#sweet
Chapter ( 11 )
ထိုအချိန်တွင် အပေါ်ထပ်၌ ရှန်းပိုင်မှာ သူမနေရမည့်အခန်းကိုလှည့်ပတ်ကြည့်ရှုနေလေသည် ။ သူမနှစ်နှစ်ကြာအိမ်ငှားနေခဲ့သော်လည်း ဤနေရာကဲ့သို့ စိတ်အေးချမ်းတည်ငြိမ်မှုကိုမခံစားခဲ့ရချေ ။
အခန်းတစ်ခုလုံးသည် အိမ်ရာပြပွဲများရှိစံပြအခန်းများကဲ့သို့ သန့်ရှင်းသပ်ရပ်နေသည့် အပြင် သက်တောင့်သက်တာရှိသည့်ခံစားချက်ကိုလည်းပေးစွမ်းနေလေ၏
ဥပမေပြာရမည်ဆိုလျှင် အဖြူရောင်ဆေးသုတ်ထားသည့်သစ်သားဗီရိုထက်၌ အမျိုးအစားမတူညီသည့်ငှက်များ၏ ရေဆေးပန်းချီပုံသုံးပုံကိုတင်၍ အလှဆင်ထားသည် ။ King Size အိပ်ရာကြီးမှာ သူမအတွက်ကြီးမားနေပြီး စောင်များနှင့်ခေါင်းအုံးများမှာလည်းနူးညံ့လှသောကြောင့် သူမအား တိမ်တိုက်များပေါ်ရောက်နေသည်ဟုပင် စိတ်ကူးယဥ်မိစေသည် ။
အခန်းနံရံရှိပြတင်းပေါက်မှာ အရမ်းမကြီးမားသော်လည်း အလင်းရောင်ကောင်းကောင်းရသည် ။ ထိုပြတင်းပေါက်၏ရှေ့၌ သံဖြင့်ပြုလုပ်ထားသောမီးခိုးပြာရောင် ကော်ဖီစားပွဲလေးတစ်လုံးနှင့် ခေါက်ထိုင်ခုံနှစ်လုံးရှိသည် ။
စားပွဲပေါ်တွင် ပန်းအိုးလေးတစ်လုံးကိုတင်ထားကာ အနားယူချိန်၌ ထိုနေရာတွင်ထိုင်၍ကော်ဖီသောက်နိုင်သည့်အပြင် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်မြင်ကွင်းများကိုလည်းကြည့်ရှုနိုင်မည်ဖြစ်သည် ။
ရှန်းပိုင်က အလင်းရောင်ကိုကာဆီးရန် လိုက်ကာများကိုပိတ်လိုက်ပြီးနောက် သူမ၏ အထုပ်များကိုဖွင့်၍ နေရာချတော့သည် ။ အားလုံးပြီးစီးသွားချိန်၌ ညနေသုံးနာရီထိုးနေပြီဖြစ်သည် ။
ရှန်းပိုင် အခန်းတံခါးဖွင့်၍ အပြင်ဘက်သို့ကြည့်လိုက်သောအခါ မည်သူမျှရှိမနေပေ ။ ချန်ကျိုးက ကဖေးဆီလာလို့ရသည်ဟုပြောသော်ငြားလည်း ဤနေရာသို့ ယခုမှရောက်သည်ဖြစ်၍ ဟိုဟိုဒိဒီလျှောက်မသွားချင်ပင်။
ထို့ကြောင့် တံခါးပြန်ပိတ်လိုက်ကာ ထိုင်ခုံပေါ်တွင်ထိုင်၍ အလုပ်လုပ်ရန်ပြင်လိုက်လေသည် ။ သို့သော်လည်း စိတ်မငြိမ်သောကြောင့် အလုပ်လုပ်ရန်လက်လျှော့လိုက်ကာ နားကြပ်တပ်၍ ကုတင်ပေါ်သို့တက်လှဲလိုက်လေသည် ။
နူးညံ့ညင်သာသည့်တီးလုံးများနောက် စီးမျောရင်း သူမ၏ မျက်လုံးများကိုမှိတ်ထားလိုက်လေသည် ။
...
