#sweet
Chapter ( 9 )
ရှန်းပိုင်အနေဖြင့် ချန်ကျိုးအား ဤကဲ့သို့ပုံစံမျိုးဖြင့်ပြန်ဆုံရန်မမျှော်လင့်ထားချေ ။
ချန်ကျိုးသည်လည်း ရှန်းပိုင်းအိမ်ပြောင်းရမည်ကိုသိသော်ငြား ပညာသင်ဆုအစီအစဥ်ဖြင့် ဟောင်ကောင်သို့ ရက်အနည်းငယ်သွားလိုက်ရသောကြောင့် ကိစ္စများစွာကိုအာရုံမစိုက်နိုင်ဖြစ်သွားခဲ့ရသည် ။
ကဖေးမှ၀န်ထမ်းများနှင့်အတူဖွဲ့ထားသော စကားပြောအုပ်စုတွင် ' ဒုတိယအကြိမ်ပျောက်ဆုံးသွားသောနတ်သမီးလေး ' ဟုဆွေးနွေးနေကြသည့်အခါမှသာ ရှန်းပိုင်အကြောင်းကိုသတိရမိသွားသည် ။
အစောပိုင်း၌ သူ၏ အစီအစဥ်မှာ သူမပြောင်းမည့် လိပ်စာကိုစုံစမ်းရန်ဖြစ်ပြီး ကမ္ဘာကြီးပေါ်တွင်ရှိနေသရွေ့ မည်သည့်နေရာပင်ဖြစ်စေ လိုက်ရှာမည်ဖြစ်သည် ။
နောက်ဆုံးတစ်ကြိမ် စကားပြောသည့်အချိန်က ပြောခဲ့သည့်နှုတ်ဆက်စကားမှာ သာမန်ကာလျှံကာပြောခဲ့ခြင်းဖြစ်သော်လည်း ရှန်းပိုင်၏ ဘက်မှအချိန်အတော်ကြာသူ့အားမဆက်သွယ်လာခဲ့တော့ချေ ။ ထို့ကြောင့် ချန်ကျိုးမှာ အမှန်ပင်အူလည်လည်ဖြစ်သွားရ၏ ။
ချန်ကျိုးက ကြာသပတေးနေ့တိုင်းဓားရေးကလပ်သို့သွားလေ့ရှိသည် ။ အလွန်အမင်း၀ါသနာပါ၍မဟုတ်သော်ငြား စိတ်ထွက်ပေါက်အနေဖြင့် သွားရောက်လေ့ကျင့်ခြင်းဖြစ်သည် ။
ချန်ကျိုး ကလပ်အဖွဲ့၀င်ဖြစ်သည်မှာနှစ်အနည်းငယ်ကြာပြီဖြစ်သောကြောင့် ကလပ်ထဲတွင်လူသိများပြီး သူ့အားအနိုင်တိုက်နိုင်သည့် သင်တန်းသားဟူ၍ များများစားစားမရှိချေ ။
ထူးခြားသည့်တစ်ယောက်သောသူမှာ ကျန်း မျိုးရိုးအမည်ရှိကောင်လေးတစ်ယောက်ဖြစ်သည် ။ ထိုကောင်လေးက သူ့ထက်ဆယ်နှစ်ငယ်ပြီး ချမ်း၀ကြွယ်၀သည့်မိသားစုတစ်ခုမှဖြစ်၏ ။ ချန်ကျိုး စီယာတန်းတက်နေသည့်နှစ်၌ ထိုကောင်လေး၏ မိဘများက သင်တန်းသားအဖြစ်ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံထားခြင်းပင် ။
၁၈၆ စင်တီမီတာ ရှည်သည့်အရပ်နှင့် သန်မာသောခန္ဓာကိုယ်တည်ဆောက်ပုံတို့ကြောင့် ကျန်းမျိုးရိုးနှင့်ကောင်လေးမှာ ကျားပေါက်တစ်ကောင်ကဲ့သို့ အကြောက်အလန့်မရှိပေ ။
