#sweet
Chapter ( 10 )
ရှန်းပိုင်မှာ အိပ်မပျော်နိုင်ပေ ။
ဒီလိုအခြေအနေကြီးမှာ ဘယ်သူကအိပ်နိုင်မှာလဲ ...
သူမ၏ ကျောပိုအိတ်မှ ချောကလက်ရောင် ကြောင်ရုပ်လေးနှင့်သာဆော့ကစားနေလေ၏ ။ ချန်ကျိုးသည်လည်း စကားမပြောဘဲ ကားကိုသာအာရုံစိုက်မောင်းနေလေသည် ။
မီးနီ မိနေသည့်အချိန်၌ ချန်ကျိုးက ရှန်းပိုင်အားချောင်းကြည့်လိုက်သည့်အချိန်တွင် မိန်းမငယ်လေးမှာ အိပ်မပျော်နိုင်ဘဲ အတွေးများနေပုံရသည် ။
မျက်ခွံမို့မို့လေးများနှင့် သူမ၏ မျက်တောင်များမှာ အရမ်းမထူသော်ငြား ရှည်လျား၏ ။ ချန်ကျိုးအား အပင်တစ်ပင်ကိုအမှတ်ရမိသွားစေသည် ။
အခုထိသူမရဲ့အသက်ကိုမသိရသေးဘူးပဲ ...
အသက်မပြည့်သေးတာတော့ မဖြစ်နိုင်လောက်ပါဘူး ...
လက်ချောင်းများဖြင့် ကားစတီယာရင်ကို ခေါက်ရင်း ချန်ကျိုး ကမေးလိုက်သည် ။
" မင်းအသက်ဘယ်လောက်ရှိပြီလဲ "
ရှန်းပိုင်က သော့ချိတ်ဖြင့်ဆော့ကစားနေသည်ကိုရပ်တန့်လိုက်ပြီးနောက် ခဏကြာသောအခါမှ ' နှစ် ' ဟုအဓိပ္ပာယ်ရသည့် လက်နှစ်ချောင်းကို V ပုံသဏ္ဍာန်ထောင်ပြလာ၏ ။ ထို့နောက် လက်သူကြွယ်ကိုထုတ်၍ ' သုံး ' ဂဏန်းကိုထပ်မံလုပ်ပြလာသည် ။
" နှစ်ဆယ့်သုံးလား "
ချန်ကျိုးက မေးလာသောကြောင့် ရှန်းပိုင်ခေါင်းညိမ့်ပြလိုက်သည် ။
" ဒါဆိုရင် ဘွဲ့ရခါစပဲရှိဦးမှာ ဟုတ်တယ်မလား "
ရှန်းပိုင် ခေါင်းညိမ့်ပြရပြန်သည် ။
" ပြီးတော့ အချိန်ပြည့်အလုပ်က ရုပ်ပြကာတွန်းရေးဆွဲတာလား"
ရှန်းပိုင် အံ့သြသွားသော်လည်း ခေါင်းညိမ့်ပြလိုက်ပြန်၏ ။ သို့သော်လည်း သူမ၏ နှလုံးသားလေးအတွင်း၌မူ မုန်တိုင်းထန်နေပြီဖြစ်သည် ။
သူ ငါ့၀တ္ထုတွေကိုဖတ်တယ်ဟ ...
ချန်ကျိုးက မေးခွန်းများမေးနေသည်ကိုရပ်တန့်၍ အက်စီးဒန့် တစ်ခုခုမဖြစ်စေရန် ကားမောင်းေနသည်ကိုသာပြန်လည်အာရုံစိုက်လိုက်သည် ။
ထိုအခါမှသာ ရှန်းပိုင်အတွက် အသက်ရှုချောင်သွားရလေသည် ။ သူမ၏ လက်ချောင်းများကိုလိမ်မိနေသည့်အချိန်တွင် ချန်ကျိုး၏ အသံကိုကြားလိုက်ရသည် ။
" ရောက်ပြီ ... "
ကားရပ်သွားသည့်အချိန်၌ ရှန်းပိုင် အပြင်သို့ချောင်းကြည့်လိုက်သောအခါ မျက်တောင်ပင်မခတ်နိုင်တော့သည်အထိအံ့သြသွားရသည် ။
ဒါမဖြစ်နိုင်လောက်ဘူးမလား ...