——
နေ၀င်ခါနီးအချိန်၌ ချန်ကျိုးဒုတိယထပ်သို့တက်လာလေသည် ။ ကဖေးတွင် အလုပ်များနေသော်လည်း အာရုံပျံ့လွင့်နေသောကြောင့် ခဏမျှအနားယူရန်ပြန်တက်လာခြင်းဖြစ်သည် ။ အလုပ်လုပ်နေသည့်တစ်လျှောက်လုံး၌ သူ၏ စိတ်ထဲတွင် အပေါ်ထပ်မှ မိန်းကလေး ဘာလုပ်နေမည်နည်းဟုသာ တွေးတောမိနေလေ၏ ။
ဒုတိယထပ်ရှိ လျှောက်လမ်းတစ်ခုလုံးနှင့် အိပ်ခန်းမှာ မီးပိတ်ထားသောကြောင့်မှောင်မဲနေလေသည် ။
ရှန်းပိုင် အလင်းမကြိုက်ကြောင်းသိသဖြင့် ချန်ကျိုးအတွက် အထူးအဆန်းဖြစ်မနေပေ ။ လျှောက်လမ်းမီးများကိုဖွင့်လိုက်ပြီးနောက် သူ၏ အကြည့်များမှာ တစ်နေရာသို့ကျရောက်သွားလေ၏ ။
ရှန်းပိုင်အတွက် စီစဥ်ပေးထားသည့်အိပ်ခန်းမှာ တံခါးပိတ်ထားသည့်အပြင် အခန်းအတွင်း၌လည်းအလင်းရောင်မတွေ့ရပေ ။
ချန်ကျိုး နာရီကြည့်လိုက်သောအခါ ခြောက်နာရီထိုးနေပြီဖြစ်သည် ။
ချန်ကျိုး တံခါးခေါက်လိုက်သော်လည်း အထဲမှမည်သည့်အသံမှမကြားရချေ ။ နောက်တစ်ကြိမ်ထပ်ခေါက်လိုက်သောအခါမှသာ အခန်းအတွင်းမှ လှုပ်ရှားသံသဲ့သဲ့လေးထွက်ပေါ်လာ၏ ။
မိန်းမငယ်လေးမှာအိပ်ပျော်နေပုံရကာ လန့်နိုးသွားသဖြင့် ဖိနပ်အပါးကိုစီး၍ တံခါးနားသို့ ဖြည်းဖြည်းချင်းလျှောက်လာလေ၏ ။
နှေးလိုက်တာ ...
သူမလမ်းလျှောက်လာမည့်ပုံကို ခန့်မှန်းရင်း ချန်ကျိုး၏ နှုတ်ခမ်းထောင့်များအသာအယာကွေးညွှတ်သွားရသည် ။ ခြေသံမှာတံခါးနှင့်တဖြည်းဖြည်းနီးလာလေ၏ ။
ထို့နောက်တံခါးမှာ အထဲမှဆွဲဖွင့်ခံ လိုက်ရပြီး ရင်းနှီးနေသည့်ပုံရိပ်လေးထွက်ပေါ်လာလေသည် ။ ချန်ကျိုးက တံခါးနားတွင်ရပ်၍
" ဗိုက်ဆာနေပြီလား ညစာဘာစားချင်လဲ "
တံခါးတစ်ဖက်မှ လှုပ်ရှားသံမကြားရတော့ဘဲ အချိန်ခဏကြာမှသာ မိန်းမငယ်လေး၏ အသံထွက်ပေါ်လာလေသည် ။
" ကျွန်မ ဗိုက်မဆာပါဘူး... "
ထို့နောက် ရှန်းပိုင်က ဆက်ပြောလိုက်သည် ။
" ကျွန်မ ဘာသာအော်ဒါမှာစားလိုက်ပါမယ် "
" အော်ဒါ မှာစားတာတွေကသန့်ရှင်းတာသေချာရဲ့လား "
ချန်ကျိုးက ပြောလိုက်ပြီးသောအခါမှ သူစကားမှားသွားမှန်းသတိထားမိသွားသောကြောင့်ထပ်ပြောလိုက်သည် ။
" ကိုယ်တို့ ကဖေးက အစားအစာတွေကတော့အရမ်းသန့်ရှင်းပါတယ် "
ကောင်မလေးမှာတိတ်ဆိတ်သွားပြန်၏ ။
" မင်းပုံဆွဲနေတာလား "
" အင်း "