အစပိုင်း၌ အခြားသူများ၏ လှောင်ရီခြင်းကိုခံရသော်ငြား နှစ်နှစ်အတွင်း၌ ထိုကောင်လေး၏ တိုးတက်လာမှုအရှိန်အဟုန်မှာ ကြောက်ခမန်းလိလိပင် ။ သူ၏ လေ့ကျင့်မှုနူန်းနှင့်နားလည်သဘောပေါက်နိုင်စွမ်းမှာ ရွယ်တူများထက်ပင် သာလွန်နေလေသည် ။
မကြာခဏနှစ်ယောက်အတူတူ ဓားရေးလေ့ကျင့်လေ့ရှိပြီး ချန်ကျိုးအတွက် ထိုကောင်လေးမှာ သင့်တော်သောပြိုင်ဘက်တစ်ယောက်ဖြစ်သည် ။
ကျန်းချန်က ခေါင်းစွပ်ကိုချွတ်၍ ရေသောက်လိုက်ပြီးနောက် ချန်ကျိုး၏ ပုခုံးကိုပုတ်ကာမေးလာ၏ ။
" ကော အခုတစ်ယောက်တည်းနေနေတာမလား "
" ဘာဖြစ်လို့လဲ "
ကျန်းချန်က အံ့အားသင့်သွားဟန်ဖြင့်
" တကယ်လို့ကော တစ်ယောက်တည်းနေနေတာဆိုရင် ကျွန်တော်တစ်ခုလောက်ပြောလို့ရမလား "
ကျန်းချန်၏ ပါးစပ်မှမည်ကဲ့သို့သော ပေါက်ကရမျိုးထွက်လာနိုင်သည်ကို မခန့်မှန်းနိုင်သောကြောင့် ချန်ကျိုး သက်ပြင်းချလိုက်မိသည် ။
" ကော တစ်ယောက်တည်းနေနေတာဆိုတော့လေ ဒုတိယထပ်က ၁၇၀စတုရန်းမီတာကျော်ကျယ်တဲ့တစ်ထပ်လုံးကို ပစ္စည်းထားဖို့ပဲသုံးနေတာ အရမ်းအထီးကျန်လို့ မခံစားရဘူးလား "
ချန်ကျိုးက ညင်ညင်သာသာဖြင့်ပြောလိုက်သည် ။
" ဒီကောကောကို အထီးမကျန်စေချင်ရင် ဘာလို့ မင်းကိုယ်တိုင်မပြောင်းလာတာလဲ ... ကောကိုလာပြီးအဖော်ပြုပေးလေ "
ကျန်းချန်က အသည်းအသန်ခေါင်းခါ၍
" ကော ... ကော ပေါက်ကရတွေမတွေးနဲ့လေဗျာ ... ကျွန်တော်က သံချောင်းတစ်ချောင်းလိုဖြောင့်တဲ့အဖြောင့်လေ ... အိမ်ကိုကျောင်းဆောင်မှာနေတယ်လို့ညာထားပြီး ကောင်မလေးနဲ့အတူတူနေနေတာ ဟားဟားဟား "
ကျန်းချန်က ချက်ချင်းပင် သနားကမားပုံစံလေးသရုပ်ဆောင်၍ ပြောပြန်၏ ။
" တကယ်တော့လေ ကျွန်တော့်ကောင်မလေးရဲ့သူငယ်ချင်းက အိမ်ငှားဖို့လိုက်ရှာနေတာ "
" မငှားပေးနိုင်ဘူး "
" ကောမငှားပေးနိုင်မှန်းလည်း ကျွန်တော်သိပါတယ် ဒါပေမဲ့ အဲ့ဒီကျဲကျဲရဲ့အခြေအနေကနည်းနည်းလေးတော့ထူးဆန်းတယ် ... သူများတွေနဲ့ဆက်သွယ်ပြောဆိုဖို့ နည်းနည်းခက်နေတဲ့ပုံပဲ ပြီးတော့ အဲ့ဒီကျဲကျဲက ကာတွန်းဆွဲတဲ့သူတစ်ယောက်လေ ကျွန်တော့်ကောင်မလေးက သူ့ရဲ့တည်းဖြတ်သူ... အဲ့တာကြောင့်မို့ ကျွန်တော့်ကောင်မလေးအတွက် အကောင်းဆုံးကြိုးစားပေးရမှာပေါ့ "
ကျန်းချန်က ချွေးများဖြင့်ရွှဲနစ်နေသည့်ဆံပင်ကိုသပ်တင်ကာ
