်တို့နှစ်ယောက်ကအသ်ိတွေဆို "
ရှန်းပိုင်မှာ မဆီမဆိုင်ရှက်လာရ၏ ။
" ထင်တာပဲ "
" သူက နင်ပြောနေကျ နို့လက်ဖက်ရည်လာပို့တဲ့ ဦးလေးကြီးလား "
" အင်း "
" ၀ါး ၀ါး ၀ါး ... ရှန်းပိုင် နင်တော့နာမည်ကြီးတော့မှာပဲ ကျုံးရီကဖေးရဲ့ ပိုင်ရှင်က နင့်ဆီကို ကိုယ်တိုင်နို့လက်ဖက်ရည်လာပို့တာတဲ့လား "
ရှန်းပိုင်မှာဆွံ့အနေရတော့သည် ။
နို့လက်ဖက်ရည်ဆိုင်ကလူက နို့လက်ဖက်ရည်ပို့ပေးတာပုံမှန်ပဲမဟုတ်ဘူးလား ...
" သူက ပုံမှန်လည်း နို့လက်ဖက်ရည်ပို့နေကျလို့ နင်ထင်နေတာတော့မဟုတ်လောက်ပါဘူးနော် "
ရှန်းပိုင် " ... "
" ဟိုက နင့်တစ်ယောက်တည်းကိုပဲထူးထူးခြားခြားလာပို့ပေးတာဟုတ်ပီလား ... ဘယ်လို ဒလီဗာရီသမားမျိုးက မြို့လယ်ခေါင်မှာအဲ့လောက်ကြီးတဲ့မြေနဲ့တိုက်ကိုပိုင်မှာလဲဟ "
ရှန်းပိုင် : ဟုတ်ပြီ...
နားလည်သွားပြီ ……
" သူက နင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ်ဆိုရင် ဒိီတိုင်းလေးငြိမ်နေလိုက် ဟုတ်ပြီလား "
ရှန်းပိုင်: " ဟမ် "
" ငါကျန်းချန်ကိုမေးကြည့်ပြီးသွားပြီ ... အဲ့လူက ရည်းစားလည်းမရှိတဲ့အပြင် ရေမရောတဲ့ စိန်အဆင့်လူပျိုလေးတဲ့နော် ... နင်တို့နှစ်ယောက်ကအရင်ကတည်းကသိပြီး အခုလဲတစ်အိမ်တည်းအတူတူနေနေကြတာဆိုတော့ ဒိီလောက်ထိကောင်းတဲ့ကံတရားမျိုးဘယ်မှာမှရှာမတွေ့နိုင်ဘူး "
ယီယီ၏ စကားများကြောင့် သူမအားအမြဲညင်ညင်သာသာပြုံးပြတတ်သည်အမျိုးသား၏ မျက်နှာမှာခေါင်းထဲပေါ်လာလေ၏ ။သူမ၏ နှလုံးသားလေးမှာခုန်ပေါက်နေပါသော်လည်း ၀န်မခံချင်ပေ ။
" မဖြစ်နိုင်တာ "
ယီယီ : : .....
ရှန်းပိုင်က စာအချို့ပို့ရန်ပြင်လိုက်သော်လည်းပြန်ဖျက်လိုက်ပြန်သည် ။
အများကြီးလျှောက်မတွေးစမ်းနဲ့ ...
သူမမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ဘောပင်ကိုကိုင်ထားသည်ကပင်တုန်ရီနေလေ၏ ။ သူမခေါင်းကိုခါရမ်းလိုက်ရုံဖြင့်အသုံးမ၀င်သည့်အတွေးများပါ အဝေးရောက်သွားလျှင်မည်မျှကောင်းလိုက်မည်နည်း။
ယီယီက သူမကိုစိတ်ပူနေသောကြောင့် အရေးမပါသည်များကိုမပြောတော့ပဲ အဓိကအချက်များကိုသာပြော၍ သတိထားရန်အတန်အတန်မှာနေတော့သည် ။
ထို့နောက် ယီယီက ' ပျောက်ဆုံးနေသောမြို့တော် အတွဲသုံး ' ၏ ကြိုတင်ရောင်းချထားသည့်အရေအတွက်ကိုပြလာ၏ ။
ထို့နောက် အချိန်စာရင်းအတိအကျ ကုမ္ပဏီသို့လာရန်လိုအပ်ပြီး စာအုပ်များ၌ လက်မှတ်ထိုးရမည်ဖြစ်သည် ။
အုပ်ရေငါးထောင်တောင် အရမ်းများလွန်းတယ် ...