စကား၀ိုင်းမှာ ဤသို့ဖြင့်ဆက်ပြောစရာမရှိဖြစ်သွားလေ၏ ။ ချန်ကျိုးကလည်း စကားပြောဖို့အတွက် ရှန်းပိုင်အားအတင်းတွန်းအားမပေးပေ ။ မနက်ကအဖြစ်အပျက်ကြောင့်ပင် ထိုမိန်းကလေးမှာ လူကြောက်တတ်သည့်အပြင် လူမှုဆက်ဆံရေးနှင့်ပက်သက်သည့် အားနည်ချက်အချို့ရှိကြောင်းသိခဲ့ရသည်။
သို့သော်လည်း ရှန်းပိုင်၏ ၀တ္ထုများကိုနှစ်ရက်ဆက်တိုက်ဖတ်ပြီးနောက် ချန်ကျိုးအား အတော်လေးအထင်ကြီးသွားစေသည် ။ ပြတ်သားတိကျသည့်ဆွဲချက်များအပြင် သူမတူသည့်ပုံဆွဲဟန်နှင့် ဇာတ်ကြောင်း ၊ သူမ၏ ထူးခြားသည့်ဖန်တီးနိုင်မှုစွမ်းရည်များကြောင့် ချန်ကျိုးပင် ဆွံ့အသွားရ၏ ။
တစ်ယောက်တည်းနေလေရှိသည့် အနုပညာသမားအများစုမှာ သူတို့ကိုယ်သူတို့ လူများနှင့်ဆက်ဆံ၍ မဖော်ပြတတ်ကြသော်လည်း သူတို့ထံ၌ ကိုယ်ပိုင်စကြဝဠာတစ်ခုရှိလေသည် ။
ထိုကဲ့သို့သောသူများ၏ နှလုံးသားမှာ အပြောကောင်းသည့်အပေါ်များထက် ပိုမိုစစ်မှန်၏ ။
ထို့ကြောင့် ချန်ကျိုးက ရှန်းပိုင်အား အတင်းလိုက်နှောင့်ယှက်နေခြင်းမျိုးမပြုလုပ်ပေ ။
" ဒါဆိုမင်း အလုပ်များနေတာပေါ့ ... ကိုယ်ကညစာအကြောင်းလာမေးရုံတင်ပါ "
ချန်ကျိုးက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလေသည် ။
——
တံခါးတစ်ဖက်ရှိ ရှန်းပိုင်မှာ တံခါးလက်ကိုင်ဘုလေးကိုကိုင်၍ ကြောင်တောင်တောင်လေးမတ်တပ်ရပ်နေရှာသည် ။
ဘာလို့ ခုနက ချန်ကျိုးရဲ့စကားထဲမှာ မပျော်ရွှင်တဲ့ ခံစားချက်တွေခံစားမိရတာလဲ ...
သူပြောသွားသည့်စကားများနှင့် ပက်သက်၍သူမမသိသည့် အခြားသောအဓိပ္ပာယ်များရှိနေသည်ဟု ထင်သောကြောင့် ရှန်းပိုင်က ဖုန်းကိုင်၍ ' အလုပ်များနေတယ် ' ဟူသည့်စကား၏ အဓိပ္ပာယ်ကိုရှာဖွေတော့သည် ။
အဖြေတစ်ခုချင်းစီကိုလိုက်ဖတ်ကြည့်နေရင်း ရှန်းပိုင်မှာ သူမ၏ ခေါင်းကိုတံခါးနှင့်ဆောင့်နေမိသည် ။
အသေအချာကိုပင် သူမ၏အိမ်ရှင်အသစ်လေးကို မပျော်ရွှင်အောင်သူမလုပ်လိုက်မိသည် ။
ရှန်းပိုင်မှာအခန်းတစ်ခန်းလုံးကို ပတ်လျှောက်နေမိတော့သည် ။ သူမစိတ်မလုံခြုံတော့ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် ခေါင်းမပါသည့်ယင်ကောင်လေးကဲ့သို့ ပြာယာခတ်နေလေ၏ ။
ရှန်းပိုင်မှာ သူမအလုပ်မများပါကြောင်း ချန်ကျိုးထံ စာပို့၍ ပြောပြချင်နေသည် ။
ဒါမှမဟုတ် သူ့ရှေ့ပြေးသွားပြီး ကျွန်မအလုပ်မများပါဘူးလို့ ပြုံးပြုံးလေးပြောလိုက်ရင်ကောင်းမလား ...