" တကယ်တော့ ကျွန်တော်က ယောက်ျားလေးဖြစ်လောက်မယ်လို့ထင်ထားတာ မိန်းကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ တကယ်ထင်မထားခဲ့ပါဘူးဆို ... ပြီးတော့လဲ ကျဲကျဲကအရမ်းရှက်တတ်တာ ကျွန်တော်တောင်တစ်ခါတစ်လေ သူ့ကိုဘယ်လိုစကားစပြောရမလဲမသိဘူး ... သူမအခြေအနေနဲ့ဆိုရင် အိမ်လိုက်ကြည့်ဖို့မပြောနဲ့ ပွဲစားနဲ့စကားပြောဖို့တောင်ခက်ခဲနိုင်လောက်တယ် ကျွန်တော့်ရဲ့ကောင်မလေးက သူ့အတွက်အရမ်းစိတ်ပူနေတာ အိမ်ကမကောင်းတဲ့ပတ်၀န်းကျင်မှာရှိနေရင်ဘယ်လိုလုပ်မလဲတဲ့ ... အရေးကြီးဆုံးက ကဖေးတစ်ခုနဲ့နီးဖို့ကအဓိကပဲ နို့လက်ဖက်ရည်သောက်ရတာကိုအရမ်းကြိုက်တာတဲ့လေ ... ကော ပြောကြည့် သူတို့လိုအနုပညာအသိုင်းအ၀ိုင်းက လူတွေကထူးဆန်းတယ်လို့မထင်ဘူးလား "
ထိုအချက်များနှင့်ကိုက်ညီသည့် အမည်လေးတစ်ခုမှာ ချန်ကျိုး၏ နှလုံးသားထဲတွင်ပေါ်ထွက်လာလေသည် ။
" ကဖေးနဲ့ နို့လက်ဖက်ရည်ဆိုကတည်းက ကျွန်တော် ကောကိုပဲပြေးမြင်မိတာ "
ကျန်းချန်က အဓိပ္ပာယ်အပြည့်ပါသည့်အကြည့်များဖြင့်ကြည့်၍
" ကော ကလွဲရင် ဘယ်သူကများ ကဖေးနဲ့စားသောက်ဆိုင်တွေရဲ့ နီးနီးလေးမှာနေမှာလဲ ... ကော အိမ်နဲ့အနီးအနားက အိမ်တစ်လုံးဆိုလဲအဆင်ပြေပါတယ် စျေးလေးလည်းနည်းနည်းလောက်သက်သာရင်ပိုကောင်းတာပေါ့ ... အဲ့ဒီိကျဲကျဲက စကားပြောရတာသိပ်မကြိုက်တဲ့အပြင် အခန်းထဲမှာပဲငြိမ်ငြိမ်လေးနေနေတတ်တာ ... အခြားသူတွေနဲ့အတူတူနေနေကျမဟုတ်တော့ ကျွန်တော်တို့ နှစ်ယောက်နဲ့အတူတူနေနေရတာက သူမကိုစိတ်မသက်မသာဖြစ်စေတယ်လေ "
ချန်ကျိုးက မျက်ခုံးပင့်လိုက်ကာ စိတ်ထင်နေသည်ကိုအတည်ပြုရန်အတွက် ကာတွန်းပုံများကိုကြည့်ရန်ဆုံးဖြတ်လိုက်သည် ။
" ငါ့ကို သူ့ရဲ့ကာတွန်းတွေပြပါလား "
" ကော လည်းကာတွန်းတွေဖတ်တယ်လား "
" တစ်ချက်ကြည့်ကြည့်မလို့ပါ "
ကျန်းချန်က သူ၏ ဂုဏ်ယူစရာတစ်ခုခုကိုပြသတော့မည့်အတိုင်း ဖုန်းကိုဆွဲထုတ်၍ ရှန်းပိုင်၏ ကာတွန်းတစ်ပုဒ်ကိုပြလိုက်သည် ။
ကာတွန်းအမည်မှာ "Curious Evil" ဖြစ်သည် ။
စာရေးသူအမည်ကိုကြည့်လိုက်သောအခါ ရင်းနှီးနေသည့် အမည်လေးပေါ်ထွက်လာ၏ ။
...