အရင်အတွဲနှစ်ခု စာအတွင်းလက်မှတ်ထိုးခဲ့ရသည့် အုပ်ရေသုံးထောင်စာကပင် သူမအားသေချင်စိတ်ပေါက်စေ၍ စိတ်ဒဏ်ရာရစေရန်လုံလောက်နေပြီဖြစ်သည် ။သူမငြင်းဆန်မည်စိုးသောကြောင့် ယီယီက အယ်ဒီတာချုပ်နှင့်ပင်ကိုင်ပေါက်၍ပြောလာ၏ ။
" နင်မလာဘူးဆိုရင် ... နောက်တစ်ခါ စာမူကြမ်းကိုအချိန်မှီမအပ်တာနဲ့ ငါအယ်ဒီတာချုပ်နဲ့သွားတိုင်ပစ်မှာ "
ရှန်းပိုင်မှာ ငိုချင်ပါသော်လည်း မျက်ရည်ပင်ထွက်မလာချေ ။
——
နောက်တစ်နေ့၌ ရှန်းပိုင်မှာ မနက်စောစောထရတော့သည် ။ ဆွယ်တာပွပွကြီးတစ်ထည်ကို၀တ်ဆင်ပြီးနောက် ဘေးလွယ်အိတ်အကြီးကြီးကိုလွယ်လိုက်သည့်အပြင် လျှာထိုးဦးထုပ်ကိုပါ မျက်နှာတစ်၀က်အုပ်အောင်ဆောင်းလိုက်လေ၏ ။နှာခေါင်းစည်းတပ်ရန်လည်းမမေ့ချေ ။
ဤတံခါး၌ ချောင်းကြည့်ပေါက်မရှိသောကြောင့် အပြင်ဘက်မှအခြေအနေကိုသူမ မသိပေ ။မနေ့ညကဆွဲထားသည့် ပန်းချီလေးကိုကိုင်၍ တံခါးကိုနားဖြင့်ကပ်၍ နားထောင်နေပြီနောက်မှ တံခါးလက်ကိုင်ဘုကိုအသာလှည့်လိုက်သည် ။
ခြေတစ်လှမ်းမှမလှမ်းရသေးခင်မှာပင် ထမင်းစားစားပွဲတွင် မနက်စာထိုင်စားနေသည့် ချန်ကျိုးကိုတွေ့လိုက်ရသည် ။
ခရိုးစန့်ပေါင်မုန့်ကို ၀ါးနေရင်းလက်တစ်ဖက်မှလည်း ipad ကိုင်၍ တစ်ခုခုကိုကြည့်ရှုရှာဖွေနေပုံရသည် ။ တံခါးဖွင့်သံကြားသည်နှင့် သူ၏မျက်လုံးက ရှန်းပိုင်ထံသို့အကြည့်ရောက်လာ၏ ။
တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာကြည့်နေမိကြကာ ရှန်းပိုင်၏ ရင်ထဲ၌မှာမူဗလောင်ဆူနေသော်လည်း မသိစိတ်မှ ချန်ကျိုးဆီသို့ တစ်လှမ်းချင်းလျှောက်သွားနေမိသည် ။
ချန်ကျိုးကအသေအချာ၀တ်စားထားသည့် သူမကိုသေသေချာချာကြည့်ပြီးနောက် မျက်ခုံးပင့်လိုက်ကာ
" မင်း အပြင်သွားချင်လို့လား "
ရှန်းပိုင်မှာ ထိုအမျိုးသားနှင့်အကြည့်ချင်းမဆုံရဲသောကြောင့် ခေါင်းငုံ့ထားမိလေသည် ။
" အင်း "
" မနက်စာရောစားပြီးပြီလား "