ပထမဆုံး အိမ်ပြောင်းသည့်နေ့မှာပင် သူမ၏ အိမ်ပိုင်ရှင်လေးအား စိတ်မပျော်အောင်မလုပ်ချင်သော်လည်း ခက်ခဲလှသည် ။
သူမတစ်ယောက်တည်း ဗျာများနေရသည့်အချိန်တွင်ပင် တံခါးခေါက်သံနှစ်ချက်ထွက်ပေါ်လာလေသည် ။ ထို့ကြောင့် တံခါးနားသို့သွားကြည့်သောအခါ အမျိုးသားတစ်ယောက်၏ အသံထွက်ပေါ်လာလေ၏။
" ကိုယ်မင်းအတွက် ခေါက်ဆွဲတစ်ပွဲချက်လာပေးတယ် ... တံခါး၀မှာပဲထားခဲ့မယ်နော် "
ချန်ကျိုးက ခဏမျှတိတ်ဆိတ်နေပြီးနောက်
" ပြီးတော့ နို့လက်ဖက်ရည်တစ်ခွက်လည်းပါသေးတယ် ... မင်းပထမဆုံးရောက်လာတဲ့နေ့မှာ ကိုယ်သေချာမပြင်ဆင်ပေးထားခဲ့မိဘူး ... နို့လက်ဖက်ရည်ကို ကိုယ်တောင်းပန်တဲ့အနေနဲ့ပေးတာလို့ပဲယူဆလိုက်ပါ "
( TN / အဲ့လို ကဖေးပိုင်ရှင်မျိုးလိုချင်တယ် TwT )
ထို့နောက်တဖြည်းဖြည်းဝေးကွာသွားသည့်ခြေသံများကိုကြားလိုက်ရသည် ။
ချန်ကျိုးက သူမအပေါ်အလွန်ကောင်းပေးနေသောကြောင့် သူမကိုယ်သူမပင်မယုံနိုင်ဖြစ်နေရ၏ ။ရှန်းပိုင်က တံခါးနားသို့တဖြည်းဖြည်းကပ်သွားပြီးနောက် အားမွေးကာ တံခါးကိုဆွဲဖွင့်လိုက်လေသည် ။
သူမ၏ အခန်းထဲတွင် မီးအိမ်လေးတစ်လုံးသာထွန်းထား၍ အလင်းမှိန်မှိန်သာရှိသော်လည်း လျှောက်လမ်းနှင့်ဧည့်ခန်းမှာမူ မီးများလင်းထိန်နေ၏ ။
အလင်းရောင်နှင့်အတူ ချိုမြိန်သည့်အနံ့လေးကပါ သူမ၏ အာရုံထဲသို့၀င်ရောက်လာသည် ။ နို့လက်ဖက်ရည်နံ့သင်းသင်းလေးနှင့်ပင် သူမကိုသွားရည်ကျစေရန်လုံလောက်နေပြီဖြစ်သည် ။ အောက်ငုံ့ကြည့်လိုက်သောအခါ သစ်သားထမင်းဗန်းလေးကိုတွေ့လိုက်ရသည် ။
ဗန်းပေါ်ရှိ ဖန်ခွက်ထဲတွင် နွားနို့အမြုပ်ဖြူဖြူလေးများပါသည့်နို့လက်ဖက်ရည်တစ်ခွက်ကိုတွေ့လိုက်ရသည် ။ ဘေးတွင် ခေါက်ဆွဲများကို အပူပေးထားသည့်ကျောက်သားပန်းကန်လုံးလေးထဲတွင်ထည့်ထားသည့်အပြင် လက်သုတ်ပ၀ါအပေါ်တွင် တူနှင့်ဇွန်းများကိုတင်ထားလေသည် ။
ခေါက်ဆွဲတစ်ပန်းကန်လုံးမှာ အရောင်အသွေးစုံလင်လှ၏ ။ လတ်ဆတ်အရသာရှိသည့်ပါ၀င်ပစ္စည်းများကို အပေါ်တွင်အလှဆင်ထားသည် ။ အစိမ်းရောင် အသီးအရွက်များနှင့် ၀က်သားကြော်အပြင် ကြက်ဥမကျက်တကျက်တစ်လုံးပင်ပါ၀င်သည် ။ ကြက်ဥအနှစ်မှာ အလင်းရောင်အောက်တွင် အရောင်လဲ့ကာတောက်ပနေလေသည့်အပြင် ခေါက်ဆွဲတစ်ပန်းကန်လုံးမှာ အရသာရှိမည့်အရောင်၀ါအပြည့်နှင့်ဖြစ်၏ ။