အရင်အိမ်နဲ့လည်း နီးတယ် ပြီးတော့လဲ မြို့လယ်ခေါင်ကြီးမှာ ...
တကယ်ကြီး ဒီိမှာနေရမှာလား ...
ရှန်းပိုင် ငေးမောနေမိသည့်အချိန်မှာပင် ချန်ကျိုးကပြောလာ၏ ။
" ကားထဲကထွက်လေ "
ထို့နောက် ချန်ကျိုး ကားတံခါးဖွင့်၍ ဆင်းသွားသောကြောင့် ရှန်းပိုင်လည်း သူမ၏ နဖူးကိုပွတ်၍ လွယ်အိတ်ကိုဆွဲကာနောက်မှလိုက်သွားလေသည် ။
ချန်ကျိုးက ကားနောက်ခန်းထဲမှ ခရီးဆောင်အိတ်ကြီးတစ်အိတ်နှင့် လက်ဆွဲအိတ်တစ်တစ်လုံးတို့ကိုထုတ်ယူလိုက်ကာ မြေပြင်ပေါ်မချဘဲ လက်တစ်ဖက်စီတွင်သယ်ထားသည်မှာ မလေးသည့်အတိုင်းပင် ။
ရှန်းပိုင်က အလွန်အားနာမိသွားသောကြောင့် သူမသယ်နိုင်ကြောင်းပြော၍ ယူရန်လက်လှမ်းလိုက်သည် ။ ချန်ကျိုးက သူမအထုပ်များသယ်မည်ကိုခွင့်မပြုပေ။
" မင်းရဲ့ ပစ္စည်းတွေကဒါအကုန်ပဲမဟုတ်လား "
အမှန်ပင် ရှန်းပိုင်ထံ၌လည်း ပစ္စည်းများများစားစားမရှိချေ ။ သူမခေါင်းညိမ့်ပြလိုက်သောအခါ ချန်ကျိုးက ရှေ့မှဦးဆောင်သွားရင်းပြောလေ၏ ။
" ဒါဆိုရင် သွားကြမယ်လေ "
ရှန်းပိုင်က နှုတ်ခမ်းကိုက်ထားရင်းဖြင့်သာ ချန်ကျိုး၏ နောက်မှတိတ်တဆိတ်လိုက်လာလေသည် ။ ထိုအမျိုးသားမှာ သူ၏လမ်းလျှောက်နူန်းကိုထိန်းချုပ်၍ သူမနှင့်ဘေးချင်းယှဥ်၍ လျှောက်နိုင်ရန် တမင်နှေးထားပုံရသည် ။
ရှန်းပိုင်က ခေါင်းငုံ့လိုက်ကာ လမ်လျှောက်တိုင်း စည်းချက်ကျသည့်အသံတစ်ခုထွက်ပေါ်လာတတ်သည့် ထိုအမျိုးသား၏ သားရေဖိနပ်ထိပ်ကိုသာ ကြည့်နေမိသည် ။ ရှန်းပိုင်မှာ သတိလက်လွတ်လျှောက်နေမိသောကြောင့် လမ်းကွေ့တစ်ခုတွင်ရုတ်တရက်ထွက်လာသည့် သူစိမ်းတစ်ယောက်နှင့်တိုက်မိမလိုဖြစ်သွားရ၏ ။
ချန်ကျိုးက သူမ၏ ကျောပိုးအိတ်ကိုလှမ်းဆွဲလိုက်သောကြောင့် ရှန်းပိုင်မှာ တိုက်မိမည့်ဘေးမှသီသီလေးလွတ်သွားရသည် ။
ရှန်းပိုင်မှာ ကြောက်လန့်၍ ရပ်နေမိ၏ ။
ချန်ကျိုးက ပြုံး၍
" လမ်းကိုသေသေချာချာကြည့်သွားလေကွာ "
ဟော့ပေါ့အိုးထဲပစ်ချခံလိုက်ရသကဲ့သို့ ရှန်းပိုင်တစ်ကိုယ်လုံးပူထူလာလေ၏ ။
အာ ... ဘာလို့ စာတိုက်ပုံးကလည်းအဲ့နေရာမှာရှိနေရတာတုန်း ...
နည်းနည်းလောက်ရှေ့ဆက်သွားမိတာနဲ့ စာတိုက်ပုံးကိုပါ ခေါင်းနဲ့၀င်ဆောင့်မိတော့မလို့ ...