ချန်ကျိုးက စားပွဲပေါ်သို့ ipad ကိုပစ်တင်ပြီးနောက်
" အိုးထဲမှာ ကြက်ဥကြော်ထားတာရှိတယ် "
ရှန်းပိုင်က ခေါင်းခါလိုက်လေ၏ ။ သူမတစ်နေ့လျှင် ထမင်းနှစ်နပ်ပုံမှန်စားသောလည်းမနက်စာစားလေ့မရှိပေ ။
ချန်ကျိုးက အခြားသူတစ်ယောက်၏ နေ့စဥ်နေထိုင်မှုဘ၀ပုံစံကိုပြောင်းလဲရန်တွန်းအားမပေးချင်သောကြောင့် ခေါင်းညိမ့်ကာလက်ခံလိုက်သည် ။
" ကိုယ်မင်းကို လိုက်ပို့ပေးမယ် "
ကောင်မလေးက ထပ်မံ၍ခေါင်းခါလာပြန်၏ ။
ရှန်းပိုင်က ချန်ကျိုးထံသို့သွား၍ ပန်းချီကိုလက်ထဲထိုးထည့်ပေးပြီးနောက် ဖိနပ်လဲစီးရန် တံခါး၀သို့ပြေးသွားလေသည် ။
လက်ဆောင်ပေးသည့်အချိန်၌ ရှန်းပိုင်က ချန်ကျိုးအား စကားတစ်ခွန်းမှပြောခွင့်မပေးခဲ့ပေ ။ အကယ်၍ ချန်ကျိုးစကားပြောလာမည်ဆိုလျှင် သူမ၏နီရဲနေမည့်မျက်နှာကြောင့် ချန်ကျိုးရှေ့တွင်အရှက်မရချင်ပေ ။
ချန်ကျိုး၏ ရှေ့သို့ရောက်လျှင် မည်မျှရှက်တတ်မှန်းသူမကိုယ်တိုင်သာသိ၏ ။ချန်ကျိုးက သူမအပေါ်အလွန်ကောင်းကောင်းမွန်မွန်ဆက်ဆံသောကြောင့် သူမဘက်မှလည်းတစ်ခုခုပြန်ပေးချင်လေသည် ။ အမြဲတမ်းချန်ကျိုး၏ အလေးပေးမှုကို သက်တောင့်သက်သာဖြင့်မခံယူလိုပေ ။
တစ်စုံတစ်ယောက်နှင့်သိကျွမ်းရခြင်းကိုသူမနှစ်သက်သော်လည်း ထိုသူများဘက်မှသူမ၏ ချို့ယွင်းချက်ကြောင့်အဆက်အသွယ်ဖြတ်သွားသောအခါများ၌ နာကျင်ခံစား၍ ကျန်ခဲ့ရမည်ကိုကြောက်သည် ။ ထို့ကြောင့် မလိုအပ်ပါက စကားမပြောဘဲ အတတ်နိုင်ဆုံးမရင်းနှီးအောင်ရှောင်နေခဲ့၏ ။
သို့သော်လည်း ချန်ကျိုးက ဂရုစိုက်ပုံမရသည့်အပြင် သူမအပေါ်အလွန်ပင်ကောင်းပေးနေတတ်၏ ။
မနေ့ညက ညစာ ... ဒီမနက်အတွက်မနက်စာ ...
သူမထိုအရာများကိုတစ်ကြိမ်တစ်ခါမှပင် သူ့ထံကမတောင်းဆိုခဲ့ဖူးချေ ။သူမရင်းနှီးလိုသည့်စိတ်ရှိသော်လည်း သူမ၏ ခန္ဓာကိုယ်ကမူအမြဲတုန်ရီ၍ မ၀ံ့မရဲဖြစ်နေတတ်၏ ။
သာမန်လူတစ်ယောက်လို စကားပြောနိုင်ဖို့ဘယ်လိုလုပ်ရမလဲ ...
အဲဒီလိုဖြစ်ဖို့ ငါဘာလုပ်ရမလဲ ...