ရှန်းပိုင်၏ ဗိုက်ထဲမှ တဂွီဂွီအော်သံပင်ထွက်ပေါ်လာသောကြောင့် တံတွေးမြိုချလိုက်မိလေသည် ။ သူမအမှန်ပင် ထိုခေါက်ဆွဲကြောင့်အရှုံးပေးလိုက်မိကာ ဗန်းကိုမယူလိုက်သည် ။ သူမခေါင်းမော့ကြည့်လိုက်သည့်အခါ ချန်ကျိုးကိုတွေ့လိုက်ရသည် ။
အနောက်တိုင်းစတိုင်လ်မီးဖိုထဲတွင် အေပရွန်အနက်ရောင် ကို၀တ်ဆင်ထားသည့်အမျိုးသားမှာ တစ်ခုခုချက်ပြုတ်ရန်သာအာရုံရှိပုံရပြီး ပတ်၀န်းကျင်ကိုသတိမထားမိနေချေ ။
ရှန်းပိုင်က သတ္တိမွေးကာဖြင့် အခန်းထဲတွင်မစားရန်ဆုံးဖြတ်လိုက်ပြီးနောက် ထမင်းစား စားပွဲသို့သွားကာထိုင်လိုက်သည် ။
ထမင်းစားစားပွဲမှာ ဘားများမှကောင်တာကဲ့သို့မီးဖိုနှင့်တဆက်တည်းဖြစ်၏ ။ ထိုင်ခုံမှာအနည်းငယ်မြင့်သောကြောင့် ရှန်းပိုင်မှာ ထိုင်နေရင်း သူမ၏ ခြေထောက်များကိုလွှဲရမ်းနေမိသည် ။
ရှန်းပိုင်မှာ နို့လက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် သူမ၏နှလုံးသားလေးမှာတိတ်တဆိတ်ငိုကြွေးနေမိတော့၏ ။
ဒီအရသာပဲ ... ဒီအရသာ...
ပိုးသားလေးလိုနူးညံ့တဲ့အမြုပ်လေးတွေ ... ငါ့အိပ်မက်ထဲကအရသာလေး ...
သူမ၏ မူပိုင်အရသာလေးဖြစ်သည့် သကြားသုံးဇွန်းပင်ဖြစ်လေ၏ ။ နှစ်ပေါင်းများစွာကွဲကွာနေရသော ငယ်သူငယ်ချင်းနှင့်ပြန်လည်တွေ့ဆုံနေရသကဲ့သို့ မျက်ရည်၀ဲလာမိတော့သည် ။ ထိုအချိန်တွင် ချန်ကျိုးသည်လည်း စားပွဲပေါ်တွင်ထိုင်နေသည့် ကောင်မလေးအားကြည့်၍ ပြုံးနေ၏ ။
ထိုသေးသေးလေးက တိတ်တိတ်လေးလျှောက်လာသဖြင့် အမှန်ပင်သူသတိမထားမိခဲ့ချေ ။
နို့လက်ဖက်ရည်ထောက်ချောက်မှာ အမှန်ပင်အသုံး၀င်သွားလေ၏ ။ အသိုက်လေးထဲတွင်ပုန်းနေသည့် ဟမ်းစတားပိစိလေးကို အသိုက်ထဲမှအောင်မြင်စွာထွက်လာစေရန် ဖြားယောင်းနိုင်ခဲ့သည် ။
နို့လက်ဖက်ရည်သောက်ပြိီးနောက် သူမ၏ အာရုံမှာခေါက်ဆွဲထံသို့ပြောင်းသွားလေသည် ။
အမှန်ပင် ဤနေရာမှာသူမအတွက် ကောင်းကင်ဘုံထက်ပင်သာယာလေ၏ ။ သူမ၏ အပေါ်သို့အရိပ်တစ်ခု အုပ်မိုးလာသည်အထိ ရှန်းပိုင် ပျော်ပျော်ရွှင်ရွှင်စားသောက်နေခဲ့၏ ။
အမျိုးသား၏ အပြုံးအားတွေ့လိုက်ရသောအခါ လျှပ်စစ်ကြောင်းတစ်ခုစီး၀င်သွားသကဲ့သို့ခံစားရလိုက်ရပြီး သူမတစ်ကိုယ်လုံး ထုံကျင်သွားရ၏ ။
ချန်ကျိုးက ထိုင်၍မေးလာလေသည် ။
" အရသာရှိရဲ့လား "
ရှန်းပိုင်က ခေါက်ဆွဲပန်းကန်ထဲသို့ ခေါင်းနှစ်မိတော့မတတ်ငုံ့ချထားပြီး ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