" မင်းလမ်းလျှောက်ရင် အမြဲတမ်းဒီလိုပဲလား "
ရှန်းပိုင် :"……"
မဟုတ်... မဟုတ်ပါဘူး ... လမ်းကိုသေချာကြည့်လျှောက်တာပါနော် ...
အခြားသူစိမ်းတစ်ယောက်နှင့်သာ လမ်းအတူလျှောက်ရင်း ဤကဲ့သို့တစ်ပုံစံတည်းဖြစ်ခဲ့မည်ဆိုပါက ရှန်းပိုင်မှာ သူမကိုယ်သူမဟော့ဒေါ့ချောင်းအဖြစ်ပြောင်း၍ သတ်သေလိုက်မိမှာ အမှန်ပင် ။ သို့သော်လည်း ချန်ကျိုးနှင့်အတူဆိုလျှင် သူမ၏ မသက်မသာခံစားရမှုများမှာ ပုံမှန်ထက်အများကြီး သက်သာလေသည် ။
ထိုအချိန်မှာပင် ချန်ကျိုးက ရှန်းပိုင်အသင့်မဖြစ်သေးသည့်အချိန်မှာပင် စကား၀ိုင်းတစ်ခုကိုအစပြုလာ၏ ။
" မင်းစကားပြောချင်တာပဲဖြစ်ဖြစ် မပြောချင်တာပဲဖြစ်ဖြစ် အကုန်လုံးက မင်းရဲ့ ရွေးချယ်မှုနဲ့ပဲသက်ဆိုင်တယ် "
ချန်ကျိုးသည် ထိုအချက်အားရှင်းလင်းစွာ နားလည်သဘောပေါက်၏ ။
ရှန်းပိုင် ခေါင်းခါ၍ ငြင်းဆိုတော့မည့်ဆဲဆဲတွင် ချန်ကျိုးက လက်တစ်ဖက်မှအထုပ်ကိုခဏချ၍ သူ၏ ရှပ်အင်္ကျီလက်မှကြယ်သီးများကိုဖြုတ်ကာ လက်ကိုရှန်းပိုင်၏ အရှေ့သို့ထိုးပေးကာပြောလိုက်သည်။
" ကိုင်ထားလိုက် "
အမ် ...
ဘာကြီး ...
ဘာကိုကိုင်ရမှာလဲ ...
သူ့လက်ကိုလား ...
မဖြစ်နိုင်တာ …
ရှန်းပိုင်၏ နှလုံးသားလေးမှာ ငလျှင်လှုပ်နေသကဲ့သို့တုန်ခါနေတော့၏ ။
မလိုအပ်ပါဘူး ဟူသည့်စကားပင် လည်ချောင်းအတွင်းတစ်နေ၍ ပြောမထွက်နိုင်ဖြစ်နေရသည် ။
ချန်ကျိုးက ရှန်းပိုင်၏ အတွေးများကိုထွင်းဖောက်နားလည်မြင်နိုင်နေဟန်ဖြင့်ပြောလာသည် ။
" ကိုယ့် လက်ကိုမဆွဲပဲ အင်္ကျီစကိုပဲကိုင်ထားလည်းရတယ် "
အမှန်ပင် ချန်ကျိုးမှာအထုပ်သယ်ရမည်ဖြစ်သောကြောင့် လက်ကိုင်၍လည်းမရချေ ။
ရှန်းပိုင်၏ မျက်နှာမှာ ရေနွေးပူထဲပစ်ချခံထားရသကဲ့သို့ အမှန်ပင်နီရဲပူလောင်နေလေသည် ။
ဘယ်လိုလုပ်ပြီး ကိုင်ရဲမှာလဲ ဒါပေမဲ့ ငါငြင်းလိုက်ရင် သူစိတ်မကောင်းဖြစ်သွားမှာလား ...