သူမ အမှန်ပင်မ၀ံ့မရဲဖြစ်နေလေ၏ ။ လမ်းမပေါ်ရှိ နေရောင်အောက်၌ ပျော်ရွှင်ရီမောကာသွားလာနေကြသည့်လူအုပ်ကြီးကိုကြည့်ရင်း သူမငိုချင်လာမိလေသည် ။
——
မြေအောက်ရထားဘူတာရုံ၌ မြင်မြင်သမျှမှာ ဆိုးကြိတ်နေကြသည့် လူအုပ်ကြီးသာဖြစ်သောကြောင့် သူမ၏ အိတ်ကိုကျစ်ကျစ်ပါအောင်ကိုင်၍ အသက်ပြင်းပြင်းရှုနေမိသည် ။
အလွန်အမင်းစိတ်လှုပ်ရှားနေမူကြောင့် သူမတစ်ကိုယ်လုံးတုန်ရီနေတော့၏ ။ လွန်ခဲ့သည့်နှစ်နှစ်ကစပြီးသူမပြောင်းရွေ့လာသော်လည်းမြေအောက်ရထားတစ်ကြိမ်စာစီးဖူးသည် ။ ထိုတစ်ကြိမ်တည်းနှင့်ပင် သတိလစ်ကာဆေးရုံရောက်သွားသောကြောင့် လူထူထပ်သည့်နေရာများကိုတော်ရုံတန်ရုံသွားလေ့မရှိတော့ပေ ။
ထိုအချိန်က တစ်စုံတစ်ခုကိုကြော်ငြာနေပုံရသည့်မိန်းမငယ်လေးနှစ်ဦးမှာ သူမရှေ့ကပိတ်ရပ်၍ တစ်ခုခုကိုအတင်းစကန်ဖတ်ခိုင်းနေလေ၏ ။ သူမအသည်းအသန်ငြင်းဆန်၍ လူအများ၀ိုင်းကြည့်လာသောအခါမှသာ ဆဲဆို၍ထွက်သွားကြလေသည် ။
ဤတစ်ခေါက်၌မူကံကောင်းစွာဖြင့် ထိုကဲ့သို့ကြေငြာနေသူများမရှိပေ ။ အချိန်အကြာကြီးမစောင့်ရဘဲ ရထားဆိုက်ရောက်လာလေ၏ ။ တံခါးဖွင့်လိုက်သော်လည်း သူမတွန့်ဆုတ်မိနေသောကြောင့် သူမနောက်မှလာက အထဲ၀င်ပါရန်အတင်းတိုက်တွန်းလာ၏ ။
ရုံးတက်ချိန်ဖြစ်၍ မြေအောက်ရထားမှာ ထုံးစံအတိုင်းလူအပြည့်နှင့်ဖြစ်နေသောကြောင့် ထိုင်ခုံရရန်မလွယ်ကူပေ ။ သူမ၏ လွယ်အိတ်လေးကိုတင်းတင်းကြပ်ကြပ်ပိုက်ထားရင်း မတ်တပ်ရပ်နေသည့်အချိန်တွင် လူတစ်ယောက်၀င်လာသည်ကိုမြင်လိုက်ရသော်လည်း သာမန်သွားလာသည့်သူဟုသာတွေး၍ များများစားစားသတိမပြုမိချေ ။
ရုတ်တရက်ပင် မည်သည့်နေရာမှ တိုးလိုက်သည်မသိရဘဲ သူမမှာအရှိန်ဖြင့်လဲကျတော့မလိုဖြစ်သွားရ၏ ။ ထိုအချိန်တွင် သူမ၏ ခါးကိုသန်မာသည့်လက်တစ်ဖက်ကပွေ့ယူ၍ ဆွဲလိုက်သည်ကိုခံစားလိုက်ရသည် ။
အမှန်ပင် ကြမ်းပြင်နှင့်မျက်နှာအပ်၍ချော်လဲရန် လက်မအနည်းသာလိုတော့သောကြောင့် သူမအရမ်းထိတ်လန့်နေခဲ့ရသည် ။
သို့သော်ထိုလူမှာ သူမ၏ခန္ဓာကိုယ်အလေးချိန်ကိုမမူသကဲ့သို့ လက်တစ်ဖက်တည်းဖြင့်ခါးကိုထိန်းကိုင်ထား၏ ။
ရှန်းပိုင်မှာ ထိုသူအားမော့ကြည့်ရန်ပင်သတိမရဘဲ သူမ၏ကျောနှင့်ကပ်နေသည့်နွေးထွေးသည့်ရင်ဘတ်ကိုသာအာရုံရောက်နေလေသည် ။
ဒါက ရင်ဘတ်ကြီးလား ...