——
အဆောက်အဦးအပြင်ဘက်၌ နီယွန်မီးရောင်များမှာ လမ်းမတစ်လျှောက် ထိန်လင်းနေတော့၏ ။ ကားပါကင်မှ ကားထုတ်နေသည့်အခါတွင် ချန်ကျိုးမှာ ပြုံးမိလေသည် ။
ဘယ်လိုလုပ်ပြီး ဒိီလိုကံကြမ္မာမျိုးရှိနေရတာလဲ ...
လေအေးအေးများကိုရူရှိုက်ပြီး ချန်ကျိုးတွေးမိပြန်သည် ။
ကလောင်နာမည်ကို နာမည်အရင်းနဲ့မသုံးသင့်ကြောင်းကိုတောင်မသိသော ကောင်မလေးမှာ တုံးအသည်လော ပျင်းနေသည်လော မတွေးတတ်တော့ချေ ။
——
ရိုးရိုးရှင်းရှင်းပင် ရှန်းပိုင်က ချန်ကျိုး၏ အတွေးများကိုမသိခဲ့ချေ ။
ရှန်းပိုင်က ချန်ကျိုး၏ နောက်မှခြေလှမ်းသေးသေးလေးများဖြင့် လိုက်လာနေပြီး ကျိုးချန်မှာဘေးမှနေ၍ တတွတ်တွတ်နှင့်ပြောနေသည်မှာ အတောမသတ်နိုင်သေးပေ ။
" ဟေး ... ကောတို့နှစ်ယောက်ကအရင်ကတည်းက သိနေကြတာလား ... ကော ကအရမ်းလျှို့၀ှက်တာပဲ ..."
ချန်ကျိုးက ကားထဲသို့အထုပ်အပိုးများကိုကူထည့်ပေးရင်း ပူညံပူညံလုပ်နေသည့် ကျန်းချန်ကို အော်လိုက်လေသည် ။
" မင်းတော်တော်စကားများနေပါလား ... ကားထဲသာ၀င်နေစမ်းပါ "
အထုပ်များထည့်နေသည်မှာပြီးလုနီးနီးဖြစ်နေသောကြောင့် ရှန်းပိုင်လည်း ရန်ဖြစ်နေသည့်နှစ်ယောက်ကိုချောင်းကြည့်နေပြီးနောက် ကားနောက်ခန်းရှိထိုင်ခုံတွင်၀င်ထိုင်ရန်ဆုံးဖြတ်လိုက်သည် ။
နေရောင်အောက်တွင် ရပ်နေသည့် အရပ်ရှည်ရှည်အမျိုးသားမှာ ရှန်းပိုင်အတွက် အလွန်မျက်စိကျစရာဖြစ်နေလေ၏ ။
ရုတ်တရက်အနောက်ဘက်တွင် ထိုင်ရန်တွေးမိလိုက်သောကြောင့် သူမကိုယ်တိုင်လည်း အနည်းငယ် တုံ့ပြန်မှုလွန်ကဲသွားသလိုခံစားလိုက်ရသည် ။ သို့သော်လည်း ချန်ကျိုးကားမောင်းမည်ဆိုပါက သူမအရှေ့ဘက်တွင် ထိုင်နိုင်မည်မဟုတ်ပေ ။
ဒရိုင်ဘာဘေးကထိုင်ခုံက အရမ်းနီးလွန်းတယ် ...
ငါ မထိုင်နိုင်ဘူး ...
ထိုင်ခုံနှစ်ခုသည် အနည်းငယ်သာကွာဝေးသောကြောင့် ချန်ကျိုးနှင့် ဘေးကပ်ထိုင်ရပါက သူမအတွက် အပ်များပေါ်ထိုင်နေရသကဲ့သို့ နေရခက်နေလိမ့်မည်ပင် ။
စိတ်လှုပ်ရှားလွန်း၍ အမှန်ပင် နှလုံးခုန်ရပ်သွားနိုင်သည် ။
အနောက်မှာထိုင်လိုက်မယ်ဆိုရင် သူ့ကိုဒရိုင်ဘာလိုဆက်ဆံလိုက်တယ်လို့ခံစားရပြီး ရိုင်းရာများကျသွားမလား ...