ခက်ခဲသည့်ရွေးချယ်မှုများကြားတွင် ဗျာများနေရသော ရှန်းပိုင်မှာ မြေကြီးကိုသာလက်ဖြင့်ပြေးကိုင်ထားချင်မိတော့သည် ။
ချန်ကျိုးသည်လည်း သူမ၏ အခြေအနေကိုရိပ်မိသောကြောင့် အတင်းအကြပ်မတိုက်တွန်းချေ ။
" မင်း အဆင်မပြေဘူးဆိုရင်လဲ မလုပ်ပါနဲ့တော့ "
ရှန်းပိုင်က ခဏမျှငြိမ်သက်နေပြီးနောက် ခေါင်းညိမ့်ပြလိုက်သည် ။
ငြင်းဆိုခံလိုက်ရသော်လည်း ချန်ကျိုး၏ လေသံမှာ စိတ်မကောင်းဖြစ်ခြင်းနှင့် မကျေမနပ်ဖြစ်နေခြင်းမျိုးမရှိပေ ။ သူ၏ အသံမှာနွေးထွေးညင်သာနေဆဲဖြစ်ကာ ရီမောရင်းဖြင့်
" ဒါဆိုရင် ကိုယ်မင်းကိုဘယ်လို လမ်းပြရပါ့မလဲ "
ထိုစကားကြောင့်ရှန်းပိုင်မှာ မျက်နှာပူလာရသောကြောင့် တိုးတိုးလေးပြောလိုက်သည် ။
" ကျွန်မ ... အဆင်ပြေပါတယ် "
သူမကထပ်မံပြောလိုက်သေး၏ ။
" ကျွန်မလုပ်နိုင်ပါတယ် "
" ဟုတ်ပါပြီ "
ချန်ကျိုးက သူမ၏ စကားသံတိုးတိုးလေးကိုအလေးအနက်ထား၍ နားထောင်နေလေ၏ ။
" အင်း "
ခဏမျှအတူတူလမ်းလျှောက်နေကြပြီးနောက် ချန်ကျိုးက ရပ်တန့်လိုက်ကာ သူမကိုကြည့်၍ မေးလာ၏ ။
" ဘာလို့အခုထိခေါင်းမော့မကြည့်သေးတာလဲ "
ရှန်းပိုင်က အားတင်း၍ ခေါင်းမော့ကြည့်လိုက်သည် ။ ထိန်လင်းနေသည့် မျက်နှာကျက်မှမီးရောင်အပြင် ကြမ်းပြင်မှစကျင်ကျောက်အဖြူပေါ်တွင် အလင်းရောင်ပြန်ဟပ်နေသည်မှာ အလင်းမကြိုက်သည့်သူမအတွက် အလွန်စိတ်မသက်မသာဖြစ်စေသည်။
သို့သော်လည်း သူမ၏ အကြည့်များ နံရံတစ်ဖက်သို့ရောက်သွားချိန်၌ အံ့သြသွားရသည့်အပြင် ၀မ်းသာခြင်းနှင့် အေးချမ်းမှုတို့ကိုပါတစ်ပါတည်းခံစားလိုက်ရသည် ။
ခေတ်ဟောင်းပုံစံ အ၀ါရောင်အုတ်ချပ်နံရံပေါ်၌ သူမအလွန်သဘောကျရသည့် အမှတ်တံဆိပ်လေးကိုတွေ့လိုက်ရ၏ ။အလွန်စိတ်ကျေနပ်ဖွယ်ကောင်းလှသည် ။
ကဖေးရဲ့ အမှတ်တံဆိပ်နဲ့အတူတူပဲ မဟုတ်ဘူးလား...