ထိုသူက သူမကိုသယ်၍ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံနှင့်ပင်လူသိပ်ရှိသည့်ဘက််သို့ရောက်လာလေသည် ။ သူမအားပြန်ချပေးလိုက်သောအခါမှ မိုးပျံရထားစီးထားရသကဲ့သို့ဖြစ်နေပြီး မတ်မတ်ပင်မရပ်နိုင်ချေ ။
ရှန်းပိုင်မှာ ရထားနံရံကိုလက်ဖြင့်ထောက်ထားရလေ၏ ။ ပြီးခဲ့သည့်စက္ကန့်အနည်းငယ်က သူမကိုဖမ်းဆွဲထားခဲ့ဖူးသည့်သူမှာ သူမ၏ အနောက်တွင်ရပ်၍ထိန်းကိုင်ပေးလာသည် ။
ထိုအမျိုးသား၏ သန်မာသည့်အရှိန်အ၀ါကြောင့်ဘေးရှိသူများပင် တဖြည်းဖြည်းခွာသွားကြ၍ ရှန်းပိုင်အနည်းငယ်အသက်ရှုချောင်လာရသည် ။
သူမ၏ ခေါင်းထက်၌ ယောက်ျားတစ်ယောက်၏ ဟော်မုန်းများအပြည့်ပါသည့်အသက်ရှုသံတစ်ခုမှာဖြည်းဖြည်းမှန်မှန်ပေါ်ထွက်နေလေ၏ ။
ရှန်းပိုင်မှာ ရှက်ရှက်နှင့်ပင် ထိုအမျိုးသားကိုမော့ကြည့်ချင်ပါသော်လည်း သူမနောက်မလှည့်ရဲချေ ။ ထိုသူမှာအရပ်အရမ်းရှည်သောကြောင့် ရထားတံခါးမှန်မှပုံရိပ်သည်ပင် ထိုသူ၏ မျက်နှာတစ်၀က်ကိုသာ၀ိုးတိုး၀ါးတားမြင်ရလေသည် ။
သူမခံစားမိရသမျှမှာ နွေးထွေးနေသည့်ရင်ခွင်သာဖြစ်ပြီး ချောင်းကြည့်ရန်အကြိမ်ကြိမ်ကြိုးစားပါသော်လည်းမအောင်မြင်ပေ ။
အရမ်းပေါ်အခြေအနေတွင်ရုတ်တရက်ထွက်ပေါ်လာသည့်နွေးထွေးကြင်နာမှုလေးမှာ စွဲမက်ဖွယ်ကောင်းသော်လည်း တစ်ချိန်တည်းမှာ ပင်ကပ်ဘေးဒုက္ခတစ်ခုဖြစ်နေနိုင်၏ ။
နောက်ဆုံး၌ ရှိသမျှသတ္တိများကိုစုစည်း၍ ထိုသူ၏ ပွေ့ဖက်မှုအတွင်းမှရုန်းထွက်ရန်ကြိုးစားလိုက်ပါသော်လည်း ထိုသူက သူမ၏ အတွေးများကိုသိနေသည့်ပမာ ပို၍ပင်တင်းတင်းကြပ်ကြပ်ပြန်ဆွဲထားလေသည် ။
ထို့နောက် သူမအလွန်ရင်းနှီးနေသည့် ဆွဲဆောင်မှုရှိသောရယ်သံလေးထွက်ပေါ်လာသည် ။
" ဘာလို့ထွက်ပြေးဖို့ကြိုးစားနေတာလဲ ... ကိုယ်ပါကွာ"
( TN / ဒီကမိုရီမ သာဆိုမပြေးပဲ အရည်ပျော်နေလောက်ပြီ )
Xxxxxx