ရှန်းပိုင် နင်တစ်ကယ်ကိုယဥ်ကျေးမှုမရှိတာပဲ ...
သူများ အထုပ်လဲကူသယ်ပေးပြီး အိမ်အထိတောင်ကားနဲ့လာခေါ်တာလေ နင်ကဘာကိုရွေးချယ်ချင်နေသေးတာလဲ ...
ရှန်းပိုင်မှာ သူမကိုယ်သူမ တိတ်တိတ်လေးဆူပူနေမိသည် ။ သူမစိတ်ဆုံးဖြတ်ပြီးသည့်အချိန်မှာပင် ချန်ကျိုးက သူမ၏ အတွေးများကိုဖတ်နိုင်သကဲ့သို့ ကားနောက်တံခါးကိုဖွင့်ပေးလာ၏ ။
ဆုံးဖြတ်ရခက်နေသောပြဿနာမှာ ဤသို့ဖြင့်ဖြေရှင်းပြီးသွားခဲ့လေသည် ။ ကားပေါ်သို့တက်သည့်အချိန်တွင် ရှန်းပိုင်က ကျေးဇူးတင်စကားပြောလိုက်သော်လည်း မ၀ံ့မရဲဖြစ်နေသောကြောင့် မည်သူမျှမကြားလိုက်ပေ ။
ရှန်းပိုင် ကားထဲတွင်ထိုင်လိုက်သောအခါ ချန်ကျိုးက တံခါးပိတ်ပေးပြီး သူမအား ကြည့်နေလေ၏ ။ ရှန်းပိုင်မှာ သူစိမ်းများ၏ အကြည့်ကိုအမြဲထိရှလွယ်သူဖြစ်သည့်အပြင် ချန်ကျိုး၏ အကြည့်မှာ သူမအတွက်ပိုမိုထူးခြား၏ ။
စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ခံရပြီးနောက်တွင် ရှန်းပိုင် သူမ၏ မျက်နှာအား လက်ဖြင့်ကာလိုက်သည်ကိုကြည့်၍ ချန်ကျိုး၏ နှုတ်ခမ်းထောင့်များမှာ အသာကွေးတက်သွားလေ၏ ။
ထို့နောက်ခဏမျှ ကျန်းချန်နှင့်စကားရပ်ပြောပြီးနောက် ကားထဲသို့၀င်လာလေသည် ။
သွယ်လျသော်လည်း အားမန်အပြည့်ရှိပုံရသည့်အပြင် လက်ဆစ်များထင်းထွက်နေသည့် လက်တစ်စုံမှာ ကားစတီယာရင်ကို ဆုပ်ကိုင်ထားသော်လည်း မမောင်းေသးေပ။
ထိုလက်တစ်စုံမှာ ရုတ်တရက် ရှန်းပိုင်၏ မြင်ကွင်းထဲသို့ရောက်လာလေ၏ ။
ရှန်းပိုင်မှာ ချန်ကျိုး၏ မြင်ကွင်းထဲမှ အငွေ့ပျံ၍သာပျောက်ကွယ်သွားချင်တော့သည် ။ သို့သော်လည်း ချန်ကျိုးက သူမနှင့်ပိုမိုနီးကပ်အောင် နှိမ့်ချလာပြီး ဆွဲဆောင်မှုရှိစွာ ခပ်သဲ့သဲ့ရယ်လိုက်၏ ။
ထိုရယ်သံကြောင့် သူမ၏ နှလုံးသားတစ်ခုလုံးဓာတ်လိုက်သလိုခံစားသွားရပြီး နားတစ်ဖက်လုံးပင်ထုံကျင်သွားရသည် ။
ချန်ကျိုးက သူမ၏ ရှေ့မှ ခရမ်းလွန်ရောင်ခြည်နေကာကိုဆွဲချလိုက်သောကြောင့် မြင်ကွင်းတစ်ခုလုံးအနည်းငယ်မှောင်မိုက်သွားရ၏ ။
ချန်ကျိုးဘာတွေလုပ်နေမှန်း ရှန်းပိုင် လုံး၀နားမလည်နိုင်ဖြစ်နေသည် ။
မွန်းတည့်ချိန်၏ စူးရှသည့်နေရောင်မှာ သူမအားမသက်မသာခံစားရစေပြီး ထိုအကြောင်းကို သူမကိုယ်တိုင်မှလွဲ၍အခြားသူများမသိပေ ။
ထို့အပြင် သူမနားမလည်နိုင်သည့်အရာများစွာရှိသေးသည် ။ ချန်ကျိုး၏ အပြုအမူများမှာ သူမ၏အကြောင်းကို သိနေပုံရသောကြောင့် ရှန်းပိုင်း၏ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာပေါ်ပေါက်လာရ၏ ။
သူက ဘယ်လိုလုပ်ပြီးအိမ်ပိုင်ရှင်ဖြစ်နေရတာလဲ ...