" ထပ်စားချင်သေးလား "
ချန်ကျိုးမေးခွန်းတစ်ခုမေးတိုင်း ရှန်းပိုင်သည်လည်းခေါင်းတစ်ချက်ညိမ့်ပြ၏ ။ ချန်ကျိုးသည်လည်း ရှန်းပိုင်စားသောက်နေသည်ကိုနှောင့်ယှက်မိမည်စိုးသောကြောင့် ပြန်ထကာ လုပ်စရာရှိသည်များကိုလုပ်ပြီးနောက် ရှန်းပိုင်၏ အရှေ့တွင်၀င်ထိုင်လိုက်သည် ။
ရှန်းပိုင် ကခေါင်းစောင်း၍ မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် အမျိုးသားကိုချောင်းကြည့်လိုက်သည် ။
ထိုအမျိုးသား၏ မျက်တောင်များမှာ ထူထဲသည့်အပြင်ရှည်လျားကော့ညွတ်နေလေ၏ ။ နှာတံမြင့်မြင့်နှင့်အမျိုးသားမှာ ခေါင်းငုံ့၍ ခေါက်ဆွဲစားနေလေသည် ။ သူမချောင်းကြည့်နေသည်အားလူမိသွားမည်စိုးသောကြောင့် ရှန်းပိုင်က ခေါင်းအမြန်ပြန်ငုံ့၍ ခေါက်ဆွဲသာပြန်စားနေတော့၏ ။
စားသောက်နေသည့်အချိန်အတွင်း၌ ရှန်းပိုင်မှာ တိတ်တိတ်လေးပြုံးနေ၍ သူမပျော်ရွှင်နေကြောင်းမဖုံးကွယ်ထားနိုင်ချေ ။ သူမကိုယ်တိုင်လည်း အဘယ့်ကြောင့်ဤ မျှပျော်ရွှင်နေမှန်းနားမလည်ပေ ။
တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ စားသောက်ပြီးသွားကြ၏ ။ ရှန်းပိုင်က ပါးစပ်သုတ်လိုက်ပြီးနောက် ပန်းကန်ဆေးရန်ထလိုက်သည့်အချိန်တွင် ချန်ကျိုးက ပြောလာသည် ။
" ထားလိုက်ပါ ကိုယ်ဆေးလိုက်မယ် "
( TN / ပုံမဆွဲတတ်ပေမဲ့ ဘာသာပြန်တတ်တယ်လေ ချန်ကော လိုနို့လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်လောက်လိုချင်လိုက်တာ TwT )
ရှန်းပိုင်က လက်သီးဆုပ်ပြီးနောက် သုံးကြိမ်သုံးခါမျှအသက်ပြင်းပြင်းရှုလိုက်ပြီးနောက် အသံတိုးတိုးလေးနှင့်ပြောလာ၏ ။
" ကျွန်မအလုပ်မများပါဘူး "
( TN / မြန်မာလိုကျတော့ သုံးခွန်းမကတော့ဘူးပေါ့ )
ဤစကားသုံးခွန်းအားပြောရန်အတွက် သူမမည်မျှသတ္တိမွေးခဲ့ရကြောင်း ဘုရားသာသိပေလိမ့်မည် ။
ချန်ကျိုး စိတ်ဆိုးသွားမည်ကို သူမအမှန်ပင်ကြောက်ရွံ့နေခဲ့သည်ပင် ။
မလုပ်မများတာလား ... ချန်ကျိုးမှာ ခဏမျှထိုစကား၏ ဆိုလိုရင်းကိုနားမလည်ခဲ့ချေ ။
သူနားလည်သောအခါ၌ အကျယ်ကြီးအော်ရီလိုက်ပြီးနောက် သူမကိုပြန်စနောက်လိုက်သည် ။
" ဒါဆိုလဲ ပန်းကန်ဆေးဖို့ ကိုယ့်ကိုကူညီပေးမလား "
သူမ၏ ပြန်ဖြေသံမှာတိုးတိုးလေးပင် ။
" ရှင် အဆင်ပြေမယ်ဆိုရင် "
" မလိုပါဘူးကွာ "