နို့လက်ဖက်ရည်ဘူးများနှင့် စက္ကူအိတ်များပေါ်ရှိအမှတ်တံဆိပ်နှင့်လည်း အတူတူပင်ဖြစ်သည် ။
ထိုကဖေး၏ အရသာရှိလှသောနို့လက်ဖက်ရည်မှာ သူမအတွက် အဖိုးမဖြတ်နိုင်ချေ ။ ထိုကဖေးမှာ သူမအတွက် နတ်ပြည်သို့မဟုတ်သော သန့်စင်သည့်အထွဋ်အထိပ်မြေတစ်ခုကဲ့သို့ ကိုးကွယ်ချင်စရာပင်ဖြစ်နေလေ၏ ။
ခပ်ဖျော့ဖျော့ရနေသည့် နို့လက်ဖက်ရည်နံ့သင်းသင်းသင်းလေးက သူမ၏ ခန့်မှန်းချက်ကိုအတည်ပြုပေးနေသလိုပင် ။
တစ်ချိန်တည်းမှာပင် သူမ၏ဘေးမှအမျိုးသားက တုံ့ဆိုင်းခြင်းမရှိပါဘဲ အလွန်အံ့သြဖွယ်ကောင်းသည့်အရာကိုထုတ်ပြောလာ၏ ။
" အခုကစပြီး ဒီနေရာကမင်းရဲ့အိမ်ဖြစ်သွားပြီ "
——
ချန်ကျိုးက လူမြင်မည်စိုးသောကြောင့် ဘေးတံခါးမှ၀င်လာခဲ့သော်လည်း အမှိုက်ပစ်ရန်ထွက်လာသည့် မန်နေဂျာကျိုးနှင့် ပက်ပင်းတိုးလေတော့သည် ။ သူတို့၏ သူဌေးက ပထမဆုံးအကြိမ်မိန်းကလေးတစ်ဦးနှင့်အတူတူတွဲလာသည်ဖြစ်သောကြောင့် မန်နေဂျာကျိုးမှာ ထိုမိန်းကလေးအားကြည့်၍ အံ့သြတကြီးမေးလာလေ၏ ။
" ဒါဘယ်သူကြီးလဲ "
ချန်ကျိုးက ပြန်မဖြေဘဲ ရှန်းပိုင်၏ အထုပ်များကိုဆွဲ၍ ခပ်တည်တည်ဖြင့်အပေါ်ထပ်သို့တက်သွားလေသည် ။ ထို့နောက် ရှန်းပိုင်အား စကားအနည်းငယ်ပြောပြီး သူမ၏ ပစ္စည်းများကိုနေရာချရန်အချိန်ပေးပြီး သူကမူအောက်ထပ်သို့ဆင်းလာလေသည် ။ ထိုအခါမှသာသူမကိုယ်တိုင် စိတ်တည်ငြိမ်အောင်လုပ်၍ ပတ်၀န်းကျင်နှင့်နေသားတကျဖြစ်နိုင်ရန် ချိန်ညှိ၍ ရနိုင်မည်ပင် ။
နာရီဝက်လောက်အချိန်တည်းနှင့်ပင် လေပေါလွန်းသည့် မန်နေဂျာကျိုးကြောင့် ဘေးတံခါးမှခိုး၀င်လာသည့်အကြောင်းကို ၀န်ထမ်းအကုန်လုံးသိသွားပြီဖြစ်သည် ။
ထို့ကြောင့် တစ်ဆိုင်လုံးရှိ၀န်ထမ်းများမှာ ချန်ကျိုး၏ အနားတွင် ၀ိုင်းအုံနေကြတော့၏ ။
" သူဌေး... ကောင်မလေးတစ်ယောက်ကိုခေါ်လာတယ်ဆို"
" လှလား သူဌေး"
" တိတ်တိတ်လေးခိုးပြီးခေါ်လာတာ တစ်ကယ်မကောင်းတာနော် ...ဘာပဲဖြစ်ဖြစ် သူဌေးတို့အတူတူနေရင် အကုန်လုံးသိသွားမှာပဲဟာ "
" ဘာလို့ အောက်ဆင်းလာပြီး ကျွန်တော်တို့နဲ့မိတ်မဆက်ပေးတာလဲ "
...
ချန်ကျိုး၏ အဖြစ်မှာ သူခိုးလူမိသွားသကဲ့သို့ဖြစ်နေ၏ ။ မန်နေဂျာ ကျိုးက ချောင်းဟန့်လိုက်ကာ
" မြန်မြန်အလုပ်ပြန်လုပ်ကြတော့ ... ဘာစပ်စုစရာရှိလို့လဲ ... ဒိီနားမှာဆူညံဆူညံလုပ်မနေကြနဲ့ သူဌေးကမင်းတို့ရဲ့လစာကိုဖြတ်လိုက်မှာမကြောက်ဘူးလား "
ထိုသို့ပြောပြီးနောက် ချန်ကျိုးကိုတစ်ချက်ချောင်းကြည့်လိုက်သည့်အခါ သူမဟုတ်သည့်အတိုင်းပင် အေးအေးဆေးဆေးရေသောက်နေသည်ကိုတွေ့လိုက်ရသည် ။ ချန်ကျိုးက မန်နေဂျာကျိုးအား စကားမပြောဘဲ တစ်ခုခုကိုတွေးနေသည့်ဟန်ဖြင့်ပြုံးပြလာ၏ ။
မန်နေဂျာကျိုးလေးခမျာ ကြက်သီးတဖြန်းဖြန်းထသွားရရှာသည် ။
Xxxxxx