ဘာလို့ ငါ့ကိုကြိုမပြောတာလဲ ...
အရင်ကတည်းက ငါ့အလုပ်ကိုသူသိပြီးသားလား ...
ငါ့ကို ထပ်တွေ့တော့ သူဘယ်လိုများတွေးနေမလဲ ...
ဘာလို့ ဒီလောက်တောင်တိုက်ဆိုင်နေရတာလဲ ...
...
ချန်ကျိုးက ဆွဲဆောင်မှုရှိလှသည့် သံလိုက်ကဲ့သို့အသံဖြင့်ထပ်ပြောလာပြန်၏ ။
" အများကြီးလျှောက်တွေးမနေပါနဲ့ မင်းအိပ်ရာနိုးတဲ့အချိန်ကျ အိမ်ရောက်နေလောက်ပြီ "
ရှန်းပိုင်မှာ မျက်လုံးအပြူးသားဖြင့် သူမ၏ စိတ်ခံစားချက်များကိုထိန်းချုပ်နေရလေသည် ။
ဘုရားရေ ... ငါထင်နေတာ မဖြစ်နိုင်လောက်ပါဘူးနော် ...
အခြေအနေမဟန်သည့်အပြင် သူမရှက်နေခြင်းကြောင့်သာမဟုတ်ပါက ချန်ကျိုးကို သိချင်သမျှမေးမိမှာအမှန်ပင် ။
တိုက်ဆိုင်တာလား ဒါမှမဟုတ် အစီအစဥ်တကျဖြစ်နေတာတွေလား...
သူမ၏ ပွဲဦးထွက်၀တ္ထုဖြစ်သော ' ပျောက်ဆုံးသောမြို့တော် ' တွင် ဇာတ်ကောင်တစ်ကောင်မှာ မတော်တစ်ဆ ဇွန်ဘီအကိုက်ခံခဲ့ရပြီး ကူးစက်ခံရပြီးနောက် ပထမဦးဆုံးထွက်ပေါ်လာသည့် ရောဂါလက္ခဏာမှာ အလင်းရောင်ကိုမခံနိုင်ခြင်းဖြစ်သည် ။
သို့သော်လည်း သူ၏ ပါမောက္ခထံမှကယ်တင်ခြင်းခံရပြီး အခြေစိုက်စခန်းသို့ အတူတူပြန်ကြမည့်အချိန်တွင် ကူးစက်ခံရသူကသတိလွတ်၍ သူ၏သူငယ်ချင်းများကို ရောဂါကူးစက်အောင်လုပ်မိမှာစိုးရိမ်နေခဲ့သည် ။
ပါမောက္ခက ခရမ်းလွန်ရောင်ခြည်အကာကိုဆွဲချလိုက်ပြီးနောက် ညင်သာသောလေသံဖြင့် ဤကဲ့သို့ပြောခဲ့လေ၏ ။
" အများကြီးလျှောက်တွေးမနေပါနဲ့ မင်းအိပ်ရာနိုးတဲ့အချိန်ကျ အိမ်ရောက်နေလောက်ပြီ "
Xxxxx