ချန်ကျိုး၏ စနောက်လိုစိတ်လေးမှာ ပို၍ပင်ထိန်းမရဖြစ်လာ၏ ။
" မင်းအခုအလုပ်များချင်လား ဒါမှမဟုတ်နောက်မှအလုပ်များချင်လား "
ရှန်းပိုင်မှာ သူမ၏ဆံမြိတ်လေးလှုပ်ခါသွားသည်အထိ ခေါင်းညိမ့်နေလေ၏ ။ ချန်ကျိုးက သူမ၏ တုံ့ပြန်ပုံကိုကြည့်၍ သဘောကျနေတော့သည် ။
" အခုတော့ ကိုယ်အောက်ခဏဆင်းရတော့မှာမို့လို့ မင်းကိုယ့်ကို ခဏလောက်စောင့်နေပေးနိုင်မလား "
ရှန်းပိုင်က နာနာခံခံဖြင့်ခေါင်းညိမ့်ပြလိုက်သည် ။
——
ခွက်နှင့်ပန်းကန်များကို ချန်ကျိုးက မီးဖိုချောင်တွင်ထားခဲ့ပြီး ရှန်းပိုင်သည်လည်း အူကြောင်ကြောင်ဖြင့်သာထိုနေရာတွင် ထိုင်စောင့်နေလေ၏ ။
ချန်ကျိုးပြောခဲ့သည့် ခဏမှာအမှန်ပင် မိနစ်အနည်းဂးငယ်သာဖြစ်သည် ။ အောက်ထပ်မှတက်လာပြီးနောက် ချန်ကျိုးက သူမ၏ရှေ့တွင် တစ်ခုခုကိုချပေးလာသည် ။ရှန်းပိုင်က ပိုပြီးနီးနီးကပ်ကပ်တိုးကြည့်လိုက်လေသည် ။
ဒါကအအေးလား ...
ထိုအရာက အ၀ါရောင်ဖျော့ဖျော့ရှိပြီး ထွင်းဖောက်မြင်နိုင်သည့်အပြင် အပေါ်၌ထူထဲနူးညံ့သည့်ဒိန်ခဲလေးနှင့် နို့အမြုပ်များကိုတွေ့လိုက်ရသည် ။
ချန်ကျိုးက စိတ်ရှည်ရှည်နှင့်မိတ်ဆက်ပေးလာ၏ ။
" အရင်တစ်ခါမင်း မြည်းကြည့်ဖူးတဲ့ နို့စတော်ဘယ်ရီက ရောင်းအားကောင်းခဲ့တယ်လေ အခုက မီနူးအသစ်ပဲ ... လတ်လတ်ဆတ်ဆတ်သရက်သီးဖျော်ရည်လေ ပြီးတော့ လက်ဖက်နည်းနည်းလည်းပါတယ် ... လက်ဖက်ကနည်းနည်းလေးပဲပါတာမို့လို့ အနံ့ဖျော့ဖျော့လေးပဲရနေမှာ "
ချန်ကျိုးက မေးငေါ့၍
" အအေးတစ်ခုပြီးတစ်ခုသောက်နေရတာဘယ်လိုခံစားရလဲ "
သူအမှန်ပင် သူမအတွက်အရသာရှိသည့်အရာများကိုပြုလုပ်ပေးချင်နေမိသည် ။
ရှန်းပိုင်က ချန်ကျိုးအား အမှန်ပင် အားနာနေမိသော်လည်း ချန်ကျိုး၏ စိတ်အားထက်သန်နေသည့်အကြည့်များကြောင့်မငြင်းပယ်နိုင်ခဲ့ချေ ။
တစ်ချိန်တည်းမှာပင် ရှန်းပိုင်မှာ ပိုက်လိုက်ရှာနေသော်လည်း ရှာမတွေ့ပေ ။ ချန်ကျိုးက သူမ၏ လှုပ်ရှားမှုများကိုသတိထားမိသောကြောင့် မေးလိုက်သည် ။
" ဘာရှာနေတာလဲ "
ရှန်းပိုင်က အအေးခွက်ကိုလက်ညိုးထိုးပြလိုက်သည် ။
" ပိုက်လား "
ရှန်းပိုင် ခေါင်းညိမ့်ပြလိုက်သည့်အခါ ချန်ကျိုးက အူကြောင်ကြောင့်ဖြင့်မေးလာ၏ ။
" အအေးသောက်တိုင်းပိုက်သုံးတာလား "
ရှန်းပိုင်က မျက်တောင်လေးပုတ်ခတ်ပုခတ်ဖြင့်
ဒါပုံမှန်ပဲ မဟုတ်ဘူးလား ...
ချန်ကျိုးက ခွက်ကိုယူလိုက်ပြီးနောက် နှုတ်ခမ်းဖြင့်တေ့၍ နို့အမြုပ်အနည်းငယ်ကိုစုပ်ယူသောက်လိုက်သည် ။
" နို့အမြုပ်ပါတဲ့ အအေးအမျိုးအစားကိုသောက်မယ်ဆိုရင် ဒီလိုသောက်တာကမှပိုအရသာရှိတာ "
ထို့နောက် နူတ်ခမ်းပေါ်တွင် တင်ကျန်နေသည့်အမြုပ်များကို လက်ဖြင့်ဖိသုတ်လိုက်ကာ
" ဒီလိုမျိုးလေ ခွက်ကိုစောင်းပြီးနှုတ်ခမ်းနားမှာတေ့ထားလိုက်မယ်ဆိုရင် နွားနို့နံ့လေးကိုရလိမ့်မယ် အဲ့ဒီအချိန်မှာ အအေးကိုသောက်လိုက်မယ်ဆိုမှ အနံ့ရောအရသာရောကိုပါတစ်ခါတည်းခံစားလို့ရမှာ."
ချန်ကျိုးက ခွက်ကိုချ၍
" ပိုက်နဲ့သောက်မယ်ဆိုရင် အရသာကိုပဲခံစားလို့ရပြီး အနံ့မရတဲ့အတွက်ကြောင့်မို့လို့ အကောင်းဆုံးရလဒ်ကိုမရနိုင်ဘူး "
ဒါဆို ငါက နည်းလမ်းအမှားကြီးနဲ့သောက်မိနေတာပေါ့ ...
ဒီလိုကမှ အအေးသောက်တဲ့ပုံစံအမှန်လား ...
နောက်ဆုံးတစ်ခေါက် နို့စတော်ဘယ်ရီသောက်ခဲ့သည့်အကြိမ်က အနည်းငယ်မပြည့်စုံသလိုသူမခံစားနေခဲ့ရသည်မှာမထူးဆန်းတော့ချေ ။
ရှန်းပိုင်မှာ သူမ၏ မသိတတ်မှုအတွက်မျက်နှာပူလာရသည် ။
" အဲလိုလား ... ကျွန်မတောင်းပန်ပါတယ်..."
" တောင်းပန်နေတာလား "
ချန်ကျိုး သူမစကား၏ အဓိပ္ပာယ်ကိုအတော်ပင်စဥ်းစားလိုက်ရသည် ။
" မင်းက ပုံမှန်ဆိုရင်နို့လက်ဖက်ရည်တစ်မျိုးတည်းကိုပဲသောက်နေကျမလား မသိတာသဘာ၀ကျပါတယ် ဘာမှမဖြစ်ပါဘူး "
ချန်ကျိုးက ခပ်ဖွဖွပြုံး၍
" ဘယ်သူမှပြီးပြည့်စုံနေတယ်ဆိုတာမရှိပါဘူးကွာ ... အဓိကက မင်းပျော်နေဖို့ပါပဲ "
ရှန်းပိုင်မှာ အအေးသောက်ရန်ပင် မ၀ံ့ရဲတော့ချေ ။ ချန်ကျိုးက သူမစိတ်ထဲ ခံစားနေရသည်များကိုသတိပြုမိဟန်ဖြင့်
" မင်းကိုယ့်ကို သရုပ်ပြစေချင်လား "
ဟမ်... ဘာကိုသရုပ်ပြမှာ ...
" ကိုယ်အရင်သောက်ရမလား ဒါမှမဟုတ်မင်းအရင်သောက်မလား "
ချန်ကျိုး၏ အသံမှာသြရှကာ ဆွဲဆောင်မှုရှိလာသောကြောင့် ရှန်းပိုင်၏နားရွက်ထိပ်ဖျားလေးများနှင့် မျက်နှာလေးပိုမိုနီလာရပြန်၏ ။
သူက ငါနဲ့ခွက်တစ်ခုတည်းကိုမျှသုံးမလို့လား ...
အရမ်း ... အရမ်းနီးနေပြီလေ ...
ချန်ကျိုး ထလိုက်သောကြောင့် ရှန်းပိုင်က သူထွက်သွားမည်ဟုထင်ခဲ့သော်လည်း သူမ၏အနောက်မှ အရိပ်တစ်ခုကအုပ်မိုးလာလေ၏ ။
သူမ ကြောင်အနေဆဲအချိန်မှာပင် လက်တစ်ဖက်က သူမ၏ ဆံမြိတ်လေးကိုပွတ်သပ်လာလေသည် ။
ထိုလက်ပိုင်ရှင်မှာ အသံသြသြဖြင့်ရီမောရင်းဖြင့်
" ပျော်ဖို့ကောင်းသားပဲ "
Xxxxxx